အခန်း (၁၂၈)
Vol. 13 Ch. 128
သူတို့၏ မိသားစုထဲတွင် မောင်ငယ်ဖြစ်သူက ဘုရင်တစ်ပါးပင်။ သူသည်ကား ယာဂုကို စားကာ နို့မှုန့်သောက်ခဲ့ရပြီး ဟင်းခွက်ထဲမှ အသားတုံးသည်လည်း သူ့အတွက်သာဖြစ်ခဲ့သည်။
ညီအစ်မများကတော့ ကျေးကျွန်များသာ ဖြစ်ပြီး တစ်ခါတစ်ရံတွင် အင်္ကျီအသစ်၊ ဖိနပ်အသစ်မဆိုထားနှင့်။ စားစရာ ပန်ကိတ်များပင် လောက်ငှအောင် မရခဲ့ကြပေ။
နောက်ပိုင်းတွင် ကျောင်းတက်ရမည့် အရွယ်သို့ ရောက်လာကြသည်။
အကယ်၍ ရွာကျောင်းမှ ဆရာများသာလျှင် အိမ်တိုင်ရာရောက် လာမပြောခဲ့ပါလျှင် သူမ ကျောင်းတက်ခွင့်ပင် ရလိုက်မည်မဟုတ်ပေ။
ထိုအချိန်တွင် ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုခြင်းက တစ်ဖန်ပြန်လည်ထုတ်ဖော်လာခဲ့သည်မှာ နှစ်အနည်းငယ်ရှိပြီဖြစ်သည်။ သူမတို့ ရွာကဲ့သို့ တောင်ပေါ်ရွာငယ်လေးမှ ပညာမဲ့ကာ တောဆန်လှသော သူမမိဘများတောင်မှ ကောလိပ်ကျောင်းသားများမှာ မည်မျှ ဂုဏ်ယူစရာဖြစ်ကြောင်း သိရှိကြသည်။
မစ်စ်ကျိုးက ထိုအချိန်က ရွာထဲ၌ အဆင့်အကောင်းဆုံး၊ အတော်ဆုံးကလေးဖြစ်ခဲ့သည်။
သူမအား ပညာသင်ပေးသည့် ဆရာမှ သူမအနေဖြင့် ဝင်ခွင့်စာမေးပွဲအောင်မြင်ကာ မြို့ပြမှ တက္ကသိုလ်တက်နိုင်အောင် ကြိုးစားရမည်ဟု မှာကြားခဲ့သည်။
ပြင်ပကမ္ဘာတွင် ကျား၊မခွဲခြားမှုမရှိ။
တက္ကသိုလ်တက်နိုင်မှသာလျှင် သူမ ဘဝအား ပြောင်းလဲနိုင်မည်ဖြစ်သည်။
တက္ကသိုလ်တက်ခွင့်ရခြင်းသည် မစ်စ်ကျိုး၏ အရေးအကြီးဆုံး တစ်ခုတည်းသော အိပ်မက်ဖြစ်ခဲ့သည်။
မိဘများ၏ ခွင့်ပြုချက်ရနိုင်ရန်အတွက် သူမ ရွာထဲတွင် အမြဲအဆင့်(၁)ရအောင် ကြိုးစားသည်။ ထို့အပြင် နွားကျောင်းသည်၊ မြက်ရိတ်သည်၊ ကြက်စာ၊ဘဲစာများ ကျွေးကာ အလုပ်ကြိုးစားပြခဲ့သည်။
သို့သော် သူမ အထက်တန်းကျောင်း တတိယနှစ်သို့ရောက်သောအခါတွင် ထိုအိပ်မက်များက မွေးမိဘများ၏ လက်ဖြင့် ရိုက်ချိုးခံလိုက်ရသည်။
သူမသည်ကား မိဘများ၏ စီစဉ်မှုဖြင့် ရွာထဲမှ လူကုံတံသားတစ်ယောက်အား တင်တောင်းငွေ ယွမ်၁၅၀၀၊ စက်ဘီးတစ်စီးတို့ဖြင့် ‘အတင်းအကြပ်လက်ထပ်ပေးခြင်း’ ခံလိုက်ရသည်။
ယနေ့အချိန်ထိပင် မစ်စ်ကျိုးက မိဘများမှ သူမအား ကြိုးနှင့်တုတ်ကာ တုတ်နှင့် ရိုက်နှက်နေရင်း ပြောခဲ့သည့် စကားအား လုံးဝမမေ့နိုင်သေး။
“ကောလိပ်ကျောင်း တက်ချင်တယ်ဆိုတဲ့စကားကိုတွင်တွင်ပြောပြီး မိန်းမတစ်ယောက်က စာသင်နေလို့ရော ဘာသောက်သုံးတည့်မှာမို့လို့လဲ? ကိုယ့်ကိုကိုယ် တန်မတန်တောင် ကြည့်မိရဲ့လား?
