← Chapters

Chapter 39

Vol. 4 Ch. 39

Chapter 39

Vol. 4 Ch. 39

အမေယီမှာ အလုံးစုံကို စဉ်းစားဆင်ခြင်ပြီးသည်နှင့် ကျားလိအားပြောလိုက်သည်။

"ရှောင်ကျား အခုချိန်ကစပြီး မင်းကအဒေါ်တို့မိသားစုရဲ့ ပြောရေးဆိုခွင့်ရှိသူပဲ။ မင်းဖြစ်စေချင်တာကိုသာပြောလိုက် အဒေါ်တို့ကျိန်းသေလိုက်နာပေးမယ်"

ကျားလိမှာအမေယီ၏စိတ်အားထက်သန်မှုကြောင့် ကြောင်အမ်းသွားရသည်။ ထို့နောက် စနောက်ဟန်ဖြင့်မေးလိုက်၏။

"အမ် အဲ့လိုဆို ယီချန်ကသဘောမတူရင်ရော ဘယ်လိုလုပ်မလဲ။ သူကစစ်တပ်ထဲကလူဆိုတော့ အရမ်းသန်မာလောက်မှာ ကျွန်မသူ့ကို အမိန့်မပေးရဲပါဘူး"

အမေယီမှာ ယီချန်ကကျန်းကျန်းမာမာ ဖြင့် အသက်ရှင်နေသည်ဆိုသည့် အာမခံချက်ကြောင့် အစောကရှိခဲ့သည့် သားဖြစ်သူအတွက်စိတ်ပူပန်မှုတို့ကို လွှတ်ပစ်ကာ ကျားလိလေသံအတိုင်း ပြန်ပြောလာ၏။

"အဲ့ကောင်လေးကမနာခံရင် သူနာခံလာတဲ့အထိ အဒေါ်ရိုက်ပေးမယ်။ ပြီးတော့ သူကမိသားစုကို စိတ်ပူအောင်ပဲ လုပ်တတ်တာလေ"

ကျားလိလည်းထိုစကားကြောင့်ရယ်မောလိုက်မိကာ အိမ်ပြန်မရောက်သေးသော ယီချန်အတွက်ကြိုတင်စိတ်မကောင်းဖြစ်ပေးလိုက်သည်။

"ဒါဆို ကျွန်မဦးလေးဆီ စာသွားရေးလိုက်ဦးမယ်နော်။ ပြီးရင် ဆိုင်နေရာကောင်းကောင်းတစ်ခုပါ ရှာခိုင်းထားရမယ်။ ဒါပေမယ့် ရှောင်စန်း ရှန်ဟိုင်းကိုသွားရင် မင်းဆရာကိုပါခေါ်ခဲ့လိုက်နော်။ ဘာပဲဖြစ် သူကမင်းရဲ့ခေါင်းကိုင်အဖေလည်းဖြစ် ဆရာလည်းဖြစ်ပေးနေတာဆိုတော့ သူ့ကိုဒီမှာတစ်ယောက်တည်း ထား,ထားခဲ့မယ့်အစား ကူဖော်လောင်ဖက်လည်းရ ပြုစုပေးလို့ရအောင် ခေါ်ခဲ့မှအဆင်‌ေပြမှာ။

မင်းသူ့ကို ဘယ်လိုပြောပြီးခေါ်ရမလဲမသိရင် ရှောင်စစ်ဆီကသင်သွား။ ဆိုင်တစ်ဆိုင်ကိုဦးစီးဖို့ဆို မင်းထက်မင်းဆရာက ပိုသင့်လျော်တယ်။ အလုံးစုံလက်လွှဲမယူနိုင်ခင် မင်းဆရာနောက်ကနေလိုက်လေ့လာချည်"

ရှောင်စန်းမှာ သူ့ဆရာပါ လိုက်လာရမည်ကိုကြားသော် ပီတိဖြစ်သွားသော်လည်း ရှောင်စစ်ဆီမှ စည်းရုံးရေးစကားများသင်ရမည်ကိုတွေးကာ အီလည်လည်ဖြစ်သွားရသည်။ တစ်ဖက်ရှိရှောင်စစ်မှာတော့ ရင်ဘတ်ပုတ်ကာ အာမခံနေတော့၏။ ကျားလိမှာ ယီမိသားစုဝင်များအားကြည့်ကာ သူမသိထားသမျှတို့အားပြောပြလိုက်သည်။

