← Chapters

Chapter 37

Vol. 4 Ch. 37

Chapter 37

Vol. 4 Ch. 37

ကျားလိလည်း လျို့ဇီရွေ့၏စာအားသေချာဖတ်ကြည့်ရာ ပုဂ္ဂလိကပိုင်စားသောက်ဆိုင်ဖွင့်ရန်မှာ ခက်ခဲနေသေးကြောင်းပြောထားပြီး နွေဦးပွဲတော်ပြီးလျှင်တော့ အဆင်ပြေသည်ဟုပြောထားသည်။ သို့သော် သူမနှင့်လျိုဇီရွေ့၏အင်အားပေါင်းကာ စောင့်ကြည့်နိုင်ရန် ခွင့်ပြုချက်ရဖို့ ရှန်ဟိုင်းမြို့ဆီလာမှသာဖြစ်နိုင်မည်ပင်။ ထို့ပြင်အထက်မှအရာရှိများသည် နောက်နှစ်ဆိုလျှင် လက်မှတ်များတွင်ကျယ်စွာအသုံးပြုသည်ကို လျှော့ချကြမည်ဖြစ်ကြောင်းနှင့် စီးပွားရေး၊ပညာရေး အဘက်ဘက်၌တိုးချဲ့ရန်ဆွေးနွေးနေကြပြီး ထိုပရောဂျက်များကို ရှန်ဟိုင်းတွင် ဦးဆုံးအကောင်အထည်ဖော်ကြည့်ကြမည်ဟုလည်း ရေးထားခဲ့၏။

အုပ်ချုပ်ရေးအပိုင်းနှင့်ပက်သက်ပြီး အတွင်းရေးကျကျကိစ္စများကိုထည့်မရေးထားသော်လည်း စာထဲရှိအကြောင်းအရာများကပင် သူမအတွက်အလွန်အကျိုးရှိနေလေပြီ။ စာ၏နောက်ဆုံးပိုင်းဆီဆက်ဖတ်လိုက်သော် ရေးထားသည့်အကြောင်းအရာက ကျားလိအားမျက်မှောင်ကြုံ့သွားစေ၏။ စာထဲတွင် ယီအိမ်၏စစ်တပ်ထဲရှိသားကြီးဖြစ်သူမှာ မစ်ရှင်တစ်ခုလုပ်ရင်း ညာဘက်မျက်လုံးအားထိခိုက်မိကာ မှတ်ဉာဏ်တစ်ချို့ပျောက်ဆုံးသွားရသည်ဟူ၍ပင်။

ထို့ပြင် သူသည်ပင်စင်ကြေးယူကာ ထုတ်လုပ်ရေးအဖွဲ့ဆီပြန်သွားချင်ပေမယ့် တပ်ထဲရှိလူအချို့က အနည်းငယ်ပြဿနာရှိနေသည်ဟုရေးထားကာ ကျားလိသာကူညီချင်ပါက ထိုကိစ္စကို သူကိုင်တွယ်လိုက်မည်ဖြစ်ကြောင်း ပြောထား၏။ သူ့အတွက် ဤကိစ္စလေးမှာ မပြောပလောက်စရာတစ်ခုပင်ဖြစ်၍ အပန်းမကြီးပါဟုလည်း ရေးထားသည်။

ကျားလိမှာစာအားပြီးအောင်ဖတ်ပြီးသည်နှင့် သေချာပြန်သိမ်းကာ ခဏတာမျှ စဉ်းစားဆင်ခြင်ရင်း ထိုသည်ကိုအမေယီတို့ဆီသာ ပြော၍သူတို့ဆန္ဒအတိုင်းလိုက်လျောပေးလိုက်မည်ဟုသာ ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူမသည်လည်းခက်ခဲကြပ်တည်း‌ေသာ ဘဝမျိုးရှိမနေရာ ယီမိသားစုအား ကြည့်ရှုစောင့်ရှောက်ထားရသည်က မခဲယဉ်းပါပေ။

