Chapter 43
Vol. 5 Ch. 43
ယီချန်မှာ မနက်ခင်းအိပ်ရာထသည်နှင့်အရင်ဆုံးနယ်မြေထဲဝင်ကာ ဟင်းသီးဟင်းရွက်ခင်းအား စစ်ဆေးကြည့်လိုက်သည်။ စိမ်းစိုကော့ညွှတ်နေသော မုန်ညှင်း၊ဆလပ်ရွက်၊ဟင်းနုနွယ်စသောအရွက်များအပြင် နီရဲကာရွှန်းစိုတောက်ပနေသည့် အရွယ်ရောက်ပြီးအမျိုးသားတစ်ဦး၏လက်သီးဆုပ်အရွယ်အစားရှိ ခရမ်းချဉ်သီးများ၊စင်တစ်လျှောက်နွယ်ပြေးကာ တွဲလောင်းကျ၍ ညွှတ်ကိုင်းသည်ထိသီးနေသော ကျောက်စိမ်းရောင် သခွားသီး၊ဘူးသီးများ၊မြေပေါ်ကိုကြွတက်လာသည်အထိ ထွားကြိုင်းလှသော မုန်လာဥဖြူနှင့် ခါကြက်ဥများ စသဖြင့် ဖြစ်ထွန်းအောင်မြင်သွားသည့် စိုက်ခင်းလေးမှာ ယီချန်၏လက်ကျန်အိပ်ချင်စိတ်ကို မေ့ပျောက်သွားေစပြီး လန်းဆန်းတက်ကြွလာစေသည်။
ယီချန်လည်း အသီးအနှံများအားမခူးဆွတ်မီလေ့ကျင့်ခန်းတစ်ချို့လုပ်လိုက်၏။ ပြီးမှ အရွက်များ၊အသီးများ အကုန်ခူးကာ အမျိုးအစားအစုံပါသော အသီးအရွက်စုံခြင်းလေးများအဖြစ် မြက်ခြင်းလေးများရက်ကာဖန်တီးလိုက်၏။ ရိတ်သိမ်းခြင်းလုပ်ငန်းပြီးစီးသည်နှင့် အပင်များအားရေပြန်လောင်းကာ စမ်းရေထဲရေဆင်းချိုးလိုက်သည်။ နယ်မြေထဲရှိ အဝတ်သန့်တစ်စုံအားလဲဝတ်ပြီးသည်နှင့် ယီချန်လည်း နယ်မြေထဲမှပြန်ထွက်ကာ ကန်တင်းဆီမနက်စာ စားရန်သွားလိုက်၏။
ဆေးရုံမှမနက်စာစားပြီးသည်နှင့် ယီချန်လည်းသူနာပြုလေးအား သူအပြင်ထွက်မည်ဖြစ်ကြောင်းအသိပေးကာ မြို့ထဲထွက်လာလိုက်သည်။ မှောင်ခိုဈေးနားရောက်သည်နှင့် သူ့ခြင်းတောင်းပေါင်းစုံကို နယ်မြေတွင်းမှထုတ်ကာ မနိုင်မနင်းသယ်၍ ချီတက်လာ၏။ ဈေးပေါက်တွင်စောင့်နေသူများမှာ မနေ့ကလူသန်ကြီးများပင်ဖြစ်ပြီး ယီချန်ကိုမြင်သွားသော် ခေါင်းငြိမ့်ကာနှုတ်ဆက်လာပြီး ရက်စွဲတပ်လက်ပတ်ကိုထုတ်ပေးလိုက်သည်။ ယီချန်လည်း ပိုက်ဆံအပြင် ဇီးပန်းသီးလေးလုံးကိုပါ ပေးလိုက်ရာ ကျေးဇူးတင်စကားပြန်ပြောလာကြ၏။
ယီချန်လည်း သူ့ဆိုင်နေရာအတွက်နေရာကောင်းရွေးပေး၍ကျေးဇူးတင်ကြောင်းပြန်ပြောကာ နဂိုနေရာတွင်ပင် ဆိုင်ခင်းလိုက်သည်။ ဘေးနှစ်ဖက်တွင် ဝက်သားသည်နှင့် ကောက်နှံသည်တို့အားတွေ့လိုက်ရာ ယီချန်လည်းသိချင်စိတ်ဖြင့်မေးလိုက်၏။