ငါတို့က နင့်ကို ကျွေးမွေးထားတာ နင် လျှောက်ပြီး စိတ်ကစားနေဖို့ မဟုတ်ဘူး၊ ငါက ငါ့သမီးတွေအကုန် လင်ပေးစားဖို့ စီစဉ်ပေးခဲ့တာ၊ နင် လက်မထပ်ချင်လည်း လက်ထပ်ရမှာပဲ!!”
မစ္စကျိုးမှာ အသက် ၁၇နှစ်အရွယ်တွင် နှလုံးကြေကွဲစွာဖြင့် တီးမှုတ်သံများ၊ ဗုံသံများနှင့်အတူ မင်္ဂလာဦးခန်းတွင်းသို့ အရောက်ပို့ခံလိုက်ရသည်။
သူမ၏ ဘဝကြီး ဤအတိုင်းပြီးဆုံးသွားတော့မည်ဟု ထင်ခဲ့သော်လည်း မည်သူက ထင်ထားမည်နည်း?
သူမ ဘဝ၏ ကံဆိုးမိုးမှောင်ကျခြင်းသည်ကား ထိုအိမ်ထောင်ရေးမှာ အစပိုင်းသာ ရှိသေးသည်။
ကုကျစ်စုန့် အေးအေးမှန်မှန်ဖြင့် ဆက်ပြောသည်။
“ရှင့်ရဲ့ ခင်ပွန်းဟောင်းက ပညာမတတ်တဲ့ လူဆိုးကောင်ဖြစ်ပြီး ရှင့်ကိုလည်း အရမ်းနှိပ်စက်တယ်၊ ကလေးမွေးပြီးနောက် သူ လိမ္မာပြီး ငြိမ်သွားလိမ့်မယ်လို့ ရှင်တွေးခဲ့မိပေမယ့် ပိုဆိုးလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူးလေ”
“နောက်ဆုံး ရှင်လုံးဝ မခံစားနိုင်တော့တဲ့ အချိန်၊ ကလေးတွေ ငါးနှစ်ပြည့်တဲ့အချိန်မှာ ရှင်ကွာရှင်းပြီး အဲ့ဒီ ထိမ်းမြားခြင်းလမ်းကြောင်းကို လုံးဝ ယတိပြတ် ဖြတ်ချလိုက်တယ်၊ ရှင့်ရဲ့ သားအကြီး၊ ဖန်းမြောင်ရဲ့ သတို့သားကို ခေါ်လာခဲ့ပြီး ခင်ပွန်းဟောင်းကတော့ သားအငယ်ကို ခေါ်ထားလိုက်တယ်”
ခင်ပွန်းဟောင်း၏အကြောင်း ကြားလိုက်ချိန်တွင် မစ်စ်ကျိုး၏ မျက်နှာက ရွံရှာစက်ဆုပ်မှုအပြည့်ပင်ဖြစ်လာခဲ့သည်။
သူမ အသက်ကို နှစ်ချက် ပြင်းပြင်းရှူလိုက်ပြီးနောက် အံကို ကြိတ်ကာ ဆိုသည်။
“အဲဒီခွေးကောင်က တကယ့်ကို လူယုတ်မာပဲ! ငါ့ဘဝမှာ နောင်တအရဆုံးက သူ့ကို စောစော မကွာရှင်းမိတာပဲ? နောက်ပြီး ကလေးနှစ်ယောက်လုံး သူတို့ လက်ထဲက ခေါ်မလာနိုင်တာတစ်ခုပဲ….”
“မဟုတ်ရင် ရှောင်ရှင်းက… အခုလို… ရှောင်ရှင်းက….”
