← Chapters

အမြွာ (2)

Vol. 13 Ch. 126

အမြွာ (2)

Vol. 13 Ch. 126

“မင်းရဲ့ ထိမ်းမြားခြင်းလမ်းကြောင်း တစ်ခုတည်းကို ကြည့်ရတာကတော့ မင်းနဲ့ အခုလက်ရှိချစ်သူနဲ့က တကယ်ကို ချောမွေ့တဲ့ ဆက်ဆံရေးရှိနေတုန်းပဲ၊

ယေဘုယျအနေနဲ့ ပြောရရင် ဆက်ဆံရေး ကောင်းကောင်းရှိတဲ့အတွက် မဆိုးဘူး၊ ဒါပေမယ့် ရလဒ်တွေကို သေသေချာချာ တွက်ဖို့အတွက်ဆိုရင် မင်းရဲ့ သတို့သားလောင်းဓာတ်ပုံ ပို့ပေးဖို့ လိုလိမ့်မယ်၊ ဓာတ်ပုံနဲ့ဆိုရင်တော့ သူ့မျက်နှာကို ဖတ်ပြီး ဘယ်လိုအခြေအနေလဲ ဆိုတာကို ပြောလို့ရလိမ့်မယ်”

“ကောင်းပါပြီ ၊ ကျွန်မပို့လိုက်မယ်နော်”

ဖန်းမြောင် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ သူမအနေဖြင့် သူမ၏ ချစ်သူကို ယုံကြည်သော်ငြားလည်း စိတ်လှုပ်ရှားမှုကိုတော့ တားဆီး၍မရပေ။

မကြာခင် ကုကျစ်စုန့်၏ သီးသန့် မက်ဆေ့ချ်နေရာတွင် မွေးနေ့စာကြောင်းနှင့်အတူ ဓာတ်ပုံနှစ်ပုံရောက်လာခဲ့သည်။

တစ်ပုံသည်ကား လူငယ်စုံတွဲတို့ အပြင်သွားစဉ် ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်သည်။ ထိုပုံထဲတွင် ဖန်းမြောင်က သူမ၏ သတို့သားလောင်းလက်အား တွဲထားကာ ပြုံးနေခဲ့သည်။

နောက်တစ်ပုံသည်ကား သူမ ချစ်သူဖြစ်သူ၏ သီးသန့်ဓာတ်ပုံဖြစ်ပေသည်။

ဓာတ်ပုံထဲမှ  ဖန်းမြောင်၏ချစ်သူကောင်လေးသည်ကား အရပ်ရှည်ကာ ခန္ဓာကိုယ်တောင့်တင်းသူဖြစ်ပြီး မျက်နှာသည်လည်း တည်ကြည်လေးနက်မှုတို့ရှိနေသည်။

ဖန်းမြောင်နှင့် တွဲရိုက်ထားသည့်ပုံထဲတွင် ထိုသူက ပြုံးမနေခဲ့သော်လည်း သူ၏ မျက်လုံးထဲတွင်တော့ နူးညံ့မှုအား မြင်တွေ့နေရသည်။

ကုကျစ်စုန့် မော့ကြည့်လိုက်ချိန်တွင် ဖန်းမြောင်၏ စိတ်ပူပန်နေသော မျက်နှာလေးအား မြင်လိုက်ရ၍

သူမ ပြုံးလိုက်မိသည်။

“အရမ်းစိတ်ပူပန်မနေပါနဲ့၊ မင်းရဲ့ သတို့သားလောင်းက မဆိုးပါဘူး၊ တကယ်ကို မင်းနဲ့ လိုက်ဖက်တဲ့ လက်တွဲဖော်ပါပဲ၊ သူ့ရဲ့ မျက်နှာကို ဖတ်ကြည့်ရတာလည်း မင်းတစ်ယောက်တည်းကပဲ သူ့ရဲ့ ထိမ်းမြားမှုလမ်းကြောင်းမှာ ရှိနေခဲ့တယ်၊

