အခန်း (၁၃၀)
Vol. 13 Ch. 130
“အဲ့လိုအမြွှာမျိုးကို သဘာဝလွန်ပညာရပ်မှာ မွေးချင်းအမွှာလို့လည်း ခေါ်တတ်ကြတယ်၊ သူတို့ရဲ့ ထူးခြားချက်က ဘာလဲဆိုတော့ ခန္ဓာတစ်ခုတည်းမှာ ဝိဉာဉ်နှစ်ခုရှိနေတာမျိုးပဲ”
ထပ်တူညီသည့် အမြွှာများသည်ကား သီးသန့်ခန္ဓာကိုယ်တစ်ခုစီဖြစ်နေခြင်းမဟုတ်ဘဲ မျိုးအောင်သည့် ဥတစ်လုံးတည်းမှ ခန္ဓာနှစ်ခုအဖြစ် မွေးဖွားခဲ့ခြင်းကြောင့်သာဖြစ်သည့်အတွက် တချို့နေရာများတွင် သူတို့အား တစ်ဦးတည်းဟူ၍ ခေါ်လို့ရနိုင်သည်။
သူတို့ကြားတွင် စိတ်ချင်း ဆက်သွယ်မှုရှိနိုင်ကာ တစ်ယောက်ခံစားနေသည်ကို အခြားတစ်ယောက်က သိနိုင်သည်မှာလည်း ထိုအကြောင်းကြောင့်သာလျှင်ဖြစ်သည်။
ကုကျစ်စုန့်၏ အတိတ်ဘဝတွင် တောက်ဓမ္မဂိုဏ်း၌ အမြွှာတောက်ကျန့်ပညာရှင်နှစ်ဦးရှိခဲ့သည်။ သူတို့က ညီအမများဖြစ်ကာ တရုတ်ဓားကောက်တိုများ အသုံးပြုကြသည်။
သူတို့နှစ်ယောက် တိုက်ခိုက်နေချိန်တွင် စကားတစ်ခွန်းမှပြောရန်မလိုအပ်ခဲ့ချေ။ အကြည့်တစ်ချက်နှင့်ပင် တစ်ယောက်ကို တစ်ယောက် ကူညီဖြည့်ဆည်းပေးနိုင်ကြသည်။
သူတို့ တစ်ယောက်ချင်းစီ တိုက်ခိုက်သည့် အရည်အချင်းက သာမန်မျှသာ ဖြစ်သော်ငြား နှစ်ယောက်ပေါင်း၍ တိုက်ခိုက်ပါက သူတို့အား အနိုင်ယူရန် အင်မတန်ခက်ခဲလှသည်။
ရွှမ်းမင်တွင်လည်း အမြွှာတို့၏ ကိုယ်ခန္ဓာနှင့် ပတ်သတ်သည့် ဆန်းကြယ်မှုများအား မှတ်တမ်းတင်ထားခြင်းများ ရှိခဲ့သည်။
ဥပမာဆိုရလျှင် အမြွှာတစ်ယောက် ဒဏ်ရာရခဲ့ပါလျှင် အခြားတစ်ယောက်၏ စွမ်းအင် သို့မဟုတ် အတွင်းအားက မြန်ဆန်စွာသက်သာလာအောင် ကူညီပေးလိမ့်မည်ဖြစ်သည်။
အတခြား ဥပမာတစ်ခုကတော့ အမြွှာများက ကိုယ်ခံပညာရပ်တစ်ခုအား အတူလေ့ကျင့်မည်ဆိုပါလျှင် သူတို့၏ ကျင့်ကြံမှုအား ပို၍ မြန်ဆန်အဆင့်မြင့်စေနိုင်သည်။
ဝိဉာဉ်ခြင်း တူညီခြင်းသည်မှာလည်း အမြွှာများ၏ ထူးခြားချက်တစ်ခုပင်ဖြစ်သည်။
အခြားလူများအတွက်ကတော့ ခန္ဓာကိုယ်နှင့် ဝိဉာဉ်မကိုက်ညီသည့်အတွက် ကိုယ်အား အပိုင်စီးရန် အင်မတန် ခက်ခဲကာ ပြင်ဆင်ရန်လည်း အချိန်အကြာကြီးယူရသည်။