စကားပြောနေရင်းနှင့်ပင် မစ္စကျိုး၏အသံက ငိုသံပါလာသည်။
သူမ လက်ဖြင့် မျက်လုံးများကို ကာလိုက်ပြီးနောက် ပူဆွေးမှုကို ဖြေသိမ့်ရန် ကြိုးစားလိုက်သည်။
လက်ထပ်ပြီးနောက် ထိုလူယုတ်မာသည်ကား သောက်လိုက်၊စားလိုက်၊ လောင်းကစားလုပ်လိုက်နှင့် မိသားစု ပိုင်ဆိုင်မှုများအား ဖြုန်းတီးပစ်ခဲ့သည်။
အရက်မူးလာလျှင် ဇနီးသည်အား ရိုက်နှက်ရန်ရှာတတ်သည်။
မစ်စ်ကျိုး၏ တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာ၊ဒဏ်ချက်အပြည့်နှင့် နှာခေါင်းရိုးကျိုးကာ မျက်နှာသည်လည်း ဖူးယောင်နေတတ်သည်။
ထိုလူယုတ်မာ၏ မိသားစုဆိုသည်မှာလည်း သူမအား ဇွတ်အတင်းလက်ထပ်ယူထားရသဖြင့် ငယ်စဉ်က ထွက်ပြေးမည်စိုးရိမ်သောကြောင့် အမြဲ မျက်စိဒေါက်ထောက် ကြည့်နေကြသည်။
သူမ ကိုယ်ဝန်ရှိချိန်တွင်တော့ ထိုအခြေအနေများက အနည်းငယ် ကောင်းမွန်လာခဲ့သည်။
အမြွှာသားနှစ်ယောက်အားမွေးပြီးချိန်တွင် ခင်ပွန်းသည်ဘက်မှ မိသားစုများ အပျော်လုံးပင် ဆို့မတတ် ပျော်နေကြသည်ကြောင့် သူမရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့သည်။
ကလေးမွေးပြီးချိန်တွင် ခင်ပွန်းဟောင်းက လူကောင်းဖြစ်ကာ ဆိုးမိုက်မှုများ ရပ်တန်းက ရပ်လိမ့်မည်ဟု မျှော်လင့်ခဲ့မိသည်။
သို့သော် သူမ မီးတွင်းမှ မထွက်ရသေးခင်မှာပင် အိမ်တွင်းအကြမ်းဖက်ခံခဲ့ရပြန်သည်။
ခင်ပွန်းဟောင်းက အရက်မူးလာလျှင်၊ အပြင်တွင် ဒေါသထွက်စရာ ကြုံလာလျှင်၊ ပိုက်ဆံပြတ်သွားလျှင် အိမ်သို့ ပြန်ရောက်မှ သူမအပေါ် ဒေါသပုံချကာ သောင်းကြမ်းလေ့ရှိသည်။
သားငယ်နှစ်ယောက်လုံးက ထိတ်လန့်ကာ မျက်နှာလေးများသည်လည်း ဖြူဖျော့နေတတ်ခဲ့သည်။
အမြဲတမ်းလိုလိုပင် သားကြီးဖြစ်သူမှာ သူ၏ အားနည်းသော ခန္ဓာကိုယ်ဖြင့် ဖခင်အား တွန်းတိုက်ကာ ငိုယိုရင်း ‘အမေ့ကို မရိုက်ပါနဲ့’ ဟု အော်ဟစ်တတ်သည်။
သားငယ်သည်လည်း မြေပေါ်တွင် လူးလိမ့်ကာ ငိုကြွေးလေ့ရှိသည်။
ခင်ပွန်းဟောင်း၏ မိသားစုများသည်လည်း အမြဲတမ်း ကလေးငယ်များကို ခေါ်သွားကာ သူမကိုတော့ မသိကျိုးကျွန်ပြုသွားကြသည်။
တစ်ရက်၌ မစ်စ်ကျိုးမှာ အခန်းထောင့်လေးတွင် ခွေလဲနေကာ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း နာကျင်ကိုက်ခဲနေခဲ့သည်။
သူမ အခန်း၏ နံရံများအား အသက်မဲ့စွာ စိုက်ကြည့်နေရင်း အင်မတန် စိတ်ပူပန်လာခဲ့သည်။
သူမသည်ကား အသက် ၂၅နှစ်ပင် မပြည့်သေးပေ။ သို့သော် ‘သေဆုံးခြင်း’အား မျက်လုံးထဲတွင် မြင်နေရပြီဖြစ်သည်။
သူမ၏ အနာဂတ်တွင် နာကျင်မှုသာ စောင့်ကြိုနေပြီး ခင်ပွန်းသည်၏ ညှင်းပန်းနှိပ်စက်မှု၊ ခင်ပွန်းသည်မိသားစု၏ မသိကျိုးကျွန်ပြုမှုများကို ဆက်တိုက်ခံစားနေရမည်သာဖြစ်သည်။
ထိုကဲ့သို့ ဘဝမျိုးအား သူမအနေဖြင့် ဆက်၍ နေထိုင်နေရန် လိုအပ်ပါသလား??
