← Chapters

ကျောက်စိမ်းလက်ချောင်းအရိုး(2)

Vol. 12 Ch. 117

ကျောက်စိမ်းလက်ချောင်းအရိုး(2)

Vol. 12 Ch. 117

ထိုပစ္စည်းကို ရရှိသည့်အချိန်တွင် သူ  အနည်းငယ်မူးဝေသွားလောက်သည်အထိ ပျော်ရွှင်နေခဲ့ပြီး ဖုန်းရွှေပညာရှင်အား ထိုလက်ချောင်းရိုးကို ကြိတ်ကာ ဆေးဖော်စေခဲ့သည်။

သို့သော် ဖုန်းရွှေပညာရှင်ပြောခဲ့သည်မှာ ထိုအရိုးသည်ကား ကောင်းမွန်လှသော တောက်ဓမ္မပညာလက်နက်ဖြစ်ကာ မကောင်းသောဝိဉာဉ်များကို နှင်၍ စိုထိုင်းမှုအား ပျောက်ကင်းစေသည်။ ထို့အပြင် အင်မတန်မာကျောလွန်းသည်ကြောင့် ဆေးဖော်ရန် မဖြစ်နိုင်ဟု လျှောက်တင်ခဲ့သည်။

နောက်ဆုံး အင်ပါယာသေဆုံးချိန်တွင် ဖုန်းရွှေပညာရှင်သည် အင်ပါယာအလောင်း၏ ရင်ဘတ်ပေါ်‌၌ ထိုလက်ချောင်းရိုးလေးအား မကောင်းမှုများ သန့်စင်ပေးနိုင်ရန် တင်ထားလိုက်ပေသည်။ ထိုအတိုင်း ရှိနေသည်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်က ရှေးဟောင်းသုတေသနအဖွဲ့ မှ မတူးဖော်ခင်အချိန်ထိဖြစ်နေခဲ့သည်။

“သေချာတာတစ်ခုကတော့ အဲဒီလက်ချောင်းရိုးက တကယ်ကို တန်ဖိုးကြီးတဲ့ တောက်ဓမ္မပညာလက်နက်တစ်ခုဆိုတာပဲ၊ အဲဒါလေးက သင်္ချိုင်းပိုင်ရှင်ရဲ့ အလောင်းကို ချုပ်တည်းထားနိုင်ပြီး အန္တရာယ်ကြီးတဲ့ အရာတစ်ခုအဖြစ် ပြောင်းမသွားအောင် တားထားနိုင်တယ်”

“ရှေးဟောင်းသုတေသနပညာရှင်တွေ အခေါင်းတလားကို တူးဖော်လိုက်ပြီးတဲ့နောက်ကျ သင်္ချိုင်းပိုင်ရှင်ရဲ့ အလောင်းကောင်က အရမ်းပုတ်သိုးနေတာမဟုတ်ဘဲ သေချာထိန်းသိမ်းထားသလိုပဲတဲ့၊ အသားတွေဆို အိနေတုန်းပဲဆိုပဲ၊

ကျွန်မတို့ကတော့ အဲဒီကျောက်စိမ်းလက်ချောင်းရိုးကြောင့်ပဲလို့ ထင်တယ်”

“ဒါပေမယ့် အခုကျတော့ ကျောက်စိမ်းလက်ချောင်းရိုးရော၊

မောင့်ဖုတ်ကောင်ပါ နှစ်ခုလုံးပျောက်သွားပြီလေ!”

ကုကျစ်စုန့် တည်တန့်စွာ မေးလိုက်သည်။

“ဘယ်သူလုပ်တာလဲဆိုတာကို သိလား?”

ကျန်းရူယွီ:

“ကျွန်မလည်း အစက အဲ့ဒီကျောက်စိမ်းလက်ချောင်းရိုးကို ပညာရှင်တစ်ယောက်က သိမ်းထားမှန်းမသိခဲ့ဘူး၊ အဲဒီညက သင်္ချိုင်းဂူထဲက ပရော်ဖက်ဆာက ရွှေချည်မျှင်စာအုပ်မှာ ပါတဲ့ စကားလုံးသေးလေးတွေကို ဘာသာပြန်ပြီး စာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်ဖို့ လုပ်နေခဲ့တာတဲ့လေ”

ပြောနေရင်းနှင့်ပင် အမျိုးသမီး၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာခဲ့သည်။

“ပရော်ဖက်ဆာကြီးက အသက် ၇၀ကျော်ပြီ၊ သူက ရှေးဟောင်းသုတေသီလောကမှာဆိုရင် ဗဟုသုတကြွယ်လို့ ဆရာကြီးတစ်ဆူပဲ၊ သူခိုးက အဲဒါတွေကို ရဖို့အတွက် ပရော်ဖက်ဆာကြီးကို  ရန်ပြုခဲ့တယ်လေ၊ ဆရာကြီးရဲ့ ဗိုက်ကို အတွင်းအားနဲ့ ရိုက်သွားတာများ နေရာမှာတင် ကိုယ်တွင်းအင်္ဂါတွေ သွေးယိုစီးကုန်တာပဲ!!”

