အစစ်အမှန်အရောင်ဖြင့် သရုပ်ဆောင်ခြင်း(3)
Vol. 12 Ch. 114
လျို့ကျင်း : “နောက်ထပ်ရိုက်ကူးရမဲ့အပိုင်းက စစ်ယွီချင်းရဲ့ ငယ်ဘဝကို ရိုက်ပြမယ့်အပိုင်းပဲ၊ အဲဒီအပိုင်းမှာ သူမရဲ့ ငယ်ရည်းစားနဲ့ အတိတ်ဇာတ်ကြောင်း၊ နောက်ပြီး သစ္စာဖောက်ခံလိုက်ရချိန်မှာ သူခံစားခဲ့ရတဲ့ နာကျင်မှု၊ ခံပြင်းမှုတွေကို အဓိက ထားပြရမှာ၊ ဘယ်လိုထင်လဲ? အဲဒါကို အရင် ရိုက်ကြည့်ချင်လား?”
ကုကျစ်စုန့် ပြန်ဖြေလိုက်သည်။
“ဒါရိုက်တာလျို့၊ ကျွန်မ အဲဒီလောက်ကောင်းနေပြီလို့ မထင်ဘူးနော်”
လျို့ကျင်းကတော့ သူမ၏ သရုပ်ဆောင်စွမ်းရည်အား ယုံကြည်နေခဲ့သည်။
“ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့၊ မင်းရဲ့နားလည်မှုက တော်တော်လေး ကောင်းနေတာလေ! နည်းနည်းလောက် အရင် စမ်းပြီး ကြိုးစားကြည့်ပါဦးလား?”
သူက စစ်ယွီချင်း၏ ငယ်ရည်းစားနေရာတွင် ကုကျစ်စုန့်နှင့် အတူသရုပ်ဆောင်ရန်ပင် သရုပ်ဆောင်တစ်ဦးကိုခေါ်ထားပြီးပြီဖြစ်သည်။
သို့သော် ဆယ်မိနစ်ခန့် ကြာပြီးနောက် လျို့ကျင်းအပြင်၊ ဇာတ်ပို့သရုပ်ဆောင်မျာ့ပါ ပြောစရာစကားများ ဆွံ့အနေခဲ့ကြသည်။
ကုကျစ်စုန့်သည်လည်း အင်မတန်မှပင် ကူကယ်ရာမဲ့နေခဲ့သည်။ အမြဲတစေကတိတည်တတ်ကာ စာချုပ်ကတိကဝတ်အား တန်ဖိုးထားလှသော တောက်ကျန့်တစ်ယောက် လက်ရှိမှာတော့ ရုတ်ချည်းပင် စာချုပ်အား ဆွဲဖြဲကာ ရိုက်ကူးရေးမှ ထွက်ပြေးချင်စိတ်ပေါ်လာခဲ့သည်။
သူမက နှစ်ပေါင်း ၃၀၀ကျော် အသက်တစ်ခု၊ နှလုံးသားတစ်ခုဖြင့်သာ ရှင်သန်လာခဲ့သည်။
တခြားလူတစ်ယောက်ကို ချစ်မြတ်နိုးခြင်းဆိုသည့်စကားကို သူမ နားမလည်ပါချေ။ အခြားသူတစ်ယောက်ကို အချစ်ကြီးလွန်း၍ အမျက်ကြီးသည်ဆိုသော ခံစားချက်သည် ဝေလာဝေးပင်။
သူမ ထူးဆန်းသည့် အမူအယာဖြင့်သာ လျို့ကျင်းမှ သူ မြင်ဖူးသမျှတွင် အသက်အမဲ့ဆုံး၊ခြောက်ကပ်နေသည့် အချစ်ဇာတ်ဝင်ခန်းဟု ပြောနေသည့် နည်းနည်းမျှပင် အပြစ်မဆိုနိုင်ဘဲ နားထောင်နေခဲ့ရသည်။
