← Chapters

Chapter 36

Vol. 4 Ch. 36

Chapter 36

Vol. 4 Ch. 36

ယီချန်မနက်စာစားပြီးသည်နှင့် သူနာပြုလေးကမျက်စိဒဏ်ရာအတွက် ပတ်တီးလဲပေးလာ၏။ ယီချန်သည်ဤရက်ပိုင်း၌ နယ်မြေတွင်းမှ စမ်းရေကိုသာ သောက်သုံးခဲ့သောကြောင့် သူ၏ဇီဝကမ္မဖြစ်စဉ်မှာ သာမန်လူတို့အထက်တွင် ရှိနေ‌သည်။ သူနာပြုလေးမှာ အနာဖေးပင်တက်နေပြီဖြစ်သော ဒဏ်ရာအားဆေးထည့်ပြီးပတ်တီးအသစ်လဲပေးလိုက်၏။

"ထိခိုက်မိခဲ့တာ လဝက်တောင်မပြည့်သေးဘူးကို ရှင့်မျက်လုံးကအနာဖေးတောင် တက်နေပြီပဲ။ ရှင်တို့စစ်သားတွေရဲ့ ပြန်လည်ကုစားနိုင်စွမ်းကပဲ‌ေကာင်း‌ေနလို့လား ရှင့်ရဲ့ကိုယ်ကကုစားနိုင်စွမ်းကပဲ အခုလိုမျိုးအံ့ဩစရာကောင်းနေတာလား။ ကျွန်မဆရာဝန်ကို ဒီအကြောင်းပြောပြလိုက်ပါ့မယ်။

ဆေးစစ်ချက်မြန်မြန်ထွက်လေ ရှင်ဆေးရုံကမြန်မြန်ဆင်းရလေပေါ့။ ရှင့်ကိုဆေးရုံမှာတွေ့ရတာကို ကျွန်မတို့တွေကျေနပ်မိပေမယ့် နေရာ‌ေကာင်းတစ်ခုဟုတ်မနေတော့ မြန်မြန်နှုတ်ဆက်လိုက်ကြတာပေါ့နော်"

ယီချန်မှာသူနာပြုလေး၏စကားကြောင့်အသာရယ်ကာ ‌ဤရက်ပိုင်းသူ့ကိုစောင့်ရှောက်ပေးခဲ့သည့်အပေါ်ကျေးဇူးတင်လိုက်သည်။ သူနာပြုလေးမှာ ထိုစကားကိုငြင်းဆန်လာကာ သူမအလုပ်သာဖြစ်ပါကြောင်းပြောလာ၏။ ယီချန်မှာ နယ်မြေထဲရှိသူစိုက်ပျိုးထားသော ပန်းသီးများအားသတိရကာ လက်ရှိဈေးကွက်အကြောင်းမသိထား၍ သူနာပြုလေးကိုမေးလိုက်သည်။

"ဒါနဲ့ လက်ရှိပန်းသီးဈေးကဘယ်လောက်ဖြစ်နေပြီလဲဆိုတာ သိလား။ ကျွန်တော်ဆောင်းဦးလယ်ပွဲတော် အိမ်ပြန်ရင်ဝယ်သွားချင်လို့ပါ"

သူနာပြုလေးမှာ ယီချန့်စကားကို သံသယမဝင်ပါဘဲ သူမသိထားသမျှအား ပြန်ဖြေလာ၏။

"သမဝါယမမှာသွားဝယ်ရင်တော့ တစ်လုံးတစ်ယွမ်နဲ့လက်မှတ်ပေးရတယ်။ ဒါပေမယ့်သူကအရေအတွက်ကန့်သတ်ထားတာဆိုတော့ ကိုယ်ဝယ်မယ့်အချိန်ရ မရမသေချာဘူးပေါ့။ ဟိုနေရာမှာကျ နှစ်ဆယ်ဆင့်ပိုများတယ်။ ပြီးတော့ လက်မှတ်လည်းမလိုသလို ကိုယ်လိုချင်သလောက်လည်းရတာပေါ့လေ"