"ကျွန်မဦးလေးရဲ့စကားအရဆို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေက နောက်နှစ်ထဲဖြစ်လောက်တယ်။ အန်တီယီ တစ်ကယ်တော့ ရှန်ဟိုင်းမှာဆို ဒီကလေးတွေရဲ့ပညာရေးရော အန်တီယီနဲ့ ယီချန်အတွက် ဆေးဝါးအ‌ေထာက်အပံ့တို့ ကျန်းမာ‌ေရးစောင့်ရှောက်မှုတို့ရောအတွက်ပါ အရမ်းအဆင်ပြေတယ်လေ။ ‌စီရင်စုမြို့ထဲကထက်ကို အရာရာပိုအဆင်ပြေတယ်။

ဒီနေရာကဇာတိမြေမလို့ သံယောဇဉ်တွယ်နေမှန်း ကျွန်မသိပေမယ့်လူဆိုတာ တိုးတက်ရာတိုးတက်ကြောင်း အမြဲရှာဖွေနေရမယ်လေ။ ပြီးတော့ အန်တီတို့ကို မြို့ထဲပဲနေခိုင်းနေတာမဟုတ်ပါဘူး။ ဒီကို တစ်နှစ်တစ်ကြီမ် နှစ်ကြိမ် အလည်အပတ်သဘောလာလို့ရပါ‌ေသးတယ်။ အဓိက,ကတော့ ရှောင်ဟွေ့တို့တစ်တွေက လုပ်ရဲကိုင်ရဲစူးစမ်းရဲတဲ့အရွယ်လေးတွေဆိုတော့ သူတို့ကိုအမြင်ကျယ်စေချင်တယ်။

သူတို့ရဲ့အမြင်တွေကို ကျဉ်းမြောင်းတဲ့ဒီနေရာလေးမှာတင် ချည်နှောင်မထားစေချင်ဘူး။ ကျွန်မခုနက‌ေပြာခဲ့သလို နိုင်ငံကတစ်နှစ်ပြီးတစ်နှစ် ရှေ့ဆက်တိုးတက်ဖို့ အစီအစဥ်‌ေတွ လုပ်နေချိန်မှာထက်မြက်ပြီးအရည်အချင်းရှိတဲ့ အိမ်က ကလေးတွေကိုလည်းပါဝင်ခွင့်ပြုလိုက်ပါ။ သူတို့‌ေလး‌ေတွရဲ့ အရည်အချင်းနဲ့ဆို ကျရှုံးမှုကိုခံစားရမှာမဟုတ်ပါဘူး။ ပြီး‌ေတာ့ သူတို့နောက်မှာ ကျွန်မတစ်ယောက်လုံးရှိနေပါသေးတယ်။ စိတ်ချပါ အန်တီယီ အန်တီတို့ကိုဒုက္ခရောက်အောင် ကျွန်မမလုပ်ပါဘူး"

အမေယီမှာ ကျားလိစကားကြောင့် အတွေးထဲနစ်မြှပ်သွားပြန်၏။ ကျားလိပြောသည်မှာမှန်ကန်လေသည်။ သူမ၏သားများမှာ တစ်ယောက်ချင်းစီကထူးချွန်ကြသည့်သူများပီပီ လောကကြီးအားအမြင်ကျယ်ကျယ် ကြည့်နိုင်ရန်လမ်းညွှန်ပေးရမည်ပင်။ သို့သော်နုံအသောရွာသူတစ်ယောက်ဖြစ်သည့် သူမမှာတော့ ထိုကိစ္စကိုတာဝန်မယူနိုင်သည်ဖြစ်ရာ ကျားလိအပေါ်သာ ပုံအပ်ထားရ‌ေပလိမ့်မည်။ အမှားအယွင်းဖြစ်ကာ ဒုက္ခရောက်ခဲ့သည်ဆိုပါကလည်း ဤသည်မှာသူမနှင့် ကလေးများ၏အတွေ့အကြုံမပြည့်ဝမှုကြောင့်သာဖြစ်ရာ ကျားလိအပေါ်အပြစ်တင်ရန် မည်သည့်ဒေါသစိတ်မှမထားရက်နိုင်ပါပေ။

"အဒေါ်တို့မင်းကိုယုံပါတယ်။ မင်းကိုမှမယုံရင် အဒေါ်တို့ယုံစားလို့ရမယ့်လူရှိမယ်မထင်ဘူး"

ကျားလိလည်း ယီမိသားစုဝင်များ၏ စိတ်နေသဘောထားကို ‌ေကာင်းကောင်းနားလည်ထား၍သာ မြှောက်စားပေးခြင်းဖြစ်၏။ သူတို့သာသူမအပေါ် မသမာမှုတစ်ခုခုလုပ်ခဲ့လျှင်လည်း စိတ်မကောင်းဖြစ်ရုံသာရှိနိုင်ပြီး ကြောက်ရွံ့‌ေနမည်မဟုတ်ပေ။ သူမ၏မိဘနှစ်ပါးနှင့် အဘိုးအဘွားတို့၏ကောင်းချီးများဖြင့် သူမမှာ ရှန်ဟိုင်းမြို့အတွင်း နဂါးတစ်ကောင်ပမာ အာဏာစက်ရှိလေရာယီမိသားစု၏စီးပွားရေးလုပ်ငန်းများအတွက် ပူပန်နေစရာမရှိချေ။

