← Chapters

မြောင်မျိုးဆက်သစ်များ(2)

Vol. 12 Ch. 119

မြောင်မျိုးဆက်သစ်များ(2)

Vol. 12 Ch. 119

ဟူနန်ပြည်နယ် အနောက်ပိုင်း တောင်ခြေတစ်ခုတွင်။

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ လေဟာနယ်ထဲတွင် မှောင်မိုက်နေသော ဂိတ်တံခါးဝတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် မြေအောက်ကမ္ဘာ၏ ပူပူနွေးနွေးခေါင်းဆောင်တစ်ယောက်ဖြစ်သော ကုကျစ်စုန့်မှ ထိုတံခါးဝမှ ထွက်လာခဲ့လေသည်။

သူမက လက်ထဲတွင် သံလိုက်အိမ်မြှောင်ကိုင်ကာ ငရဲတံခါးဝမှ ထွက်လာပြီး ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။

ထို့နောက်တွင် သူမနှင့် မဝေးသော နေရာမှ တောင်တန်းအား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

ထိုတောင်သည်ကား ဟူနန်ပြည်နယ်အနောက်ပိုင်းရှိ ဖူပိုင်တောင်ဖြစ်လေ၏။ ထိုတောင်ခြေနှင့် တောင်အလယ်ပိုင်းတွင် နေထိုင်ကြသူအများစုမှာ မြောင်လူမျိုးစုများပင် ဖြစ်ကြသည်။

ဝိဉာဉ်ဆိုင်ရာအထူးဌာနထံမှ ရရှိခဲ့သော သတင်းများအရ ဤနေရာသည်ကား ဖုန်းရွှေပညာရှင်နှင့် မောင့် ဖုတ်ကောင်တို့အား နောက်ဆုံးတွေ့ခဲ့ရသည့် နေရာပင်ဖြစ်သည်။ သူတို့က တောင်ပေါ်မှ မြောင်ရှေးဟောင်းရွာအား အပိုင်စီးခဲ့သောကြောင့် ‘စုန်းမ’၏ မျိုးဆက်များမှာ ထွက်ပြေးသွားခဲ့ရသည်။

ထိုနှစ်ဦးအား ခြေရာခံရန် ပစ္စည်းတစ်စုံတစ်ရာမျှပင် မရှိသောကြောင့် ကုကျစ်စုန့်အနေဖြင့် တောင်ပေါ်မှ သူတို့နေရာအား အတိအကျထောက်ပြနိုင်ရန် ခက်ခဲလှပေသည်။

ကံကောင်းစွာဖြင့် ဝိဉာဉ်ဆိုင်ရာအထူးဌာနသည်ကား ဟူနန်ဌာနခွဲအား ကြိုတင်အကြောင်းကြားထားပြီးဖြစ်ကာ ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင် မြောင်ရိုးရာအဝတ်အစားနှင့် ငွေထည်အဆင်တန်ဆာများ ဝတ်ဆင်ထားသော မြောင်အမျိုးသမီးငယ်တစ်ဦးမှ ကုကျစ်စုန့်အား လာရောက်နှုတ်ဆက်ခဲ့သည်။

သူမ၏မျက်နှာလေးမှာ ပါးဖောင်းဖောင်းနှင့် ချစ်စရာကောင်းလွန်ကာ အသားအရည်က ဖြူဖြူဖွေးဖွေးရှိပြီး ပါးအို့တို့က နီတာရဲလေးဖြစ်နေခဲ့သည်။

သူမက ချည်ပန်းထိုးထားသော အဝတ်ဖိနပ်များအား စီးနင်းထားသော်လည်း ကုကျစ်စုန့်ထက်ပင် ခေါင်းတစ်လုံးခန့်ပို၍ အရပ်ရှည်သည်။

အနည်းဆုံး ၁.၇၅မီတာခန့် အရပ်ရှိမည်ဟု မှန်း၍ ရသည်။

သူမ ကုကျစ်စုန့်အား ပထမဆုံးမြင်လိုက်ရချိန်တွင် အံ့ဩသွားကာ ရှေ့တိုး၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။