မင်းက သူ့ရဲ့ ပထမဆုံးချစ်ရသူပဲ၊ ငူ့ရဲ့ဇာတာခွင်အရ ကံကြမ္မာကြယ်စင်ကလည်း အင်မတန် ဖြောင့်မတ်တဲ့အတွက်ကြောင့် နောင်အနာဂတ်မှာတောင် သစ္စာမရှိမှာတို့၊ ချစ်သူအသစ်ရှာမှာတို့တွေကို လုပ်မယ့်လူစားမျိုးမဟုတ်တဲ့အတွက် စိတ်ပူစရာမရှိပါဘူး”

ထိုစကားကို ကြားရမှသာ ဖန်းမြောင် ရင်ထဲမှ အလုံးကြီးကျသွားသကဲ့သို့ သက်ပြင်းချနိုင်သည်။

သူမ၏ ချစ်သူဖြစ်သူမှာ ကောင်းမွန်လွန်းပြီး စရိုက်ကောင်းသည့် လူတစ်ယောက်ဖြစ်ကြောင်း ကြားလိုက်ရသည့်အတွက်လည်း သူမနှလုံးသားထဲတွင်လည်း ကြည်နူးသွားခဲ့ရသည်။

သို့ဆိုပါက သူမပဲ အတွေးလွန်နေသည်လော?

လက်မထပ်ခင် အတွေးလွန်ကာ စိတ်ပူပန်ခြင်းပေလော?

ဖန်းမြောင်စိတ်တွင် သို့လော၊သို့လော တွေးနေခဲ့မိသည်။

ကုကျစ်စုန့်မှ ဆက်ပြောလိုက်သည်။

“မင်းရဲ့ သတို့သားလောင်း ပုံစံကို ကြည့်ခြင်းအားဖြင့် သူက ငယ်စဥ်တုန်းက ပျော်ရွှင်မှုတော့ သိပ်မရှိခဲ့ဘူး၊ မိဘတွေရဲ့ နန်းတော်တွေကလည်း အစီအစဉ်ကျမနေဘူး၊  အငြင်းအခုန်တွေ အများကြီးရှိခဲ့ပုံပဲ၊

သူတို့က မင်းရဲ့ သတို့သားလောင်း အသက် လေးနှစ်၊ ငါးနှစ်လောက်မှာ ကွာရှင်းခဲ့ကြတာပဲ”

“သူက သူ့ရဲ့မိခင်နဲ့ ကြီးပြင်းလာတာ၊ အစကတော့ အခြေအနေက တော်တော်လေး ခက်ခဲခဲ့လိမ့်မယ်၊ သူလည်း ခဏခဏ အပြောင်းအရွေ့လုပ်ခဲ့ရလိမ့်မယ်၊ ဒါပေမယ့် နောက်ခပ်ငါးနှစ်လောက်အတွင်းမှာ သူ့မိခင်ကို ကိုယ်စားပြုတဲ့ ဆက်ဆံရေးလမ်းကြောင်းက တိုးတက်လာတယ်၊ ဆိုလိုတာက အဲဒီအချိန်မှာ မိခင်ဖြစ်သူရဲ့ ဘဝအခြေအနေက တိုးတက်လာလိမ့်မယ်၊

မိသားစုအခြေအနေကတော့ သူဆယ်ကျော်သက်အရွယ်လောက်မှာ တော်တော်လေး အဆင်ပြေလာလိမ့်မယ်၊

သူ့ရဲ့ မျက်ခုံး၊ မျက်လုံးနဲ့ နှာခေါင်းရိုးတွေအကုန်လုံးကလည်း သင့်တင့်တယ်၊ သူ့ရဲ့ စာပေကြယ်စင်ကံကြမ္မာကလည်း အရမ်းကောင်းတဲ့အတွက် သူက တည်ငြိမ်တဲ့ အကျင့်စရိုက်ရှိပြီး ကိုယ့်ကိုကိုယ် အမြဲ လှုံ့ဆော်အားပေးနေတဲ့ သူမျိုးပဲ၊

အခုဆိုရင်လည်း သူက ပညာရေးမှာ တော်တော်လေး အောင်မြင်နေလိမ့်မယ်”

ဖန်းမြောင် ခေါင်းကို ဆက်တိုက်ငြိမ့်သည်။

“ကျွန်မတို့ စေ့စပ်ပွဲမှာတော့ သူ့အမေတစ်ယောက်တည်းရှိတာအမှန်ပဲ၊ သူ့အမေက ကျွန်မတို့ရဲ့ နေရာနားက နာမည်ကြီးအလုပ်ရုံပိုင်ရှင်လေ၊

