← Chapters

အစစ်အမှန်အရောင်ဖြင့် သရုပ်ဆောင်ခြင်း (4)

Vol. 12 Ch. 115

အစစ်အမှန်အရောင်ဖြင့် သရုပ်ဆောင်ခြင်း (4)

Vol. 12 Ch. 115

အမျိုးသမီးအနုပညာရှင်တစ်ယောက်၏ ရိုက်ကူးရေးဘဝအား နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရသော ကုကျစ်စုန့်တစ်ယောက်ကတော့ အင်မတန် စိတ်ဆင်းရဲနေခဲ့သည်။

သူမအနေနဲ့ ကမ္ဘာ၏ အခြားတစ်ဖက်တွင် သူမ၏ ဇာတ်ကားအားကြည့်ချင်လွန်း၍ ဆန္ဒပင်ပြနေကြသည့် သရဲတစ်စုရှိကြောင်း မသိရှိနေခဲ့ပါချေ။

သူမ တိုက်ခန်းသို့ ဗလာနတ္ထိမျက်နှာဖြင့် ပြန်လာခဲ့ကာ ယနေ့နေ့လည်ခင်းသည်ကား သူမ သုံးရက်သုံးညတိတိအနားမယူဘဲ သရဲဖမ်းရသည့်အချိန်ထက် ပို၍ ပင်ပန်းသည်ဟု ခံစားနေခဲ့ရသည်။

တုန်ယင်းကတော့ သူမ၏ပုခုံးပေါ်မှ ကော်ဖီစားပွဲပေါ်သို့ ခုန်ချလိုက်ပြီး မေးခွန်းထုတ်သည်။

“စုန့်စုန့်၊ မင်း အရင်က သူများနဲ့ မတွဲဖူးဘူးလား၊ ကြိုက်တဲ့သူရော မရှိဘူးလား? ငယ်ငယ်တုန်းက ကြိတ်ကြိုက်ရတဲ့သူတွေဘာတွေရော မရှိခဲ့ဘူးလား??”

ကုကျစ်စုန့်: “မရှိဘူး”

သူမသည် မွေးကတည်းက တောင်ပေါ်တွင် ကြီးပြင်းလာသူဖြစ်ကာသူမအနီးရှိ အမြဲရှိနေသူမှာ သူမ၏ ဆရာသာလျှင်ဖြစ်သည်။

သူမ၏ဆရာသည်လည်း အညှာအတာကင်းကာ ကပ်ဆိုးအား မကျော်နိုင်ခဲ့သည့် အချိန်အထိ  မည်သည့် စိတ်တပ်မက်မှုများမရှိပေ။

တုန်ယင်း : “ကောင်းပါပြီ၊ မင်းက လှလွန်းတော့ ငယ်ငယ်တည်းက မင်းသမီးလေးလိုမျိုးရှိနေမှာပေါ့၊ အခြားလူတွေက မင်းကို သဘောကျပေမယ့် မင်းအနေနဲ့ကတော့ ရည်းစားထားပိုင်ခွင့်မရှိဘူး”

သူမ ခဏစဉ်းစားလိုက်ပြီးနောက် ဆက်မေးသည်:

“ဒါဆိုရင် မင်းအရမ်းနာကျင်တာမျိုးရော ခံစားရဖူးလား? ဥပမာ မင်းရဲ့ အရေးကြီးဆုံးသူ သေသွားတဲ့အချိန်တုန်းကတို့၊ ဒါမှမဟုတ် မင်းအရမ်းကို နာနာကျည်းကျည်းမုန်းတဲ့ သူမျိုးတို့လေ၊ ခံစားချက်ခြင်းကတော့ တူတူပါပဲ”

ကုကျစ်စုန့် အနည်းငယ်တောင် ရှက်သွားမိသည်။

အဘယ်ကြောင့်ဆိုသော တုန်ယင်းပြောသမျှ ခံစားချက်တို့က သူမတွင် တစ်ခုမှ မရှိခြင်းကြောင့်ပင် ဖြစ်သည်။