စီးပွားရေးလုပ်ငန်းတစ်ခုဆိုသည်မှာ အရာရှိဝန်ထမ်းတို့၏မူဝါဒတစ်ရပ်မျှပင် အာဏာရှိမနေပေ။ ထို့ပြင် အစိုးရဝန်ထမ်းများကြားမှ ထွန်းတောက်နေသောနဂါးကြီးဖြစ်သည့် လျိုဇီရွေ့လည်း သူမဘက်တွင်ရှိနေပါသေး၏။ ထိုသို့နောက်ခံများဖြင့် သူမမှာယီမိသားစုလို မိသားစုငယ်လေးအား မကိုင်တွယ်နိုင်စရာအကြောင်းမရှိပေ။

ထိုသို့ဖြင့်ဆွေးနွေးပွဲလေးမှာ အဆင်ပြေပြေအဆုံးသတ်သွားပြီး အိပ်ရာဝင်ရန်ကိုယ်စီအခန်းများထံ ပြန်သွားလိုက်ကြ၏။ ရှောင်‌ေဟွ့မှာတော့ ကျားလိနောက်မှလိုက်လာကာ အကြံတောင်းလာသည်။

"ကျားလိကျဲ ကျွန်တော်ပါလိုက်ခဲ့မှရမှာလား"

ကျားလိမှာ ရှောင်ဟွေ့၏အတွေးကို နားလည်လေသည်။ သူသည် ကျွမ်းဟူအားချန်မထားခဲ့ချင်သည်သာဖြစ်နိုင်၏။ သို့သော် သူသည်ကျွမ်းဟူအားဖွင့်မပြောရသေးပုံပင်။ ထို့ကြောင့် သူမကရှောင်ဟွေ့အား ကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။

"ရှောင်ဟွေ့ အစ်မဆက်ပြောမှာတွေကို နားထောင်ပြီးစိတ်တော့မဆိုးနဲ့။ မင်းကအခုမှ ဆယ့်ငါးနှစ်ပဲရှိသေးတယ်။ ရှေ့ဆက်ရမယ့် မင်းရဲ့အနာဂတ်မှာ အခွင့်အလမ်းတွေဆိုတာ အများကြီးပဲ။ အစ်မက မင်းအနေနဲ့ကျွမ်းဟူကိုမေ့ပစ်ဖို့ပြောနေတာမဟုတ်ဘူးနော်။ မင်းကို သူ့အတွက်ကြောင့်ဆိုပြီး အနာဂတ်တက်လမ်းတွေ ပိတ်ချပစ်လိုက်မှာ မလိုချင်ရုံပဲ။

အစ်မပြောခဲ့တဲ့အတိုင်းနောက်နှစ်ကစပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေက စလာတော့မှာ။ ဒါကဘာအဓိပ္ပာယ်လဲဆိုတာ မင်းသိလား။ အနာဂတ်မှာ ရလာမယ့်အခွင့်အရေးတိုင်းက ထိုက်ထိုက်တန်တန်နဲ့ဆုပ်ကိုင်ထားနိုင်မယ့်လူတွေဆီပဲ ရောက်နိုင်ပြီး အဲ့လူတွေကပဲ ကောင်းမွန်တဲ့ဘဝကိုရနိုင်မယ်ဆိုတာပဲ။ မင်းကငယ်သေးတော့ အချစ်ကဘဝကြီးလို့ ထင်ချင်ထင်နိုင်မယ်။ ဒါပေမယ့် ဘဝဆိုတာအချစ်တစ်ခုထဲနဲ့လည်ပတ်နေတာမဟုတ်ဘူး။ အဲ့ခံစားချက်လေးက ဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုပဲ။

