Chapter 38
Vol. 4 Ch. 38
ကျားလိမှာ ယောက်ယက်ခတ်နေသော အတွေးများဖြင့် ပိတ်မိနေသည့် အမေယီ၏လက်အားအသာပြန်ပုတ်ကာ နှစ်သိမ့်လိုက်သည်။
"အန်တီယီ ယီချန်ကတစ်ကယ်အဆင်ပြေတာပါ။ ကျွန်မဦးလေးပို့ထားတဲ့စာအရဆို သူကတအားကိုတက်ကြွနေပါတယ်တဲ့။ ဒါပေမယ့် အဓိကအချက်က သူ့မျက်လုံးမဟုတ်ဘူး"
ငြိမ်သက်သွားကာစ အမေယီ၏စိတ်မှာ ကျားလိစကားကြောင့် ပြန်၍ပလုံဆူလာပြန်၏။ ထို့ကြောင့် ကျားလိအား အမြန်ပြောရန်လောလိုက်တော့သည်။
"ရှောင်ကျားရယ် အဒေါ်တို့ဆီပြောစရာရှိတာ တန်းပြောပြပါ။ ရင်တထိတ်ထိတ်ဖြစ်အောင် အချိန်ဆွဲမနေပါနဲ့"
ကျားလိလည်း အမေယီ၏ စကားကြောင့် အပြစ်ရှိဟန်ဖြင့် ကြည့်ကာဆက်ပြောလိုက်၏။
"အဲ့ဒါ.....သူကမှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းပျောက်ဆုံးသွားတယ်တဲ့။ စစ်တပ်ထဲဝင်ချိန်ကစပြီး အဲ့နောက်ပိုင်းမှတ်ဉာဏ်တွေပျောက်ကုန်တာလေ"
"ဘာရယ်!!..."
ကျားလိစကားမှာအမေယီတို့အား ဆက်ငိုဖို့ရန်ပင် မေ့လျော့သွားစေခဲ့သည်။ ကျားလိမှာ အမေယီ၏ နားမလည်သည့်ပုံစံကြောင့် သေချာရှင်းပြလိုက်၏။
"အရမ်းစိတ်မပူပါနဲ့ အန်တီယီ။ ယီချန်က သူ့ကိုယ်သူရော သူ့မိသားစုကိုပါ မှတ်မိနေပါတယ်။ သူမေ့သွားတာက စစ်တပ်ထဲရှိေနခဲ့တဲ့အချိန်ကာလတွေပဲဖြစ်မယ်။ စစ်တပ်ထဲက လူတွေအကြောင်းရော မစ်ရှင်တွေအကြောင်းရော ဘာတစ်ခုမှမမှတ်မိတော့ဘူးတဲ့။ ဒါကဆေးပညာအရဆို သူ့အတွက် ခက်ခဲခဲ့တဲ့အချိန်တွေကို မေ့ပျောက်သွားအောင် မသိစိတ်ကနေမှတ်ဉာဏ်ပိတ်ချလိုက်တာမျိုးပေါ့။
အခုဖြစ်နေတာက သူသတိပြန်ရကတည်းက ပင်စင်ယူပြီးစစ်တပ်ထဲကထွက်ချင်နေတာတဲ့လေ။ သူဘာဆက်လုပ်မှာလဲ မေးကြည့်တော့ ထုတ်လုပ်ရေးအဖွဲ့ဆီပြန်လာပြီး လယ်စိုက်မှာတဲ့။ ဦးလေးပြောပုံအရဆို ယီချန်ကအရင်ကထက် ပိုပြီးပေါ့ပေါ့ပါးပါးနဲ့ လူငယ်ပုံပေါ်လာတယ်ပြောတယ်"
အမေယီမှာ ယီချန်ကအရင်ကထက် အသက်ပိုဝင်လာသည်ဆိုသောကြောင့် ပီတိဖြစ်သွားရသည်။ ယီချန်မှာ ဖခင်ဆုံးပါးသွားကတည်းမှ အရယ်အပြုံးနည်းသွားခဲ့ကာ သူ့ကိုယ်သူစည်းကမ်းတင်းကြပ်ခဲ့၏။ ထို့ကြောင့် ယီချန့်အနေဖြင့် ပြန်ပြီးပြုံးပြုံးရွှင်ရွှင်ဖြစ်လာသည်မှာ သတင်းကောင်းပင်။ ထို့အတူ သားဖြစ်သူက ရွာဆီပြန်လာခဲ့ချင်သည်ဆိုသောစကားကြောင့် ပြန်ပြောလိုက်၏။