ကျရှုံးနိုင်ချေလည်း များလှသည်။
သို့သော် အမြွှာများအတွက်တော့ တစ်ယောက်၏ ခန္ဓာကိုယ်ကို တစ်ယောက် ဝင်ရောက်ရသည်မှာ လွယ်ကူလွန်းလှသည်။
သူတို့၏ ဝိဉာဉ်များက ပုံစံလည်း ဆင်တူကာ ဝိဉာဉ်မီးတောက်များလည်း တူညီကြသည်။ ထို့ကြောင့် အမြွှာများအနေဖြင့် တစ်ယောက်ကိုယ်ထဲတွင် ဝင်ရောက်နေရာယူရသည်မှာ လွယ်ကူရုံသာမက တစ်ချိန်တည်းမှာပင် ထူးခြားပညာရှင်များအတွက်လည်း တစ်ဖက်လူ၏ ဝိဉာဉ်အား ဖမ်းယူရန်မှာ လွယ်ကူလွန်းလှသည်။
ထို့ကြောင့်သာလျှင် ဝိဉာဉ်အား မြေအောက်ကမ္ဘာသို့ ခေါ်ဆောင်သွားသည့် ယင်အရာရှိက လွဲမှားနေကြောင်း သတိမထားမိခြင်းပင်။
ကုကျစ်စုန့် အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
“ရှင့်ရဲ့ သားငယ် ချန်ရှင်းက နည်းလမ်းတစ်ခုခုကို သုံးပြီးတော့ ကျိုးဟန်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးလိုက်တာပဲ၊ အခုဆိုရင် ခန္ဓာကိုယ်အခွံကတော့ ကျိုးဟန်ဖြစ်ပေမယ့် အတွင်းက ဝိဉာဉ်ကိုယ်ကတော့ ချန်ရှင်းရဲ့ ဝိဉာဉ်ဖြစ်နေပြီ”
မစသကျိုးနှင့် ဖန်းမြောင်တို့ ကျိုးဟန်၏ ရုပ်ရည်နှင့် အသွင်အပြင်တို့အားကြည့်ကာ မခွဲခြားနိုင်ဘဲ စိတ်ထဲတွင်တော့ ‘ကျိုးဟန်’တစ်ယောက် ပြောင်းလဲသွားသည်ဟုသာ စိတ်ထဲတွင် ခံစားနေရသည်မှာ မထူးဆန်းတော့။
ဖန်းမြောင် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီးနောက် သူမမျက်နှာ ချက်ချင်း ပျက်သွားခဲ့သည်။
“ဒါဆို အဲဒီတုန်းက ဖြစ်ခဲ့တာတွေက….”
“မင်းကို ဇွတ်အတင်း ဖိအားပေးနေတာကလည်း ချန်ရှင်းပဲ”
ဖန်းမြောင်မှာ ရှက်ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့ကာ အော်ဟစ်ကျိန်ဆဲပစ်လိုက်ချင်သော်ငြား မစ္စကျိုးက ဘေးမှာ ရှိနေသောကြောင့် စိတ်ကို လျှော့လိုက်ရသည်။
“ဘာလို့ ဒီလို လုပ်ရတာလဲ? ငါက သူ့ရဲ့ မရီးလေ၊ သူ့အပေါ်မှာရော ငါဘာများ လုပ်ခဲ့မိလို့လဲ!?”
“ကျိုးဟန်ကရော? ငါ့ခင်ပွန်းလောင်းရဲ့ ဝိဉာဉ်က ခန္ဓာကိုယ်ကနေ ထွက်သွားတော့ ဘာဖြစ်သွားမှာလဲဟင်?”