ဇာတ်ပို့သရုပ်ဆောင်ကတော့ အပြုံးလေးနှင့် ထွက်ခွာသွားပြီး ကုကျစ်စုန့်ပုခုံးပေါ်မှ တုန်ယင်းက နှစ်သိမ့်ဖော်ရနေသေးသည်။
“စုန့်စုန့်က ငယ်ပြီး ရည်းစားလည်း မထားဘူးသေးဘူးလေ၊ ပြောကြည့်စမ်းပါဦး၊ အတွေ့အကြုံမရှိဘဲ ဘယ်လိုလုပ် သရုပ်ဆောင်တတ်မလဲ၊ ခဏလောက် အချိန်ပေးလိုက်ပါဦး”
လျို့ကျင်းလည်း စဉ်းစားကြည့်လိုက်ကာ မိခင်ဖြစ်သူ၏စကားက ဟုတ်သယောင် ထင်မြင်လာခဲ့သည်။
“ဒါဆိုရင် မင်း ပြန်သွားပြီးတော့ သစ္စာဖောက်ခံရတာတို့၊ နောက်ကျောဓားထိုးခံရတာတို့ အဲလိုမျိုးပါတဲ့ အချစ်ဇာတ်ကားတွေ များများပြန်ကြည့်ခဲ့၊ ပြီးတော့ ခံစားချက်တွေ ဘယ်လိုရှိမလဲဆိုတာကို မြန်မြန်ရှာဖွေကြည့်”
ညနေခင်းတွင်တော့ ‘မျောလွင့်နေသော ပင်လယ်၏ ဒဏ္ဍာရီ’ ရိုက်ကူးရေးအဖွဲ့၏ တရားဝင် ဝေ့ပေါ်အကောင့်မှ ပို့စ်အသစ်တစ်ခုတင်ခဲ့သည်။
ထိုအထဲတွင် အမျိုးသမီး အနုပညာရှင်တစ်ဦး၏ ဓာတ်ပုံနှစ်ပုံသာ ပါဝင်လေသည်။
[‘မျောလွင့်နေသောပင်လယ်ပြင်၏ ဒဏ္ဍာရီ’အဖွဲ့ : စစ်ယွီချင်းရောက်ရှိလာပါပြီ ~ @ကုကျစ်စုန့် gzs (ဓာတ်ပုံ) (ဓာတ်ပုံ)]
‘မျောလွင့်နေသော ပင်လယ်ပြင်၏ ဒဏ္ဍာရီ’သည်ကား S+အဆင့်ရှိ နာမည်ကြီးတစ်ခုဖြစ်သည်။
နာမည်ကြီးဒါရိုက်တာများ၊ နာမည်ကြီးသရုပ်ဆောင်များပါဝင်ထားကာ သေချာပြင်ဆင်ရိုက်ကူးနေခြင်းကြောင့် သတင်းများတွင်လည်း ကျော်ကြားလှသည်။ နှစ်နှောင်းပိုင်းအတွက် ပရိတ်သတ်များ မျှော်လင့်အထားဆုံး ဒရာမာအသစ်လည်း ဖြစ်သည်။
စာအုပ်နှစ်သက်သူပရိတ်သတ်များအပြင်၊ မင်းသား၊မင်းသမီးများ၏ ပရိတ်သတ်များကြောင့်ပါ စိတ်ဝင်စားမှုက အလွန် မြင့်မားလွန်းလှသည်။
ဒရမ်မာရိုက်ကူးရေးမှာ ယခုမှ စတင်သည် ဖြစ်သော်လည်း အွန်လိုင်းပေါ်တွင် ဆွေးနွေးမှုများ၊ ပို့စ်များနှင့် လူစိတ်ဝင်စားမှုနှုန်းတို့သည် နိမ့်ကျနေသည်မဟုတ်ပေ။
