← Chapters

Chapter 34

Vol. 4 Ch. 34

Chapter 34

Vol. 4 Ch. 34

ယီချန်မှာလူနာခန်းတံခါးအား ကျယ်လောင်စွာဖွင့်၍ဝင်လာသောလူအားကြည့်ကာ ဒေါသများတလိပ်လိပ်တက်လာတော့သည်။ သူ့ခမျာမနက်ခင်းတွင် ဇာတ်လိုက်မ၏နှောင့်ယှက်မှုကြောင့် အိပ်ရေးပျက်ခဲ့ရပြီး ညဘက်ကျလည်းဇာတ်လိုက်က ပြဿနာလာရှာပြန်ရာ သည်းမခံနိုင်တော့ဘဲဆဲဆိုမိတော့၏။

"ငိုးပဲ ဒီလောင်ဇီကိုတစ်နေကုန်အိပ်စရာမလိုတဲ့ စွမ်းအားရှင်ကြီးလို့များထင်နေကြတာလား။ တစ်နေကုန်အလိုက်ကမ်းဆိုးမသိတဲ့ လူတွေနဲ့ပဲလာတွေ့နေရတယ်။ မသိရင် သူတို့အဖေ‌ရဲ့‌ေနာက်ဆုံးအချိန်ကိုမှီ‌ေအာင် ပြေးလာရတဲ့အကွက်နဲ့ လူနာခန်းတံခါးကိုလူလိုမဖွင့်ဘူး။ ဒီဆေးရုံက သူတို့အပိုင်လည်းမဟုတ်ပဲ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ လူနာခန်းတံခါးကိုဖျက်ဆီးနေကြတာ။

အခြားလူနာတွေက သူတို့အဘိုးတွေဦးလေးတွေနေမယ်။ သူတို့ဘယ်လောက်ဆူညံအောင်လုပ်လုပ် သောက်ဂရုစိုက်စရာမလိုဘူးဆိုတဲ့အချိုးကြီးတပ်ထားတဲ့အခွက်‌ေတွနဲ့ဆိုတော့လေ။ ဆေးရုံတက်တဲ့လူတွေက ကျန်းမာရေးမကောင်းလို့လာနေရပါတယ်ဆို မနက်စောစောစီးစီး လာဘ်မရှိအောင် လာငိုပြတဲ့လူကရှိသေး။ ဒီတစ်ခါလည်း အချိုးမပြေတဲ့ဘယ်လိုသောက်ချိုးမျိုးတွေ တွေ့ရဦးမလဲ မသိပါဘူး"

ယီချန်အား ရန်တွေ့ရန် ဒေါသတကြီးဝင်လာသော အန်းဝေမှာ ဆီးကြိုလာသောယီချန်၏ အဆဲစကားများကြောင့် ဘယ်ကစပြောလို့ပြောရမှန်းပင် မသိတော့ရာ ပါးစပ်တလှုပ်လှုပ်ဖြင့် အရှိန်အရင်ယူပြီးမှ သူပြောချင်သည်တို့ကို ပြောထုတ်လာ၏။

"ယီချန်မင်းမှာ နနကိုဝမ်းနည်းအောင်လုပ်ဖို့ အခွင့်အရေးဘယ်ကရလာတာလဲ။ နနက မင်းကိုစိတ်ပူပြီးမအိပ်နိုင်မစားနိုင်ဖြစ်နေလို့သာမဟုတ်ရင် ဆရာကမင်းဆီတွေ့ဖို့ လွှတ်ပေးမှာမဟုတ်ဘူး။ ဒါတောင်မင်းက သူမကိုစိတ်ထိခိုက်အောင် ပြောဆိုပစ်ရ‌ေအာင် မင်းကိုမင်းဘယ်သူလို့ထင်‌ေနတာလဲ။