ကုကျစ်စုန့်၏ လေသံက တည်ငြိမ်အေးဆေးနေဆဲပင်။
“ချန်ရှင်းက ကျိုးဟန်ရဲ့ ခန္ဓာကိုယ်ကို မောင်ပိုင်စီးလိုက်ပြီး ဝိဉာဉ်ဆွဲထုတ်ခံလိုက်ရချိန်မှာ ကျိုးဟန်ရဲ့ ဝိဉာဉ်က သဘာဝအတိုင်း ချန်ရှင်းကိုယ်ထဲကို ရောက်သွားမှာပဲ၊ ပြောရရင် ဝိဉာဉ်ချင်း လဲလိုက်တဲ့သဘောပါပဲ”
မစသကျိုး၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဒါ… ဒါပေမယ့် ရှောင်ရှင်းက သေသွားပြီလေ!”
“အမှန်ပဲ”
ကုကျစ်စုန့်၏ နှုတ်ခမ်းထောင့်စွန်းတို့က တွန့်ကွေးရုံပြုံးလိုက်သော်ငြား မျက်ဝန်းများသည်ကတော့ သွေးအေးလွန်းလှသည်။
“ကျိုးဟန်က ဝိဉာဉ်ထုတ်ခံရပြီး ညီဖြစ်သူရဲ့ ကိုယ်ထဲကို ရောက်သွားတော့ သူရဲ့ မကြာခင်မှာ လက်ထပ်ပြီး ပျော်ရွှင်ရတော့မယ့် ဂုဏ်ကျက်သရေရှိယောင်္ကျားတစ်ယောက်ဘဝကနေ ချက်ချင်းလိုပဲ ဆေးသမား၊ ဒုက္ခိတဘဝကို ရောက်သွားရတယ်?
သူအကူအညီတောင်းချင်ပေမဲ့ အဲဒီခန္ဓာကိုယ်ထဲမှာ ပိတ်မိနေခဲ့ပြီး ဆက်သွယ်စရာလည်း မရှိတာကြောင့် ကူကယ်ရာ မဲ့နေခဲ့ရှာတယ်”
“ချန်ရှင်းကတော့ သူ့အစ်ကိုရဲ့ ကျန်းမာပြည့်စုံတဲ့ ခန္ဓာကိုယ်နဲ့ ဘဝကို ရထားတာတောင်မှ လုံလောက်တယ်လို့ မထင်သေးဘူး၊ ဒီအဖြစ်အပျက်တွေ လူသိသွားမှာ၊ ပေါ်သွားမှာကို ကြောက်နေခဲ့တယ်၊
အဲလို ပေါ်သွားခဲ့ရင် သူ ဒုက္ခိတခန္ဓာကိုယ်ထဲကို ပြန်ရောက်သွားမှာကို စိုးရိမ်နေခဲ့တယ်? ဒီတော့ သူက ဒီလောက်နဲ့ပဲ ရပ်မသွားခဲ့ဘူး”
“သူက ‘ချန်ရှင်း’ကို သူ့လက်နဲ့ပဲ သတ်ပစ်ခဲ့တာ၊ သူ့ကိုယ်သူ သတ်ခဲ့တာပဲ”
ထိုသို့ ပြုလုပ်မှသာလျှင် လူဟုပင် မဆိုနိုင်တော့သည့် အစ်ကိုဖြစ်သူသည်က မည်သူ့ကိုမှ ဖွင့်ပြော၊ အကူအညီမတောင်းနိုင်၊ လက်စားမချေနိုင်တော့မည်ဖြစ်သည်။
“ကျိုးဟန် အခုဘယ်မှာလဲလို့ မေးလိုက်တယ်နော်? သူ့ခန္ဓာကိုယ်ကို ဆုံးရှုံးလိုက်ရပြီးနောက်မှာ ကျိုးဟန်က အထီးကျန်သရဲတစ်ကောင် ဖြစ်နေခဲ့ပြီ”
ကုကျစ်စုန့် သီးသန့်လိုင်းသို့ ပြောင်းလိုက်ရသည့် အကြောင်းရင်းမှာလည်း ဤအချက်ကြောင့်ပင်ဖြစ်သည်။