ထိုအချိန်တွင် မတင်တာကြာပြီဖြစ်သော ဇာတ်ကောင်များ၏ မိတ်ကပ်အပြင်အဆင်ပို့စ်တစ်ခု တက်လာလျှင် လူများကသေချာပေါက် သတိထားလိုက်မိပေလိမ့်မည်။ ထို့အပြင် ယခုတလော နာမည်ရနေသော မင်းသမီးဖြစ်သောကြောင့် ပိုမို အာရုံစိုက်မိသွားကွသည်။
ထို့ကြောင့် လူအများ၏ အာရုံစိုက်ခြင်းကိုခံရကာ ချက်ချင်းလိုပင် ထိပ်တန်းရှာဖွေမှု၏ ခေါင်းကြီးသတင်းပင် ဖြစ်သွားခဲ့သည်။
တစ်ယောက်ပြီး တစ်ယောက် ဟားချင်နေကြသူများ၊ ကဲ့ရဲ့ရန် ပြင်နေကြသော စာအုပ်ဖတ်သူများအားလုံး၏ အမူအရာများမှာတော့ တစ်ထေရာတည်းပင်ဖြစ်နေခဲ့သည်။
ပထမတွင် အားလုံးကြက်သေ,သေသွားခဲ့ကြသည်။ မျက်လုံးများကို ပြူးကျယ်သွားကြကာ ပုံကိုလည်း အနီးကပ်ဆွဲကြည့်၊ ခွာကြည့် လုပ်နေခဲ့ကြသည်။
နောက်ဆုံးတွင်တော့ ပုံကို အကြာကြီးဖိထားကာ save ထားလိုက်ကြသည်။
[ရှုန်းတိတို့ ငါကတော့နေရာတင် အသတ်ခံလိုက်ရပြီ၊ ငါ့ရဲ့ဇနီးလေး စစ်ယွီချင်းက အရမ်းကို ချောရက်လွန်းတယ်၊ သူမကို မုန်းသမျှလူတွေကို ငါက ပြန်တိုက်ခိုက်ပစ်မယ်]
[???ဒါက စစ်ယွီချင်း? အရင်တုန်းက အင်တာနက်ပေါ်မှာ ပြောနေကြတာက သူ့နေရာမှာ ရွေးထားတဲ့ မင်းသမီးက အရှက်မရှိ၊မျက်နှာပြောင်တယ်ဆို၊ ဒါကြောင့် ငါ့မှာ စိတ်တွေ တိုလိုက်ရတာ၊ အခုကျတော့ ဘယ်လိုဖြစ်တာလဲ? ဒီမင်းသမီးက ဒီလောက်ထိလှလွန်းတာ၊ သူမက စစ်ယွီချင်းနဲ့ တကယ်ကိုကွက်တိကျလိုက်ဖက်လွန်းတယ်…]
[အမ်းးး ငါ ကုကျစ်စုန့်မျက်နှာက အရမ်းမိုက်တယ်လို့ ပြောရမလား? သူ့ကိုတော့ အရမ်းမုန်းတယ်၊ ဒါပေမယ့် ဒီမိတ်ကပ်ပုံကတော့ တော်တော်လေးလှလွန်းတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီမင်းသမီးက သရုပ်ဆောင်ညံ့လွန်းလို့ သူ့ကို အားကောင်းပြီး ထက်မြက်တဲ့ စစ်ယွီချင်းနေရာမှာ ဘယ်လိုမှ မြင်ကြည့်လို့ မရဘူး]
[သရုပ်ဆောင်ပညာက ရုပ်ရည်ထက် ပိုအရေးကြီးတယ်၊ ဒီတော့ မကောင်းတာက မကောင်းတာပဲ!]
