ဆွေမျိုးသားရင်း (2)
Vol. 13 Ch. 124
တောင်ပေါ်သို့ အပြင်လူ လုံးဝအဝင်မခံသည့် တောက်ကျန့် ကျွင်းဟုန်က ချွင်းချက်အနေဖြင့် မင်းသားငယ်အား ကျောင်းတော်သို့ ဝင်ကာ နာမကျန်းမှုကို ပြန်လည်သက်သာပျောက်ကင်းစေရန် ကုစားမှုအတွက် ခွင့်ပြုပေးခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ မျိုးဆက်ကိုးဆက်မြောက် ကောင်းမွန်ပြည့်စုံသည့်လူတစ်ယောက်ဖြစ်မည့် ကံကြမ္မာကြောင့်ပင်။
ကုကျစ်စုန့် ယန်ဟွေ့ရှန်အား ပထမဆုံးတွေ့ဆုံချိန်တွင် ထိုမင်းသားငယ်၏ အရပ်သည်က သူမ၏ ပုခုံးကိုပင် မမှီသေးပါချေ။
လူငယ်လေးမှာ လှပကျော့ရှင်းသော မျက်လုံးမျက်ခုံးရှိကာ သူ၏ ကလေးဆန်မှုများထဲတွင် နွေးထွေးမှုအရိပ်ယောင်များအား သူမ မြင်တွေ့နေရသည်။
ကျန်းမာရေးအခြေအနေကြောင့် ထိုသူမှာ နွေဦးတွင်ပင် သားမွှေးဝတ်ရုံခြုံလွှမ်းထားရကာ ဖြူဖျော့နေသော မျက်နှာငယ်၊ နီရဲနေသော နားရွက်ဖျားများဖြင့် သူမအား တလေးတစား အရိုအသေပြုခဲ့သည်။
“ကျွန်တော်မျိုး ကုတောက်ကျန့်ကို နှုတ်ဆက်ပါတယ်၊ နှောင့်ယှက်မိတဲ့အတွက်လည်း တောင်းပန်ပါတယ်”
နောင်နှစ်အနည်းငယ်အတွင်း၌ သူမသည်ကား သီးသန့်နေရာတွင်ရှိနေခဲ့ကာ တရားကျင့်ကြံခဲ့သည်။ သူမ အပြင်ထွက်ချိန်တိုင်းတွင် ထိုလူမမာကောင်လေး၏ အရပ်က ပို၍ရှည်လာသည်ကိုတွေ့ရတတ်သည်။
နောက်ဆုံးတွင် သူသည်ကား ကမ္ဘာပေါ်တွင် ထူးခြားသော ချောမောခြင်းများဖြင့် ပြီးပြည့်စုံသည့် လူချောလေးအဖြစ် ကြီးပြင်းလာခဲ့သည်။
သူ၏ ဆွေစဉ်မျိုးဆက်ကိုးဆက်တိုင် ကောင်းမွန်ပြည့်စုံသည့်သူဖြစ်မည့် ကံကြမ္မာကြောင့်လား မသိနိုင်ပါချေ။
ယန်ဟွေ့ရှန်မှာ ကုကျစ်စုန့်မြင်ဖူးသမျှတွင် ဒေါသထွက်လွယ်၊ စိတ်ဆိုးလွယ်သလို အယုံလွယ်လွန်းသည့် လူတစ်ယောက်လည်း ဖြစ်နေခဲ့သည်။
တောင်ပေါ်မှ ထွက်လာလေ့မရှိသောသူများအတွက်ဆိုလျှင် လှည့်စားခြင်းကိုခံရမည်မှာ ဧကန်ပင်။
သူ တောင်ပေါ်သို့ ပြန်ရောက်လာတိုင်း သူမနှင့် တောက်ကျန့်ကျွင်းဟုန်တို့အတွက် အပြင်လောကတွင် ဝယ်ရခက်သည့် တော်ဝင်နန်းတော်မှ ကျောက်စိမ်းရည်၊ ထူးခြားကာ ဈေးကြီးလွန်းသော မှော်ပစ္စည်းလက်နက်များ၊ အလှဆင်ပစ္စည်းများကို ယူလာတတ်လေ့ရှိသည်။
ကုကျစ်စုန့် အိပ်မက်,မက်ခဲ့သည်မှာ သူမ သီးသန့်ဂူအောင်းကျင့်ကြံခြင်း အောင်မြင်သည့်အချိန်တိုင်းတွင် သူမ ပထမဆုံးမြင်တွေ့မည့်အရာက အပြုံးရိပ်သန်းနေတတ်သည့် မျက်လုံးလှလှများနှင့် လူငယ်လေးကို ဖြစ်နေခဲ့သည်။
ထို့နောက် ထိုသူက နွေးထွေးသော အသံဖြင့် ဆိုလိမ့်မည် :
“ဂုဏ်ယူပါတယ်၊ကုတောက်ကျန့်”
ထိုအိပ်မက် အဆုံးသက်ချိန်သည်ကား သူမ ဆင်းရဲဒုက္ခလမ်းစဉ်အား ကျော်ဖြတ်ချိန်တွင်ပင်ဖြစ်ခဲ့သည်။
