မြောင်မျိုးဆက်သစ်များ (၁)
Vol. 12 Ch. 118
ကုကျစ်စုန့် အပေါ်ထပ်သို့ ပြန်တက်ကာ သူမ အိမ်တွင် ရေးဆွဲ၍ သိမ်းဆည်းထားသော ကျမ်းစာရွက်များအား အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် အောက်ထပ်သို့ ပြန်ဆင်းလာသည်။
ကျန်းရူယွီက သစ်ပင်ဘေးနားတွင် ထိုင်နေခဲ့ကာ သူမ၏ အထက်လူကြီးနှင့် ဖုန်းပြောနေခဲ့သည်။
ကုကျစ်စုန့်ဆင်းလာသည်ကို မြင်လိုက်ရချိန်တွင် သူမက ကျောပိုးအိတ်အား ကြည့်ကာ ပြောလိုက်သည်။
“မစ်စ်ကု ခဏစောင့်ပါဦး၊ အထက်လူကြီးတွေက မစ်စ်ကုကို ကြိုဖို့အတွက် ကားတစ်စီးလွှတ်လိုက်ပါပြီ၊ သူတို့က ရှင့်ကို လေဆိပ်ကို ချက်ချင်းခေါ်သွားမှာပါ၊ လေဆိပ်မှာလည်း ရှင့်အတွက် ယာယီလက်မှတ်ပြင်ဆင်ပေးထားပါတယ်”
“အလုပ်ရှုပ်မခံပါနဲ့၊ အဲလိုသွားမယ်ဆိုရင် အရှိန်က နှေးလွန်းတယ်”
ကုကျစ်စုန့် ခေါင်းကို ခါလိုက်ရင်း မေးလိုက်သည်။
“ပျောက်နေတဲ့ လူတွေ အကြောင်း အရင်ပြောပေးပါ”
ကျန်းရူယွီ ခေတ္တမျှ ကြက်သေသေသွားသည်။ ထို့နောက် အလျှင်အမြန် ပြန်ပြောလိုက်လေ၏။
“ဒါက ဒီလိုပါ၊ ဟူနန်ပြည်နယ်ရဲ့ အနောက်တောင်ပိုင်းမှာ အပြင်လူတွေရဲ့ မျိုးရိုးက နည်းနည်းတော့ ထူးခြားတယ်၊ အဲဒီက ဝိဉာဉ်ရေးရာအထူးဌာနခွဲရဲ့ ခေါင်းဆောင်က ရှေးခေတ်ရွာရဲ့ မျိုးဆက်ဖြစ်တဲ့ မြောင်မျိုးနွယ်စုရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်လေ”
ဟူနန်ပြည်နယ်သည်ကား ရှေးကာလတည်းက ထူးခြားဆန်းကြယ်သော နေရာတစ်ခုဖြစ်သည်။
ထိုနေရာမှ မြောင်ပညာရှင်များ၏ မန္တာန်များနှင့် အစီအရင်များက တောက်ကျန့်နှင့် ဗုဒ္ဓဘာသာဝင်များကဲ့သို့ ယန်စွမ်းအင်အား အသုံးပြုသည်မဟုတ်ပေ။
သူတို့သက ကူပိုးကောင်များ မွေးမြူရန် ယင်စွမ်းအင်အား အသုံးပြုကြသည်။
ထိုနေရာတွင် အကျော်ကြားဆုံးမှာ ‘ကူမွေးမြူခြင်း’နှင့် ‘ကူစေလွှတ်ခြင်း’တို့ပင် ဖြစ်သည်။
ဟူနန်နယ်ဖွား ထူးခြားသော မြောင်ပညာရှင်များသည် လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်က လူအများ၏ ဖယ်ကျဉ်ခြင်းခံရကာ မသင့်တော်မဖြောင့်မတ်သော လူများအဖြစ် သမုတ်ခံခဲ့ရသည်။