နာမည်ကြီးရှာဖွေမှုတွင် ကျော်ကြားမှု နှစ်ခုရှိလာခဲ့သည်။
တစ်ခုက ကုကျစ်စုန့်၏ အလှအပကြောင့် အောက်ခြေထိ ရိုက်ချခံလိုက်ရ၍ အော်ဟစ်နေကြသည့် Black fanများနှင့် ဖြတ်သွားဖြတ်လာ ကြည့်သွားသူများပင်။
နောက်တစ်ခုကတော့ ကုကျစ်စုန့်၏ သရုပ်ဆောင် စွမ်းရည်ညံ့ဖျင်းမှုကြောင့် ဝေဖန်ကာ ခံယူချက်မပျက်သေးသည့် စာအုပ်ဖတ်ကြသူများဖြစ်ပေသည်။
ထိုအချိန်တွင် တရားဝင်ဘလော့မှ နောက်ထပ်ပို့စ်တစ်ခု တင်လိုက်သည်။ ယခုတကြိမ်တွင်တော့ ဗီဒီယို အတိုလေးတစ်ပုဒ်ဖြစ်လေ၏။
[‘မျောလွင့်နေသော ပင်လယ်ပြင်၏ ဒဏ္ဍာရီ’ ပရိုဂရမ်အဖွဲ့၏ တရားဝင်အကောင့် : စစ်ယွီချင်းရဲ့ ရိုက်ကူးရေးအမြည်းလေး ~@ကုကျစ်စုန့်gzs]
ကျော်ကြားသော ရှာဖွေမှုများမှ တွေ့မြင်လိုက်ရသည့် အင်တာနက်သုံးစွဲသူများက ဗီဒီယိုကို ချက်ချင်းနှိပ်လိုက်ကြလေသည်။
သူတို့ ဝင်ကြည့်လိုက်သည်နှင့် အဖြူရောင်ငှက်မွှေးများပါဝင်သည့် အနီရောင်ဝတ်စုံမှအလှကြောင့်လည်းအံ့ဩသွားရပြန်သည်။
ဗီဒီယို၏ အစတွင် ယွီချင်းသည်ကား ပလ္လင်ပေါ်ထိုင်နေရာမှ မျက်လုံးအား ဖွင့်ကာ ဇာတ်လိုက်အဖွဲ့ရှိရာသို့ အေးစက်စွာ လှမ်းကြည့်လိုက်သည့် နေရာဖြစ်သည်။
မျက်နှာပြင်မှတစ်ဆင့် သူမ၏ တော်ဝင်ဆန်ကာ ထက်မြက်သော ဇာမဏီမျက်လုံးများက တဖြည်းဖြည်း ပွင့်လာနေသည့်မြင်ကွင်း ကြည့်ရှုနေသူများအား အံ့အားသင့်စေခဲ့ရသည်။
ကင်မရာ လှုပ်သွားပြီးနောက် ယွီချင်းက ပလ္လင်မှ ဆင်းကာ အခန်းနောက်ထဲသို့ ဝင်သွားခဲ့လေသည်။
အဖြူ၊ အနီရောယှက်နေသော ဝတ်စုံက လေတွင် ဝဲလွင့်နေခဲ့ပြီး သူမ ခေတ္တရပ်ကာ ခေါင်းအား ဘေးတစ်စောင်းလေးသို့ တိမ်းလှည့်လိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများက ခနဲ့သည့်ဟန်ဖြင့် ကွေးညွှတ်သွားကာ ကင်မရာသည်လည်း အောက်မှ ပင့်ရိုက်နေခဲ့သောကြောင့် သူမမျက်လုံးများမှ မနှစ်မျို့သည့် ဟန်များက ရှင်းလင်းစွာပေါ်နေခဲ့သည်။
“မင်းတို့က ငါနဲ့ လာပြီးညှိနှိုင်းဖို့အတွက် အဆင့်မမှီသေးဘူး”
မျက်နှာပြင်က နောက်ခံတီးလုံးသံများဖြင့် အမှောင်ပိတ်သွားကာ ရိုက်ကူးရေးအဖွဲ့၏ တံဆိပ်လေးသာ ပေါ်နေခဲ့သည်။
“စိတ်ကူးယဉ်ဒရမ်မာ ‘မျောလွင့်နေသော ပင်လယ်ပြင်၏ ဒဏ္ဍာရီ’ ဇာတ်လမ်းကို စောင့်ကြည့်ပေးကြပါဦး”
[အားးး၊ အဲဒီအကြည့်က ငါ့ကို သတ်နေတာပဲ၊ဘကုကျစ်စုန့်က သရုပ်မဆောင်နိုင်ဘူးလို့ ဘယ်ကောင်တွေ ပြောလိုက်တာလဲ? အခုချက်ချင်း ထွက်လာပြီး တောင်းပန်စမ်း!