“မစ်စ်ကုကျစ်စုန့်လား? ဒီကိုလာပြီး ပြဿနာကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်”

“ငါ့နာမည်က ဂဲလီယိုချန်းပါ၊ ရွာကလူတွေ ခေါ်သလိုပဲ ချန်းနုလို့ ခေါ်လို့ရပါတယ်”

ဂဲလီယိုသည်ကား မြောင်လူမျိုးစု၏ အဓိကမျိုးရိုး ၁၂ခုမှ တစ်ခုသောမျိုးနွယ်စုပင်ဖြစ်သည်။ ယနေ့ခေတ်တွင် ရှေးခေတ်မျိုးရိုးနာမည်ဖြင့် မြောင်မျိုးဆက်သစ်များသည် အရေအတွက်မများတော့ပေ။

အဓိပ္ပါယ်မှာ ဝူကျန်းမျိုးရိုးတစ်ခုသာလျှင် မျိုးဆက်သစ်များအား လက်ဆင့်ကမ်းနိုင်ခဲ့ခြင်းပင်ဖြစ်သည်။

နှုတ်ဆက်စကားပြောပြီးနောက် ဂဲလီယိုချန်းမှ ချည်ပန်းခက်များ ထိုးထားသော ပဝါတစ်ထည်အား ပေးကာ ပြောလိုက်သည်။

“ပျောက်နေတဲ့ ‘စုန်းမ’လေးက ငါ့ရဲ့ မျိုးဆက်ထဲကပါ၊ ဒါက သူဝတ်နေကျ ခေါင်းပေါင်းပဝါလေးပဲ၊ မင်းအတွက် ယူလာပေးတာ၊ သူ့ကို ရှာတဲ့နေရာမှာ အထောက်အကူပြုမယ်လို့ ထင်ပါတယ်”

ပဝါလေးအား လက်ခံယူပြီးနောက် ကုကျစ်စုန့် ပဝါပေါ်မှ အငွေ့အသက်အား သေချာရှာဖွေလိုက်သည်။

သူမ ရှာဖွေပြီးနောက် မကြာခင် ဆံခြည်မျှင်တစ်မျှင်ကို တွေ့လိုက်ရလဆသည်။

“ဒါနဲ့ဆိုရင်တော့ ရှာရတာ ပိုလွယ်သွားပါပြီ”

သူမ ဝိဉာဉ်မီးတောက်အနည်းငယ်ယူကာ ဆံခြည်မျှင်အား မီးရှို့လိုက်ပြီးနောက် ကြက်ဥအကာကို မီးလောင်သည့်အနံ့ ထွက်လာခဲ့သည်။

ကုကျစ်စုန့် ဆံခြည်မျှင်မီးလောင်ထားသည့် ပြာများအား လက်ချောင်းထိပ်တွင် ပွတ်လိုက်ကာ  အဝေးမှ ဖူပိုင်တောင်အား လှမ်းကြည့်ရင်း ပြောလိုက်သည်။

“သူက တောင်ပေါ်မှာပဲ ရှိသေးတယ်၊ ကျွန်မ အရင် သွားကြည့်လိုက်ပါဦးမယ်”

ချန်းနုလည်း အဆောတလျင်ဖြင့်‌ ပြောလိုက်သည်။

“ငါနဲ့ အတူတူသွားကြတာပေါ့၊ ပြန်ပေးဆွဲတဲ့သူက အခုထိတော့ သတိကြီးကြီးထားနေဦးမှာပဲ၊ မင်းတစ်ယောက်တည်းဆိုရင် ဖြေရှင်းနိုင်မှာမဟုတ်ဘူး၊ ပြီးတော့ ငါလည်း မင်းကို အန္တရာယ်တောထဲကို တစ်ယောက်တည်း မလွှတ်လိုက်ချင်ဘူး၊

စိတ်မပူပါနဲ့၊ ငါက ငယ်ငယ်ကတည်းက ဒီတောတောင် မြစ်ချောင်းတွေထဲမှ သွားလာကျင်လည်ခဲ့တာပါ၊ ကိုယ်ကာယ စွမ်းအား သိပ်မရှိပေမယ့် ခြေလှမ်းမြန်ပါတယ်၊ မင်းကို မနှောင့်နှေးစေရပါဘူး!”