"ဦးလေးတို့က ပန်းသီးသွားမရောင်းကြသေးဘူးပေါ့။ ေန့တစ်ပိုင်းထဲေရာင်းရင် အချိန်မီကုန်ပါ့မလား"
ဝက်သားသည်ကြီးမှာယီချန့်အမေးကြောင့်သဘောတကျရယ်ကာပြန်ဖြေလာသည်။
"ဘယ်ဟုတ်မှာတုန်းကွ ငါတို့ရဲ့လက်ရင်းအလုပ်တွေကဒါတွေဆိုတော့ ငါတို့ကဒါကိုအရင်ရောင်းနေတာလေ။ မင်းရဲ့ပန်းသီးတွေကိုတော့ ငါတို့ကလေးတွေက အခြားဈေးတွေမှာ လူခွဲပြီးသွားရောင်းနေကြတာ။ ပွဲတော်ရက်အတွင်းပဲ မိသားစုတိုင်းက ငွေပိုသုံးဖို့ဆန္ဒရှိကြတာဆိုတော့လည်း ငါတို့ဘက်ကအချိန်ညှိရတာပေါ့။ အဲ့လိုမှမဟုတ်ရင် ဝယ်သူကြီးတွေလွှတ်သွားနိုင်တယ်လေ"
ကောက်နှံသည်ကလည်းဝင်ပြောလာ၏။
"ပြီးတော့ မင်းကဒီမှာတစ်နာရီ နှစ်နာရီလောက်ပဲ ထိုင်ရောင်းနိုင်တယ်ပြောထားတော့ မင်းရောင်းနေတဲ့အချိန် အဒေါ်တို့က အရင်ကုန်ပစ္စည်းတွေကိုရောင်းလိုက်ပြီး မင်းပြန်သွားရင်တော့ အိမ်က ကလေးတွေလည်းဒီဈေးပဲလာရောင်းကြမှာ။ ဒီဈေးကဝင်ကြေးပေးရတယ်ဆိုပေမယ့် အခြားဈေးတွေထက် ဝယ်သူသူဌေးပိုများတယ်လေ"
ယီချန်လည်း သဘောပေါက်သွားရကာ သူတို့အားလက်မထောင်၍ချီးကျူးလိုက်သည်။ ထို့နောက်ခြင်းထဲရှိကုန်ပစ္စည်းများအား အကုန်ဖြန့်ခင်းလိုက်၏။ ယီချန့်ေရာင်းကုန်များထဲ ဟင်းသီးဟင်းရွက်များပါ ပါလာသည်ကိုတွေ့ရာေကာက်နှံသည်က လှမ်းမေးလာသည်။
"လူလေး မင်းကဟင်းသီးဟင်းရွက်တွေပါ စိုက်ထားတာလား။ ကြည့်ရတာ လတ်ဆတ်နေတာပဲ"
ယီချန်မှာပစ္စည်းများအားနေရာချရင်း ပြန်ဖြေပေးလိုက်၏။
"အမျိုးအစားနည်းနည်းပါးပါးပါပဲ။ တစ်မျိုးချင်းရောင်းရင်လည်း ရှုပ်ကုန်မှာစိုးလို့ အသီးအရွက်စုံတစ်ခြင်းဆီရောင်းမှာလေ။ လတ်ဆတ်တာကတော့ မနက်ခင်းကမှဆွတ်လာတာကိုး။ အဒေါ်တို့လည်း လိုချင်ရင်ပြောနော် ကျွန်တော်ရောင်းပေးနိုင်တယ်"
ဝက်သားသည်ကြီးတို့မှာ သေချာစဉ်းစားလိုက်ကြပြီး ငြင်းဆန်လိုက်သည်။
"အသီးအရွက်တော့ မဝယ်တော့ပါဘူး။ မင်းရဲ့ကုန်တွေက လှနေပေမယ့်လူတွေက အသီးအရွက်ဆို ဈေးချိုမှကြိုက်ကြတာလေ။ ပြီးတော့ အိမ်မှာတင်လည်းစိုက်ဖြစ်နေကြတာဆိုတော့ အဝယ်နည်းမှာ။ ဒါ့အပြင် ဦးလေးတို့က မင်းလိုအာသွက်လျှာသွက်နဲ့ မရောင်းတတ်တာလည်းပါလို့လေ"