ဆရာဖြစ်သူ တောက်ကျန့်ကျွင်းဟုန်က တောက်ဓမ္မဂိုဏ်းအား စတင်တည်ထောင်ခဲ့သူဖြစ်ကာ ကုသိုလ်ကောင်းကျိုးများပြားလှသော လူတော်လူကောင်းတစ်ဦးလည်း ဖြစ်သည်။

သူ၏ အသက်အရွယ်အိုမင်းမှုကြောင့် ကပ်ဆိုးကို ကျော်ဖြတ်ကာ တစ်ဖက်ကမ်းသို့ ကူးပြောင်းနိုင်ရန် ကျရှုံးခဲ့သော်လည်း သူ၏ ဝိဉာဉ်သည်ကား သေဆုံးပြီးနောက်တွင် ကောင်းကင်ဘုံနန်းတော်သို့ ပြန်ရောက်သွားခဲ့သည်။

မှန်းကြည့်ရလျှင် သူသည် ယခုအချိန်တွင် ကောင်းကင်ဘုံ၌ အေးဆေးသာယာနေသော ဝိဉာဉ်တစ်ခုဖြစ်ကာ သူ၏ တပည့်ဖြစ်သူ သူမထက်ပင် ပို၍ ပျော်ရွှင်စိတ်ချမ်းသာနေမည်ဖြစ်သည်။

သူမက ဆရာသခင်တောက်ကျန့်၏ တည်နေရာအားလည်း သိနေခဲ့ပြီဖြစ်ကာ တောက်ကျန့်ကျွင်းဟုန်က တည်တည်ငြိမ်ငြိမ်ရှိနေပြီး ပျော်ရွှင်နေမည်ကိုလည်း အသေချာပင်သိထားသည်။

တပည့်ဖြစ်သသည့် သူမအနေဖြင့် ဆရာဖြစ်သူအား နှုတ်မဆက်ချင်ရုံမှလွဲ၍ ဝမ်းနည်းမှုတော့ မရှိပေ။

နောက်တစ်ချက်က ပို၍ ရိုးရှင်းကာ ရက်စက်သည်။

တောက်ဓမ္မပညာ၏ တစ်ဖက်ကမ်းလွန်နေသော ပါရမီရှင်ဖြစ်သည့် ကုကျစ်စုန့်တွင် မုန်းရမည့်သူမရှိပါချေ။

သူမ ငယ်စဉ်က သူမက အလွန် စိတ်မြန်လက်မြန်ရှိသည်။ အထူးသဖြင့် တောက်ဓမ္မဂိုဏ်းခွဲများအား ပြုပြင်ရာတွင် သူမသည်ကား စည်းကမ်းမလိုက်နာသော တောက်ကျန့်များ၊ လက်တွင် ဖြူစင်သော သွေးစွန်းနေသည့် တောက်ကျန့်များအား ပြင်းပြင်းထန်ထန်အပြစ်ပေးလေ့ရှိသည်။

ထိုအချိန်က သူမ၏ ဂုဏ်သတင်းသည်ကား အပေါက်ဆိုးသော တောက်ကျန့်အဖြစ် နာမည်ကြီးလာခဲ့သည်။

သူမ မနှစ်မျို့သော လူအများစုက မကောင်းသော လူများဖြစ်ကာ ထိုလူများသည်လည်း သူမလက်နှင့်ပင် ဇီဝိန်ကြွေပြီးဖြစ်ပေသည်။

လူအများအပြားက သူမကို မုန်းတီးနေကြောင်း ကုကျစ်စုန့်သိသည်။ သို့သော် ထိုလူများသည် သူမရှေ့တွင် ထုတ်မပြရဲကြပါချေ။

သူမအား အနိုင် မပိုင်းနိုင်သည်ကြောင့် ရေငုံနှုတ်ပိတ်၍သာ နေကြရသည်။

သူမကို တိုက်ရိုက်လာ၍ ပြောဆိုရဲသူများသည်လည်း သူမ၏ ချေမှုန်းခြင်းခံလိုက်ရပြီးဖြစ်သည်။

ထို့ကြောင့် သူမ ရိုးသားစွာခေါင်းလေးရမ်းရင်း ဖြေလိုက်သည်။

“တကယ်ကို မရှိတာ”