သူမသာ ကင်မရာရှေ့တွင် ‘ကျိုးဟန်’ လူသတ်ခဲ့ပါသည်ဟု ပြောခဲ့မည်ဆိုပါလျှင် သူမက ညီအစ်ကိုနှစ်ယောက်သည် ဝိဉာဉ်ချင်း ပြောင်းလဲထားကာ တကယ့်လူသတ်သမားက ချန်ရှင်းဖြစ်သည်ဟု ပြောလျှင်တောင်မှ အွန်လိုင်းကြည့်ရှုသူတိုင်းက သဘာဝလွန်ပညာရပ်အား ယုံကြည်ကြသူများ မဟုတ်ကြပေ။
သူတို့သိသည်မှာ ကျိုးဟန် လူသတ်ခဲ့သည်သာဖြစ်ပြီး မမြင်ရသည့် ဝိဉာဉ်ပြောင်းခြင်းအား မည်သူက သက်သေပြနိုင်မည်နည်း?
‘ကျိုးဟန်’သာ လူသတ်ခဲ့ရိုးမှန်ပါလျှင် သက်ဆိုင်ရာက သူ့အား အရေးယူမည်လော? မယူမည်လော?
အဖြေမှာ ထင်ရှားလှသည်။
ဖြေရှင်းရခက်မည့် အရှုပ်တော်ပုံကိစ္စတစ်ခု ဖြစ်သွားမည်မှာ ဧကန်ပင်။
သားကြီးဖြစ်သူ အသတ်ခံလိုက်ရကြောင်း ကြားလိုက်ရသည့်အခိုက်တွင် မစစကျိုးတစ်ယောက် မျက်ဖြူပင် လန်သွားခဲ့သည်။ စိတ်တုန်လှုပ် ခြောက်ခြားမှုကြောင့် အသက်ပင် ဝအောင် မရှူနိုင်တော့ကာ ကင်မရာရှေ့မှာပင် သတိလစ်မေ့မျောသွားတော့သည်။
ထိုမြင်ကွင်းအား မြင်လိုက်ရသည့် ဒါရိုက်တာအဖွဲ့လည်း မစ္စကျိုး တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် အရေးပေါ်အား ဖုန်းဆက်ခေါ်လိုက်ကြသည်။
ဖန်းမြောင်၏ မျက်ဝန်းများသည်က ပြူးကျယ်ကာအသက်မဲ့နေခဲ့ကာ မျက်ရည်များလည်း တာကျိုးသကဲ့သို့ ဆက်တိုက် စီးကျနေခဲ့သည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. ငါ..”
သူမက အဆိုးဆုံး အခြေအနေအထိ စဉ်းစားထားခဲ့ဖူးသည်။ ချစ်သူက စိတ်ပြောင်းကာ သူမအပေါ်ဖောက်ပြန်သည်ဟု တွေးခဲ့မိသည်။
ကျိုးဟန်၏ ခန္ဓာကိုယ်အား လူမသိ၊သူမသိ အပိုင်စီးခံလိုက်ရကာ ညီအရင်း၏ အသတ်ခံလိုက်ရမည်ဟု သူမ တွေးတောင် မတွေးကြည့်ခဲ့မိပေ။
“စုန့်စုန့်.. စုန့်စုန့်.. ကျေးဇူးပြုပြီး ကျိုးဟန်ကို ကယ်ပေးပါဦး…”
ဖန်းမြောင် ငိုယိုအော်ဟစ်ကာ တောင်းပန်နေခဲ့မိသည်။
“သူက.. သူ့ဘဝမှာ မကောင်းတာ ဘာမှ မလုပ်ခဲ့တဲ့သူပါ.. ငါတို့ လက်ထပ်ရတော့မှာလေ… “
ကုကျစ်စုန့် သက်ပြင်းဖွဖွချကာ နှစ်သိမ့်ပေးလိုက်သည်။
“မငိုပါနဲ့.. ငါတို့မှာအချိန်ရှိပါသေးတယ်၊ မင်းပြောခဲ့တယ်မလား? မင်းတို့ အတူတူအိပ်ဖို့ လုပ်ခဲ့တဲ့ အကြိမ်တိုင်းမှာ အမြဲတမ်း ကျိုးဟန်ဖြစ်ဖြစ်၊ အိမ်က ပရိဘောဂတွေဖြစ်ဖြစ် တစ်ခုခုကြောင့် အမြဲ ပြဿနာဖြစ်ခဲ့တယ်ဆို?”