အစ်မကမင်းကို များပြားတဲ့အတွေ့အကြုံတွေနဲ့ အနာဂတ်ခရီးလမ်းကိုကြုံတွေ့စေချင်တယ်။ ခံစားချက်လေးတစ်ခုကြောင့်နဲ့ လက်လျှော့လိုက်တာမျိုးမဖြစ်စေချင်ဘူး။ ပြောရရင် မင်းဘက်ကသာသူ့ကိုတန်ဖိုးထားပြီး မင်းရဲ့အရာရာကိုသူ့အတွက် လက်လျှော့ပစ်ချင်နေတာလေ။ သူ့ဘက်ကရော မင်းလိုလုပ်ပေးနိုင်မလား။ ‌ေဆာရီး အစ်မစကားမှားသွားတယ်...တစ်ယောက်နဲ့တစ်ယောက်ခံစားချက်နဲ့ ခံယူချက်ချင်းမတူတာကိုမေ့သွားခဲ့တာ။ အစ်မ‌ေပြာချင်တာ သူ့ဘက်ကမင်းလိုလုပ်တာ မလုပ်တာထက် မင်းလုပ်ခဲ့သမျှကို နားလည်ပေးနိုင်လား အသိအမှတ်‌ေရာပြုပေးလာနိုင်လား။

သစ္စာရှိရှိချစ်ပေးတာကို အစ်မတန်ဖိုးထားပေမယ့် ပြန်လမ်းမရှိတဲ့ချစ်မေတ္တာအတွက် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အရာတွေကို စွန့်လွှတ်ပစ်လိုက်တာကတော့ မဟုတ်သေးဘူးလို့ အစ်မထင်တယ်။ အဲ့တော့ အစ်မမင်းကို အကြံတစ်ခုပေးမယ်။ ဒီရက်တွေထဲ မင်းသူ့အပေါ်ထားတဲ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းချပြလိုက်။ ပြီးရင် မင်းနဲ့အတူဆက်ရှိပေးနိုင်မလား မပေးနိုင်ဘူးလားဆိုတာကို သေချာစဉ်းစားဆုံးဖြတ်ချိန်ပေးလိုက်ပါ။

မင်းတို့နှစ်‌ေယာက်ကြားမှာ ဒီလောက်အချိန်တွေယူထားကြပြီးပြီပဲ။ သူလည်းမင်းလိုသာဆို မခံစားမိဘဲမနေပါဘူး။ ပြီးတော့ သူကမင်းထက်အသက်ကြီးတဲ့သူမလို့ ပိုပြီးတွေးတောတတ်မှာပါ။ ဒါ့အပြင် သူ့မှာမိသားစုလည်းရှိနေသေးတာဆိုတော့ အဘက်ဘက်ကနေပိုစဉ်းစားနေမိလိမ့်မယ်။ သူ့ကိုစိတ်အေးအေးနဲ့ ဆုံးဖြတ်ချိန်ပေးလိုက်ပါ။ သူကမင်းရဲ့ငယ်ရွယ်တဲ့အသက်ကြောင့် စိတ်မချပဲမယုံကြည်နိုင်ဖြစ်နေနိုင်တယ်။ အဲ့ဒါကတော့ မင်းမှာတာဝန်ရှိသွားပြီ။ ရှောင်ဟွေ့ မင်းတို့သာသတ္တိရှိရှိနဲ့ရင်ဆိုင်ရဲရင် မင်းတို့ကိုကာကွယ်ပေးဖို့ နောက်ခံအနေနဲ့အစ်မရှိတယ်"

ရှောင်ဟွေ့မှာ ကျားလိစကားကြောင့် ဆုံးဖြတ်ချက်တစ်ခုချလိုက်နိုင်သည်။ တစ်ကယ်တော့ သူသည်လည်းမိသားစုနှင့်အတူရှန်ဟိုင်းမြို့ကြီးထံလိုက်သွားချင်၏။ ဤနေရာထက်ပိုမိုကျယ်ပြန့်သော ကမ္ဘာကြီးကိုလည်း တွေ့ချင်ပါသေးသည်။ သို့သော် သူသည်ကျွမ်းဟူအားမထားခဲ့နိုင်ပေ။ ဤရက်များတွင် အကြိမ်ကြိမ်ဖွင့်ပြောရန် ပြင်ဆင်ခဲ့ပေမယ့် ချီတုံချတုံဖြင့်နှောင်းနှေးနေခဲ့သည်။

ယခုတော့ ကျားလိကျဲမှာ သူသာကျွမ်းဟူအားဆွဲခေါ်လာနိုင်ပါက ရှန်ဟိုင်းသို့အတူသွားနိုင်မည်ဟု ပြောလာရာနောက်ဆံတင်းစရာမရှိတော့ပေ။ သူသည်တားမြစ်ထားသောချစ်ခြင်းကိုပင် ချစ်မြတ်နိုးရဲသည်ဖြစ်ရာ ရင်မဆိုင်ရဲသည့်အရာဟူ၍လည်း မရှိတော့ချေ။ ထို့ကြောင့် သူသည်ကျွမ်းဟူအားသတ္တိရှိရှိဖြင့် ဖွင့်ပြောရန်ဆုံးဖြတ်လိုက်တော့သည်။

All Chapters