တုန်ယင်း သီးပင် သီးသွားရသည်။

အခြေအနေက သူမ ထင်ထားသည်ထက်ပင် ပို၍ ခက်ခဲနေပုံပေါ်သည်။

တစ်လခန့် အတူနေပြီးနောက် တုန်ယင်းသတိထားမိသည်မှာ ကုကျစ်စုန့်၏ ကိုယ်ချင်းစာစိတ်သည် သိပ်၍ မများလှပေ။ မရှိသလောက်ပင် ဖြစ်သည်။ ထိုကဲ့သို့ လူမျိုးအတွက် ခံစားချက်ပြင်းသည့် ရိုက်ကူးရေးမျိုးတွင် အမြဲအခက်တွေ့လေ့ရှိသည်။

သူမ အကြာကြီး ဆက်တွေးနေပြီးနောက် ထပ်မေးလိုက်သည်။

“ဒါဆိုရင် အခင်ဆုံးသူငယ်ချင်းအကြောင်း စဉ်းစားကြည့်ပါဦး၊ မင်းကို ကောင်းကောင်းဆက်ဆံပြီး တန်ဖိုးထားတဲ့လူမျိုးတွေလေ”

ကုကျစ်စုန့် မျက်မှောင်ကြုတ်မိကာ သူငယ်ချင်းမရှိကြောင်း ပြောမည်ကြံလိုက်သော်လည်း ရုတ်တရက် သူမအတွေးထဲတွင် မျက်နှာတစ်ခုပေါ်လာခဲ့သည်။

အမြဲတမ်း ကိုယ့်အပေါ်ကောင်းတဲ့သူငယ်ချင်း၊ သူမ၏ မှတ်ဉာဏ်ထဲတွင် ထိုကဲ့သို့ လူတစ်ယောက်ရှိခဲ့ဖူးသည်။

သူမ၏ မျက်နှာအမူအယာက ပုံမှန်အတိုင်းထက် ဝေဝေဝါးဝါးဖြစ်နေကြောင်း မြင်လိုက်ရသည့် တုန်ယင်းတစ်ယောက် သူမအနေဖြင့် တစ်ခုခုလွဲနေကြောင်း တွေးမိကာ အဆောတလျင် ထပ်တိုးပြောလိုက်သည်။

“ဒါပေမယ့် အဲဒီလူက မင်းကို သစ္စာဖောက်ပြီး မင်းလုံးဝကို ခွင့်မလွှတ်နိုင်တဲ့ အရာမျိုးကို လုပ်ခဲ့တယ်”

ကုကျစ်စုန့် နှလုံးသားထဲမှ ပြောလိုက်မိသည်။

အဲဒီလူသာဆိုရင်တော့ မကောင်းတာမျိုးကို မလုပ်နိုင်လောက်ပါဘူး။

အဘယ်ကြောင့်ဆိုသည် ထိုလူသည်ကား သူမတစ်သက်လုံးမြင်ဖူးခဲ့သမျှတွင် အညံ့ဖျင်းဆုံးလူဆိုးဖြစ်ခြင်းကြောင့်ပင်။

ထိုယူဆချက်သည်လည်း မှန်လွန်းသည်တော့ မဟုတ်နိုင်သော်လည်း..။

တုန်ယင်း လက်မလျှော့ဘဲ ဆက်မေးပြန်သည်။

“စကားမစပ် စုန့်စုန့်၊ မင်းမှာ ဝိဉာဉ်မျက်ရည် တစ်ခြမ်းကျန်သေးတယ်မဟုတ်လား? ငါကြားဖူးတာကတော့ ဝိဉာဉ်မျက်ရည်တွေက ဝိဉာဉ်တွေရဲ့ အနာကျင်ရဆုံးနဲ့ အပြင်းထန်ဆုံးမှတ်ဉာဏ်တွေ ပါတယ်တဲ့၊ အခြားလူတွေ အသုံးပြုမယ်ဆိုရင် သူတို့နှလုံးသားထဲမှာ မြင်ချင်တာတွေကို မြင်နိုင်တယ်တဲ့၊ မင်းအဲ့ဒါကို သုံးကြည့်ပါလား??”