ဖန်းမြောင် ခေါင်းကို ဆက်တိုက်ငြိမ့်ပြလိုက်သည်။
“အဲ့တာဆိုရင် ကျိုးဟန်က တကယ်လည်း အထီးကျန်ဝိဉာဉ်ဖြစ်သွားခဲ့ပေမဲ့ မင်းဘေးမှာပဲ တစ်ချိန်လုံး ရှိနေတာ၊ သူက မင်းကို ကာကွယ်ပြီး ချန်ရှင်းက သူ့ခန္ဓာကိုယ်ကိုသုံးပြီး မင်းကို ထိခိုက်စေတာတွေ မဖြစ်အောင် တားပေးနေခဲ့တာပဲ?
ကျိုးဟန်ရဲ့ ခန္ဓာကိုယ် တစ်ခုခု ထူးခြားနေတဲ့ အချိန်တွေက သူက သူ့ခန္ဓာကိုယ်ကို ပြန်လုယူဖို့ ကြိုးစားနေတဲ့ အချိန်တွေပဲ ဖြစ်ရမယ်”
“ကျွန်မသာ ကျိုးဟန်ရဲ့ ဝိဉာဉ်ကို ရှာပြီး ချန်ရှင်းကို ဖမ်းနိုင်မယ်ဆိုရင် သူက ဘယ်လိုကောက်ကျစ်တဲ့ နည်းလမ်းသုံးပြီး ကျိုးဟန်ရဲ့ ကိုယ်ကို ယူထားပါစေ၊ သူ့ကို အခွံကနေ ဆွဲထုတ်နိုင်တယ်”
ကုကျစ်စုန့်၏ စကားတွင် အားမာန်များပင် ပါနေသည်လားမသိ။ထို သူမ စကားအဆုံးတွင် ဖန်းမြောင်တစ်ယောက် ခေတ္တမျှသာ ကြက်သေ,သေသွားပြီးနောက် အော်ရယ်လိုက်သည်။
“ဒါဆို အခုပဲ သွားရှာရအောင်လေ၊ ကျိုးဟန်က အခု ကျွန်မဘေးမှာ ရှိနေလား?”
“ဟင့်အင်း သူ့ကို မတွေ့ဘူး”
ကုကျစ်စုန့် မေးခွန်းထုတ်သည်။
“ချန်ရှင်း.. အာ.. ကျိုးဟန်ရဲ့ ခန္ဓာကိုယ်ကရော အခုဘယ်မှာလဲ? မင်းသိလား?”