ထို့ကြောင့် ဟူနန်ပြည်နယ်မှ မြောင်မျိုးဆက်များက တောက်ကျန့်များနှင့် ဘယ်တော့အခါတွင်မှ မသင့်မြတ်ကြပါချေ။
တောက်ဓမ္မပညာ၏ နည်းစနစ်ဥပဒေများကိုလည်း လိုက်နာလေ့မရှိကြပေ။ သူတို့သည်ကား ရှားတိုင်းပြည်တွင် တောက်ဓမ္မဂိုဏ်းများနှင့် အတိုက်အခံလုပ်ရဲသော လူနည်းစုတွင် ပါဝင်သည်။
တိုင်းပြည်ထဲတွင် ဝိဉာဉ်ဆိုင်ရာအထူးဌာနရပ် ဖွဲ့စည်းလိုက်ပြီးနောက် သူတို့က ဟူနန်ပြည်နယ်မှ မြောင်မျိုးဆက်များနှင့် သင့်မြတ်အောင် နေထိုင်ကာ ထိုနေရာအား အတူတူ စီမံခန့်ခွဲခဲ့ကြသည်။
ဌာနခွဲ၏ ခေါင်းဆောင်မှာလည်း ဝူကျန်းမျိုးနွယ်မှ နာမည်ကြီး‘စုန်း’ဖြစ်ကာ ကျန်းရူယူနှင့် ခင်မင်သူဖြစ်သည်။
“ဒီနေ့ နေ့လည် သုံးနာရီလောက်က ဟူနန်ပြည်နယ်ရဲ့ နယ်စပ်မြို့ကနေ ပထမဆုံး လူပျောက်တိုင်ကြားစာကို ရတာ၊ မျက်မြင်သက်သေတွေရဲ့ ပြောစကားအရဆိုရင် အဖမ်းခံရတာက ၁၅၊၁၆လောက်ပဲ ရှိဦးမဲ့ ကောင်မလေးနှစ်ယောက်တဲ့၊
သူတို့က လည်ပတ်ရင်းနဲ့ ဈေးဝယ်ထွက်နေခဲ့ကြတာ၊ ရုတ်တရက်ကြီး လမ်းကြိုလမ်းကြားထဲကနေ မည်းမည်းအရာတစ်ခုက ပြေးထွက်လာပြီး နှစ်ယောက်လုံးကို ခေါ်သွားတယ်လို့ပြောတယ်၊
ဖြစ်ပျက်သွားတာတွေက မြန်လွန်းတော့ ဘယ်သူမှ အဲဒီအရာကြီးကို ဓာတ်ပုံရိုက်မထားနိုင်လိုက်ဘူး”
“မျက်မြင်သက်သေတွေ ပြောတာကတော့ အဲဒါက အားသန်တဲ့ အမျိုးသားတစ်ယောက်နဲ့တူတယ်တဲ့၊ ရုတ်တရက်ကြည့်လိုက်ရင် ကိုယ်ပေါ်မှာ အမွှေးအမြင်တွေလည်း ရှိပုံပဲလို့ပြောတယ်၊
နောက်ပြီး အင်္ကျီဝတ်ထားလား၊ မဝတ်ထားလားတောင် မသဲကွဲဘူးတဲ့၊ တိုင်စာရပြီးတဲ့နောက်မှာ ဒေသခံရဲတွေကလည်း ထူးခြားဖြစ်စဉ်လို့ မထင်မိကြဘူးလေ၊
ရိုးရိုး ပြန်ပေးဆွဲတာလို့ ထင်ပြီးတော့ အနားက စီစီတီဗီတွေကို ကြည့်ပြီး ဖမ်းဖို့အတွက် ရဲအဖွဲ့တွေ လွှတ်ထားတာပေါ့”