မင်းတို့ရဲ့စကားတွေကို အဟုတ်မှတ်ပြီး ငါ့ရဲ့ဇနီးဘေးကို နှစ်လလုံးလုံး အပြစ်တွေ တင်ခဲ့မိတာလေ!]
[ရွေးချယ်ထားတာတွေကတော့ မိုက်တယ်! စာအုပ်ချစ်သူတွေကတော့ ဘာမှ ပြောစရာမရှိတော့ဘူး. ကုကျစ်စုန့်သာ ဒီအပိုင်းတွေထဲကအတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ယွီချင်းကို သရုပ်ဆောင်နိုင်မယ်ဆိုရင် ငါကတော့ မသေမချင်းသူ့ပရိတ်သတ်ပဲလုပ်တော့မှာ!]
[နေပါဦး၊ ငါလိုက်မမှီတော့ဘူး ဘာလို့ သဘာဝလွန်ဘလော့ဂါက ဇာတ်ကားရိုက်နေတာတုန်း (ခွေးခေါင်း)]
[ကုကျစ်စုန့်က တိတ်တိတ်လေးများ သရုပ်ဆောင်သင်တန်း ခိုးတက်နေတာလား? ပြောင်းလဲမှုကြီးက အံ့ဩဖို့ကောင်းလွန်းတယ်!]
[ဟားဟားဟား ငါလည်း စူပါချက်ထဲမှာ မြင်လို့ လာကြည့်တာ၊ သေချာတာပေါ့၊ ငါတစ်ယောက်တည်းမဟုတ်ဘူး၊ တော်တော်များများ ဘက်ပြောင်းကုန်ကြပြီ]
တစ်ချိန်တည်းတွင် မြေအောက်ကမ္ဘာ၌ နာမည်ကြီးဟက်ကာတစ်ဦးဖြစ်သည့် အချက်အလက်နှင့် network လုံခြုံရေးပိုင်းဆိုင်ရာ အင်ဂျင်နီယာတစ်ဦးမှာ လောလောလတ်လတ်ကွယ်လွန်သွားပြီးနောက် ငရဲ၏ အရှင်သခင်နှင့် မြေအောက်ကမ္ဘာတို့မှ မြေအောက်ကမ္ဘာnetwork ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေး အတွက် သရဲအင်ဂျင်နီယာအဖြစ် ခန့်အပ်ခံလိုက်ရသည်။
အချိန်အနည်းငယ် ပြုပြင် ပြင်ဆင်လိုက်ရုံနှင့် မြေအောက်ကမ္ဘာမှ သရဲ၊တစ္ဆေများသည် အနုပညာကွန်ယက်အသစ်တစ်ခုအား လွန်ခဲ့သည့် သုံးရက်က ဖွင့်နိုင်ခဲ့သည်။
မြေအောက်ကမ္ဘာကွန်ယက်သည် လက်ရှိတွင် ဝေ့ပေါ်နှင့်ပင် ချိတ်ဆက်နိုင်ပြီဖြစ်သည်။
လိုက်ခ်များနှင့် မှတ်ချက်များ သေချာစွာ အလုပ်မလုပ်သေးသော်ငြား အနည်းဆုံးတော့ အနုပညာသတင်းအချက်အလက်များ ကြည့်ရှုနိုင်ပြီဖြစ်သည်။
ဤနှုန်းအတိုင်းဆက်သွားမည်ဆိုပါက နောင်၃နှစ်မှ ၅နှစ်အတွင်း မြေအောက်ကမ္ဘာတွင် အွန်လိုင်းဒရမ်မာများ ကြည့်ရှု့နိုင်ရန်မှာ ဝေးလှသည့် အိပ်မက်မဟုတ်တော့ပေ။