"သူ့အနေနဲ့ ဒီလိုတွေကြုံတွေ့ခဲ့ရမှတော့ ကျိန်းသေအဒေါ်တို့ဆီပြန်လာရမှာပေါ့။ ဟိုကလူတွေကို သူမမှတ်မိနိုင်ဘူးဆိုတော့ ဆက်ပြီးနေ,နေရင်လည်း အနေကြပ်တာပဲအဖတ်တင်လိမ့်မယ်။ အဲ့တော့ သူ့အကြံအတိုင်း တပ်ထဲကထွက်လိုက်တာက ပိုကောင်းမှာပါ။ ဒါနဲ့ သူကဘယ်အချိန်ပြန်ရောက်လာမှာလဲ။ အဒေါ်တို့ သွားကြည့်ပေးစရာ တစ်ကယ်မလိုဘူးလား"
ကျားလိမှာ စိတ်လှုပ်ရှားနေသော အမေယီအားစိတ်ငြိမ်သွားစေရန် ကျောအားပွတ်ပေးရင်းပြန်ဖြေလိုက်၏။
"အန်တီယီ သူကတစ်ကယ်အဆင်ပြေတာပါ။ သူဘယ်အချိန်ပြန်လာမယ်ဆိုတာကတော့ ကျွန်မဦးလေးကလည်း အဲ့အကြောင်းသတိလှမ်းပေးတာပါ။ တပ်ထဲမှာ သူ့ကိုပြဿနာရှာချင်နေတဲ့လူတစ်ချို့ရှိနေပြီး သူတပ်ထဲကနှုတ်ထွက်မှာကို ပိတ်ပင်ချင်နေတယ်တဲ့။ အန်တီတို့သာ ယီချန့်ကို တပ်ထဲပဲနေစေချင်ရင် ဦးလေးကအဲ့ပြဿနာရှာတဲ့လူတွေဆီကနေ ကာကွယ်မှုတစ်ချို့ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ယီချန့်ဆန္ဒအတိုင်း အိမ်ပြန်လာစေချင်တယ်ဆိုလည်း ဦးလေးကကူညီပေးနိုင်ပါတယ်ဆိုပြီး ပြောထားတယ်လေ။ ဒါကြောင့် ကျွန်မလည်း အန်တီတို့ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို အရင်လာမေးကြည့်တာ"
အမေယီမှာ ကျားလိ၏လက်နှစ်ဖက်အား အားကိုးတကြီးဆုပ်ကိုင်ကာ ကျေးဇူးတင်ကြောင်းပြောလာ၏။
"ရှောင်ကျား မင်းရှိနေတာက အဒေါ်တို့အိမ်ထဲ ကံကောင်းစေတဲ့ကြယ်လေးတစ်ပွင့် ရောက်လာသလိုပါပဲ။ အဒေါ်ဖြင့် မင်းကိုဘယ်လိုကျေးဇူးပြန်ဆပ်လို့ဆပ်ရမှန်းတောင် မသိတော့ပါဘူး။ တစ်ကယ်လို့ မင်းသာယောင်္ကျားလေးဖြစ်ပြီး အားချန်သာမိန်းကလေးဆို အဒေါ်သူ့ကို မင်းလက်ထဲလုံးလုံးအပ်နှံလိုက်မှာ။ တစ်ကယ်လို့ မင်းဘက်ကသာအဒေါ်တို့မိသားစုရဲ့ အကူအညီတစ်ခုခုလိုခဲ့ရင် ဘယ်လောက်ကြီးတဲ့ကိစ္စဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းအကူအညီတောင်းနိုင်ပါတယ်"
ကျားလိမှာအမေယီ၏စကားကြောင့် သီးမတတ်ဖြစ်သွားသော်လည်း သူမစကားကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံနေသည့်ကလေး လေးယောက်ကြောင့် ကြည်နူးသွားရ၏။
"ဒါဆို ယီချန့်ကိုပင်စင်ေပးပြီးထုတ်လုပ်ရေးအဖွဲ့ဆီပြန်လွှတ်ဖို့ ဦးလေးဆီကျွန်မစာေရးလိုက်တော့မယ်နော်"
"အေးပါကွယ် မင်းဦးလေးကိုလည်းကျေးဇူးတင်ပါတယ်လို့ ပြောပေးဦးနော်"
ကျားလိလည်း ထိုကိစ္စပြီးပြတ်သွား၍ ရှောင်စန်းအားကြည့်ကာ ပြောလိုက်သည်။
"ဒီတစ်ခါကေတာ့ ရှောင်စန်းကိစ္စအကြောင်းပါ"