“မမျှော်လင့်ထားဘဲ နောက်ထပ် တစ်နာရီအကြာမှာပဲ နောက်မြို့တစ်မြို့မှ ထပ်ပြီး အဖမ်းခံရတဲ့ ကိစ္စပေါ်လာပြန်တယ်၊ အဖမ်းခံရတဲ့သူက ၆နှစ်သားကောင်လေးတဲ့၊ လူ တော်တော်များများကလည်း လူမဆန်တဲ့ အမြန်နှုန်းနဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို မြင်လိုက်ရတယ်ဆိုပြီး တော်တော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့တာ…”
ထိုအချိန်တွင် ဒေသခံရဲအဖွဲ့လည်း တစ်ခုခုထူးခြားနေကြောင်း သတိပြုမိနေပြီဖြစ်သည်။
“ဒေသထဲမှာက ရိုးရာတွေ၊ ကိုးကွယ်မှုတွေ ရှိနှင့်နေပြီးသားဖြစ်နေတဲ့အတွက် သူတို့က ဝိဉာဉ်ဆိုင်ရာအထူးဌာနနဲ့ ပတ်သတ်ပြီး တီးမိခေါက်မိရုံလောက်တော့ သိထားကြတယ်လေ၊ ဒီတော့ အဲဒီအဖြစ်နှစ်ခုကို ဟူနန်ပြည်နယ်ဌာနခွဲကို တင်ပြခဲ့ကြတာ”
ဌာနခွဲ၏ ခေါင်းဆောင်မှာ မြောင်မျိုးဆက်ထဲမှ တစ်ဦးဖြစ်သည်။ ရှေးမျိုးဆက်များထဲမှ တစ်ဦးဖြစ်သည့်အလျောက် သူမက ‘ဖုတ်ကောင်မွေးသူများ’နှင့် ‘ဖုတ်ကောင်အမဲလိုက်ခြင်း’တို့အကြောင်း သိထားလေ၏။
သို့နှင့် လုံခြုံရေးကင်မရာအား ကြည့်ပြီးသည်နှင့် မြို့ထဲတွင် သောင်းကျန်းနေသော ထိုအရာမှာ အဆင့်မြင့်ဖုတ်ကောင်တစ်ကောင်ဖြစ်နေကြောင်း သိလိုက်ရသည်။
ထိုအရာသည်ကား ဝိဉာဉ်ဆိုင်ရာ အထူးအဖွဲ့မှ ဖမ်းဝရမ်းထုတ်ထားသော မောင့်ဖုတ်ကောင်ပင်ဖြစ်ချေသည်။
သူမ ရုံးချုပ်သို့ ချက်ချင်းအကြောင်းကြားလိုက်သည်။ ထိုအခါမှသာလျှင် ဝိဉာဉ်ဆိုင်ရာအထူးဌာနချုပ်သည်လည်း ဖုန်းရွှေပညာရှင်၏ တည်နေရာအတိအကျအား သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် ဟူနန်ပြည်နယ်၌ ယောင်္ကျားလေး ခြောက်ယောက်နှင့် မိန်းကလေး လေးယောက်တောင် ပျောက်ဆုံးသွားခဲ့ပြီဖြစ်လေသည်။
မိန်းကလေးများမှာ အသက် ဆယ်နှစ်မှ ဆယ်ခြောက်နှစ်အတွင်းအရွယ်များသာ ဖြစ်ကာ ယောင်္ကျားလေးများသည်ကား အသက် ငါးနှစ်မှ ခြောက်နှစ်အတွင်းအရွယ်များသာ ဖြစ်ကြသည်။
ပျောက်ဆုံးနေသူများထဲမှ မိန်းမငယ်လေးတစ်ဦးသည်ကား မြောင်ရှေးဟောင်းရွာမှ စေလွှတ်ထားသူဖြစ်နေခဲ့သည်။ သူမမှာ ထိုရွာမှ ‘စုန်းမ’၏ မျိုးဆက်ပင်ဖြစ်ချေသည်။