ထို့ပြင် ယီချန်ဆိုသည့်လူသာစိတ်ထားမှန်သူဖြစ်ပါကပိုကောင်းပါလိမ့်မည်။ သူမသည် ယီမိသားစုအားသံယောဇဉ်ရှိပေသိ သူမအားအမြတ်ထုတ်မည့်လူသာရှိနေပါလျှင် တစ်ခါတည်းပြတ်ပြတ်သားသား စည်းခြားပစ်မည်ဖြစ်၏။ သို့သော် အမေယီနှင့် ယီအိမ်ရှိကလေးများ၏ အကျင့်စရိုက်အပြင် ကလေးများ၏အပြောအရ ယီချန်မှာ သူမစိတ်ပျက်အောင် လုပ်နိုင်မည့်လူမဟုတ်ပေ။

ညနေခင်းအလုပ်ဆင်းချိန်တွင် ကျားလိလည်းအိမ်သို့သွက်သွက်ပြန်လာခဲ့သည်။ အိမ်ထဲတွင် ရှောင်စစ်နှင့်ခယ့်ရှင်းမှာ မတောက်တခေါက်အသံထွက်များဖြင့် အင်္ဂလိပ်လိုအပြန်အလှန်စကားပြောနေကြ၏။ သူတို့လေးတွေသည် သင်ယူရန်အလွန်ဝီရိယရှိကြရာ တစ်ပတ်အတွင်းမှာပင် အခြေခံစကားပြောအချို့တတ်မြောက်နေလေပြီ။ ထူးချွန်တတ်မြောက်လွယ်သော တပည့်များကြောင့် ကျားလိလည်းပီတိဖြစ်ရ၏။ သူမအိမ်ပြန်ရောက်သည်ကို ခယ့်ရှင်းမှဦးဆုံးမြင်ကာ အပြေးလေးလာကြိုလေသည်။

"ကျားလိကျဲ ပြန်လာပြီလား။ ညီမတို့ကိုမနက်ကပေးသွားတဲ့ အိမ်စာတွေအကုန်ပြီးပြီနော်"

"ဟုတ်တယ် ကျားလိကျဲ။ ကျွန်တော်တို့ အိမ်စာပြီးအောင်လုပ်ပြီးပြီဆိုတော့ မုန့်စားလို့ရပြီမလားဟင်"

ကျားလိမှာကလေးများ၏သင်ယူချင်စိတ်ကို ထိန်းရန်ဆုပေးသည့်စနစ်ကိုသုံးခဲ့၏။ သူတို့သာသူမလုပ်ခိုင်းသည့် အိမ်စာများကို အချိန်မီပြီးခဲ့ပါက မုန့်ကျွေးမည်ဟု ပြောခဲ့ရာ သူမထင်ထားသည်ထက် သူတို့၏စာအ‌ေပါ်စိတ်ပါဝင်စားမှုက ကျော်လွန်သွားလေသည်။ သို့‌ေသာ်တစ်ဖက်ရှိ ခယ့်ရှင်းမှာ တစ်နေကုန်လုံး ရှောင်စစ်လေးအား အိမ်စာပြီးအောင်လုပ်ရန် ဆော်ဩပေးနေရသည်ကိုတော့ ကျားလိမသိခဲ့ပါချေ။

ခယ့်ရှင်းအတွက်တော့ ထိုအလုပ်မှာစိတ်ရှုပ်စရာမကောင်းပါပေ။ သူမအဖို့တော့ အရေးကြီးဆုံးမှာ နောက်ဆုံးရလဒ်ပင်ဖြစ်သည်။ ထို့ပြင်ရှောင်စစ်လေးမှာ ကလေးပီပီအဆော့သန်သည်ကလွဲ၍ ပေကပ်ကပ်နိုင်သောကလေးဆိုးလေးလည်း မဟုတ်ရာချော့မော့၍ပြောလိုက်လျှင်ရလေ၏။ ယခုရှောင်စစ်မှ ကျားလိအားမုန့်တောင်းနေသည်ကိုမြင်ရာ သူမလည်း စိတ်အားထက်သန်သောအကြည့်ဖြင့် ကျားလိအားကြည့်လိုက်သည်။