ယီချန်မှာထိုဈေးနှုန်းအားကြားလျှင် အံ့ဩသွားရ၏။ လက်ရှိကာလတွင် သစ်သီးစားရသည်မှာ ဇိမ်ခံပစ္စည်းသုံးစွဲသည်ဟုပင် သတ်မှတ်နိုင်လောက်သည်။ မူလကိုယ်၏ မှတ်ဉာဏ်ထဲတွင် တောင်ပေါ်တက်ပြီးသစ်သီးရိုင်းများသာစားခဲ့သည်သာရှိနေသည်မှာ မလွန်ပေ။ သူတို့လို လယ်သမားမိသားစုအဖို့ ဝယ်စားရမည့်ပန်းသီးအား မတတ်နိုင်ပါချေ။ တစ်ယွမ်ဆိုသည်မှာ သူတို့မိသားစုအဖို့ တစ်ပတ်စာထိအသုံးခံသော ပမာဏဖြစ်နေလေသည်။

သို့သော် မည်မျှခြိုးခြုံကျသည်ဆိုဆို သုံးနိုင်ဖြုန်းနိုင်သည့်လူတန်းစားမှာရှိကိုရှိနေတတ်၏။ ထို့ကြောင့်လည်း ဈေးဘယ်လောက်မြင့်မြင့်အရောင်းအဝယ်ဖြစ်နေခြင်းပင်။ သူနာပြုလေးမှာ ယီချန့်မျက်နှာထက်ရှိ တွေဝေနေသောအရိပ်အယောင်အားမြင်ရာ ရှင်းပြလာ၏။

"သူတို့ကဈေးကြီးတယ်လို့ရှင်ထင်နေတာမလား။ ဈေးကြီးပေမယ့် စားရတာကျချိုတယ်လေ။ တစ်ကယ်တော့ ကျွန်မကလည်းလယ်သမားမိသားစုကပါပဲ။ ငယ်ငယ်ကတည်းက စားနေကျအသီးအနှံဆိုတာလည်း တောင်ပေါ်ကသစ်သီးရိုင်းတွေပဲလေ။ ဒါပေမယ့် အဲ့သစ်သီးရိုင်းကလည်း ဆယ်လုံးမှတစ်လုံးချိုတာပါတာမလား။

ကျွန်မသူနာပြုအလုပ်ရပြီးမှ လစာကိုခြစ်ကုပ်စုပြီး သမဝါယမမှာတစ်ခါပဲဝယ်စားဖူးတာလေ။ ဒါပေမယ့် အရသာကိုမသိရသေးတောင် အမြင်နဲ့တင်သစ်သီးရိုင်းနဲ့ကွာမှန်းသိသာတယ်။ ပန်းသီးရိုင်းထက် ပိုလည်းမွှေးတယ် အရွယ်အစားကလည်းပိုကြီးတယ် အရသာကလည်းပိုချိုတယ်လေ။

အဲ့ပန်းသီးတစ်လုံးက ကျွန်မတို့တစ်မိသားစုလုံး အညီအမျှမြည်းနိုင်တဲ့အထိလုံလောက်တယ်ဆိုတော့ တစ်ယွမ်ဆို‌ေပမယ့်လည်း အခါကြီးရက်ကြီးတွေမှာတော့ တစ်လုံးတစ်လေဝယ်စားဖြစ်ကြတာပေါ့။ အဲ့ဒါကြောင့် ရှင်လည်းနှမျောမနေပါနဲ့ မိသားစုတွေအ‌ေနနဲ့ ရှားရှားပါးပါး အစားအသောက်ကိုစားဖူးသွားလို့ ပျော်ရတဲ့အပျော်ကို တစ်ယွမ်နဲ့ပေးဝယ်နိုင်တာမကောင်းဘူးလား"

သူနာပြုလေးမှာ စစ်သားများ၏အကျိုးခံစားခွင့်ကိုသိနေသူဖြစ်၍လည်း ယီချန့်အားတိုက်တွန်းမိခြင်းပင်။ ယီချန်မှာသူနာပြု၏စကားကြောင့် ပြန်ရှင်းပြလိုက်ရ၏။