ခဏမျှတော့ တွေဝေသွားပြီးနောက် ကုကျစ်စုန့် ငြင်းဆန်လိုက်သည်။

သူမ၏ ယခုလက်ရှိဝိဉာဉ်စွမ်းအားနှင့်ဆိုပါလျှင် ဝိဉာဉ်မျက်ရည်စက်သည်ကား သူမပေါ်တွင် အကျိုးသက်ရောက်ရန် ခက်ခဲမည်ဖြစ်သည်။

ဖြစ်နိုင်လျှင် သူမ အတိတ်ကို ပြန်သွားချင်သည်။ သူမအတိတ်ဘဝ၏ နောက်ဆုံးနှစ်အနည်းငယ်မှမှတ်ဉာဏ်သည်ကား မိုးကြိုးကပ်ဆိုး‌ကြောင့် မှုန်ဝါးမေ့ပျောက်နေခဲ့သည်။

သူမ မှတ်မိသည်က အမှန်ဖြစ်လျှင် သူမ ဒုက္ခကပ်ဆိုးအား ကျော်ဖြတ်ရန် ကျရှုံးခဲ့ချိန်တွင် ထိုလူသည် အနီးအနားမှ တောင်ကုန်းပေါ်တွင် ရှိနေခဲ့သည်။

ထိုလူမှာ သူမသေဆုံးပြီးနောက် သူမ၏ ခန္ဓာကိုယ်အား သိမ်းဆည်းသွားသလား၊ သို့မဟုတ် တောင်အောက်ကို ဆင်းကာ နန်းတော်သို့ ပြန်သွားလေသလား သူမ မသိပါချေ။

သူမ အတိတ်အကြောင်းတွေးနေမိစဉ်တွင် ဖုန်းသံက ရုတ်တရက်မြည်လာခဲ့သည်။

ကုကျစ်စုန့် တစ်ချက်ကြည့်လိုက်ကာ သူမကို ခေါ်ဆိုသူမှာ ဝိဉာဉ်ဆိုင်ရာဌာနချုပ်မှ ခေါင်းဆောင် ကျန်းရူယွီပင် ဖြစ်ချေသည်။

သူတို့အကြောင်းကို ဆိုရလျှင်နောက်ဆုံးအချိန် သူမ ဝိဉာဉ်ဆိုင်ရာ အထူးဌာနဖြင့် ပူးပေါင်းရန် ငြင်းဆိုလိုက်သည့် အချိန်မှစ၍ အဆက်အသွယ်ပြတ်သွားခဲ့သည်။

ကုကျစ်စုန့် ဖုန်းကိုင်လိုက်ပြီးနောက် ဖုန်း၏ အခြားတစ်ဖက်မှ ကျန်းရူယွီ၏ အသံက စိတ်ပူပန်လှုပ်ရှားနေပုံပေါ်စွာထွက်လာခဲ့သည်။

“မစ်စ်ကု? အနားယူနေတာကို နှောင့်ယှက်ရတာ အားနာပါတယ်နော်၊ မင်း ဖော့ဖော့တောင်ပေါ်မှာ ရှာတွေ့ခဲ့တဲ့ အင်ပါယာသင်္ချိုင်းဂူက တူးဖော်ခြင်းအဆင့်ကို ရောက်နေပြီလေ၊ အဲဒါ အခု နည်းနည်း အခက်အခဲလေး တွေ့နေရလို့၊ မင်း လာပြီး ကူညီပေးနိုင်မလားရှင်?”

အင်ပါယာသင်္ချိုင်း??

ကုကျစ်စုန့် မျက်ခုံးလေးပင့်လိုက်မိသည်။

“ဘာဖြစ်လို့လဲ?”

“ဒီကိစ္စက ဖုန်းထဲကနေ ပြောလို့ သိပ်မကောင်းလို့ပါ၊  တစ်နေနေရာမှာ တွေ့ပြီး ပြောကြရအောင်လေ?”