သူမက အသက်၃၀ကျော်လောက်တုန်းက ယမကာဈေးကွက်အသေးလေးကို စပြီး လုပ်ကိုင်ခဲ့တာ၊ အခုတော့ စတိုးဆိုင်တွေ အများကြီးဖွင့်ပြီး အင်တာနက်ပေါ်မှာလည်း နာမည်ကြီးနေခဲ့ပြီ၊

အဲဒီ မိသားစု စီးပွားရေးကို အောက်ခြေကနေ စတင်ခဲ့တာ၊ အန်တီက အရမ်းကြင်နာတတ်ပြီး ကျွန်မတို့ရဲ့ မိသားစုဆိုလည်း သူမရဲ့အကြောင်း‌ကို ပြောလိုက်တာနဲ့ အရမ်းကို လေးစားကြတယ်”

သတို့သားလောင်း၏ မိခင်သည်ကား အင်မတန်ထက်မြက်သည့် အမျိုးသမီးဖြစ်ခြင်းကြောင့် သားဖြစ်သူသည်လည်း အားကိုးရကာ ရင့်ကျက်သူတစ်ယောက်ဖြစ်လာခြင်းပင်။ သူမ၏ မိသားစုဝင်တွေကလည်း ယခုလက်ထပ်ထိမ်းမြားမှုအား အင်မတန် သဘောကျနေခဲ့ကြသည်။

“သူ့ရဲ့ ညီအစ်ကိုနန်းတော်ကလည်း တော်တော်လေး နီးစပ်တာကို တွေ့လိုက်ရတယ်၊ သူ့မှာ ညီတစ်ယောက်ရှိတာပဲ၊အမေ့ဝမ်းထဲမှာ တစ်ချိန်တည်း ဖြစ်တည်လာခဲ့တဲ့ အမွှာညီအစ်ကိုတစ်ယောက်ပဲ ဖြစ်လိမ့်မယာ”

ဖန်းမြောင် ကြက်သေ,သေသွားသည်။ သူမ၏ ခင်ပွန်းလောင်းတွင် ညီတစ်ယောက်ရှိနေကြောင်း တစ်ခါမှ မကြားဖူးကြောင်း ပြောရန်ပြင်လိုက်ပြီးမှ တစ်ခုခုကို သတိရသွားခဲ့သည်။

ဖန်းမြောင်က အင်တာနက်ပေါ်တွင်လည်း ရှာဖွေကြည့်ခဲ့သလို သူငယ်ချင်းများနှင့်လည်း စကားပြောဖြစ်ခဲ့သည်။

အားလုံးကတော့ သူမ၏ ခင်ပွန်းလောင်းမှာ လူကောင်းတစ်ယောက်ဟုသာ တွေးထင်နေခဲ့ကြသည်။ သူမကသာ မင်္ဂလာမဆောင်ခင် အတွေးလွန်နေခြင်းလားဟု အမေးခံခဲ့ရသည်။

သူမ၏ စိတ်ထဲတွင် ထိုအတွေးများက တစ်ချိန်လုံးကြီးစိုးနေကာ ခံစားချက်များ မကောင်းတော့ချေ။

ထို့ကြောင့် ယနေ့တွင် သူမက အခြားပရိတ်သတ်များနှင့်အတူ ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ပါဝင်ခဲ့မိသည်။

တိုက်တိုက်ဆိုင်ဆိုင် ရွေးချယ်ခံလိုက်ရမည်ဟု ထင်မထားခဲ့ပေ။

ဖန်းမြောင်က မပြောပြနိုင်သော ပြဿနာများအား ထုတ်ပြောပြခဲ့သည်။

“ပြီးတော့ ကျွမ်မကို စိတ်ကသိကအောက်ဖြစ်စေတာ နောက်တစ်ချက်ရှိသေးတယ်၊ မစေ့စပ်ခင်တုန်းက ငါတို့နှစ်ယောက် သဘောတူထားခဲ့တာ ရှိတယ်၊ မင်္ဂလာဆောင်ပြီးမှပဲ အတူတူအိပ်ကြမယ်လို့လေ၊

ဒါပေမယ့် အခု စေ့စပ်ပွဲလည်းပြီးသွားတေခ့၊ သူက တမင်သက်သက်ရော မတော်တဆပါ…  ကျွန်မအပိုတွေ ပြောနေတာ မဟုတ်ဘူးနော်၊ တကယ်ကို ထူးဆန်းနေလို့ပါ..”