ကောင်းကင်က တိမ်မည်းများနှင့် ပြည့်နှက်နေခဲ့ပြီး လျှပ်စီးများသည်က ကောင်းကင်ဘုံအား မြင်ရမည့်အလား လင်းလက်နေခဲ့တတ်ကာ မိုးချိန်းသံများမှာလည်း တော်လဲသံကဲ့သို့ပင် ဆူညံလွန်းနေခဲ့သည်။
ထို့နောက် ကောင်းကင်အား ဖြိုခွဲနိုင်သည့် စွမ်းအားပါဝင်သည့် မိုးကြိုးလက်နက်များက မြေကမ္ဘာပေါ်သို့ ပစ်ခွင်းခံလိုက်ရသည်။
ဤတစ်ကြိမ်တွင်တော့ ကုကျစ်စုန့်တစ်ယောက် သူမ မသေဆုံးမှီ ဖြစ်ပျက်ခဲ့သော အရာများအား မြင်တွေ့လိုက်ရသည်။
လျှပ်စီးကြောင်း ဝင်းခနဲ လက်သွားချိန်၌ အလင်းရောင်က စူးရှလင်းလက်လွန်းသောကြောင့် သာမန်လူများဆိုလျှင် တင်္ဒဂမျှ မျက်စိစူးကာ မြင်နိုင်မည်မဟုတ်ပါချေ။
ထိုအလင်းရောင်၏ အောက်တွင် သူမ မြင်တွေ့လိုက်ရသည်မှာ အဝေးတစ်နေရာမှ ပုံရိပ်လေးတစ်ခုက မိုးကြိုးခ,သွားသည့် နေရာ၏အလယ်တည့်တည့်သို့ အလောတကြီး ပြေးလာနေခြင်းကိုပင်။
သူမ ယန်ဟွေ့ရှန်၏ မျက်နှာအား ရှင်းလင်းစွာ မြင်တွေ့လိုက်ရချိန်၌ သူမ၏ မျက်လုံးများက ရုတ်တရက်ပွင့်လာခဲ့ကာ ထ,ထိုင်လိုက်မိသည်။
အိပ်ရာခေါင်းရင်းတွင် ထားရှိသော ကျောက်စိမ်းလက်ချောင်းရိုးလေးကအဖြူရောင်မှိန်မှိန်တောက်ပနေဆဲဖြစ်ကာ ကုကျစ်စုန့် ထိုလက်ချောင်းရိုးအား ဝေခွဲမရသည့် ခံစားချက်များဖြင့် စူးစိုက်ကြည့်နေခဲ့မိသည်။
သူမ၏ အတိတ်အား ဘေးလူတစ်ယောက်၏ နေရာမှ အိပ်မက်ထဲတွင် မြင်တွေ့လိုက်ရပြီးနောက် သူမ ယခင်က သတိမထားခဲ့မိသော အကြောင်းအရာအချို့အား သတိပြုမိလာသည်။
ဤအချိန်တွင် ကောင်းကင်ကြီးက နေမင်းကြောင့် ထွန်းလင်းနေခဲ့ပြီဖြစ်သည်။ သူမ ဖုန်းအား ကောက်ကိုင်ကာ ဖွင့်လိုက်ချိန်တွင် ‘ဝိဉာဉ်ရေးရာ’အစီအစဉ်၏ ဝန်ထမ်းမှ သူမအတွက် ဇာတ်ညွှန်းနှင့် ပဥ္စမမြောက်အပိုင်းအတွက် ရိုက်ကူးရေးနေရာအား ပို့ထားသည်ကို မြင်လိုက်ရသည်။
သူမ အိပ်မက်အား ပြန်မတွေးမိစေရန်အတွက် ကုကျစ်စုန့် အိပ်ရာထကာ ဇာတ်ညွှန်းကို ဖတ်လိုက်ပြီးနောက် ခရီးဆောင်အိတ်အား ပြင်ဆင်လိုက်သည်။
နောက်တနေ့ နေ့လည်ခင်း၌ သူမ ရိုက်ကွင်းရှိရာသို့ လေယာဉ်ဖြင့် ထွက်ခွာလာခဲ့လေသည်။
မနက် ၇နာရီခွဲအချိန်တွင် ‘ဝိဉာဉ်ရေးရာ’ပရိုဂရမ်အဖွဲ့က တိုက်ရိုက်ထုတ်လွှင့်မှုအား အစီအစဉ်တကျဖြစ်စေရန် ပစ္စည်းကိရိယာနှင့် ကွန်ရက်တို့အား ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေခဲ့ပြီ။
နောက်ဆုံးထုတ်လွှင့်မှုသည်ကား အင်တာနက်ပေါ်တွင် ကြည့်ရှုသူ ၈သန်းကျော်အထိ ရောက်ရှိခဲ့သောကြောင့် အစီအစဉ်အဖွဲ့ တင်ထားသည့် နှစ်နာရီကြာ edit ဗီဒီယိုသည်လည်း variety show ထိပ်တန်းစာရင်းတွင် ပထမဖြစ်ခဲ့သည်။
“ပြိုင်ပွဲဝင်တွေရဲ့ အခန်းထဲက အင်တာနက်က လိုင်းကောင်းနေမှရမှာနော်!”