“ဒါဆို ကျွန်မအိမ်ရဲ့ အောက်ထပ်မှာ ဆုံကြတာပေါ့”

ကုကျစ်စုန့်ကို နေရာမေးရန်မလိုပါချေ။

သူမ၏ လိပ်စာအား ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ လူများ သိနေပြီးဖြစ်ကြောင်း သူမသိသည်။

သူမ ကိုယ်တိုင်လည်း တစ်နေရာရာသိုး သွားရန် အပျင်းထူနေခြင်းကြောင့် သူမ၏ အိမ်အောက်ထပ်ကို ရွေးချယ်ခဲ့ခြင်းပင်။

ချိန်းဆိုမှုပြုလုပ်ပြီးနောက် နှစ်ဦးသား အောက်ထပ်တွင် ဆုံတွေ့ခဲ့ကြသည်။

ယခုတစ်ကြိမ် ကျန်းရူယွီအား ပြန်တွေ့ချိန်တွင်လည်း သူမက မျက်မှန်တပ်ထားခဲ့ကာ သပ်သပ်ရပ်ရပ်ဝတ်စားထားဆဲပင်။ သို့သော် သူမ၏မျက်ခုံးများကြားမှ ပူပန်မှုများကိုတော့ ဖုံးကွယ်၍ မရနိုင်ပေ။

ကျန်းရူယွီ လက်ကိုဆန့်ကာ ပြောလိုက်သည်။

“ကူညီပေးဖို့ ဆန္ဒရှိတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ်စ်ကု”

“ဘာတွေဖြစ်နေလဲဆိုတာကို အရင်ပြောကြရအောင်”

“ကောင်းပါပြီ၊ ပွင့်ပွင့်လင်းလင်းပြောရရင် အခုတစ်ခေါက်က သင်္ချိုင်းဂူနေရာကို သွားဖို့ အကူအညီတောင်းတာမဟုတ်ပါဘူး…”

ကျန်းရူယွီ၏ ပြောစကားအရ ဖော့ရှန်ရွာမှ အင်ပါယာ၏ သင်္ချိုင်းဂူအား တူးဖော်ချိန်တွင် ကုကျစ်စုန့်ပြောသည့်အတိုင်း မြေအောက်တွင် ကြောက်စရာကောင်းသည့် အဖြစ်အပျက်များ ဖြစ်ပေါ်ခဲ့သည်။

ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ ကြိုတင်ပြင်ဆင်ထားသောကြောင့် တုန်လှုပ်မှုအလျဉ်းမရှိခဲ့။ သူတို့ပ သင်္ချိုင်းဂူ၏ လေးဖက်လေးတန်အား အဆောင်ကျမ်းစာရွက်များဖြင့် ကြိုတင်ချုပ်ထားခဲ့သည်။

ဖော့ဖော့တောင်ပေါ်တွင် ရွာသားများရှိနေသေးသည့်အပြင် တောင်တန်းများလည်း ဆက်တိုက်ရှိနေသည်ကြောင့် ထိုအရာများအား သေချာမထိန်းချုပ်နိုင်ပါဘဲ လွတ်သွားမည်ဆိုလျှင် ပတ်ဝန်းကျင်တောင်ပေါ်ရွာများမှ ရွာသားများ ဒုက္ခရောက်နိုင်ကာ ထိုအရာများအား ဖမ်းဆီးရန်မှာလည်း အင်မတန်ခက်ခဲမည်ဖြစ်သည်။

ထို့ကြောင့် သူတို့က စနစ်တကျချဉ်းကပ်ကာ အခြေအနေကို ပထမထိန်းချုပ်လိုက်သည်။

ထို့နောက် ရုံးချုပ်မှ ကျွမ်းကျင်သူများ လာရောက်ဖြေရှင်းရန် စောင့်ဆိုင်းခဲ့ကြသည်။

အစပိုင်းတွင် အားလုံးအဆင်ပြေနေခဲ့သော်လည်း ယမန်နေ့က ပြဿနာအကြီးအကျယ်တက်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း!