သူမ ပြန်လည်သင့်မြတ်ဖို့ရန် မကြိုးစားတော့ပေ။ ထိုလူ့တိရိစ္ဆာန်အား ကွာရှင်းရန်သာ ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် သူမ ရွာလူကြီးထံသို့ သွားကာ သူမကိုယ်ပေါ်မှ ဒဏ်ရာများ၊ အမာရွတ်များအား ပြသခဲ့ပြီး ဆုံးဖြတ်ချက်ချခဲ့သည်။
ထိုကဲ့သို့ ဝေးလံခေါင်းပါးသည့် ဒေသမျိုး၌ပင် ကွာရှင်းပြတ်စဲခြင်းသည် တရားရုံး၏ အဆုံးအဖြတ်ရယူရန် လိုအပ်ကာ ရွာသားများမှလည်း အရှက်ရစရာကိစ္စဟု နှာခေါင်းရှုံ့ကြသည်။
ခင်ပွန်းသည်၏ မိသားစုများ၊ ရွာသားများနှင့် သူမ၏ အစ်မများကပင် သူမအား မကွာရှင်းရန် ဖျောင်းဖြကြသည်။
“ရန်မဖြစ်တဲ့ လင်မယားဆိုတာ ဘယ်မှာ ရှိလို့လဲ? ကိုယ့်ကလေးတွေကိုလည်း ပြန်ကြည့်ပါဦး၊ နင်သူတို့ကို ဖအေမရှိတဲ့ ကလေးတွေဆိုပြီး အနှိမ်ခံရစေချင်လို့လား?”
သို့သော် မစ္စကျိုး၏ ဆုံးဖြတ်ချက်ကတော့ ပြတ်သားလွန်းသောကြောင့် သူမ မိသားစုနှင့်ပင် အဆက်အသွယ်ဖြတ်ခဲ့သည်။
အကယ်၍ သူမအား ကွာရှင်းခွင့်မပြုပါလျှင် ရုံးတော်သို့တက်ကာ မြို့ကြီးမှ ရဲနှင့်တိုင်ပြီး ကွာရှင်းခွင့်ရနိုင်ရန်အထိ ဆုံးဖြတ်ထားခဲ့သည်။
သူမ ကလေးနှစ်ယောက်ကိုလည်း ခေါ်သွားမည်ဖြစ်သည်။ ယောက္ခမများက အိမ်တွင်ရှိကာ ခင်ပွန်းဟောင်းသည်လည်း ‘သွေး’ကို တန်ဖိုးထားသောကြောင့် ကလေးနှစ်ယောက်အား ရိုက်နှက်မည်မဟုတ်သော်လည်း ထိုကဲ့သို့ အဘိုးအဘွား၊ ထိုကဲ့သို့ ဖအေနှင့် ကြီးပြင်းလာပါက ကလေးနှစ်ယောက်၏ ဘဝသည်လည်း ကောင်းနိုင်မည်မဟုတ်ကြောင်း သူမသိသည်။
သို့သော် ခင်ပွန်းဟောင်း၏ မိသားစုမှ ခွင့်ပြုမည်ဟု ထင်ပါသလော?