နနခမျာ မင်းကိုတွေ့ပြီးပြန်လာကတည်းက အငိုကိုမရပ်နိုင်တော့ဘူး။ တစ်ကယ်လို့ငါကသာ သူမကိုမနှစ်သိမ့်ပေးနိုင်ခဲ့ရင် ဘယ်အချိန်ထိဝမ်းနည်းနေမလဲတောင်မသိဘူး။ သူမကနူးညံ့ပြီးကြင်နာတတ်တာကို သိနေတာတောင် မင်းကအနိုင့်ကျင့်ရဲသေးတယ်။ ယီချန် မင်းတော်တော်မိုက်ကမ်းတာပဲ"

အန်းဝေမှာ လမ်းတစ်လျှောက်လုံးစီလာခဲ့သည့် စကားများကို ပြောလိုက်သော်လည်း ခုနကယီချန်ဆဲဆိုသွားသလောက် မမိုက်သေးဘူးဟု ခံစားမိကာ ကြိတ်မနိုင် ခဲမရဖြစ်နေတော့သည်။ ယီချန့်အနေဖြင့် ဤမျှနှုတ်သီးကောင်း လျှာပါးဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

တစ်ဘက်ရှိယီချန်မှာတော့ အန်းဝေအားကြည့်ကာ သူတို့ပြောနေသည်ကလူတစ်ယောက်ထဲအကြောင်းဟုတ်မဟုတ်ကို သိချင်နေ၏။ စာရေးသူအဖို့ ဇာတ်လိုက်၏ဇာတ်လိုက်မပေါ်အမြင်ကို သေသေချာချာစိတ်နှစ်ပြီး ရေးပေးထားပုံရသည်။ ဇာတ်လိုက်မမှာ နှစ်ဆယ့်လေးနာရီတွင် သုံးဆယ့်ခြောက်နာရီက ငိုယိုရင်းအချိန်ကုန်နေသည်ကိုပင် သူ့ကြောင့်ဟု ခေါင်းစဉ်လာတပ်နေသေး၏။

သူပြောသောနူးညံ့ကြင်နာတတ်သည့်လူက လူနာခန်းထဲကိုအဝတ်ဖြူကြီးဝတ်ပြီး ထိခိုက်ထားမိသူနာမည်အားတစာစာခေါ်ကာ ငိုယိုနေသည်တဲ့လေ။ ယီချန်မှာတော့ ဇာတ်လိုက်နှစ်ယောက်၏ အမြင်အာရုံကို ဆန်းစစ်ခိုင်းချင်သွား၏။ ဘယ်လောက်တောင်အမြင်တွေထိုးကျနေလို့ အချင်းချင်းရဲ့စရိုက်က အရမ်းကောင်း အရမ်းတော်ဖြစ်နေကြသည်ကို မသိတော့ပေ။

သို့သော် သူ့ရှေ့မှောက်သို့ ကိုယ်တိုင်ပို့ဆောင်လာသောနောက်တစ်ယောက်ရောက်လာ၍ ယီချန်အနေဖြင့်လည်း စိတ်ပျက်ရအောင် မလုပ်နိုင်ချေ။ သူ့အ‌ေနဖြင့်ဇာတ်လိုက်အား ထိခိုက်မှုဖြစ်အောင်လုပ်လိုက်လျှင် ဤကမ္ဘာပျက်စီးသွားမည်ဟု လာပြောနေရင်တောင် ဂရုမစိုက်ပေ။ သူသည်သူ့အားဤစာအုပ်ထဲပို့ပေးပါဟု ဆုမတောင်းဖူးခဲ့သလို ဆုတောင်းမိခဲ့လျှင်ပင် သူ့အပေါ်လူတိုင်းနင်းတက်လာသည်ကို ငြိမ်ခံနေမည်မဟုတ်ချေ။ သူတို့ဘာသာ ဇာတ်လိုက်မကလို့ နတ်ဘုရားဖြစ်နေလျှင်ပင် တစ်ဖက်စောင်းနင်း လုပ်ချင်ရာလုပ်ခွင့်မရှိပါပေ။