“မစ်စ်ကုလည်း သိပြီးသားဖြစ်မှာပါ၊ သင်္ချိုင်းဂူရဲ့ ပိုင်ရှင်က နာမည်ကျော်ကြားခဲ့တဲ့ လူတစ်ဦးလေ၊ သူနဲ့အတူ မြှုပ်နှံထားတဲ့အထဲမှာ ရွှေ၊ငွေလက်ဝတ်ရတနာတွေဆိုတာ အမြောက်အမြားရှိတာပေါ့၊ နိုင်ငံရဲ့ အရေးကြီးဆုံးလက်နက်တွေရော၊ သူတို့ရဲ့ သမိုင်းဆိုင်ရာ ရှာဖွေမှုသုတေသနတန်ဖိုးကတော့ အရမ်းကိုမြင့်မားတယ်လေ၊  အားလုံးက ရှားပါးရတနာတွေကိုး”

“ဒါပေမယ့် တူးဖော်နေရင်းမှာပဲ ကျွန်မတို့ သင်္ချိုင်းပိုင်ရှင်ရဲ့ နှလုံးပေါ်မှာ တင်ထားတဲ့ သင်္ဂြုလ်ပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့ရတယ်၊ အဲ့တာက သင်္ချိုင်းပိုင်ရှင်ရဲ့ အရေးကြီးဆုံးပစ္စည်းလို့လည်း ဆိုလို့ရတယ်”

“အစက ဘာမှန်းမသိကြဘူး၊ နောက်မှ ရှေးဟောင်းသုတေသနပညာရှင်တွေက ရွှေကြိုးနဲ့ လုပ်ထားတဲ့ စာအုပ်ကို သင်္ချိုင်းဂူထဲမှာ တွေ့လိုက်ရတယ်၊ အဲ့စာအုပ်ကို ဘာသာပြန်ပြီးတော့မှ အဲစာအုပ်က ဒီသင်္ချိုင်းဂူကို တည်ဆောက်ခဲ့တဲ့ ဖုန်းရွှေပညာရှင်ရေးခဲ့တဲ့ စာအုပ်ဖြစ်နေမှန်းသိလိုက်ရတာ၊ အဲဒီမှာ တန်ဖိုးကြီးသင်္ဂြိုလ်ပစ္စည်းကို ထားထားတဲ့ နေရာရော၊ နောက် သမိုင်းကြောင်းမှာရော၊ ရှေးဟောင်းသုတေသနမှာရော တစ်ခါမှ မကြားဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို ရေးထားခဲ့တာ၊ စာအုပ်ထဲမှာရေးထားတာကို မြင်လိုက်ရတဲ့ လူတိုင်း အံ့လည်းအံ့ဩ၊ သံသယတွေလည်း အပုံလိုက်ကြီးဖြစ်ခဲ့ရတယ်”

ကျန်းရူယွီက စာအုပ်ထဲတွင် ပါဝင်သည့် အကြောင်းအရာများအား ပြန်တွေးနေပုံပေါ်ကာ သူမ၏ မျက်နှာတွင် အံ့ဩမှုက အတိုင်းသားပေါ်နေခဲ့သည်။

သူမ ပြန်အသိဝင်လာပြီးနောက် ကုကျစ်စုန့်ကို ကြည့်လိုက်သည်။

“အဲဒီ သင်္ချိုင်းပိုင်ရှင်ရဲ့ နှလုံးသားပေါ်တင်ထားတဲ့ သင်္ဂြိုလ်ပစ္စည်းက လွန်ခဲ့တဲ့ နှစ်၈၀၀က ကျောက်စိမ်းလက်ချောင်းရိုးတစ်ခုပဲ၊ လူလက်ချောင်းဖြစ်ပေမယ့် ပုံစံက ဖွေးဆွတ်ပြီး ကြည်လင်နေတာက ကျောက်စိမ်းဖြူလိုမျိုး ဖြစ်နေခဲ့တာ”

“ဖုန်းရွှေပညာရှင်ရဲ့ မှတ်တမ်းအရတော့ အဲဒီကျောက်စိမ်းလက်ချောင်းက နာမည်ကြီး ပညာရှင်၊ စိတ်ကောင်းစေတနာရှိလွန်းတဲ့ လူတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတဲ့၊ အင်မတန် တန်ဖိုးကြီးတယ်လို့ဆိုတယ်”

ကုကျစ်စုန့် မျက်မှောင်ကြုတ်မိသွားသည်။

“လူအရိုးက ကျောက်စိမ်းဖြူလို ဖြစ်နေတာ??”