သူတို့၏စိတ်ထဲတွင် ဤမိန်းမသည် အင်မတန်ရက်စက်လှသည်ဟု ထင်ကြသည်။ မိသားစုအား အရှက်ရစေရုံသာမက သူတို့၏ အဖိုးတန်မြေးများကိုလည်း ခေါ်သွားချင်သေးသည်။
နှစ်ဝက်ခန့် ရှုပ်ထွေးနေခဲ့ပြီးနောက် နောက်ဆုံးတွင် မစ္စကျိုးမှာ ကလေးတစ်ယောက်၏ အုပ်ထိန်းခွင့်ကိုသာ ရခဲ့ပြီး သားအကြီးအား ခေါ်၍ ထွက်သွားခဲ့သည်။
ထိုအချိန်က သူမသည်ကညး ထိုမိသားစုထံမှ အမြန်ဆုံးထွက်သွားချင်စိတ်သာရှိခဲ့မိသည်။
သူမစိတ်ထဲတွင်တော့ ပို၍ ချိုချာသာသာရှိတတ်သော၊ ယောက္ခမများက ပို၍ ချစ်သော သားငယ်က ခင်ပွန်းဟောင်းအိမ်တွင် ကျန်ခဲ့ခြင်းမှာလည်း ကောင်းလွန်းသည်ဟုတော့ မခံစားရပေ။
သို့သော် သူမသည်ကား အိမ်မှ လက်ဗလာနှင့်သာ ထွက်လာခဲ့ရသောကြောင့် သားကြီးဖြစ်သူမှာ သူမနှင့် အတူ လမ်းပေါ်တွင် နေကာ အတူတူ ဒုက္ခခံခဲ့ရသည်။
မစ္စကျိုးအနေဖြင့် ထိုအချိန်က သားငယ်အား ထားခဲ့မိခြင်းသည် အနာဂတ်တွင် နာကျင်စရာ၊ နောင်တရစရာ ဖြစ်လာလိမ့်မည်ဟု တွေးမထားခဲ့မိပေ။
သူမ စိတ်ကို ပြန်ထိန်းလိုက်ပြီးနောက် ကင်မရာအား နီမြန်းနေသော မျက်လုံးများဖြင့် ကြည့်ကာ စကားစသည်။
“တောင်းပန်ပါတယ်၊ ငါနည်းနည်း စိတ်မထိန်းနိုင်ဖြစ်သွားတယ်”
“ရပါတယ် မစ္စကျိုး၊ ခဏလောက် နားလိုက်ဦးမလား?”
ကုကျစ်စုန့် မေးလိုက်သည်။
သို့သော် သူမက နှုတ်ခမ်းများအား တင်းတင်းစေ့ထားရင်း ခေါင်းရမ်းသည်။
“ရပါတယ်၊ ငါတကယ်အဆင်ပြေပါတယ်”
ထိုစကားကို ကြားပြီးနောက် ကုကျစ်စုန့် ဆက်ပြောသည်။
“ကွာရှင်းပြီး အစပိုင်းနှစ်တွေမှာ ရှင်က နေ့တိုင်း အလုပ်မျိုးစုံကို လုပ်ခဲ့တယ်၊ သားအကြီးအတွက် မူကြိုကျောင်းရှာတာကလွဲလို့ ကျန်တဲ့ ငွေတွေအားလုံးက လုပ်ငန်းသစ်စတင်ဖို့ စုဆောင်းခဲ့တယ်၊ နှစ်နည်းနည်းလောက် ကြာတော့ ရှင် ဆေးလိပ်နဲ့ အရက်ဆိုင်တစ်ဆိုင်ကို ဝယ်လိုက်နိုင်ခဲ့တယ်၊
နောက်ထပ် ဟိုတယ်လုပ်ငန်းစုတွေထဲမှာ ရင်းနှီးမြှုပ်နှံနိုင်လာပြီး ဆိုင်သစ်တွေလည်း ဖွင့်ခဲ့တယ်၊ ငွေတွေတော့ တော်တော်လေး ရှာနိုင်ခဲ့ပြီး တော်တော်လည်း ခက်ခဲခဲ့တယ်”
“အခြားတစ်ဖက်မှာတော့ ရှင့်ရဲ့ ခင်ပွန်းဟောင်းကတော့ ဘာမှ ဆက်မလုပ်တော့ဘူး၊ ကျွန်မဖတ်တာ မမှားဘူးဆိုရင် သူက ရှင်ပို့ပေးတဲ့ ပိုက်ဆံတွေနဲ့ သာယာနေခဲ့တာပဲ”
မစ္စကျိုး ကူကယ်ရာမဲ့သည့် အမူအယာဖြင့် ဆိုသည်။
“အဲဒီလူက တကယ့်ကို ခွေးသားရေနဲ့လူပါပဲ၊ ဒါပေမယ့် ငါ့မှာလည်း ရွေးချယ်စရာမရှိဘူးလေ၊ သူ့ဘဝကို လျစ်လျူရှု့နိုင်ပေမယ့် ရှောင်ရှင်းအပေါ်မှာ အကြွေးတွေ အများကြီးတင်နေတယ်လေ..ရှောင်ရှင်းကို ပစ်မထားနိုင်ခဲ့ဘူး….”