သူမ တောင်ပေါ်၌ ဆေးပင်ဆေးရွက်များ ခူးဆွတ်နေချိန်တွင် ပျောက်ဆုံးနေသော ထိုဖုန်းရွှေပညာရှင် ရုတ်တရက်ပေါ်လာခဲ့သည်။
သူက မိန်းမငယ်လေး၏ဘေးတွင်ရှိနေသော ‘စုန်းမကြီး’အား ဒဏ်ရာရအောင်လုပ်ကာ မောင့်ဖုတ်ကောင်နှင့်အတူ တောင်ပေါ်သို့ ထွက်ပြေးသွားခဲ့သည်။
သေဘေးမှ လက်မတင်လွတ်လာခဲ့သော ‘စုန်းမကြီး’၏ စကားအရ ဖုန်းရွှေပညာရှင်၏ ကျောပေါ်တွင် တစ်မီတာခန့်ရှည်သော အခေါင်းတလားတစ်ခုအား သယ်ဆောင်ထားခဲ့သည်။
ထိုအခေါင်းသည် အရွယ်ရောက်ပြီးလူတစ်ယောက်၏ အခေါင်းတလား မဖြစ်နိုင်ပေ။
သူ့ဘေးမှ မောင့်ဖုတ်ကောင်သည်ကား မပြုပြင်ရသေးသော အလောင်းကောင်သာဖြစ်သော်လည်း မည်သို့သော်အကြောင်းကြောင့်မှန်း မသိရပါပးဘဲ ထိုဖုန်းရွှေပညာရှင်၏ အမိန့်အား နာခံနေခဲ့သည်။
ထိုစကားကို ကြားရသည့်နောက် ကုကျစ်စုန့် မျက်မှောင်ကြုတ်ကာ ခေါင်းကို ငြိမ့်လိုက်သည်။
“အခြေအနေကိုတော့ ကျွန်မနားလည်ပြီ၊ အခုပဲ အဲဒီကို သွားလိုက်တော့မယ်”
ကျန်းရူယူ ခေါင်းရှုပ်သွားရသည်။
ဘယ်လိုနည်းနဲ့များ ထိုနေရာသို့ သွားမလို့လဲ?
သို့သော် ရုတ်တရက် မြင်လိုက်ရသည့် အံ့ဩဖွယ်ကောင်းလှသော မြင်ကွင်းကြောင့် သူမမှာ စကားပင်မပြောနိုင်ဘဲ့ ဆွံ့အသွားခဲ့ရကာ မျက်လုံးများလည်း ဝိုင်းစက်သွားခဲ့သည်။
ကုကျစ်စုန့်သည်ကား တည်ငြိမ်သော အမူအယာနှင့် မြေကြီးပေါ်သို့ ခြေဆောင့်လိုက်သည်။ ထို့နောက် ချက်ချင်းလိုပင် သူမ၏အနီးအနားမှ ကိုယ်ယောင်ကိုယ်ဝါတို့က ပြောင်းလဲသွားခဲ့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် မြင့်မားလှသော ငရဲပြည်ဂိတ်ဝက မြေပြင်မှ ထိုးဖောက်ထွက်လာကာ သူတို့၏ရှေ့တွင် ပေါ်လာခဲ့သည်။
မြေအောက်ကမ္ဘာမှ ယင်စွမ်းအင်များသည်လည်း ငရဲပြည်ဂိတ်ဝမှ လျှံထွက်နေခဲ့ကာ ပတ်ဝန်းကျင်မှ အပူချိန်က ချက်ချင်းပင်လျော့ကျသွားခဲ့လေ၏။ ကုကျစ်စုန့်မှာ မြေအောက်ကမ္ဘာမှ အသူရာနှင့်ပင် ဆင်တူနေတော့သည်။
ကျန်းရူယွီတစ်ယောက် အင်မတန်ပင် အံ့အားသင့်ကာ တုန်လှုပ်သွားခဲ့သည်။
“ဒါ… ဒါက ငရဲပြည်ရဲ့ ဂိတ်ဝလား!?”