“ဒါပေမယ့် အကြိမ်တိုင်း အကြိမ်တိုင်း ၊ ကျွန်မတို့ အဆုံးထိ သွားလို့ မရခဲ့ဘူး..”

ဖန်းမြောင်က အနည်းငယ်တော့ တွေဝေနေခဲ့သော်ငြား သူသည်ကား သူမ နှစ်ပေါင်းများစွာ တွဲလာသော ချစ်သူဖြစ်ပြီး လက်ထပ်တော့မည့်သူလည်း ဖြစ်သောကြောင့် သဘောတူခဲ့သည်။

ချစ်ရသူ၏ မတင်မကျဖြစ်နေသည့် မျက်နှာအား  မြင်ရပြီးနောက် သူမ သဘောမတူချင်သော်လည်း လက်ခံခဲ့သည်။

သို့သော် ထိုအချိန်တိုင်းတွင် မမျှော်လင့်ထားသည့် ကိစ္စများ အမြဲလိုလိုဖြစ်တတာကာ ခရီးဆုံးအထိ မရောက်အောင် နှောင့်ယှက်နေသကဲ့သို့ ဖြစ်လေ့ရှိသည်။

နှစ်ကြိမ်၊သုံးကြိမ် ဆက်တိုက်ဖြစ်ပြီးနောက်တွင် သူမ၏ နှလုံးသားထဲတွင် သံသယအပင် ပေါက်ဖွားလာပြီးနောက် ချစ်သူဖြစ်သူတွင် တစ်ခုခုတော့ လွဲနေပြီဟုသာ ထင်နေခဲ့မိသည်။

ထို ကိုယ်ရေးကိုယ်တာကိစ္စများအား ဖွင့်ပြောပြီးနောက် ဖန်းမြောင်တစ်ယောက် ရှက်ရွံ့လာကာ နားရွက်များပင် နီရဲနေခဲ့သည်။

သူမ စကားများအား သေသေချာချာနားထောင်ပြီးနောက် ကုကျစ်စုန့် မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်သည်။

“မင်း ခုနက ပို့လိုက်တဲ့ ပုံတွေက ဘယ်အချိန်တုန်းက ရိုက်ထားတာလဲ?”

ဖန်းမြောင် ခေတ္တမျှ တွေဝေသွားပြီးနောက် ပြန်ဖြေသည်။

“တစ်လတော့ ကျော်ပြီထင်တာပဲ။ သူ ကျွန်မကို လက်ထပ်ခွင့်တောင်းပြီးနောက် ကျွန်မတို့ Xမြို့ကို ခရီးထွက်ကြတယ်လေ? ပုံတွေက အဲဒီတုန်းက ရိုက်ထားတာ”

ကုကျစ်စုန့် တွေးတောနေသည်။

“အခု လတ်တလော ရိုက်ထားတဲ့ ဓာတ်ပုံမျိုးရော မရှိဘူးလား?”

“သူ စပြီးတော့ ပြောင်းလဲနေတယ်လို့ ထင်တဲ့အချိန်လောက်က ပုံ၊ အဲ့လိုပုံမျိုး ပို့ပေးလို့ရလား?”

“မရှိဘူး… …”

ဖန်းမြောင် အနည်းငယ်ရှက်သွားပြီးမှ ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။

“ခဏလေး၊ နှစ်ပုံတော့ ရှိလိမ့်မယ်!”