ဝမ်းနည်းမှုထဲနစ်မြှပ်နေသေးသည့် ရှောင်စန်းမှာ ရုတ်ချည်းသူ့နာမည်ကိုခေါ်လာသောကြောင့် လန့်ဖြန့်သွားရ၏။ ကျန်လူများမှာလည်း ခုလေးတင်ငြိမ်သက်သွားကြသည့် စိုးရိမ်စိတ်တို့က ပြန်တက်လာကြောင်းခံစားမိလိုက်သည်။ ရှောင်စန်းမှာမူ မစောင့်နိုင်တော့ရာ အလောတကြီးမေးလာ၏။
"ကျားလိကျဲ ရင်တွေတုန်အောင်အချိန်ဆွဲမနေဘဲ ပြောစရာရှိတာကို ဒဲ့ပြောလိုက်ပါတော့။ ကျွန်တော့်ရင်ထဲ ခိုးလုခုလုဖြစ်နေပါပြီလို့"
ကျားလိမှာ ရှောင်စန်းစကားကြောင့် အသာရယ်ကာလိုရင်းဆီတန်းသွားလိုက်သည်။
"တစ်ကယ်တော့ ဒီနေ့ရောက်လာတဲ့စာက ယီချန့်အကြောင်းကိုသတိပေးဖို့ ဦးလေးကပို့လိုက်တာမဟုတ်ပါဘူး။ ဟိုတစ်လောက ကျွန်မဦးလေးဆီ စားသောက်ဆိုင်ဖွင့်လို့ရမရ လှမ်းအကူအညီတောင်းထားတာလေ။ အဲ့အကြောင်းအတွက် ပြန်စာရောက်လာတာပါ"
စားသောက်ဆိုင်အကြောင်း စကားစလိုက်သည်နှင့် ရှောင်စန်းနှင့်ခယ့်ရှင်းမှာ မျက်လုံးတို့တောက်ပလာကြ၏ ။
"အဲ့တော့ကျားလိကျဲ ဦးလေးကဘာပြန်ပြောလိုက်လဲဟင်"
"ညီမတို့မြို့ထဲသွားရင်တောင် အစိုးရပိုင်စားသောက်ဆိုင်ကလွဲရင် ကျန်တဲ့ဆိုင်မတွေ့ဖူးသေးဘူး"
ကျားလိမှာ သူတို့သိချင်သည် ဖြေပေးလိုက်သည်။
"စားသောက်ဆိုင်ကဖွင့်လို့ရတယ်....ဒါပေမယ့် နေဦး အစ်မစကားဆုံးအောင်နားထောင်။ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ခွင့်ေပးဖို့က ခက်ခဲနေသေးပေမယ့် နွေဦးပွဲတော်ပြီးရင်တော့ မြို့ကြီးတွေမှာ အချို့စီးပွားရေးလုပ်ငန်းလေးတွေကို ခွင့်ပြုပေးမှာတဲ့။ အဲ့တော့ အစ်မတို့တွေ နွေဦးပွဲတော်ပြီးရင် ဆိုင်ဖွင့်နိုင်ဖို့ ရှန်ဟိုင်းကိုသွားရမယ်"
ယီမိသားစုမှာ ရှန်ဟိုင်းဆီသွားရမည်ဆိုသောကြောင့် တိတ်ဆိတ်ကုန်ကြ၏။ သူတို့မှာငယ်စဉ်ကတည်းက ဝေးဝေးလံလံသွားဖူးသည်မှာ စီရင်စုမြို့ထဲသာဖြစ်၍ ထိုထက်ဝေးကွာသောမြို့ကြီးပြကြီးဆီ သွားရမည်ဆိုသည့်စကားမှာ သူတို့အားစိုးရိမ်ကြောင့်ကြလာစေသည်။ ကျားလိလည်း ဘာမှဝင်မပြောခဲ့ပေ။ ဤသည်မှာ သူမအနေဖြင့်ယီမိသားစုအား အထက်သို့တက်ရန်ခင်းပေးသည့် လမ်းကြောင်းဖြစ်၍ ထိုလမ်းပေါ်လျှောက်ဝံ့ခြင်း မလျှောက်ဝံ့ခြင်းမှာ ယီမိသားစုဆုံးဖြတ်ရမည်ဖြစ်၏။
သူမလုပ်ပေးနိုင်သည်မှာ သူတို့အတွက် အုတ်မြစ်ကောင်းကောင်းချပေးရုံသာတတ်နိုင်လေသည်။ အရာရာလိုက်စီစဉ်ပေးနေ၍ မရသည်ဖြစ်၍ သူမစီစဉ်ပေးမှုထက် ကျော်လွန်အောင် စွမ်းဆောင်နိုင် မစွမ်းဆောင်နိုင်သည်မှာလည်း ယီမိသားစု၏အရည်အချင်းဖြင့်သာ စကားပြောသွားမည်ပင်။ သို့သော် သူမထင်မထားသည်မှာ တွန့်ဆုတ်တတ်သည့်အမေယီမှ စတင်ထောက်ခံလာမည်ဟုပင်။