သူမတို့အဖွဲ့မှ လူငယ်လေးများ ဖမ်းဆီးခံရကြောင်းကြားလိုက်ရချိန်တွင် သူမ ဒေါသလည်းထွက်၊ စိတ်လည်း ပူခဲ့ရသည်။

သို့သော် သူမ ကျွမ်းကျင်သည့် ပညာရပ်သည်ကား ကုပိုးကောင်များ ပျိုးထောင်ခြင်းသာဖြစ်ကာ လူပျောက်ရှာရာတွင်တော့ ကျွမ်းကျင်မှုမရှိပေ။

ထိုယုတ်မာသော ပြန်ပေးဆွဲသူက သူနှင့် အဖော်၏ အနံ့အား နည်းလမ်းတစ်ခုဖြင့် ဖုံးအုပ်ထားသောကြောင့် သာမန်ရဲခွေးများသည်လည်း ဤထူးခြားအမှုတွင် အသုံးမဝင်ပေ။

ကုကျစ်စုန့် အစက ငြင်းလိုက်ချင်သည်။ သူမက တခြားသူများနှင့် လမ်းလျှောက်နေကျမဟုတ်ပေ။

သို့သော် သူမထက် အရပ်ရှည်ကာ အသက်လည်းကြီးနိုင်သည့် ဂဲလီယိုချန်းက ညင်သာစွာတောင်းဆိုနေခဲ့ကာ သူမ၏ အနက်ရောင်မျက်ဝန်းများနှင့် စေ့စေ့ကြည့်ရင်း တောင်းပန်နေခဲ့သည်။

သို့နှင့် သူမ၏ နှုတ်မှ အငြင်းစကားသည်လည်း အဆုံးသတ်တွင် ‘လုပ်ချင်သလို လုပ်’ဆိုသော စကားသာဖြစ်သွားခဲ့သည်။

ဂဲလီယိုချန်း အပြုံးလေးဖြင့် ကျေးဇူးတင်လိုက်သည်။

“ကောင်းပါပြီ၊ ငါ မင်းကို ဘယ်လိုခေါ်ရမလဲ? စုန့်စုန့်? ကျစ်စုန့်?”

“စုန့်စုန့်၊ မင်းက ဒီသံလိုက်အိမ်မြှောင်ကို သုံးပြီး ပြန်ပေးဆွဲတဲ့သူကို ခြေရာခံတာလား? အမှန်တိုင်းပြောရရင် ပြည်မကြီးက တောက်ကျန့်တွေ သုံးတဲ့ ကိရိယာတွေက နားလည်ဖို့ တော်တော်လေး ခက်တယ်၊

ငါမွေးထားတဲ့ ကူပိုးကောင်တွေမှာ ခြေရာခံကောင်းတဲ့ ကောင်သာပါလို့ကတော့ ကိုယ့်ဘာသာကိုယ် တောင်ပေါ်တက်ပြီး အဲ့လူဆိုးတွေကို ဖမ်းပြီးနေလောက်ပြီ၊ သူက ငါတို့ရွာသားတွေကို ထိပါးတဲ့အပြင် သာမန်လူတွေကိုပါ ဖမ်းခေါ်ထားရဲသေးတယ်…”

ဂဲလီယိုချန်းက ကုကျစ်စုန့်အား စကားများဆက်တိုက်ပြောနေခဲ့သော်လည်း သူမတို့၏ အရှိန်သည် လျှင်မြန်လှသည်။

အချိန်သိပ်မကြာလိုက်ခင် တောင်ခြေမှ ဖူပိုင်တောင်လယ်အထိ‌ ရောက်လာပြီဖြစ်သည်။

သွားနေသည့် လမ်းတွင် သူတို့က မြောင်ကျေးရွာမှ အမျိုးသား၊အမျိုးသမီးအချို့နှင့် ဆုံခဲ့ကြသေးသည်။ သူတို့၏ မျက်နှာများက လေးနက်တည်ကြည်နေခဲ့ကာ ပျောက်ဆုံးနေသူများအား တောင်ပေါ်တွင် ရှာဖွေနေခြင်းပင်ဖြစ်ပေသည်။

ဂဲလီယိုချန်းနှင့် ကုကျစ်စုန့်အား မြင်သွားသော အမျိုးသမီးတစ်ဦးက မြောင်လေသံဝဲဝဲဖြင့် နှုတ်ဆက်လာသည်။

“ချန်းနု၊ မင်း အပြင်လူခေါ်လာတာလား?”