ကျားလိမှာ ဖြူ‌ေဖွး၍ ချစ်စရာ‌ေကာင်း‌ေသာကလေးနှစ်ယောက်၏ တစ်လက်လက်တောက်ပနေသောအကြည့်များကြောင့် အလွန်သဘောကျသွားရာသူတို့ခေါင်းလေးများအားပွတ်ပေး၍ ပြောလိုက်၏။

"ကောင်းပါပြီနော်။ မင်းတို့လေးတွေကလိမ်လိမ်မာမာနဲ့အိမ်စာတွေလုပ်ထားတာဆိုတော့ အစ်မကလည်းမုန့်နဲ့ဆုချရမှာပေါ့။ အစ်မရေသွားချိုးလိုက်ဦးမယ်နော် ပြီးရင်မင်းတို့အတွက် မုန့်ယူခဲ့လိုက်မယ် ဟုတ်ပြီလား"

ရှောင်စစ်မှာ ကျားလိကမုန့်ကျွေးမည်ဟု အာမခံလာ၍ ဝမ်းသာအားရခုန်ပေါက်နေတော့သည်။ ကျားလိလည်းအသာပြုံးကာ သူမအဆောင်ခန်းလေးဆီပြန်၍ ရေချိုးသန့်စင်ပြီးမုန့်များယူကာ အိမ်မကြီးဘက်ထွက်လာလိုက်၏။ ထိုစဉ် လယ်ကွင်းမှပြန်လာသောအမေယီနှင့်တွေ့လိုက်ရာ စကားပြောရန် ပါးစပ်ဖွင့်လိုက်ပေမယ့် သူမသာယခုယီချန့်အကြောင်းအားပြောပြလိုက်ပါလျှင် အမေယီအနေဖြင့်ညစာပင် စားနိုင်တော့မည်မဟုတ်ရာ ညစာစားပြီးချိန်ထိစောင့်ရန်ဆုံးဖြတ်လိုက်သည်။

အမေယီပြန်လာပြီးခဏအကြာတွင် ညီအစ်ကိုနှစ်ယောက်မှာ စက်ဘီးဖြင့်မြို့မှပြန်ရောက်လာကြ၏။ ရှောင်‌ေဟွ့မှာဤရက်များအတွင်းပျော်ရွှင်နေသည်ကို သူ့မျက်နှာထက်အတိုင်းသားပေါ်လွင်နေရာ ကျားလိလည်း အသေးစိတ်လိုက်မေးမနေတော့ချေ။ ဘာပဲဖြစ်ဖြစ် သူသည်တစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်ရာ လူ့အသိုင်းအဝိုင်းအကြောင်း ကိုယ်တိုင်တွေ့ကြုံရန်အချိန်ရောက်ပြီပင်။

ညစာမှာတော့ အခွံပါးပါးဖြင့်ထုပ်ထားသည့် ပုဇွန်ဖက်ထုပ်များပင်ဖြစ်သည်။ ပါးလွှာသောဖက်ရွက်ဖြင့် ထုပ်ထားသောကြောင့် ဂျုံ၏အီစိမ့်မှုအစား ပုဇွန်၏ချိုမြိန်မှုသာပိုကဲနေရာ အငယ်လေးနှစ်ဦးမှာ ဝေစုခွဲရင်း အငြင်းပွားကြ‌ေတာ့၏။ ‌ေနာက်ဆုံးတွင်ခယ့်ရှင်းမှရှောင်စန်းအား အလျှော့ပေးလိုက်သည်နှင့် အဆုံးသတ်သွားရသည်။ ခယ့်ရှင်းလေးမှာ အရိပ်အကဲကြည့်လွန်းသော ကလေးဖြစ်၍ အမေယီမှာသူမအား အလိုလိုက်ပေးနေပေသိ သူမစိတ်ထဲတွင် ကြည်လင်နေသည်ဖြစ်ရာ ယီမိသားစုအပေါ်အမြတ်ထုတ်သည့် အပြုအမူမျိုးတစ်ခါမှမရှိခဲ့ပေ။