"သွားကြတာပေါ့ မြို့ကြီးဆိုလည်း ဘာဖြစ်လဲ။ ရှောင်ကျားက အချိန်တန်ရင် ရှန်ဟိုင်းကိုပြန်ရမှာလေ။ အဲ့တော့ သူမကိုကူညီနိုင်ဖို့ဆို ငါတို့ကလည်းပျော့ညံ့နေလို့မရတော့ဘူး။ ငါတို့တွေလည်းရှန်ဟိုင်းဆီသွားကြတာပေါ့။ ဘယ်လိုနေနေ ဒီနှစ်တွေထဲ ခြစ်ခြစ်ကုပ်ကုပ်စုဆောင်းထားတာလည်းရှိသေးတော့ ငါတို့အတွက်တစ်နေရာစာတော့ရှာတွေ့မှာပါ"
ကျားလိမှာအမေယီ၏ဆုံးဖြတ်ချက်ကြောင့် အံ့ဩသွားရသော်လည်း စိတ်ငြိမ်စေရန်နှစ်သိမ့်လိုက်၏။
"နေစရာ စားစရာကစိတ်ပူစရာမလိုပါဘူး။ ရှန်ဟိုင်းမှာ ကျွန်မမိဘတွေထားခဲ့တဲ့ ခြံဝင်းရှိပါတယ်။ အဲ့မှာနေပြီး ကျွန်မကိုအဖော်ပြုပေးကြပေါ့။ မဟုတ်ရင် အိမ်ကြီးထဲကျွန်မတစ်ယောက်တည်း အထီးကျန်နေရမှာလေ။ ပြီးတော့ဆိုင်ဖွင့်ဖို့ကလည်း ကျွန်မအရင်ကပြောခဲ့သလို ကျွန်မကငွေထုတ်မယ် ရှောင်စန်းကသူ့အရည်အချင်းကိုထုတ်ပြီး လုပ်ငန်းစကြတာပေါ့။ ပြီးမှ အမြတ်ဝေစုတစ်ချို့ပြန်ခွဲပေးလေ"
အမေယီမှာ ရှန်ဟိုင်းတွင် ကျားလိ၏အိမ်ခြံဝင်းရှိနေသည်ကိုမအံ့ဩမိပေ။ သူမ၏အပြင်အဆင်နှင့် လုပ်ရပ်တို့ကိုကြည့်လျှင် သူမသည်သူဌေးသမီးလေးမှန်း သိသာလေသည်။ ထို့ပြင် ကျားလိပြောသည့် အိမ်ခြံဝင်းဆိုသည်မှာ မည်မျှရှိမှန်းမသိပေမယ့် ကျားလိ၏အခြေအနေအရဆို သူမမှာသန့်ရှင်းရေးနှင့် ချက်ပြုတ်ရေးစသည့် အိမ်မှုကိစ္စများနှင့်ပက်သက်လျှင် ဘာမှသိမနေပေ။
မြို့ကြီးရှိ ချမ်းသာသောအိမ်များတွင်ဆိုလျှင် အိမ်အလုပ်ကူညီပေးရန်လူများကို ပိုက်ဆံပေးရသည်ဟု ကြားဖူး၏။ သို့သော် ထိုသို့အလုပ်သမားငှားရမ်းသည်မှာ တရားမဝင်ဖြစ်၍ နည်းနည်းအခက်ကြုံရတတ်သည်။ ထို့ကြောင့် ကျားလိမှသူမတို့ကိုအတူနေရန်ပြောလာရာ ငြင်းဆန်မနေတော့ချေ။ သူမသည် သူတို့အားမိသားစုအနေဖြင့်သဘောထားသော်လည်း မိသားစုချင်းပင်လျှင် အကျိုးအမြတ်တွက်ကြလေရာ သူမတို့အနေဖြင့် ကိုယ်ပိုင်အသိစိတ်ဖြင့် ကျားလိအတွက် အိမ်မှုကိစ္စကူညီပေးရန်ဆုံးဖြတ်လိုက်၏။
အိမ်အလုပ်,လုပ်ပေးရ၍ သူမတို့အနေဖြင့်လည်း ပင်ပန်းဒုက္ခများမသွားပေ။ အိမ်အလုပ်ဆိုသည်မှာ သူမတို့အတွက်လည်းလုပ်နေကျအရာဖြစ်၍ ထိုအလုပ်ဖြင့် ကျားလိအား တစ်ဖက်တစ်လမ်းမှ ကူညီနိုင်လျှင် စိတ်သန့်သွားရမည်ပင်။ သို့သော်ဤအကြောင်းအရာများကိုတော့ အမေယီမှထုတ်မပြောခဲ့ပေ။ မဟုတ်လျှင် ကျားလိမှာသူမတို့က သူမအား သူစိမ်းတစ်ရံလိုဆက်ဆံသည်ဟု ပြောလာနိုင်သည်လေ။