အသစ်ဖွင့်လိုက်သော မြေအောက်ကမ္ဘာ၏ ဝေ့ပေါ်ဗားရှင်းတွင် ကုကျစ်စုန့်က သက်ရှိကမ္ဘာတွင် ဖော်လိုဝါဆယ်သိန်းကျော်ရှိပြီဖြစ်သော်လည်း မြေအောက်ကမ္ဘာ၏ ဗားရှင်းတွင် သူမမှာ ဖော်လိုဝါ သိန်း၂၀၀ ကျော်သွားခဲ့ပြီ။
ယခုမှ လတ်တလောဖွင့်လိုက်သောကြောင့် သရဲအများစုကတော့ လော့အင်ဝင်မရကြပေ။
သို့သော် နံပါတ်များကတော့ ဆွဲချလိုက်တိုင်း တိုးလာနေစမြဲပင်ဖြစ်သည်။
သူမအပြင် မြေအောက်ကမ္ဘာမှ ဝေ့ပေါ်အကောင့်များက ဝိဉာဉ်ရေးရာအစီအစဉ်မှ အခြားပြိုင်ပွဲဝင်များအားလည်း follow လုပ်ထားကြသည်။
လက်ရှိတွင် ဒုတိယနာမည်အကြီးဆုံးပြိုင်ပွဲဝင်မှာ ပရိတ်သတ် သိန်း၆၀ကျော်ရှိသည့် ရှီဟိုင်ဟုန်ပင် ဖြစ်ပေသည်။
သက်ရှိကမ္ဘာတွင်တော့ ရှီဟိုင်ဟုန်၏ ဖော်လိုဝါ သုံးသိန်းကျော်ရုံလေးသာ ဖြစ်သည်။
‘မျောလွင့်နေသော ပင်လယ်ပြင်၏ ဒဏ္ဍာရီ’ ရိုက်ကူးရေးအဖွဲ့၏ ကြေငြာအား မြင်တွေ့ပြီးနောက် မြေအောက်ကမ္ဘာမှ သရဲအများစု စကားလုံးအသစ်တစ်ခု သိသွားကြပြန်သည်။
‘ရုပ်ရှင်နဲ့ တီဗီဒရမ်မာ’
“ကုတောက်ကျန့်က လှလိုက်တာ၊ အဲ့ဒီအနီရောင်ဝတ်စုံက မင်္ဂလာဆောင်ဝတ်စုံထက်တောင် လှသေးတယ်”
“လူ့ကမ္ဘာက သက်ရှိလူတွေက သူ့ကို စုန့်စုန့်လို့ ခေါ်ကြတာပဲ၊ ပြီးတော့ သူ့ရဲ့ဒရမ်မာကို အားပေးမယ်တဲ့၊ ငါတို့က သရဲဦးရေ သူတို့ထက် အဆတစ်ရာကျော်သာတယ်၊ ဒီတော့ ငါတို့လည်း အသက်ရှိလူတွေထက် မလျော့စေရဘူးကွ! ဟုတ်တယ်မလား?”
“ဒရမ်မာကြည့်လို့ရတဲ့ လူတွေကို မနာလိုလိုက်တာ၊ ငါလည်း ကုတောက်ကျန့်ကို ကြည့်ချင်တယ်လေ၊ လူဝင်စားဖို့မြန်မြန်လေး လုပ်ပေးလို့ရမလား?”
“ဒီမှာ ကြည့်လိုက်စမ်း၊ ဒီလူက ကုတောက်ကျန့်ကို မကောင်းပြောနေတာပဲ၊ ရှုန်းတိတို့၊ ဒီည သူ့အိပ်မက်ထဲကို သွားပြီး ဒီကလေးကို ဝိုင်းခြောက်လိုက်ကြရအောင်!!”
“… …”
ဆူညံပွက်လောရိုက်နေသံများကြားတွင် မီးခိုးရောင်ဝန်ထမ်းဦးထုပ်လေး ဆောင်းထားသူ သရဲငယ်လေးသည် ငရဲမင်း၏ နန်းတော်သို့ အသော့လေး ပြေးသွားသည်။
“အရှင့်ကို သတင်းပို့ပါတယ်!”