သူမ ဖုန်းကို ထုတ်လိုက်ပြီးနောက် မင်္ဂလာဓာတ်ပုံများအား ရှာဖွေလိုက်သည်။

စေ့စပ်ပြီးနောက် သူမနှင့် ခင်ပွန်းလောင်းတို့  မင်္ဂလာဓာတ်ပုံအား အနောက်တိုင်းစတိုင်ရော၊ တရုတ်ရိုးရာစတိုင်ပါ ရိုက်ကူးဖို့ရန် တိုင်ပင်ခဲ့ကြသည်။ ထိုဆိုင်သည်ကား သူတို့ ပထမဆုံးသွားခဲ့သည့် ဆိုင်ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ရက်က ဓာတ်ပုံဆိုင်မှ  ဓာတ်ပုံများ ပြန်လည်ပြင်ဆင်ပြီးသည့်နောက်တွင် ပုံအရေအတွက်ပြည့်ရန် နှစ်ပုံထပ်ရိုက်ရန် လိုသေးသည်ဟု စာပို့လာသည်။ ထို့ကြောင့် သူတို့ နောက်တစ်ခေါက်သွားကာ ထပ်ရိုက်ခဲ့ရသည်။

ဖန်းမြောင်နှင့် ခင်ပွန်းလောင်းတို့က အလုပ်ဆင်းချိန်ကိုရောက်မှ ထိုဆိုင်သို့ အလောတကြီး ထပ်သွားခဲ့ကြရသည်။

ဖန်းမြောင် ထိုအကြောင်းကို တွေးတောကာ သူမ၏ဖုန်းနှင့် ထိုဆိုင်သို့ မေးမြန်းခဲ့ပြီးနောက် ခဏအကြာ ဓာတ်ပုံဆိုင်မှ ဖန်းမြောင်အား ပြန်ရိုက်ထားသည့် ဓာတ်ပုံအသစ်နှစ်ပုံအား ပို့လာခဲ့လေသည်။ သူတို့က အဘယ်ကြောင့် အလောတကြီးလိုနေသည်လဲဟုပင် မေးခွန်းထုတ်လိုက်သေးသည်။

ကုကျစ်စုန့် ဓာတ်ပုံအသစ်နှစ်ပုံထဲမှ သတို့သားဝတ်စုံနှင့် အမျိုးသားအား ထပ်ကြည့်လိုက်ပြီးနောက် သူမ၏ မျက်နှာ အမူအယာက အလွန်အမင်း အေးစက်သွားခဲ့သည်။

ဖန်းမြောင် စိတ်ထဲ မသက်မသာဖြစ်သွားရလေ၏။

“စုန့်စုန့် ဘာဖြစ်လို့လဲဟင်? တစ်ခုခု အဆင်မပြေလို့လား?”

“ ဒီမင်္ဂလာဆောင်ဓာတ်ပုံကို ရှင်နဲ့ နောက်ထပ်သွားရိုက်တဲ့သူက ရှင့်ရဲ့ ခင်ပွန်းလောင်း မဟုတ်တော့ဘူးလို့ကျွန်မ သံသယဝင်မိတယ်”

ဖန်းမြောင်တစ်ယောက် မျက်ဝန်းများ ပြူးကျယ်သွားကာ ကုကျစ်စုန့် သူမကို နောက်ပြောင်နေသည်ဟုပင် ခံစားလိုက်ရသည်။

ဒါက သူမရဲ့ခင်ပွန်းလောင်း မဟုတ်ဘူးဆိုတာ ဘာကို ပြောချင်တာလဲ?

သူက လူစားလဲခံလိုက်ရတာလား?

မနေ့က သူတို့ မခွဲခင်မှာ ခင်ပွန်းလောင်းဖြစ်သူကက သူမ၏ခေါင်းအား နူးနူးညံ့ညံ့လေး ပွတ်သပ်ပေးခဲ့သေးသည်။

သူ့၏လက်ကောက်ဝတ်ဘေးက အမာရွတ်လေးနှင့်၊ နားရွက်နောက်မှာ ရှိသော မှဲ့ပြောက်လေးတို့မှာလည်း ယခင်ကအတိုင်း တထေရာထဲပင် ရှိနေသေးသည်။ ထိုကဲ့သို့ အသေးစိတ်လေးများသည် ဟန်ဆောင်တုပလို့ မရနိုင်ချေ။

ဖန်းမြောင်၏ မေးခွန်းကို စောင့်မနေတော့ပဲ ကုကျစ်စုန့် ဆက်ပြောလိုက်သည်။

“ကျွန်မ ရှင့်ခင်ပွန်းလောင်းရဲ့ ညီဖြစ်သူရဲ့ ဓာတ်ပုံလေးကို ရရင်တော့  အတည်ပြုလို့ ရနိုင်လိမ့်မယ်”

*

All Chapters