“မနေ့ကတော့ X နယ်ဘက်ကို အလုပ်ကိစ္စနဲ့ ခရီးသွားမယ်လို့ ပြောထားတယ် ၊ ပြန်လာဖို့ ၂ရက်လောက် ကြာမယ်တဲ့”
ထိုစကားကို ကြားရပြီးနောက် ကုကျစ်စုန့် မျက်မှောင်ကျုတ်သည်။
သူမ အကြွေစေ့ သုံးစေ့ကို ထုတ်ကာ နက္ခတ်ဖတ်ရန်အတွက် ပစ်ကျဲလိုက်သည်။
“မကောင်းတော့ဘူး၊ ချန်ရှင်းက ကျိုးဟန်ရှိနေတာကို သိနေမှာပဲ၊ သူက လူမသိအောင် ကျိုးဟန် ကိုယ်ကို ခိုးယူသွားနိုင်တယ်ဆိုတော့ တောက်ဓမ္မဂိုဏ်းက လူတွေတော့ သူ့နောက်မှာ ရှိကိုရှိရမယ်၊ သူက သူ့တစ်ဘို့တည်းအတွက် အစ်ကိုရင်းကိုတောင် သတ်ပစ်ရဲတာ၊ သူ့လုပ်ရပ်တွေ အချိန်မရွေးပေါ်သွားနိုင်ချိန်မျိုးမှာ ကျိုးဟန်ရဲ့ ဝိဉာဉ်ကို လွှတ်ထားလိမ့်မယ်လို့တော့ မထင်ဘူး”
“သူ့ရဲ့လျှို့ဝှက်ချက်ကိုသာ လုံခြုံချင်ရင်တော့ ကျိုးဟန်ရဲ့ ဝိဉာဉ်ကို လုံးဝ အစအနဖျောက်ပစ်မှာပဲ!”
“အခုလည်း ကျိုးဟန်ရဲ့ ဝိဉာဉ်ကို ယူသွားပြီး ဖျက်ဆီးဖို့ လုပ်နေတာပဲ ဖြစ်လိမ့်မယ်”
ပရိုဂရမ်အဖွဲ့မှ လူအများကြီးရှေ့တွင် သူမအနေဖြင့် တစ္ဆေဂိတ်တံခါးဝကို သုံးကာ ထွက်သွားဖို့ဆိုသည်မှာ မသင့်တော်ပေ။ ထို့ကြောင့် ကုကျစ်စုန့် တစ်ချက်စဉ်းစားလိုက်ပြီးနောက် ကျန်းရူယွီအား ဖုန်းဆက်လိုက်သည်။
ဝိဉာဉ်ရေးရာအထူးဌာနမှ လူများသည်လည်း ပရိုဂရမ်အား ကြည့်ရှု့နေကြသည်ကြောင့် သူမအနေဖြင့် အစမှ ရှင်းပြရန် မလိုတော့ပဲ အမြွှာတို့၏ ဝိဉာဉ်ပြောင်းလဲသွားသည့် အကြောင်းကို ပြောလိုက်ရုံနှင့် ကျန်းရူယူ သဘောပေါက်သည်။
“ကျွန်မ အခုပဲ သူ့ကို ဖမ်းဆီးဖို့ လူလွှတ်လိုက်ပါမယ်၊ ဒါပေမယ့် ခြေရာခံဖို့တော့ အချိန်နည်းနည်းယူရလိမ့်မယ်”
“ကျွန်မပြောတဲ့ နေရာကို အရင်စစ်ကြည့်လိုက်ပါ၊ သူက အခုအချိန်မှာ အရှေ့တောင်အရပ်မှာ ရှိနေပြီး ကျည်ဆန်ရထားပေါ်မှာပဲ ရှိနေသေးတယ်၊ သူ မထွက်ခွာရသေးဘူး”
ချန်ရှင်းက အင်မတန် လူလည်ကျပေသည်။ ဖန်းမြောင်မှ မည်သည့်အရာကိုမှ မသိမှန်း သိထားသော်လည်း အကယ်၍ဟု ကြိုတွေးကာ သူသွားမည့် နေရာအား လိမ်ထားခဲ့သည်။
ဖန်းမြောင်ကိုတော့ X နယ်သို့သွားမည်ဟု ပြောထားကာ အမှန်ကတော့ ဆန့်ကျင်ဘက်အရပ်မှ တခြားနယ်သို့ သွားခြင်းပင်။