"ကျွန်တော်ကဘယ်နှလုံးဝယ်ရမလဲ စဉ်းစားနေတာပါ။ ဒါနဲ့ ကျွန်တော်ဆေးရုံအပြင်ကိုခဏတ‌ေလထွက်လို့ရလား။ ဆေးရုံထဲတင်နေရတာ ငြီးငွေ့လာလို့လေ။ နည်းနည်းပါးပါးလမ်းလေးထွက်လျှောက်ချင်လို့"

သူနာပြုလေးမှာ ယီချန့်၏ဒဏ်ရာအခြေအနေ‌အား ဆန်းစစ်ကာ ပြန်ဖြေလာ၏။

"ဒဏ်ရာက ကျက်သွားပြီဆိုတော့ အပြင်ထွက်ပြီးလှုပ်လှုပ်ရှားရှားလုပ်နိုင်ပါပြီ။ ဒါပေမယ့် တစ်နေ့ သုံးနာရီ လေးနာရီလောက်ပဲသွားလို့ရပါမယ်။ ဘာလို့ဆို ဆရာဝန်ကရှင့်ဆေးစစ်ချက်ကိုစောင့်ကြည့်ရဦးမှာမလို့ပါ"

ယီချန်မှာထွက်ခွင့်ရသည်ကိုပင် ကျေးဇူးတင်နေပြီဖြစ်ရာ သူမစကားအားခေါင်းငြိမ့်လက်ခံလိုက်သည်။ သူနာပြုလေးထွက်သွားသည်နှင့် ယီချန်မှာ ပန်းသီးဈေးကွက်အကြောင်းပြန်စဉ်းစား၏။ သူ၏နယ်မြေထဲရှိ စမ်းရေလောင်းကာ စိုက်ပျိုးထားသောပန်းသီးများမှာ သာမန်ထက်သာလွန်နေပြီဖြစ်ရာ လက်ရှိပေါက်ဈေးထက်ပိုတိုးရောင်းရပေမည်။ ထို့ပြင် စမ်းရေကိုသုံးထားသောကြောင့် သီးလာမည့်ပန်းသီးများမှာ အကျိုးအာနိသင်ပိုထူးခြား‌မည်ဖြစ်၏။

ယီချန်သည် လုပ်မည်ဆိုလျှင်ချက်ချင်းထလုပ်တတ်သူဖြစ်ရာ ကုတင်ပေါ်လှဲလိုက်ပြီး နယ်မြေထဲဝင်ရန် မျက်လုံးမှိတ်လိုက်သည်။ ယခုအချိန်တွင် သူသည်အပြင်ထွက်ခွင့်လည်းရပြီဖြစ်ရာ သူလုပ်ချင်သမျှအားလုပ်ကိုင်နိုင်လေပြီ။ သူကိုယ်တိုင်လည်း ဤနေရာရောက်ကတည်းမှ ဆေးရုံတွင်းတွင်သာ ခြေချုပ်မိနေရာ အပြင်လောကကြီး၏မြင်ကွင်းအစုံကို မမြင်ဖူးသေးချေ။

နယ်မြေထဲသို့ယီချန်ရောက်သွားချိန်တွင် လတ်ဆတ်ကာချိုမြိန်သောသစ်သီးရနံ့များက နှာခေါင်းတွင်းအပြိုင်အဆိုင်တိုးဝင်လာတော့၏။ သူစိုက်ပျိုးထားခဲ့သည့် ပန်းသီးပင်များမှာလည်း လူတစ်ရပ်မကသောအမြင့်ထိကြီးထွားနေကာ အသီးများကတစ်ပင်လုံးအနှံ့ အဖျင်းမရှိအောင် အလုံးတိုင်းကောင်းကောင်းမွန်မွန်ဖွံ့ထွားနေကြသည်။