ယနေ့တွင် ဒုတိယနန်းတော်၏ ငရဲမင်းချုးကျန်းသည် ငရဲမင်းတာဝန်ကျသူဖြစ်သည်။ သူသည် နှာတံဖြောင့်ဖြောင့်နှင့် မျက်ခုံးထူထူရှိပြီး နန်းတော်ဂိတ်ဝတွင် ရပ်နေသော ထိတ်လန့်နေသည့် သရဲငယ်လေးအား စိုက်ကြည့်လိုက်သည်။
“ကောင်စုတ်လေး၊ ငရဲမင်းရဲ့ နန်းတော်မှာ ဆူဆူညံညံလုပ်ရဲတယ်ပေါ့၊ ရိုင်းလိုက်လေခြင်း!!”
နဂိုကပင် ဖြူဆုတ်နေသော သရဲလေး၏ မျက်နှာသည် ဘုရင် ချူးကျန်းအား မြင်လိုက်ချိန်တွင် ပို၍ပင် သွေးဆုတ်သွားခဲ့ပြီး ခန္ဓာကိုယ်လည်း တုန်ယင်နေခဲ့သည်။
သူလည်း မတတ်နိုင်ပါချေ။ ဘုရင်ချူးကျန်းသည်ကား ငရဲမင်းများတွင် စည်းကမ်းအကြီးဆုံးနှင့် အရက်စက်ဆုံးငရဲမင်းဖြစ်သည်။
သူက မြေအောက်ကမ္ဘာတွင် မိုင်ရှစ်ထောင်ရှည်လျားသော ရှင်သန်ခြင်းငရဲအား ကြီးစိုးသူဖြစ်သည်။ သူ၏ တုန်ခါနေသော ရေခဲများက သရဲများကိုပင် နာကျင်စွာ သေဆုံးစေနိုင်သည်။
သူ၏ငရဲတွင် အတွင်း၌ ခန်းမငယ် ၁၆ခုရှိပြီး တစ်ခုချင်းစီက အသက်ရှင်စဉ်က ပြစ်မှုများစွာ ကျူးလွန်ခဲ့ပြီး နောင်တမရ၊ ပြန်မပေးဆပ်ခဲ့သော သူများအတွက် သီးသန့်ပြုလုပ်ထားခြင်းပင်ဖြစ်သည်။
သူ၏ ကြိမ်ဒဏ်ခံရသူများသည် အဆိုးတကာ့အဆိုးဆုံး သရဲများသာလျှင်ဖြစ်ပေသည်။
သရဲငယ်လေး၏ တုန်ရီနေမှုအား သတိထားမိသွားသော ချူးကျန်း မျက်မှောင်ကျုတ်ကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ?”
အသံကတုန်ကယင်ဖြင့် သရဲလေးပြောရှာသည်။
“သတင်းပို့ပါတယ် အရှင်ငရဲမင်း၊ မြေအောက်ကမ္ဘာက သရဲတွေက ငရဲမင်းကို သတင်းပို့စေချင်ပါတယ်. သူတို့က မြေအောက်ကမ္ဘာရဲ့ အခြေခံတည်ဆောက်ပုံကို သဘောမကျပါဘူးတဲ့၊ သရဲတွေက အရမ်းကို များနေလို့ပါ”
ချူးကျန်း မနှစ်မျို့စွာ ပြောသည်။
“နည်းပညာသရဲတွေကို လူ့ကမ္ဘာက သတင်းအချက်အလက်တွေကို မြေအောက်ကမ္ဘာကို ကူးပေးဖို့ ငါပြောပြီးသားမဟုတ်ဘူးလား”
“သူတို့က အင်တာနက်က အရမ်းကို နှေးပြီး အမျိုးအစားလည်း နည်းတယ်လို့ ပြောတာပါ၊ သရဲတွေ ဆန္ဒပြနေကြတာက “ကုကျစ်စုန့်ရဲ့ ဇာတ်ကားကို ကြည့်ချင်တယ်”ဆိုပြီးတော့ပါ အရှင်ငရဲမင်း!!”
ဘုရင် ချူးကျန်း: “… …”
*