ကောက်နှံသည်ကလည်း ထောက်ခံလာ၏။
"ဟုတ်ပါ့ မင်းကအပြောတော်တော်ကောင်းတယ်။ အဒေါ်တို့ လိုက်မမှီပါဘူးကွယ်"
ယီချန်လည်း အတင်းရောင်းမနေတော့ဘဲ အပြုံးလေးဖြင့်သာ သူတို့စကားကိုလက်ခံလိုက်၏။ ခဏအကြာတွင် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက ယီချန်၏ဆိုင်ရှေ့တွင်ရပ်ကာ အသီးအရွက်စုံခြင်းအားကြည့်၍ သဘောကျနေဟန်ဖြင့်မေးလာသည်။
"ဒီအသီးအရွက်ခြင်းလေးတွေက ဘယ်လောက်လဲ။ ခွဲရောင်းပေးလို့ရလား။ ခုထိအသီးအရွက်လတ်လတ်ဆတ်ဆတ်တွေ တွေ့နေရဦးမယ်မှန်း ထင်မထားဘူး"
ယီချန်မှာဤအမျိုးသမီးက စိုက်ပျိုးရေးအတွေ့အကြုံသိပ်မရှိမှန်းသိလိုက်ရရာ အသီးအရွက်ခြင်းထဲမှ အရွက်အချို့ကို ေကာက်ကိုင်၍ အသာခါလိုက်၏။ ထိုအခါ အရွက်များပေါ် တင်ကျန်နေသည့်နှင်းရည်စက်များမှာ လွှင့်စင်ထွက်သွားပြီး ဟင်းရွက်များအားပိုမိုဆွဲဆောင်မှုရှိသွားစေသည်။
"တစ်ခြင်းကို တစ်ယွမ်ခွဲပါ ခြင်းလိုက်ပဲရောင်းပါမယ်။ အရသာနဲ့လတ်ဆတ်မှုအတွက်တော့ အာမခံတယ်နော်။ ပြီးတော့ ဈေးကြီးတယ်လို့လည်း မတွက်ပါနဲ့။ ကျွန်တော့်ကုန်တွေကို သေချာကြည့် ကြည့်ပါ။ တစ်ခြင်းထဲတင် ဟင်းသီးဟင်းရွက်စုံနေအောင် ပါတာဆိုေတာ့တန်တယ်တောင်ပြောရဦးမယ်"
အမျိုးသမီးမှာ တစ်ယွမ်ခွဲဟု ကြားသော်အံ့ဩသွားရသည်။ ထို့ပြင် ဈေးသည်ကောင်လေးပြောသည်မှာလည်း မှန်ပေ၏။ သို့သော် ဟင်းသီးဟင်းရွက်စုံလင်အောင် ပမာဏများများပါဝင်နေပေသိ တစ်ယွမ်ခွဲပေးရမည်ကို နှမျောတသဖြစ်နေသေးသည်။
"ဟိုဘက်ခြမ်းက အရွက်ရောင်းတဲ့လူဆီဆိုရင် ငါးဆယ်ဆင့်လောက်ပေးရင် အတော်ရတာနော်။ မင်းကျမှဘာလို့ ဈေးကတအားကြီးနေရတာလဲ"
ယီချန်မှာ ဝယ်ခါနီးဈေးဆစ်တတ်သူကို မတွေ့တာကြာပြီဖြစ်၍ စိတ်ရှည်ရှည်ဖြင့်ပြောလိုက်ရ၏။