“အမေတို့ ပြန်သွားလိုက်တော့၊ ဒီညီမလေးက ဒါဒါကို ကူရှာပေးဖို့ လာတာ”

ကုကျစ်စုန့် ပျောက်ဆုံးနေသော စုန်းမငယ်၏ ဆံပင်ပြာအနည်းငယ်အား သံလိုက်အိမ်မြှောင်လက်ညွှန်တံပေါ်သို့ သုတ်လိုက်ချိန်တွင် ညွှန်တံလေး အနည်းငယ်ရွေ့သွားခဲ့သဖြင့် သူမလည်း ဦးတည်ရာကိုပြောင်းလိုက်သည်။

ထင်းရှူးနှင့် ဝါးတောအုပ်နားသို့ ရောက်သော် သူမ ရုတ်ချည်းရပ်သွားခဲ့သည်။

သူမ၏လက်ထဲမှ သံလိုက်အိမ်မြှောင်ညွှန်တံသည်လည်း ရပ်တန့်သွားခဲ့သည်။

တောအုပ်ထဲမှ လေကြောင်းဦးတည်ရာနှင့် လေတိုက်နှုန်းအား ခံစားမိရပြီးနောက်တွင် ကုကျစ်စုန့်၏မျက်လုံးများက တင်းမာသွားခဲ့လေသည်။

သူမက အနောက်မှ ဂဲလီယိုချန်း၏ လက်မောင်းအား တည်ငြိမ်စွာ ကိုင်လိုက်ရင်း လေသံနှိမ့်ပြောလိုက်သည်။

“ရှင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်လား?”

ဂဲလီယိုချန်း၏ အမူအယာသည်လည်း ငြိမ်ကျသွားကာ သူမ၏ ပြည့်ဖောင်းဖောင်း ကလေးမျက်နှာမှာ အလွန်ပင် တည်ကြည်ငြိမ်သက်သွားခဲ့သည်။

“ကာကွယ်ရုံတင်မကဘူး၊ အခြားလူတွေကိုလည်း သတ်နိုင်တယ်၊ တစ်ခုခု ရှာတွေ့လို့လား?”

“သူတို့က ဒီမှာပဲ..”

ကုကျစ်စုန့်၏ လေသံက သေချာသည်။

“ဒီဆံပင်ပိုင်ရှင်ရဲ့ ကိုယ်အငွေ့အသက်က ဒီနေရာမှာ ရပ်သွားတယ်၊  ကျွန်မ အာရုံရနေတာတော့ သူက အသက်ရှိနေသေးတယ်၊ ဒါပေမယ့်….”

သူမ၏ မျက်ဝန်းနက်နက်များထဲတွင် အေးစက်မှုအပြည့်ဖြစ်နေသည်။

“လေထဲမှာ သွေးနံ့ရနေတယ်. ဖုန်းရွှေပညာရှင်က ဖုန်းရွှေကို သုံးပြီး သူ့အနားက မြင်ကွင်းအမှန်နဲ့ အနံ့ကို ဖုံးထားပေမယ့် ကျွန်မရဲ့ အာရုံခံနိုင်စွမ်းကိုတော့ ဖုံးလို့မရဘူး၊ သူနဲ့ မောင့်ဖုတ်ကောင်နဲ့က ဒီဖွဲ့စည်းပုံရဲ့ အတွင်းမှာပဲ ရှိနေသေးတယ်၊