ယီချန်မှာထိုမြင်ကွင်းကြောင့် အံ့ဩတကြီးဖြစ်သွားရသော်လည်း သူမျှော်မှန်းထားသည်သာဖြစ်ရာ ထိတ်လန့်မှုတော့ရှိမနေပေ။ ထို့နောက်သူသည် ပန်းသီးပင်များထံအပြေးသွားကာ ကြည့်လိုက်သော် သူ့လက်တစ်ဝါးစာမကသော အသီးများ၏အရွယ်အစားကြောင့် အံ့ဩသွားရပြန်သည်။ ဤအရွယ်အစားမှာ သူ၏အနာဂတ်ကာလတွင်ပင် နာမည်ကြီးသွားစေနိုင်သော ပန်းသီးအရွယ်အစားပင်။

ဤကဲ့သို့အရွယ်အစားမျိုးကို အနာဂတ်ကာလတွင်ရနိုင်သော်လည်း နယ်မြေထဲရှိအသီးများလောက်တော့ အရောင်အသွေးစိုစိုနှင့်လတ်ဆတ်ချိုမြိန်သော ရနံ့တို့ရှိမနေပါချေ။ ထို့ကြောင့်ယီချန်လည်း အနားရှိပန်းသီးစိမ်းတစ်လုံးကို ဆွဲခူးကာစမ်းရေဖြင့်သွားဆေးလိုက်၏။ နယ်မြေထဲတွင် သစ်သီးများမှာ ဓာတုကင်းစင်၍သန့်ရှင်းသည်ဆိုပေသိ သူ၏အကျင့်ကြောင့် ‌မစားခင်အရင်ဆေးလိုက်၏။

ပန်းသီးစိမ်းမှာ တောက်ပသည့်စိမ်းစိုစိုအရောင်ရှိပြီး ‌သစ်သီးရနံ့သင်းသင်းလေးအားထုတ်လွှတ်ကာ သူ့အားစားသုံးစေရန်မြှူစွယ်နေတော့သည်။ ယီချန်လည်း ပန်းသီးအားတစ်ကိုက် ကိုက်လိုက်ရာ ခွပ်ကနဲမြည်သံဖြင့်ကွဲအက်သွားပြီး အချဉ်ဓာတ်အနည်းငယ်ပါသောအသီးရည်များက သူ့ပါးစပ်ထဲပြည့်နှက်လာကာ သီးသွားစေ၏။

"အဟွတ် အဟွတ်....ဘုရားရေ!အဲ့တော့ငါ့သစ်သီးတွေက သစ်သီးကြော်ငြာတွေထဲကလို သစ်သီးရည်အပြည့်နဲ့ပါလား။ ဟားဟားဟား....အရသာကလည်း ငါအရင်ကစားဖူးခဲ့တာတွေနဲ့ တစ်ကယ်ကိုကွာခြားတယ်။ ဒီအတိုင်းဆို ဈေးတင်ရောင်းမယ့် ငါ့အကြံကဆိုးရွားနေတာတော့မဟုတ်ဘူးပဲ။ ဒီလိုအရည်အသွေးမျိုးကို အနာဂတ်မှာတောင်မရနိုင်သေးတာ ဘာလို့ဈေးကြီးကြီးနဲ့ရောင်းလို့မရ,ရမှာလဲ"

ထို့ပြင် သူနာပြု‌ေလးစကားအရ လက်ရှိကာလ၌ ပန်းသီးများပေါ်နေပြီဖြစ်သော်လည်း သာမန်ပန်းသီးမျိုးများသာဖြစ်နိုင်၏။ အရည်အသွေးပိုကောင်းသော ပန်းသီးမျိုးများ ပေါ်မလာသေးရာ ဤသည်ကသူ၏ရွှေအခွင့်အရေးပင်။ ထို့ကြောင့် နေ့လည်စာစားပြီးသည်နှင့် မှောင်ခိုဈေးဘက်သွားကာ ရောင်းကြည့်ရပေမည်။ ထိုသည်သာ အဆင်ပြေပါက သူ့အနာဂတ်လမ်းအား အောင်အောင်မြင်မြင်ဖွင့်လှစ်နိုင်မည်ပေ။