ကုကျစ်စုန့် ခေါင်းငြိမ့်ကာ တစ္ဆေဂိတ်တံခါးဝသို့ လျှောက်သွားလိုက်ပြီး ထိုအချိန်ထိ ကြက်သေသေနေသော သူမအား မြင်ကာ မေးလိုက်သေးသည်။
“ရှင်လည်း ဒီကိုလာခဲ့လေ၊ ဒီလမ်းက ပိုမြန်တယ်”
ကျန်းရူယွီ: “… …”
“ကျွန်မ လိုက်လို့မရဘူး၊ ကျွန်မက ယုံချန်ကနေ ထွက်ခွာလို့မရဘူးလေ၊ အစကတော့ အထက်လူကြီးတွေက ရှင်နဲ့အတူသွားဖို့ အဖွဲ့ဝင်အချို့ စီစဉ်ထားတာလေ? သူတို့က ရှင်နဲ့ လေဆိပ်မှာ ဆုံရမှာ”
ဤနည်းက ပိုမြန်တာကိုတော့ သူမ သိပြီးသားဖြစ်သည်။ ဤအရာကြီးသည်ကား ဒဏ္ဍာရီလာငရဲပြည်၏ ဂိတ်တံခါးဝဖြစ်သောကြောင့် မြန်ဆန်သည်မှာ မထူးဆန်းပေ။
ငရဲပြည်၏ ဂိတ်ဝမှာ ယင်ကမ္ဘာနှင့် ယန်ကမ္ဘာအား ချိတ်ဆက်ထားသည့် ကြားခံတစ်ခုပင် ဖြစ်သည်။
ထိုဂိတ်ဝမှာ ကမ္ဘာ၏ မည်သည့်နေရာတွင်မဆို ပေါ်ပေါက်နိုင်သည်။
အကြမ်းဖျင်းပြောရလျှင် မြေအောက်ကမ္ဘာမှ ယင်အရာရှိများသာလျှင် တစ္ဆေဂိတ်တံခါးအား စိတ်အလိုရှိချိန်တွင် ဖွင့်နိုင်စွမ်းရှိသည်။
တောက်ဓမ္မဂိုဏ်းများတွင် ဝိဉာဉ်အာရုံခံနိုင်စွမ်း မထက်မြက်သူဆိုသည်မှာ မရှိသလောက်ပင် ဖြစ်သည်။ သို့သော် သန့်စင်သော ယင်စွမ်းအင်ပိုင်ရှင်များသာလျှင် ဝိဥာဥ်လမ်းပြရာထူးဖြင့် အလုပ်လုပ်နိုင်ကာ ဤဂိတ်တံခါးဝမှ ဖြတ်သန်းသွားလာနိုင်သည်။
ဤတံခါးဝအား ဖြတ်သန်းသွားလာရန်အတွက်လည်း အင်မတန် အားအင်ကုန်ခမ်းကာ ဝိဉာဉ်များသာလျှင် လွတ်လပ်စွာ သွားလာနိုင်ကြသည်။
ကျန်းရူယွီအနေဖြင့် ငရဲတံခါးဝအား လက်တစ်ချက်ဝှေ့လိုက်ရုံနှင့် ဆင့်ခေါ်နိုင်ကာ လူ့ခန္ဓာကိုယ်ဖြင့် ဖြတ်သန်းသွားလာနိုင်သော လူအား မြင်ဖူးရန်မဆိုထားနှင့်၊ ကြားပင် မကြားဖူးခဲ့ပေ။
ဤကုကျစ်စုန့်သည် အမှန်တကယ်၌ မည်သူပင် ဖြစ်နေပါသနည်း??