“ဒါကြီးကို မြန်မြန်ယူသွားကြပါဦး၊ သီးသန့် မှတ်ချက်ရေးတဲ့ နေရာရော ဖွင့်ထားပြီးကြပြီလား?”
ဆူညံပွက်လောရိုက်နေသည့် ကြားမှ တိုက်ရိုက်ထုတ်လွှင့်မှု စတင်ရန် အချိန်သုံးမိနစ်သာ ကျန်တော့သည်။
ဒါရိုက်တာအဖွဲ့မှ လူများက မှောင်မည်းနေသော မော်နီတာအား စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ကြသည်။
လက်ထောက်ဒါရိုက်တာက သူ့ဘောင်းဘီအား ပွတ်လိုက်ရင်း ပြောနေသည်။
“ဒီတစ်ခေါက်ကျရင် တိုက်ရိုက်ထုတ်လွှင့်ပြီး ငါးမိနစ်အတွင်းမှာ ဝင်လာမယ့်သူ ငါးသိန်းကျော်မယ်လို့ ထင်ကြလား?”
ပရိုဂျူဆာကတော့ အားတက်သရောဖြင့် ပြောလာသည်။
“ဖြစ်နိုင်ပါတယ်၊ အရင်တစ်ခေါက်တုန်းက လေးသိန်းကျော်တယ်ဆိုတော့ ဒီတစ်ခေါက် ငါက လေးသိန်းကျော်မယ်လို့ မှန်းထားတယ်!”
“အဲဒါကတော့ နည်းနည်းတော့ များသွားပါပြီ၊ ဘယ်သူမှ မနက်ခင်း ဒီလောက်အစောကြီးမထလောက်ဘူး”
တခြားလူများ စကားပြောနေချိန်တွင် လီချန်ဟဲကတော့ စကားမပြောနိုင်ဘဲ screen ကိုသာ စိုက်ကြည့်နေခဲ့သည်။
ရှစ်နာရီအချိန်အတိဖြစ်သွားသည်နှင့် ပြိုင်ပွဲဝင် ခုနှစ်ယောက်လုံး၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းများမှ ကင်မရာများက တစ်ပြိုင်တည်း ပွင့်လာခဲ့သည်။
မျက်နှာပြင် စတင်,ပွင့်လာသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းများထဲမှ လူများက တမဟုတ်ချင်း တိုးဝင်လာခဲ့ကြလေသည်။
[တိုက်ရိုက်ထုတ်လွှင့်တာကတော့ စပြီဟေ့!]