အထူးသဖြင့်ရှောင်စစ်လေးအပေါ်ဆိုလျှင် အမေယီထက်ပင်ပိုအလိုလိုက်လေ့ရှိရာ ရှောင်စစ်မှာလည်း သူမအပေါ်ဆို ဆိုးချင်လေသည်။ သို့သော်ရှောင်စစ်လေးမှာ အတိုင်းအတာဖြင့်သာဆိုးသွမ်းသူလေးဖြစ်၍ အမေယီမှာလည်းဆူပူရန်အခွင့်မရှိခဲ့ပေ။ ထို့ကြောင့် ဤကလေးနှစ်ယောက်အား သူတို့ဘာသာပျော်ရန်လွှတ်ထားပေးရ၏။ ညစာစားပြီးသော် ကျားလိလည်းကလေးနှစ်ယောက်၏အိမ်စာကိုစစ်ပေးကာ မုန့်ကျွေးလိုက်သည်။ ရှောင်စန်းသည်လည်း ထိုအုပ်စုထဲဝင်ပါလာသေးသည်ပင်။

အိမ်စာစစ်ပြီးသည်နှင့် ကျားလိလည်းစာအုပ်များကိုဘေးချကာ ရေနွေးသောက်ရင်းရှောင်စန်းကြွားဝါနေသည်ကို နားထောင်ပေးနေရသော အမေယီတို့ထံသွားကာ ချောင်းဟန့်၍‌စကားကြောကိုဖြတ်လိုက်၏။ သူမအသံကြောင့် ရေပက်မဝင်ပြောနေသော ရှောင်စန်းလည်း တန့်သွားကာ ကျားလိထံလှည့်ကြည့်လာသည်။ ကျားလိလည်း အမေယီ၏ဘေးတွင်ဝင်ထိုင်ကာ မချင့်မရဲဟန်ဖြင့်ပြောလိုက်၏။

"အန်တီယီ တစ်ကယ်တော့ ကျွန်မပြောစရာလေးရှိနေလို့ပါ"

အမေယီလည်း ကျားလိ၏တွေဝေနေဟန်ကြောင့် ဘာကိစ္စမှန်းမသိသော်လည်း ဆက်ပြောခိုင်းလိုက်သည်။

"ဘာကိစ္စမလို့လဲပြောလေ"

"အဲ့ဒါ...အန်တီယီရဲ့စစ်တပ်ထဲကသားကြီးကိစ္စပါ"

ယီချန့်အကြောင်းဟုပြောလာသည်နှင့် ပြုံးရွှင်နေကြသောယီမိသားစုဝင်များမှာ အပြုံးများလွှင့်ပျယ်သွားပြီး စိုးရိမ်စိတ်၊သိလိုစိတ်တို့ဖြင့် သူမအားကြည့်လာကြသည်။

"ရှောင်ကျား အားချန်ဘာဖြစ်လို့လဲ။ အဒေါ်တို့ကို စိတ်ပူရအောင်ပစ်မထားဘဲ မြန်မြန်ပြောပြပါတော့"

"ဟုတ်တယ်ကျားလိကျဲ တကောဘာဖြစ်လို့လဲ"