မကြာလိုက်ပါချေ။ ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့မှ လူများက သူရှိနေသော ကျည်ဆန်ရထားအား ခြေရာခံမိပြီးနောက် ချက်ချင်းပင် ထိုနေရာမှ အဖွဲ့ဝင်များအား ချန်ရှင်းကို ဖမ်းဆီးရန် စီစဉ်ခိုင်းလိုက်တော့သည်။
ကျည်ဆန်ရထား ဘူတာသို့ ဆိုက်လာသည်နှင့် ထိုနေရာမှ ဝိဉာဉ်ဆိုင်ရာအဖွဲ့ဝင်များက ကြိုရောက်နေခဲ့ပြီး ချောင်ပိတ်ဖမ်းရန် အသင့်ပြင်ထားကြသည်။
သူတို့ထံတွင် ‘ကျိုးဟန်’၏ ဓာတ်ပုံကို ရထားခဲ့ပြီး အံ့သြသင့်နေဆဲဖြစ်သည့် ခေါင်းဆောင်က သူ၏ ဖုန်းမှ အစီအစဉ်၏ တိုက်ရိုက်ထုတ်လွှင့်မှုအား ဖွင့်ထားကာ ယခုတလော သဘာဝလွန်လောကတွင် နာမည်ကြီးနေသည့် ကုကျစ်စုန့်နှင့် မျက်လုံးချင်းဆုံမိသွားသည်။
ဘယ်လိုပင် တွေးကြည့်၊တွေးကြည့် သူရှက်ရွံ့နေမိသည်။
ချန်ရှင်းတွင် ကျိုးဟန်၏ ဝိဉာဉ်အား ထည့်သိမ်းထားမည့် ကိရိယာတစ်ခုပါဝင်နေလိန့်မည်ဖြစ်သည်။ ကျန်းရူယွီအနေဖြင့် အဖွဲ့သားများ ထိုကိရိယာအား သတိမပြုလိုက်မိမည်ကို စိုးရိမ်သကဲ့သို့ ချန်ရှင်း ကလိမ်ကကျစ်အကြံများ ထုတ်မည်ကိုလည်း တွေးပူမိသည်။
ထို့ကြောင့် သူမက ကုကျစ်စုန့်အား တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခိုင်းလိုက်သည်။
ကျည်ဆန်ရထား ဘူတာသို့ ဆိုက်ရောက်လာသည်နှင့် ရထားပေါ်မှ ခရီးသည်များ အားလုံးဆင်းလာကြသည်။
ဝိဉာဉ်ဆိုင်ရာအထူးဌာနအဖွဲ့သားများက လူအုပ်နှင့် ရောနှောကာ သိန်းငှက်ကဲ့သို့ မျက်လုံးများနှင့် လူတစ်ယောက်မလွတ်စေရ စောင့်ကြည့်နေကြသော်လည်း ချန်ရှင်းအား ရှာမတွေ့ပါချေ။
ကျန်းရူယူ၏ မျက်နှာသည်လည်း ပို၍ တင်းမာလာသည်။
“သူ ရထားပေါ်က မဆင်းပဲ ထွက်ပြေးသွားတာလား?”
ထပ်ပြီး နက္ခတ်ဖတ်လိုက်သည့် ကုကျစ်စုန့် ခေါင်းခါသည်။
“သူက ဘူတာမှာ၊ ဒါမှမဟုတ် ရထားထဲမှာပဲ ရှိသေးတယ်၊ အင်တာနက်ပေါ်က သတင်းဖတ်ပြီးလို့ ဖြစ်ဖြစ်၊ သူ့လိမ်ဆင်ပေါ်သွားပြီဆိုတာကို သိလို့ ထွက်ပြေးဖို့ ကြံနေတာ”
ဝိဉာဉ်ဆိုင်ရာအထူးဌာနသားများ :
“အထဲဝင်ကြ၊ သေချာရှာပြီး သူ့ကို အမိဖမ်းရမယ်”
*