ကုကျစ်စုန့် မောင့်ဖုတ်ကောင်အား နောက်ဆုံးတွေ့ခဲ့ရသည့်နေရာကို မေးကာ ကျန်းရူယွီအား လက်ရမ်းပြလိုက်သည်။
“ရပါပြီ၊ ရှင်လိုက်စရာ မလိုတော့ဘူး၊ ကျွန်မအရင် သွားပြီး မေးစရာရှိမှပဲ ဖုန်းခေါ်လိုက်တော့မယ်”
သူမ ပြောရင်းနဲ့ပင် ငရဲပြည်ဂိတ်တံခါးဝထဲသို့ ခုန်ဝင်သွားကာ တံခါးဝမှ မှောင်မိုက်သည့် ယင်စွမ်းအင်များက သူမ တစ်ကိုယ်လုံးအား ဝါးမြိုသွားခဲ့သည်။
ငရဲပြည်၏ ဂိတ်တံခါးဝကြီး ပျောက်ကွယ်သွားသည့်နောက် ပတ်ဝန်းကျင်လည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားသော်ငြား ကျန်းရူယွီကတော့ ထိုအချိန်ထိ အံ့အားသင့်ကာ မှင်သက်နေဆဲပင်ဖြစ်သည်။
သူမ အထက်လူကြီးအား ဆက်သွယ်ကာ ယခုလေးတင် ဖြစ်ပျက်သွားသည်များအား အကြောင်းစုံပြောပြလိုက်သည်။
တစ်ဖက်က ဖုန်းနားထောင်နေသူလည်း သူမနည်းတူ အံ့အားသင့်၊မှင်သေသွားကာ အတန်ကြာမှ စကားပြန်လာခဲ့လေသည်။
“အဲဒီကုကျစ်စုန့်က လွယ်ကူတဲ့သူမဟုတ်ဘူး၊ သူနဲ့ လုံးဝအတိုက်အခံဖြစ်လို့မရဘူး ၊ သူမကိုတွေကို ငါတို့ရဲ့ ဝိဉာဉ်ရေးရာအထူးဌာနဘက်တော်သား ဖြစ်နေဖို့ ကြိုးစားရမယ်”
ဟွမ်ချွမ်းလမ်းမ၏ လမ်းဆုံတစ်ခုတွင် စတီးခက်ရင်းခွကို သယ်ဆောင်ထားသော နွားဦးခေါင်းပိုင်ရှင်က စန်းထူမြစ်ဘေးမှ မကောင်းမှုမြက်များကို စားရင်း ဟွမ်ချွမ်းလမ်းမပေါ်တွင် တရွေ့ရွေ့သွားနေသော တစ္ဆေများအား ကြည့်ကာ သက်ပြင်းချလိုက်သည်။
သူ့ဘေးတွင် ထိုင်နေသော သရဲငယ်လေးက မေးလာလေ၏။
“ဘာလို့ သက်ပြင်းတွေ ချနေရတာလဲ? အဆင်မပြေတာတစ်ခုခုရှိနေလို့လား? ကျွန်တော့်ကို အကုန်ရင်ဖွင့်လို့ရပါတယ်”
“ဝေးဝေးသွားပါ၊ ငါကြီးကြပ်နေတာကို လာမနှောင့်ယှက်နဲ့”
နျူထောင် သရဲလေးအား ကြည့်လိုက်ရင်း စိတ်မရှည်စွာပြောလိုက်သည်။
သူ့တွင် လိုက်စရာ အနုပညာရှင်လည်းမရှိ၊ ကြည့်စရာ အစီအစဉ်လည်းမရှိနေခဲ့ပေ။ ဤသရဲပေါက်စလေးက သူ့ကို မည်သို့ ကူညီနိုင်မည်နည်း?