*ဇာတ်လိုက်မနဲ့ဇာတ်လိုက်က ထူးခြားနေရင်တောင် ဘာလုပ်ရမှာလဲ။ ငါ့အနေနဲ့ ဘာမှမလုပ်ဘဲငြိမ်ခံနေရင်လည်း ဒုက္ခရောက်မယ့်အတူတူ သူတို့ကိုပါ ထိခိုက်မှုလေးရသွားအောင်လုပ်ခဲ့ရမှာပေါ့*

"အဲ့တော့ ခင်ဗျားက မနက်ကလာသွားတဲ့ မိန်းက‌ေလးရဲ့ဦးလေးလား။ ဘာလို့လဲ ဧကန္တမိန်းကလေးဟူရဲ့ စိတ်အခြေအနေကပုံမှန်မဟုတ်တာကို ကျွန်တော်ကပိုဆိုးအောင်လုပ်လိုက်မိတာလား။ ပြောရမှာ အားနာပေမယ့် သူမစိတ်အခြေအနေက မူမမှန်ရင်အိမ်ထဲသော့ခတ်ထားလေ။ အခုလိုလုပ်ချင်ရာလုပ်ခွင့်‌ေပးထား‌ေတာ့ အခြားလူတွေဘယ်လောက်ဒုက္ခရောက်လိုက်သလဲ။

ပြီးတော့ဒီပြဿနာကကျွန်တော်နဲ့မဆိုင်တော့ဘူးလေ။ သူမကိုသေချာစောင့်ကြည့်မနေတဲ့ ဦးလေးတို့အပြစ်ဖြစ်သွားပြီ။ ဒါနဲ့အဲ့စိတ်ရောဂါက မွေးရာပါလား မျိုးရိုးလိုက်တာလား ကြီးမှဖြစ်တာလားဟင်"

ယီချန်၏စကားတစ်ခွန်းစီတိုင်းသည် အန်းဝေ၏ရင်ထဲမြှားတစ်စင်းဆီအဖြစ်ပြောင်းကာ ထိုးစိုက်လာသဖြင့် သွေးအန်မတတ်ဖြစ်သွားရ၏။ သို့သော် ဟူလီန၏မျက်ရည်များကိုပြန်မြင်ယောင်ကာ ယီချန့်အပေါ်ပို၍မြင်ပြင်းကပ်လာတော့သည်။ ဤကဲ့သို့ သူမအားပျော်ရွှင်မှုမပေးနိုင်တော့သည့်လူအပေါ် ဘာကြောင့်များစိတ်မပြတ်နိုင်ဖြစ်နေရသည်ကို ခုထိသူနားမလည်နိုင်သေးပေ။ လက်ရှိပြဿနာမှာ ထိုအရာများဟုတ်မနေ၍ ခဏနောက်ပို့ထားကာ ယီချန့်အားရင်ဆိုင်လိုက်သည်။

"မင်းကဘယ်သူ့ကိုကျိန်ဆဲနေတာလဲကွ။ တစ်ကယ်လို့ရူးနေတဲ့လူသာပြပါဆိုရင် မင်းကိုပဲပြစရာရှိမှာပဲ။ ကိုယ့်အပေါ်ဘယ်သူက ကြင်နာတာလဲဆိုတာကိုတောင်မခွဲခြားနိုင်ဘဲ ထင်ရာစိုင်းနေတာလေ။ ဒီမယ် ယီချန် မင်းသာသူမကိုထပ်ပြီးနာကျင်ရအောင်လုပ်ခဲ့ရင် ငါကလည်းထိုင်ပြီးကြည့်နေတော့မှာမဟုတ်ဘူး။ သူမကို မင်းနဲ့ထပ်မတွေ့နိုင်တော့အောင် ငါ့ရင်ခွင်ထဲသေချာကွယ်ဝှက်ထားတော့မှာကွ။ အဲ့ကျမှ သူမကြင်နာမှုတွေကို နားလည်သွားပါပြီဆိုပြီး လာခယပြမနေနဲ့‌ေတာ့။ သူမရှေ့မှာ ငါကမားမားမတ်မတ်ရပ်ပြီး မင်းနဲ့မျက်နှာချင်းဆိုင်ရင်ဆိုင်ပစ်မယ်"