[ငါကတော့ စုန့်စုန့်ကိုပဲ ကြည့်ဖို့လာတာပါ၊ ပြဿနာတွေကို ဖြေရှင်းပြီး သရဲဖမ်းပေးတတ်တဲ့ ငါ့ရဲ့ဇနီးလေး ဒီတစ်ခေါက်ပွဲမှာ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတာလေးလုပ်ပြရင် သိပ်ကောင်းမှာပဲ]
ကျပ်ညှပ်နေသော မှတ်ချက်များထဲတွင် မှုန်မှိုင်းနေသော မှတ်ချက်အချို့လည်း ရှိကာ မြေအောက်ကမ္ဘာမှ သရဲတစ္ဆေများသည်လည်း ပြိုင်ပွဲကို ကြည့်ရှူ့ရန်အတွက် သက်ရှိလူများနီးနီး စိတ်လှုပ်ရှားနေကြသည်။
ဖွင့်ပြီး ငါးမိနစ်အကြာမှာပင် တိုက်ရိုက်ထုတ်လွှင့်ခန်းများတွင်ရှိသော လူဦးရေစုစုပေါင်းက တစ်သန်းကျော်သွားပြီဖြစ်သည်။
ထိုလူပမာဏက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားကြသော ဒါရိုက်တာများပင် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်ကာ မျက်နှာများပင် နီရဲလာကြသည်။
လက်ထောက်ဒါရိုက်တာမှ သူ၏ စိတ်လှုပ်ရှားမှုအား မျိုသိပ်ကာ ဆိုလုသည်။
“ကုကျစ်စုန့်ရဲ့ ဒေတာကတော့ အကောင်းဆုံးပဲ၊ ကြည့်ရှု့သူတစ်ဝက်လောက်ကတော့ သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကိုရောက်သွားကြတာ”
ကုကျစ်စုန့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိတ်သတ်များအား နှုတ်ဆက်လိုက်သည်။
“ကြည့်ရှုသူအားလုံးပဲ မင်္ဂလာပါ၊ ဒီအစီအစဉ်ရဲ့ အပြန်အလှန်ဆက်သွယ်မယ့် အပိုင်းကတော့ အရင်ကလိုမျိုး တစ်ယောက်ချင်းစီ ဗေဒင်ဟောတာပါပဲ၊ နောက်နှစ်မိနစ်ကြာရင် ကျွန်မ ကျပန်းရွေးချယ်တာကို စလိုက်ပါမယ်၊ ဆွေးနွေးဖို့အတွက် စိတ်ဝင်စားတဲ့သူတွေကတော့ ‘ပါဝင်မည်’ကို နှိပ်ထားပေးကြပါ”
တိုက်ရိုက်ထုတ်လွှင့်မှုခန်း၏ ပြင်ပ၊ အဆောက်အဦးတစ်ခု၏ အပေါ်ဆုံးအထပ်မှ စတူဒီယိုတစ်ခုထဲတွင်:
ရှေးရိုးရာတရုတ်ဝတ်စုံ ဝတ်ဆင်ထားသော ဆံဖြူ၊မုတ်ဆိတ်ဖြူနှင့် လူကြီးတစ်ယောက်က မှော်လက်နက်အား သိမ်းဆည်းလိုက်ပြီးနောက် အခန်းထဲမှ တစ်ဦးတည်းသော လူအား ကြည့်ကာ ပြောလိုက်သည်။
“မစ်စတာယန်၊ မင်းရဲ့ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ဝိဉာဉ်က ထိန်းချုပ်ဖို့အတွက် ပို,ပိုပြီး ခက်နေပါပြီ၊ လက်ရှိအတိုင်းဆို ငါလုပ်နိုင်တာက သူ့ကို လွတ်ထွက်မသွားအောင် ထိန်းချုပ်ဖို့အတွက် မင်းကို ကူညီနိုင်ရုံလောက်ပဲရှိတယ်၊ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ အခြေအနေကောင်းမှာ မဟုတ်ပါဘူး”
လူအိုကြီးက ပြောပြီးနောက် ထိုလူအား ကြောက်ရွံ့သည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ရုံးခန်း၏ ပင်မထိုင်ခုံတွင် လူငယ်လေးတစ်ဦးထိုင်နေခဲ့သည်။ သူက စားပွဲပေါ်တွင် လက်ထောက်၍ မေးတင်ကာ စိတ်မရှည်စွာ သည်းခံနေရသည့် ပုံစံမျိုးဖြစ်နေခဲ့လေသည်။
လူအိုကြီး၏ မျက်လုံးထဲတွင် ထိုလူငယ်လေး၏ တစ်ကိုယ်လုံးအား အမည်းရောင်လေထုကြီးက ဖုံးလွှမ်းထားကာ သူ့အား ဝါးမြိုမထားရုံတမယ်ပင် ဖြစ်နေခဲ့ပြီ။