ကျွန်မ အခု အဲဒီဖွဲ့စည်းပုံကို ဖြိုဖျက်လိုက်တော့မလို့၊ ဒီတော့ တိုက်ခိုက်ခံရမှာကို သေချာလေး သတိထားပေးပါ”

သွေးနံ့ရသည်ဆိုသော စကားကိုကြားလိုက်ရချိန်တွင် ဂဲလီယိုချန်း၏ မျက်ဆံများက ဒေါသကြောင့် ကျဉ်းမြောင်းသွားခဲ့သည်။

အားလုံးသိကြသည့်အတိုင်း ပြန်ပေးဆွဲသူသည်ကား ဓားစာခံ ၁၀ယောက်တောင်  ဖမ်းခေါ်သွားခြင်းဖြစ်သည်။

သူတို့ တစ်ခုခု ဖြစ်သွားမည်ကို တွေးကာ သူမ ရင်ပူမိနေခဲ့ရသည်…

ထွက်ပြေးသွားသည့် ဖုန်းရွှေပညာရှင်နှင့် ဖုတ်ကောင်အား ရှာတွေ့ပြီဟု သိလိုက်ရပြီးနောက် သူမ ပို၍ သတိကြီးကြီးထားကာ ပတ်ဝန်းကျင်မှ လေတိုးဝှေ့သွားသည့် သစ်ရွက်များအား ကြည့်လိုက်မိသည်။

သူမ၏ စိတ်ထဲတွင်လည်း မောင့် ဖုတ်ကောင်သည် အချိန်မရွေး သူမအပေါ် ခုန်အုပ်လိုက်နိုင်ကြောင်း ခံစားမိနေသည်။

သူမ၏  မျက်လုံးထောင့်မှ သစ်ပင်တစ်ခုတွင် အနီရောင်အမှတ်များ တွဲလောင်းကျနေသည်အား မြင်လိုက်ရသောကြောင့် သူမ ရပ်တန့်လိုက်ကာ သေချာ စူးစမ်းလေ့လာကြည့်ပြီးနောက် အမှန်တကယ်ပင် သစ်ကိုင်းတစ်ကိုင်းတွင် ချည်နှောင်ထားသော အနီရောင်ကြိုးစလေးအား မြင်တွေ့လိုက်ရသည်။

ဂဲလီယိုချန်း၏ မျက်နှာအမူအယာက ပို၍ပင် တည်တံ့သွားခဲ့ပြီးနောက် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည။

“စုန့်စုန့်၊ အဲဒီလူယုတ်မာကောင်က ဒီနေရာမှာ တစ်ခုခုလုပ်ဖို့ ပြင်ဆင်နေတာလို့ မထင်ဘူးလား?”

ကုကျစ်စုန့်: “ဘာဖြစ်လို့လဲ?”

“ငါ ရုတ်တရက် သတိရလိုက်မိတာပါ၊ ဒီနေရာနဲ့ အရမ်းမဝေးတဲ့ နေရာမှာ စွန့်ပစ်ခံထားရတဲ့ ကျောက်တောအုပ်တစ်ခုရှိတယ်၊ ဒီနေရာက ကူအမျိုးသမီးနဲ့ အနီးအနားရွာက ‘စုန်းမ’တွေပဲ သိတဲ့နေရာလေ၊

သေသေချာချာ ဖုံးကွယ်ထားပြီးတော့ မြောင်မိသားစုတွေအတွက်လည်း အရေးကြီးတဲ့ နေရာတစ်ခုပဲ”

“ညာဘက်က သစ်ပင်ရဲ့ ထိပ်မှာ မျဉ်းစောင်းလိုလေးဖြစ်နေတာကို မြင်လား? ငါအခုမှ သတိထားမိလိုက်တာ အဲဒီနေရာမှာ အခုအနီရောင်ကြိုးတစ်ချောင်း သစ်ကိုင်းမှာ ချည်ထားတယ်”

ကုကျစ်စုန့် ဂဲလီယိုချန်းပြသည့် အရပ်သို့ သွားကြည့်လိုက်ကာ အမှန်တကယ်လည်း ယိမ်းနွဲ့နေသော သစ်ပင်များ ကြားတွင် အနီရောင်ကြိုးစလေးများ မြင်တွေ့နေရသည်။