"အစ်မကြီးရေ ဈေးနှုန်းအစား အရည်အသွေးကိုကြည့်ပေးပါနော်။ ဒီမှာကျွန်တော်ရောင်းတဲ့ အသီးအရွက်ေတွထဲ အနာအဆာတစ်ခုမှမပါသလို လတ်ဆတ်နေမှန်းသိသာနေတာကို ဘာလို့သူများပစ္စည်းနဲ့ယှဉ်ဖို့လုပ်နေရတာလဲ။ ပြီးတော့ ကျွန်တော့်ရဲ့အသီးအရွက်စုံခြင်းလေးတစ်ခြင်းဆိုရင် အစ်မကြီးတို့ရဲ့ တစ်နေကုန်စာဟင်းခွက်အပြည့်ချက်ရမယ်လေ။
တစ်နေ့စာဟင်းပွဲမထပ်အောင် ချက်လို့ရမယ့်အပြင် တစ်နေ့တည်းနဲ့ကုန်သွားတော့ နောက်နေ့ကျ လတ်လတ်ဆတ်ဆတ်လေးထပ်ဝယ်ပြီး ချက်လို့ရမသွားဘူးလား။ အစ်မကြီးသာ ဟင်းအမယ်တစ်မျိုးစီလိုက်ဝယ်နေရင် ကျွန်တော့်ရဲ့ဒီခြင်းတစ်ခြင်းစာကုန်ကျငွေထက် ပိုကုန်မယ့်အပြင် နောက်နေ့တွေအထိပါ ကျန်သွားဦးမယ်။ နောက်နေ့ကျန်တာလည်း စားလို့မရဘူးမပြောပါဘူး ဒါပေမယ့်တစ်နေ့စာတစ်နေ့လတ်လတ်ဆတ်ဆတ်လေးချက်စားတော့မကောင်းဘူးလား။ ပြီးတော့ ဒီနေ့အသီးအရွက်စားချင်ပေမယ့် မနက်ဖြန်စားချင်စိတ်မရှိရင် ဝယ်ပြီးပိုတဲ့ဟာတွေက အလကားဖြစ်သွားမှာေပါ့။
ဟော ဧည့်သည်လေးဘာလေး လာပါပြီတဲ့ တစ်ရက်စာလတ်လတ်ဆတ်ဆတ်အသီးအရွက်ခြင်းလေးတစ်ခြင်းဝယ်ထားလိုက်။ ဈေးကြီးတဲ့ ဟင်းအမယ်ဟုတ်တာ မဟုတ်တာထား စားပွဲအပြည့်လှအောင်ဟင်းခွက်တင်လို့ရပြီလေ။ ဒါ့အပြင် အသီးအရွက်စားတာက ကျန်းမာရေးနဲ့ညီညွှတ်တယ်ဆိုတဲ့အချက်လည်းရှိမထားဘူးလား။ ကျန်းမာရေးနဲ့ညီညွှတ်ဖို့ဆို အာဟာရတန်ဖိုးအပြည့်ပါဝင်နေသေးတဲ့ လတ်လတ်ဆတ်ဆတ်အသီးအရွက်တွေစားမှဖြစ်မှာနော်။
ကဲ အစ်မကြီး!အစ်မကြီးရဲ့မိသားစုဝင်တွေကို တစ်ယွမ်ခွဲထဲနဲ့ အာဟာရရှိအောင် ချက်မကျွေးချင်ဘူးလား။ ပြီးေတာ့ ဒီနေ့အတွက် အသီးအရွက်စုံခြင်းက ခင်းပြထားတာအကုန်ပဲမလို့ လိုချင်ရင်စဉ်းစားမနေပါနဲ့တော့။ ခဏေနကျွန်တော့်ဖောက်သည်တွေလာလို့ ကုန်ပစ္စည်းမလောက်တော့ရင် အစ်မကြီးကိုခွဲပေးလိုက်လို့ မရတော့ဘူးနော်"
ဘေးရှိဝက်သားသည်တို့မှာ ယီချန်၏ချောနေသောစကားကြောကြောင့် သူတို့ပါအသီးအရွက်စည်းဝယ်ချင်စိတ်ပေါ်လာတော့သည်။ အမျိုးသမီးကြီးမှာလည်း ဘက်ပေါင်းစုံမှညွှန်းဆိုနေသော ယီချန့်လေလုံးများကြောင့် ဦးနှောက်ဆေးခံရကာ ဤအသီးအရွက်ခြင်းမှအပ ကျန်သည်တို့မှာအာဟာရမရှိဟုပင် တွေးမိလာတော့၏။ ထို့ပြင် နောက်ကျသွားပါက မရနိုင်မည်စိုးကာ အမြန်ဆုံးဖြတ်ချက်ချလိုက်တော့သည်။