ဤလူငယ်လေးမှာ ထူးခြားဖြစ်စဉ်ဖြစ်ကြောင်း သိထားကာ သူ၏ အချက်အလက်သည်လည်း ထူးခြားမှုတစ်ခုသာ ဖြစ်မနေခဲ့ပါလျှင် သူနှင့် သူ့နောက်မှ တောက်ဓမ္မဂိုဏ်းတို့သည်လည်း ယခင်တည်းက တရားခံအဖြစ် သမုတ်ခံရကာ အသတ်ခံရမည်ဖြစ်သည်။
လူအိုကြီးက ဆက်ပြောသည်။
“လွန်ခဲ့တဲ့ နှစ်ရက်လောက်က မကောင်းမှုဝိဉာဉ်တွေကို နှင်နိုင်တဲ့ ကျောက်စိမ်းလက်ချောင်းရိုးတစ်ခု ပေါ်လာတယ်၊ အဲဒါကိုသာ ရနိုင်မယ်ဆိုရင် မင်းရဲ့ကိုယ်ထဲက မကောင်းမှုဝိဉာဉ်တွေကို သက်သာအောင်တော့ လုပ်နိုင်လိမ့်မယ်”
“အဲဒါ တည်နေရာကိုရှာပြီး ပိုင်ရှင်ဆီက ဝယ်နိုင်ဖို့ ကူညီပေးပါမယ်”
“ငွေရေးကြေးရေးက ပြဿနာမဟုတ်ဘူး”
လူငယ်လေးက ခေါင်းကိုမော့ကာ အေးစက်စွာ ပြောလိုက်သည်။
“ဒါဆိုရင် ရှုတောက်ကျန့်ကပဲ ကူညီပေးပါဦး”
ရုံးခန်းထဲတွင် တစ်ယောက်တည်း ကျန်တော့သည့်အချိန်၌ မကောင်းဆိုးဝါးဝိဉာဉ်များ၏ ထိန်းချုပ်ထားရသည့် ဒဏ်ကြောင့် သူ၏ မျက်ခုံးများက မျက်မှောင်ကျုတ်ထားကာ ခန္ဓာကိုယ်တွင်းမှ လေဖိအားသည်လည်း အင်မတန် နိမ့်နေခဲ့သည်။
မကြာလိုက်ပါချေ၊ စားပွဲပေါ်မှ ဖုန်းက အသံမြည်လာခဲ့သည်။
သူ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ချိန်တွင် သတိပေးချက်တစ်ခုအား တွေ့လိုက်ရသည်။
[လူကြီးမင်း follow လုပ်ထားတဲ့ ပညာရှင်က တိုက်ရိုက်ထုတ်လွှင့်နေပါပြီ~]
ယန်ချန် ခေတ္တမှင်သက်သွားပြီးနောက် အချိန်နှင့် နေ့စွဲအား ကြည့်လိုက်ရာ ယနေ့သည် ‘ဝိဉာဉ်ရေးရာ’အစီအစဉ်၏ အပိုင်းသစ်စမည့်ရက်ဖြစ်ကြောင်း မှတ်မိသွားခဲ့ရပြီး ဆော့ဖ်ဝဲအား အဆောတလျင်ဖွင့်လိုက်လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲသို့ ဝင်ရောက်ပြီးချိန်တွင် နန်းဆန်သော မျက်ခုံး၊မျက်လုံးများနှင့် မိန်းမလှလေးတစ်ဦးက မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။
“… ပါဝင်ဖို့အတွက် အချိန်က တစ်မိနစ်လောက်ပဲ ကျန်ပါတော့တယ်”
‘ပါဝင်မည်’ဆိုသော ခလုတ်လေး ပေါ်လာသည်ကိုမြင်လျှင် သူ အလောတကြီး နှိပ်ချက်နှိပ်လိုက်သည်။ နှိပ်လိုက်မိခြင်းက သေချာသွားလျှင် သူ မသိစိတ်အရ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြန်သည်။
အချိန်သည် တရွေ့ရွေ့ဖြတ်သန်းနေပြီးနောက် ယန်ချန်၏ နှလုံးခုန်သံသည်လည်း မြန်ဆန်လာခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းမှ ပြိုင်ပွဲဝင်နံပါတ်(7)က စကားဆက်ပြောလိုက်သည်။
“ရွေးချယ်မှုပြီးပါပြီ၊ ပါဝင်ခဲ့သူတွေထဲက ‘နို့လက်ဖက်ရည် ကျွတ်ကျွတ်လေး ပေါ်ပေါ်’ ဆိုတဲ့ နာမည်ပြောင်နဲ့ ကြည့်ရှုသူ ရှိပါသလား? ကျွန်မနဲ့ ဆက်သွယ်ပေးနိုင်မလား?”
သူ၏နာမည် မဟုတ်ကြောင်း ကြားလိုက်ရပြီးနောက်တွင် ယန်ချန်မှာ စိတ်သက်သာရာရသကဲ့သို့ သက်ပြင်းတစ်ချက်ချလိုက်သော်လည်း တစ်ချိန်တည်းမှာပင် သူ၏ မျက်ခုံး၊မျက်လုံးများတွင်တော့ ဝမ်းနည်းမှုအရိပ်အယောင်များ ရှိနေခဲ့သည်။
*