ယီချန်လည်းပျော်ပျော်ကြီး အပင်ပေါ်တက်ကာ အသီးများအားခူးဆွတ်လိုက်၏။ သို့သော်အပင်ပေါ်ရှိအသီးများ၏သုံးပုံတစ်ပုံသာ ခူးလိုက်နိုင်ကာ မြက်ခင်းပေါ်ပစ်လှဲချ၍ ဟောဟဲဆိုက်နေတော့သည်။ အမောဖြေနေရင်း သူသည်ခူးဆွတ်၍ပုံထားသော ပန်းသီးပုံကြီးများအားကြည့်ကာ အားပါးတရရယ်လိုက်ပြန်၏။ ဆောင်းဦးလယ်ပွဲတော်ရောက်ရန် နှစ်ပတ်လောက်သာကျန်တော့ရာ အိမ်တိုင်းအိမ်တိုင်း ပစ္စည်းလုံလုံလောက်လောက်ဖြည့်ထားရန် ငွေသုံးဖို့ဆန္ဒရှိနေကြသည်။

သို့ဖြစ်၍ ဤပန်းသီးများအားမရောင်းရမည်ကိုစိုးရိမ်မနေပေ။ ယီချန်မှာခဏနားပြီးသည်နှင့် စမ်းချောင်းထဲရေဆင်းချိုးကာဆေးရုံခန်းထဲပြန်လာလိုက်သည်။ နေ့လည်စာစားသောက်ပြီးချိန်တွင်တော့ ယီချန်လည်း စားဖိုဆောင်အဒေါ်ကြီးညွှန်ပေးခဲ့သည့်မှောင်ခိုဈေးနေရာဆီ ဦးတည်လိုက်၏။ ယီချန်သည် သူရောက်ရှိနေသည့်ကာလမှာ သူ၏အနာဂတ်ကာလမှ သမိုင်းကြောင်းအဖြစ်အပျက်များနှင့် တူညီနေသော်လည်း ကွဲလွဲမှုများရှိနေသေးသည်ကို သတိထားမိသည်။

သို့သော်ဤသည်မှာ သူ့အဖို့တော့အရေးကြီးကိစ္စတစ်ခုဟုတ်မနေပေ။ ထို့ပြင် မူလကိုယ်နှင့်သူ့ကြားရှိ ဆက်နွှယ်မှုကိုလည်း မသိရသေးချေ။ သို့စေကာမူ ဤကိစ္စများမှာ သူလက်လှမ်းမမှီနိုင်သည့် အရေးများဖြစ်၍ ပူပန်ထိတ်လန့်‌ေနစရာ မလိုအပ်ချေ။ အရေးကြီးသည်မှာ ယခုဤခန္ဓာကိုယ်မှာ သူ၏အပိုင်ဖြစ်နေပြီး ရလာသောအခွင့်အရေးတိုင်းကို လက်ထဲဆွဲကိုင်ထားနိုင်ရန်သာဖြစ်၏။

ယီချန်မှစိတ်အေးလက်အေးဖြစ်နေစဉ် ကျိရွာထုတ်လုပ်ရေးရှိဆေးပေးခန်းတွင် ကျားလိမှာ စာပို့သမားမှလာပို့သွားသောစာအား ဖတ်ရှုရန်ဖွင့်ဖောက်လိုက်သည်။ ဤရက်များအတွင်း သူမမှာလျို့ဇီရွေ့နှင့် စာပေးစာယူမပြတ်ရှိခဲ့ကြ၏။ အခုတ‌ေလာ၌ ရှောင်စန်းမှာ သူ၏ဟင်းချက်လက်ရာအား အချိန်နှင့်အမျှတိုးတက်ကောင်းမွန်အောင် သွေးနေ‌ရာ သူမလည်း ကတိပေးထားသည့်အတိုင်းလုပ်ဆောင်ရပေမည်။

All Chapters