အချိန်မှီကယ်ဆယ်လိုက်နိုင်သော်လည်း အသက်ကြီးသူတစ်ဦးအတွက် မလိုလားအပ်သော ဒဏ်ရာရရှိခြင်းပင်ဖြစ်သည်။

အတွင်းအားနှင့် ရိုက်နိုင်ခြင်းဆိုသည်မှာ ထိုလူသည် သာမန်လူတစ်ယောက်မဟုတ်သကဲ့သို့ အတွင်းလူလည်း မဟုတ်ပေ။

ထိုညက ပရော်ဖက်ဆာကြီးက အပြင်းအထန် ထိခိုက်ဒဏ်ရာရကာ အရေးကြီးသော သင်္ဂြိုလ်ပစ္စည်းများလည်း ခိုးယူခံလိုက်ရသည်။

သင်္ချိုင်းဂူအတွင်းမှ လူများ အံ့ဩထိတ်လန့်ကာ ဒေါသထွက်ခဲ့ကြရသည်။ သို့သော် သူတို့သည် နောက်နာရီပိုင်းအတွင်းတွင် ပြဿနာတစ်ခုထပ်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

“ကျွန်မတို့ရဲ့ အဖွဲ့ဝင်တွေထဲက သင်္ချိုင်းကို စောင့်နေတဲ့သူတွေ မနက်အစောပိုင်းလောက်မှာ တိုက်ခိုက်ခံလိုက်ရပြီး တော်တော်လေး ထိခိုက်သွားခဲ့ရတာ၊ သူခိုးက အချုပ်အတားကို ဖျက်ဆီးပြီး မောက်ဖုတ်ကောင်ကိုလည်း လွှတ်ပေးလိုက်တယ်၊ အနီးနားမှာရှိနေတဲ့ အခြားသူတွေက ရုတ်ရုတ်သဲသဲအသံကြားတဲ့အတွက် အချိန်မှီရောက်မလာနိုင်ခဲ့ဘူးဆိုရင်တော့ အဲဒီအဖွဲ့ဝင်တွေအတွက် ကျွန်မ မတွေးရဲဘူး”

“အခြားအကူတွေ ကယ်တာကို ခံရပြီးတဲ့နောက် ကြည့်လိုက်တော့ အဲဒီအဖွဲ့ဝင်ရဲ့ လည်ပင်းမှာ အလောင်းဆိပ်တက်နေတဲ့ သွားရာတွေ တွေ့ရတာလေ၊ သူခိုးက မောင့်ဖုတ်ကောင်ကို တမင်တကာ လူသွေးကို တိုက်နေတာပဲ!!”

ကုကျစ်စုန့် မျက်လုံးများ အေးစက်သွားခဲ့သည်။

“သူက ဖုတ်ကောင်ကို နောက်ထပ်တဆင့်မြင့်အောင် လုပ်ဖို့ကြိုးစားနေတာပဲ”

“ဟုတ်တယ်၊ ကျွန်မတို့ အတွေးကလည်း ဒီလိုပဲ၊ နောက် ဒီနေ့နေ့လည်ပိုင်းမှာ  ဟွေ့ချန်ကျောင်းဆောင်ရဲ့ ဘုန်းဘုန်းက ဝရမ်းတစ်ခုကြေငြာလိုက်တယ်၊

ဒီနေ့ တစ်ယောက်ယောက်က ကျောင်းတော်က ဘုန်းတော်ကြီးတွေကို ထိခိုက်အောင်လုပ်ပြီးတော့ ဟွေ့ချန်ကျောင်းဆောင်ရဲ့ တောက်ကျန့်ဖန်းကျီရဲ့ ရတနာကို ခိုးသွားတယ်တဲ့!”

“ရှင်လည်း ဟွေ့ချန်ကျောင်းတော်က ဖမ်းဝရမ်းထုတ်ထားတဲ့ သူခိုးအကြောင်းကို သိပြီးသားပါ”

ကုကျစ်စုန့်: “???”

“ဘယ်သူမို့လို့လဲ?”

“မစ်စ်ကု ရှင်မှတ်မိသေးလား? ပြီးခဲ့တဲ့ တစ်လကျော်လောက်က ရှင် ဝိဉာဉ်ရေးရာအစီအစဉ်မှာ ပထမဆုံးပါတဲ့ အချိန်ကလေ၊ ယွင်ချန်ပြည်နယ်က ကွမ်းမိသားစုရဲ့ အကြီးဆုံးမြေးကို အိမ်ဟောင်းထဲက မကောင်းတဲ့ ဖွဲ့စည်းပုံနှစ်ခုကို ဖျက်ဆီးဖို့ ကူညီပေးခဲ့တယ်”

ကုကျစ်စုန့် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။

“ကွမ်းကျစ်လား? ကျွန်မ မှတ်မိတယ်လေ”

သူမ ကွမ်းကျစ်နှင့် အဆက်အသွယ်ရှိနေတုန်းပင် ဖြစ်သည်။

စာအများစုကတော့ ကွမ်းကျစ်မှ သူမထံသို့ ပို့သည့် နှုတ်ဆက်စာများသာလျှင် ဖြစ်ပေသည်။

**

All Chapters