ယီချန်မှာ အန်းဝေ၏စကားကြောင့်ပျို့ပင်တက်လာတော့သည်။

*ဒီသောက်စုံတွဲက ကြည့်နေရတဲ့လူကို အန်ချင်အောင်တစ်ကယ်လုပ်တတ်တာပဲ*

"အဲ့လိုဆိုရင်တော့ မှန်သလိုပဲ။ ဦးလေးကကျွန်တော့်ထက်အရပ်ပုနေတော့ ထိုင်ပြီးကြည့်နေရင် အားရမှာမဟုတ်ဘူး။ ဒါပေမယ့် ဦးလေးအနေနဲ့ မတ်တပ်ရပ်ပြီး ကျွန်တော်နဲ့ရင်ဆိုင်ဖို့ဆို ခုံခုပြီးတက်ရပ်မှရမယ်ထင်တယ်နော်။ ပြီးတော့ အကုန်လိုက်တွေးပြီးစိတ်ပူမနေပါနဲ့။ ဦးလေးတူမရုပ်ရည်ကို ယုံကြည်ပေးရမယ်လေ။ ကျွန်တော့်လို ရုပ်ချောချောသန့်သန့်လေးက သူမကိုကြိုက်ပါတယ်ဆိုပြီး ဘယ်လိုများတွေးရက်လိုက်တာလဲ။ ဦးလေးရေ ဦးလေးကိုကြည့်ရတာလည်း ဦးလေးတူမလိုအမြင်အာရုံမကောင်းဘူးထင်တယ်နော် ဟီးဟီး..."

*ဟီး.ဟီး....မင်းမေကြီးကို ဟီးဟီးနေလိုက်။ မင်းတို့တစ်မိသားစုလုံးသာ ဟီးဟီးနေလိုက်*

အန်းဝေမှာတော့ ယီချန့်စကားကြောင့် ဆွေ့ဆွေ့ခုန်‌ေနလေပြီ။

"ယီ.ချန်!မင်းသိလား လာမယ့်တပ်မှူးရွေးချယ်ပွဲမှာ ငါကသာရွေးချယ်ခံရမယ့်လူကွ။ မင်းရဲ့နှုတ်သီးကောင်းလျှာပါးစကားတွေနဲ့ ငါ့ကိုလာပြီးထိုးနှက်နေလည်း ငါကမင်းရဲ့အထက်လူကြီးဖြစ်နေမှာပဲ။ အဲ့အချိန်ကျရင် မင်းဆက်ပြီးစွာနိုင်ဦးမလား စောင့်ကြည့်ရတာပေါ့ ဟားဟား"

ယီချန်မှာ အန်းဝေအားကြည့်ကာ မျက်ခုံးပင့်လိုက်၏။

*ဪ မင်းကဆရာကြီးပေါ့လေ။ သိပ်ကောင်းတာပေါ့ကွာ*

"အိုး!!အဲ့ဒါကိုကျွန်တော်သိတယ်။ ကျွန်တော်သာ ကျန်းကျန်းမာမာနဲ့ မစ်ရှင်ကပြန်လာနိုင်ရင် အဲ့နေရာကကျွန်တော့်အပိုင်ဖြစ်မှာဆို။ စိတ်မကောင်းစရာက ကျွန်တော်ထိခိုက်ခဲ့ရတာပဲ။ ဒါပေမယ့်လည်း အဲ့နေရာကဦးလေးရသွားတာဆိုတော့ ဝမ်းသာစရာပေါ့။ အဲ့လိုဆို ဦးလေးလည်းငွေ‌ေရးကြေး‌ေရးပိုပြေလည်လာပြီး မိန်းကလေးဟူကို ဆေးရုံသွားပြလို့ရသွားပြီနော်။