ကျန်းရူယွီခေါင်းကို ငြိမ့်ကာ သက်ပြင်းချသည်။

“အဲဒီတုန်းက ကျွန်မတို့လူတွေသာ ရှိမနေခဲ့ရင်၊ အဲဒီလက်ချောင်းကို သူတို့မျက်လုံးရှေ့မှာပဲ အခေါင်းတလားထဲကနေ ထုတ်လိုက်တာမဟုတ်ရင်၊ သက်သေအနေနဲ့ ဓာတ်ပုံတွေသာ ရိုက်မထားခဲ့ဘူးဆိုရင် ကျွန်မလည်း ယုံမိမှာမဟုတ်ဘူး၊

ဒါပေမယ့် အဲ့တာကို စစ်ဆေးဖို့တောင် အချိန်မရလိုက်ဘူး၊ အဲ့ဒီလက်ချောင်းက တူးဖော်တဲ့ ညမှာပဲ အခိုးခံလိုက်ရတယ်လေ၊ မနေ့ညကပဲ!”

သူမ ပြောနေရင်းနှင့်ပင် ဖုန်းကို ထုတ်ကာ ဓာတ်ပုံများဖွင့်လိုက်သည်။

“မစ်စ်ကု၊ ဒါကို ကြည့်ကြည့်ပါဦး၊ ဒါက အဲ့အချိန်တုန်းက သင်္ချိုင်းထဲမှာရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရှေးဟောင်းသုတေသနပညာရှင်တို့ ရိုက်ထားတဲ့ ကျောက်စိမ်းလက်ချောင်းရိုးရဲ့ ဓာတ်ပုံပါပဲ”

ဓာတ်ပုံ၏ နောက်ခံသည်ကား သင်္ချိုင်းမြေဖြစ်ကာ ကျောက်စိမ်းဖြူကဲ့သို့ ကြည်လင်နေသော လူလက်ချောင်းရိုးတစ်ချောင်းအား လက်ဖဝါးထဲတွင် ထည့်ထားကာ ရိုက်ထားသည့် ဓာတ်ပုံဖြစ်သည်။

စူးရှသော မျက်လုံးများဖြင့် ကုကျစ်စုန့် ထိုလက်ချောင်းပေါ်မှ အမှတ်အသားအား မြင်တွေ့လိုက်သည်။

“အဲတာဘာလဲ?”

ကျန်းရူယု ဓာတ်ပုံကို ရွှေ့လိုက်သည်။

“လက်ချောင်းပေါ်မှာ ထွင်းထားတဲ့ ပုံစံက ဓားနဲ့ ထွင်းထားတာပဲ၊ အဲ့တာက သစ်ရွက်သေးသေးလေးပုံပါတယ်၊ ပြီးတော့ စာလုံးတွေက ရှေးခေတ်တောက်ဓမ္မဂိုဏ်းရဲ့ စာလုံးတွေပဲ၊ အဲဒီစာလုံးတွေက ပျောက်ကွယ်သွားတာ ကြာပြီဆိုတော့ ကျွန်မတို့လည်း အခုထိတော့ ဒီစာလုံးလေးက ဘာကိုရေးထားမှန်းမသိသေးဘူး”

ဓာတ်ပုံထဲတွက် စာလုံးလေးက ထင်ရှားစွာ ပေါ်လွင်နေခဲ့သည်။

မှုန်ဝါးနေသော စာလုံးများအား ကြည့်လိုက်ပြီး ကုကျစ်စုန့်မျက်မှောင်ကြုတ်လိုက်မိသည်။

သူမ ဖတ်လိုက်သည်ကသာ မမှားပါက ထိုစာလုံးသည်ကား ‘စုန့်’ ဟူသော စာလုံးသာ ဖြစ်ချေသည်။

ကျန်းရူယွီက ဆက်၍ပြောသည်။

“အစက ကျွန်မတို့ထင်တာ သူခိုးက ကျောက်စိမ်းလက်ညှိုးကိုပဲ ဦးတည်တာပေါ့၊ ဒါပေမယ့် အခုမနက်စောစောမှာပဲ သင်္ချိုင်းဂူကနေ ‌အခွန်ဆိုးဝါးလွန်းတဲ့ တစ်ခုခုက လွတ်သွားခဲ့တယ်!”

**

All Chapters