သူမ၏ သားကြီးမှာ ငယ်စဉ်ထဲက စကားနည်းကာ အနေအေးသော်ငြား သိတတ်သည်။ သူက အလုပ်ကြိုးစားခဲ့ပြီး မုန့်ဖိုးဆိုသည်မှာလည်း မလိုအပ်ခဲ့ပေ။ ကျောင်းစာတွင်လည်း အတော်ဆုံးထဲက ဖြစ်ကာ ထိုသားကြီးက သူမအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့သည်။
သားငယ်ကတော့ ငယ်စဉ်ထဲက အားပျော့ကာ အငိုသန်သည်။ စကားကိုလည်း ချိုသာအောင် ချွဲနွဲ့၍ပြောတတ်သည်။
သူမ၏ ယောက္မများမဆိုနှင့်၊ သူမကိုယ်တိုင်သည်လည်း မကွာရှင်းခင်က သားငယ်အား ပို၍ ဂရုစိုက်ကြင်နာခဲ့သည်။
ကွာရှင်းပြီးနောက် ရှောင်ရှင်းက ခင်ပွန်းဟောင်းနှင့် မည်သို့ နေထိုင်နေသည်ကို သူမ သိချင်မိသည်။
သူမ ငွေရှာနိုင်ချိန်တွင် သားငယ်အား ဆက်သွယ်ရန် ကြိုးစားခဲ့သည်။
သို့သော် သူမထွက်သွားချိန်တွင် သားငယ်ဖြစ်သူမှာ ငယ်ရွယ်လွန်းသကဲ့သို့ ခင်ပွန်းဟောင်း၏ မိသားစုသည်လည်း သူမအား သူတို့မိသားစု ရွာတွင် မျက်နှာပျက်အောင် လုပ်သည်ဟုတွေးကာ မုန်းတီးနေကြသည့်အတွက် သားငယ်ဖြင့် သူမအား ဆက်သွယ်ခွင့်မပေးခဲ့ပေ။
သားငယ်သည်လည်း အမေဖြစ်သူက ဖခင်ဖြစ်သူအားကွာရှင်းကာ သူ့ကို ပစ်ထားခဲ့သည်ဟု တွေး၍ သူမအား မုန်းတီးနေခဲ့သည်။ ဖခင်ဖြစ်သူကိုချန်ထားကာ သူမနောက်သို့ လိုက်မလာချင်ခဲ့ပေ။
မစ္စကျိုးကြားရသည်မှာ သားငယ်က ငယ်စဉ်ထဲက ကျောင်းစာညံ့သည်။ အတန်းလစ်ကာ တစ်နေကုန် ဂိမ်းဆော့နေခဲ့ပြီး အဆင့်မှာလည်း ဆိုးရွားလွန်းသည်ကြောင့် ဒုတိယအဆင့်နည်းပညာအထက်တန်းကျောင်းပင် တက်ခွင့်မမှီပေ။
သူမ သားငယ်အတွက် ဝမ်းနည်းသလို ရှက်လည်း ရှက်မိသည်။
မိခင်တစ်ယောက်အနေနဲ့ ထိုကဲ့သို့ ဉာဏ်ရည်ထက်သော ကလေးကို ယခုလိုပုံစံဖြစ်လာစေရသည်အတွက် တာဝန်ရှိသည်ဟု ခံစားခဲ့ရသည်။
သို့သော် ဖုန်းခေါ်ဆိုသည့် အကြိမ်တိုင်းတွင်လည်း သားငယ်က သူမ၏ရင်အား လေသံမာမာဖြင့် ထိုးနှက်စမြဲပင်။
“ကျုပ်ကို အရင်က ပစ်ခဲ့တုန်းကရော အားမနာဘူးပေါ့? ရွာထဲက ကလေးတွေက ကျုပ်ကို အမေမရှိတဲ့ကောင်ဆိုပြီး ဝိုင်းခေါ်ကြတာ၊ အဖေနဲ့ အဘိုး၊အဘွားတို့ကိုလည်း တစ်ရွာလုံးက လှောင်ရယ်ခဲ့ကြတာ၊ အခုမှ လာပြီး သားကို ချစ်ပါတယ်ဆိုပြီး လာဟန်ဆောင်ပြမနေစမ်းပါနဲ့!!”
*