"ဟုတ်ပြီလေ အစ်မကိုနှစ်ခြင်းပေး။ ဒီနေ့အိမ်ကို ဧည့်သည်လာမှာဆိုတော့ မင်းပြောသလိုချက်ကျွေးလိုက်တော့မယ်"
ယီချန်လည်း အသီးအရွက်စုံနှစ်ခြင်းအား ကြိုးဖြင့်ချည်ကာပေးရင်း ပြောလိုက်သည်။
"ဧည့်သည်တွေ အတွန့်မတက်နိုင်အောင် ကြက်ဥတစ်လုံး နှစ်လုံးလောက်ကို နာနာခေါက်ကြော်ပြီး အရွက်ကြော်ထဲ ကိုက်ထည့်ပေးလိုက်လေ။ အဲ့လိုဆို ပိုကြည့်လှတာပေါ့"
အမျိုးသမီးကြီးလည်း ထိုသည်ကအဆင်ပြေလှသည်ကို တွေးမိကာကျေနပ်သွားတော့၏။ ဒီလိုဆို သူမတို့တွေအသားဖိုးသက်သာသွားလေပြီ။ ထို့ကြောင့် သူသည်ယီချန်ရောင်းနေသည့်ကုန်ပစ္စည်းတို့ကိုတစ်ချက်ကြည့်ကာ မေးလိုက်၏။
"ကောင်လေး မင်းကပန်းသီးတွေပါရောင်းတာလား။ ဈေးလေးပြောပါဦး"
ယီချန်မှာ ပန်းသီးအမျိုးအစားနှင့် အရသာ၊အာနိသင်အပြင် ဈေးနှုန်းများပါရှင်းပြလိုက်သည်။ အမျိုးသမီးကြီးမှာ ဇီးပန်းသီးနှစ်လုံးနှင့် ရွှေပျားရည်ပန်းသီးတစ်လုံးပါ အဝယ်စာရင်းထဲထပ်ထည့်မိသွား၏။ အကုန်ထုတ်ပိုးပြီး ငွေရှင်းပြီးကာမှ သူမအတော်ဝယ်မိလိုက်မှန်း သိလိုက်ရသော်လည်း မြို့ကြီးပေါ်တွင်ပင် မရှိသေးသော ပန်းသီးမျိုးစိတ်များကြောင့် ပြန်၍ဘဝင်ကျသွားပြန်သည်။ ကျေနပ်သွားသော မျက်နှာထားဖြင့်ထိုအမျိုးသမီးထွက်သွားသည်နှင့် မနေ့ကရွှေပျားရည်သီးများဝယ်သွားသည့် အမျိုးသားကြီးမှာတလက်လက်တောက်ပနေသော အပြုံးကြီးချိတ်ဆွဲ၍ ယီချန့်နားရောက်လာပြန်၏။
ယီချန်မှာထိုလူကြီး၏ ရွတ်တွေနေသာအပြုံးကြောင့် ခံစားချက်ကောင်းမနေတော့ပဲ လေသံမာမာဖြင့်မေးလိုက်သည်။
"ဦးလေး ဘာလို့ကျွန်တော့်ကို ဒီလိုကြီးလာကြည့်နေတာလဲ။ ကျွန်တော်က တရားမဝင်တာတွေ ဘာမှလုပ်မထားဘူး"
ယီချန့်စကားကြောင့် အမျိုးသားကြီးမှာ ကြောင်အမ်းသွားသလို ဘေးနှစ်ဖက်ရှိဈေးသည်များမှာလည်း ချောင်းဟန့်လိုက်ကြ၏။ ယီချန်လည်း ထိုခါမှသူ့အခြေအနေကိုပြန်သတိရကာ ရောချလိုက်သည်။
"ဒီမှာဈေးလာရောင်းတာကလွဲရင် ဘာမှလုပ်မထားဘူး။ ကျွန်တော့်ကို အဲ့လိုကြောက်စရာကောင်းအောင် ပြုံးပြမနေစမ်းပါနဲ့"