ယမမင်းနန်းတော်မှ နည်းပညာသရဲများက စွမ်းဆောင်ရည်သည် အရည်အချင်းပြည့်ဝကြပြီး သက်ရှိကမ္ဘာမှ ဒရမ်မာအတိုအစအချို့ကိုပင် မြေအောက်ကမ္ဘာသို့ ချပြနိုင်ခဲ့သော်လည်း တုံ့ပြန်မှုကတော့ အားရစရာမရှိပေ။
သရဲအများစုသည် ‘ဝိဉာဉ်ရေးရာ’အစီအစဉ်မှ အပိုင်းအသစ်အား တိုက်ရိုက်ထုတ်လွှင့်မည့်ရက်ကိုသာ လက်ချိုးရေတွက်ကာ စောင့်ဆိုင်းနေကြသည်။
သရဲပေါက်စမှ သူ့အား လာဘ်ထိုးသည့်အနေဖြင့် လက်ဆောင်ပေးထားသည့် ထျန်းတိတံဆိပ်ဖုန်းအသစ်အား ထုတ်လိုက်ကာ နျူထောင် ထပ်၍ သက်ပြင်းချလိုက်ပြန်သည်။
အစီအစဉ်အပိုင်းအသစ်စရန် တစ်ရက်ကြီးများတောင်လိုသေးသည် သူ စုန့်စုန့်အား မြင်တွေ့ရရန် ထပ်၍ မစောင့်ချင်တော့။
နျူထောင် ဖုန်းစကရင်အား ပိတ်လိုက်ပြီးနောက် မော့ကြည့်လိုက်စဉ်တွင် သူ အလွန်အမင်း ရင်းနှီးနေသော လူတစ်ယောက် ဟွမ်ချွမ်းလမ်းခွဲတွင် ပေါ်လာသည်ကို မြင်လိုက်ရသည်။
နျူထောင်: “?!!”
“စုန့်…ကုကျစ်စုန့်!?”
သူမ၏ နာမည်အား ကြားလိုက်ရသော ကုကျစ်စုန့်တစ်ယောက် နျူထောင်အား လှမ်းကြည့်လိုက်ရကာ ခေါင်းငြိမ့်ပြလိုက်သည်။
“ယင်အရာရှိ? ကျွန်မ လုပ်စရာကိစ္စလေးရှိလို့ မြေအောက်ကမ္ဘာကို ခဏငှားပါသေးတယ်”
ပြောပြီးသည်နှင့် သူမ၏ ခန္ဓာကိုယ်က အလင်းတစ်ချက်လင်းသွားခဲ့ပြီးနောက် ဟွမ်ချွမ်းလမ်းခွဲမှ ပျောက်ကွယ်သွားတော့သည်။
နျူထောင်မှာ သူသဘောကျသည့် ပြိုင်ပွဲဝင်နှင့် စကားပြောရန်အတွက် အင်မတန်စိတ်လှုပ်ရှားသွားခဲ့သော်လည်း သူ စကားပင် မပြောရသေးခင်မှာပင် သူမ ပျောက်ကွယ်သွားခဲ့ပေပြီ။
နျူထောင်တစ်ယောက် ရင်ဘတ်ကို ထု၊ ခြေကိုဆောင့်လိုက်ရင်း ပို၍ပင် စိတ်ဓာတ်ကျသွားတော့သည်။
ကုကျစ်စုန့် ဟွမ်ချွမ်းတွင် ပေါ်လာသည်ဆိုသော သတင်းက မြေအောက်ကမ္ဘာတွင် ပျံ့နှံ့သွားခဲ့လေသည်။ သူမ မရှိတော့မှန်း သိကြသော်လည်း သရဲအများစုမှာ ထိုအကြားကို ကွားလိုက်ရပြီးကတည်းက ဟွမ်ချွမ်းသို့ လာ၍ သူမ၏ အရိပ်ထပ်မြင်ရနိုးနိုးဖြင် ဝေ့လည်ကြောင်ပတ်လုပ်နေကြတော့သည်။
*