ကျားလိမျက်နှာထက်မှ တွန့်ဆုတ်နေဟန်တို့ကို မြင်လေလေ သူတို့မှာစိုးရိမ်စိတ်ပိုလာလေလေပင်။ ကျားလိလည်း အချိန်ဆွဲမနေတော့ပဲ သူမသိထားသမျှကိုပြောပြလိုက်သည်။

"ဒီနေ့ ကျွန်မဦးလေးဆီက လာတဲ့စာထဲမှာယီချန်က မစ်ရှင်တစ်ခုလုပ်ရင်း သူ့ညာဘက်မျက်လုံးကို ထိခိုက်သွားတယ်တဲ့။ သူကအခုထိဆေးရုံမှာရှိနေသေးပေမယ့် အသက်အန္တရာယ်တော့မရှိဘူးလို့ပြောတယ်"

အမေယီမှာသူမသားကြီးဖြစ်သူ ထိခိုက်ဒဏ်ရာရသည်ဟု ကြားလိုက်ရာ ဆက်မေးမြန်းချင်‌ေသာ်လည်း စိုးရိမ်ပူပန်မှုများ‌ေန၍ စကားလုံးများကသူမလည်ချောင်းတွင်းဝယ်တစ်ဆို့နေတော့သည်။ သူမမှာမုဆိုးမတစ်ဦးအဖြစ် သန်မာပြနေရသည်ဆိုသော်လည်း ထိုထဲတွင်သူမသားကြီးပေးထားသော သတ္တိတို့ကတစ်ဝက်မကပါပေ။ သူမခင်ပွန်းဆုံးပါးသွားချိန်မှစ၍ သူမအာရုံအလုံးစုံအား ယီချန့်ထံတွင်သာ ပုံအောထားခဲ့သည်။

ယခုတော့ သူမ၏မှီခိုအားထားရာဖြစ်သော သားကြီးမှာထိခိုက်သွားသည်ဟူသောသတင်းက အမေယီအား ပျာပန်းခတ်သွားစေ၏။ သားကြီးမှာ အသက်အန္တရာယ်မရှိဟူသည့်စကားကြောင့် စိတ်သက်သာရာရသွားခဲ့သော်လည်း တုန်ယင်နေသည့်သူမလက်များကအဆင်မပြေ‌ေသးကြောင်းသက်သေထူနေသည်။ ယီညီအစ်ကိုများနှင့် ခယ့်ရှင်းမှာလည်း ထိုစကားကြောင့် ထိတ်လန့်ကာငိုကြွေးကုန်ကြ၏။ ရှောင်ဟွေ့မှာတော့ လက်သီးတင်းတင်းဆုပ်ကာ မငိုမိရန်ထိန်းထားသည်။

"တကော တကောကို ကျွန်တော်သတိရတယ်"

"တကောကဘာမှဖြစ်မှာမဟုတ်ပါဘူး။ တကောကဒီလောက်အားကြီးတာကို။ သူကလူဆိုးတွေအများကိုတောင် တစ်ယောက်ထဲနဲ့အကုန်ရိုက်ချပစ်နိုင်တယ်လေ သူဘာမှဖြစ်မှာမဟုတ်ပါဘူး"

အမေယီမှာ စိတ်ထိန်းနိုင်သွားသော်လည်း အငယ်လေးများကငိုကြွေးနေရာ ထိုအသံများသည် သူမစိတ်ထံလာရိုက်ခတ်ရာ ကျားလိ၏လက်အားဆုပ်ကိုင်၍ သေချာထပ်မေးလာ၏။

"ရှောင်ကျား အားချန်!သူတစ်ကယ်အဆင်ပြေပါတယ်နော်။ ဒါမှမဟုတ် အဒေါ်တို့သူ့ဆီသွားကြည့်လိုက်ရမလား။ ဟိုမှာကသူတစ်ယောက်ထဲဆိုတော့ ပြုစုစောင့်ရှောက်မယ့်လူလည်း ရှိမှာမဟုတ်ဘူး"

All Chapters