“အဲဒါက သန္ဓေသားကြိုးမျှင်ပဲ၊ မြောင်မိသားစုတွေပဲ အသုံးပြုတဲ့ မှော်အစီအရင်တစ်ခုလေ”

နာမည်နှင့် လိုက်ဖက်အောင်ပင် ထိုနည်းလမ်းသည်ကား သန္ဓေသားနှင့် သက်ဆိုင်နေသည်။

မြောင်မိသားစုတို့၏ ကျေးရွာတွင် ကိုယ်ဝန်သည်များက အလုပ်မလုပ်ကြပေ။ သူတို့က အိမ်တွင်သာ နေကာ ကလေးများအား ပြုစုပျိုးထောင်လေ့ရှိကြသည်။

သို့သော် တောင်ပေါ်နှင့် တောအုပ်များတွင် ကျောက်လမ်းကြမ်းများ ထူပေါ်ကာ မြေပြိုကျခြင်းတို့လည်း ဖြစ်တတ်သောကြောင့် ထိုမတော်တဆမှုများကြုံရပါက ကိုယ်ဝန်ပျက်ကျခြင်းများလည်း ရှိနိုင်သည်။

ထိုအကြောင်းကြောင့်ပင် အတွေ့အကြုံရှိသော ‘ကူအမျိုးသမီးများ’သည် ရှေးအစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သော ကိုယ်ဝန်သည်များအား ကိုယ်ဝန်ပျက်ကျခြင်းမှ ကာကွယ်ပေးသည့် ကိုယ်စားပြုနည်းပညာရပ်တစ်ခုအား အသုံးပြုလေ့ရှိကြသည်။

“ငါ့ရဲ့ ဆရာမက ကလေးတွေကို ဒီလိုမျိုးကြိုးနီသုံးပြီး သူများတွေဆီကို လွှတ်တာမြင်ဖူးတယ်”

သူမ၏ မှတ်ဉာဏ်ထဲတွင် ဆရာမအား လာရှာခဲ့သူသည် အင်မတန်အရှက်ကြီးသော မြောင်ရွာသူလေးဖြစ်ကာ သူမသည် ထိုအချိန်က ကိုယ်ဝန်တစ်လကျော်သာ ရှိသေးသည်။

သူမ၏ ဆရာမက ထိုအစီအရင်အတွက် အမွှေးတိုင်ထွန်းသည်၊ မက်မွန်သီးကျမ်းစာအား မီးရှို့သည်၊ ထို့နောက် ကြိုတင်ဖြတ်တောက်ထားသော လျှော်ချည်ကြိုးအား ပြာချလိုက်သည်။ ထို့နောက် ကျမ်းစာရေအား ခွက်တစ်ခွက်ထဲတွင် ထည့်ကာ ကိုယ်ဝန်သည် မြောင်အမျိုးသမီးအား သောက်စေခဲ့သည်။

ထို့နောက် သူမ ကြိုးနီလေးအား ထက်ဝက်ပိုင်း၍ တစ်ဝက်အား မက်မွန်ရွက်နှင့် ကျမ်းစာမှုန့်များ ပါဝင်သည့် ဆေးထုတ်ချည်ရန် အသုံးပြုကာ ကိုယ်ဝန်သည်အား ကိုယ်နှင့်မကွာ ဆောင်ခိုင်းထားသည်။

သူမက ထိုဆေးထုတ်အား ရေချိုးသည့်အချိန်မှလွဲ၍ အမြဲဆောင်ထားရန် မှာကြားထာစခဲ့သည်။

ကျန်ကြိုးနီတစ်ဝက်သည်ကား သန္ဓေတည်ရန် ကြားခံအဖြစ် အသုံးပြုကာ အပ်နှံထားခဲ့သော ပစ္စည်းတွင် ချည်နှောင်စေသည်။

မြောင်ကျေးရွာတွင် ဝမ်းကြာတိုက်မှ သန္ဓေသားလောင်းသည် ရက် ၄၀မှ ၅၀ပြည့်ပြီးနောက်တွင် မွေးဖွားလေ့ရှိကြသည်။