ဒါ့အပြင်ဦးလေးအသက်အရွယ်နဲ့ ခန္ဓာကိုယ်အချိုးအစားအတိုင်းဆို ခက်ခဲမှုမြင့်တဲ့မစ်ရှင်တွေမှာအားထုတ်ရမယ့်ပုံပဲ။ ခုလိုလေးသန်တုန်းမြန်တုန်းရာထူးတိုးခံလိုက်ရတာဆိုတော့ ဂုဏ်ပြုပါတယ်နော်"

အန်းဝေမှာ သူ၏သက်တမ်းရှိသမျှအား ယီချန်နှင့်ရန်ဖြစ်ရာတွင်သုံးရတော့မည်ဟုပင် ထင်လိုက်မိ၏။ အူများစိမ်းသည်ထိ ခါးသီးမှုများကိုရင်ဝယ်ပိုက်ကာ လက်ဆစ်ချိုးသံမြည်သည်ထိ လက်သီးတင်းတင်းဆုပ်၍ အန်းဝေသည် ယီချန်အားပြောလိုက်သည်။

"ယီ.ချန်!သိပ်.ကောင်း.တယ်!မင်းငါ့ကိုလုံးဝရန်စမိလိုက်ပြီ။ ခုချိန်ကစပြီး မင်းငါ့မျက်စိနဲ့နားအောက်ကနေ မမြင်နိုင်မကြားနိုင်အောင် နေလိုက်တော့ ကြားလား‌!ဟိတ်ကောင်!"

ယီချန်မှာအန်းဝေစကားကြောင့် ခေါင်းကုပ်လိုက်ကာ ဖြူစင်သောအကြည့်လေးဖြင့် နားမလည်ဟန်ပြောလာ၏။

"ဒါဆို ဦးလေးနဲ့တွေ့ရင် ကျွန်တော်ကအမြဲမတ်တပ်ရပ်နေရမယ်ဆိုတဲ့သဘောလားဟင်"

အန်းဝေမှာ မွန်းကြပ်လာသော ရင်ဘတ်အားဆုပ်ကိုင်ကာ ယီချန့်အားဒေါသတကြီးအော်ဟစ်လိုက်သည်။

"ယီ.ချန်!ငိုးမသား!မင်းပါးစပ်ကနေထပ်ပြီး ငါ့အရပ်အကြောင်းပြောတာကြားတာနဲ့ အသေပဲ။ ငါမင်းကို အ!ခု!ချက်!ချင်း!မ!မြင်!ချင်!တော့!ဘူး!ကွ!"

ယီချန်မှာ အပြုံးလေးဖြင့်တံခါးပေါက်အား လက်ညှိုးထိုးပြလာ၏။

"ဒါဆိုလည်း ဦးလေးထွက်သွားလိုက်လေ။ ‌ေသြာ် ဒါနဲဦးလေးတို့မိသားစုက မျိုးရိုးလိုက်စိတ်ရောဂါတစ်ကယ်ရှိပုံပဲနော်။ မနက်ကလာတဲ့ဦးလေးတူမလည်း အခုဖြစ်နေတဲ့ဦးလေးအတိုင်းပဲ။ တစ်ကယ်တော့ ဦးလေးရှက်နေမှာစိုးလို့ ကျွန်တော်မပြောဘဲနေခဲ့တာ။ ဦးလေးတို့မိသားစုက ကြပ်တည်းနေလို့ငွေကို အငမ်းမရဖြစ်နေရင်လည်း စိတ်ကိုတအားကြီးနှစ်မထားပါနဲ့။ ဦးလေးကိုကြည့်ရတာ စိတ်နဲ့လူနဲ့ကပ်‌ေနတဲ့ပုံကိုမပေါ်တာ"

All Chapters