စုန်းမအိုကြီး ကူဖော့မှ ကိုယ်ဝန်သည်၏ ဝမ်းဗိုက်အား သူမလက်ဖဝါးနှင့် ဆက်တိုက်ပွတ်သပ်ကာ သန္ဓေသားလောင်း၏ ဝိဉာဉ်ကို စုတ်ယူထုတ်လိုက်သည်။

ထို့နောက် ထိုဝိဉာဉ်အား ကျောက်တိုင်၊ အိမ် သို့မဟုတ် သစ်ကြီးပင်ကဲ့သို့ တည်ငြိမ်သော အရာပေါ်တွင် တင်ကာ အနီရောင်ကြိုးဖြင့် တွဲချည်လိုက်သည်။

သန္ဓေသား ရုပ်လုံးပေါ်နေသော ကိုယ်ဝန်သည်များက ထိုသန္ဓေသားဝိဥာဥ်ကို တစ်ကြိမ်တည်းနှင့် ကူးပြောင်းနိုင်ကြသည်။

မတည်ငြိမ်၊ အားနည်းနေသော အမျိုးသမီးများသည်ကား ကူဖော့ထံသို့ နှစ်လတစ်ကြိမ်၊သုံးလတစ်ကြိမ် နှုန်းဖြင့် သန္ဓေသား ၈လကျော်သည်ထိ သွားရတတ်သည်။

ထို့နောက် သူတို့ မွေးဖို့နီးလာသည့်အချိန်ကိုရောက်လျှင် ထိုသန္ဓေသားဝိဉာဉ်အား ထုတ်ယူပေးသော ကူဖော့ထံသို့သွားရောက်ကာ ကြီးပြင်းနေပြီဖြစ်သော သန္ဓေသားလောင်းဝိဉာဉ်အား ကိုယ်ဝန်သည်၏ ဗိုက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။

မဟုတ်လျှင် သန္ဓေသားမှ လစေ့၍ မွေးစေကာမူ မွေးဖွား၍ မရခြင်း၊ သို့မဟုတ် အသေလေးမွေးခြင်းတို့ ဖြစ်သွားတတ်သည်။

ဂဲလီယိုချန်းက သစ်ကိုင်းထိပ်မှ ကြိုးနီလေးအား ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။

“အခု ဒီကလေးဆိုရင် ကိုယ်ဝန်သည်ရဲ့ မိသားစုဝင်တွေက ကူဖော့ကို မယုံကြည်ဘဲ အကြင်နာမဲ့ ပြောဆိုဆက်ဆံတဲ့အချိန် ဒါမှမဟုတ်ရင် ကူဖော့က ကိုယ်ဝန်သည်အမျိုးသမီးကို  စိတ်ထားယုတ်ညံ့တယ်လို့ ရှာတွေ့ခဲ့လို့ သူ့ကို တမင် ထိခိုက်အောင် လုပ်တဲ့ ပုံစံမျိုးပဲ၊

ကြည့်လိုက်လေ.. ကြိုးနီလေး ချည်ထားတာ သစ်ရွက်အဖျားလေးရှိတဲ့နေရာမှာ ၊ ဘယ်နားက တည်ငြိမ်တဲ့နေရာဖြစ်နေလို့လဲ?”

“လေပြင်းပြင်းတစ်ချက်လောက်သာ တိုက်လိုက်မယ်ဆိုရင် သစ်ကိုင်းထိပ်က ကြိုးနီလေးလည်း လွင့်သွားမှာပဲ. အဲလိုသာဆိုရင် ကိုယ်ဝန်ဆောင်ရဲ့ ဗိုက်ထဲက ကလေးလေးကလည်း မတည်မငြိမ်ဖြစ်ပြီး ကိုယ်ဝန်သည်က နေ့နေ့ညည ဝေဒနာခံစားနေရမှာ၊ ကြာလာရင် ကိုယ်ဝန်ပျက်ကျတာမျိုးတောင် ဖြစ်နိုင်တယ်!”

*

All Chapters