Chapter 46
Vol. 5 Ch. 46
အန်းဝေမှာ နီရဲနေသော မျက်နှာလေးနှင့် ရှက်ရွံ့စွာပြုံးပြနေသော ဟူလီနအားကြည့်ကာ ပွေ့ဖက်ပစ်ချင်စိတ်တို့အား မနည်းချွန်းအုပ်ထားလိုက်ရ၏။ သို့သော် သူ့ရည်ရွယ်ချက်ကိုဖြင့် ထုတ်ပြောလိုက်သေးသည်။
"ကျွန်တော်ရဲ့ဇနီးက ကောင်းချီးပေးခံရမလား မခံရဘူးလားဆိုတာက သူမရဲ့ရွေးချယ်ချက်အပေါ်မူတည်တာကိုး။ အခုထိတော့ သူမကအဲ့ကောင်းချီးကို မသိချင်ယောင်ဆောင်နေတုန်းလေ"
ဟူလီနမှာ အန်းဝေ၏ သူမအားစူးစိုက်ကြည့်ကာ ပြောလာသောစကားကြောင့် အသာပြုံးလိုက်မိတော့၏။ ဟူယွမ်ချွမ်မှာတော့ သူတို့၏အပြန်အလှန်ဆက်သွယ်ချက်တို့ကို သဘောတကျကြည့်ကာ သမီးဖြစ်သူအားပြောလိုက်၏။
"နန ရှောင်ဝေကလည်း ဒီနေ့အားနေတာဆိုတော့ မင်းတို့လူငယ်တွေသွားပြီး အချိန်ဖြုန်းကြပေါ့။ ဒီလူအိုကြီးနားပဲ စကားတွေလာပြောမနေကြနဲ့။ အဖေလည်းနားချင်သေးလို့လေ"
အန်းဝေမှာ ဟူယွမ်ချွမ်၏စကားအား သဘောပေါက်လိုက်ကာ စိတ်လှုပ်ရှားေနဟန်ဖြင့် ဟူလီနအားကြည့်ကာပြောလာသည်။
"ဆရာ့ကိုအဖော်ပြုပေးရတာက ဘယ်လိုလုပ်ဒုက္ခခံတာဖြစ်ရမှာလဲ။ ဒါနဲ့ခဏနေ နေ့လည်စာစာချိန်ရောက်တော့မှာဆိုတော့ ဆရာတို့ကိုအရင် စားသောက်ဆိုင်မှာလိုက်ကျွေးပါရစေ"
ဟူယွမ်ချွမ်မှာ သဘောတကျရယ်ရင်း ထိုအကြံလက်ခံလိုက်ကာ သမီးဖြစ်သူအားခေါ်၍ အန်းဝေနှင့်စားသောက်ဆိုင်ဆီဦးတည်လိုက်၏။ ထိုသို့ဖြင့် အချိန်များလည်ပတ်လာလိုက်သည်မှာ ယီချန်၏အမြင်အာရုံစစ်ဆေးမည့်နေ့သို့ရောက်လာတော့သည်။ ယနေ့ ယီချန်မှာဈေးရောင်းနားလေ၏။ သူနာပြုလေးမှာလည်း သူအပြင်မထွက်သည်ကိုမြင်သော် ရလဒ်အားစိုးရိမ်နေသည်ဟု ထင်၍လာနှစ်သိမ့်ပေးနေတော့သည်။
နေ့လည်စာစားပြီးသည်နှင့် သူနာပြုလေးကသူ့အားလာခေါ်ကာစစ်ဆေးခန်းဆီပို့ပေး၏။ အသေးစိတ်စစ်ဆေးပြီးသည်နှင့် တာဝန်ခံဆရာဝန်၏ရုံးခန်းတွင် စောင့်နေစေသည်။ ဆရာဝန်အားစောင့်နေရသည့် တစ်စက္ကန့်တိုင်းမှာ ယီချန့်အားနေမထိထိုင်မသာဖြစ်နေစေ၏။ ဤရက်များတွင် သူ၏ပင်စင်ကိစ္စမှာလည်း အကြောင်းထူးသည်မထူးသည်ထား ဘာသတင်းမှပေါ်မလာတော့ချေ။
နာရီဝက်ခန့်ဖင်တကြွကြွစောင့်နေပြီးနောက် ဆရာဝန်မှာဆေးစစ်ချက်စာရွက်စာတမ်းများအားကိုင်၍ ရုံးခန်းထဲဝင်လာကာ ယီချန်၏မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်၏။ ဆရာဝန်မှာဆေးစစ်ချက်အားကြည့်ပြီးနောက် ယီချန်ကိုတစ်ဖန်ပြန်ကြည့်ကာ စိတ်မကောင်းဟန်ဖြင့်ပြောလာသည်။
"တပ်ခွဲမှူးယီ ရလဒ်ကိုကျွန်တော်မပြောခင် စကားလေးနည်းနည်းပြောပါရစေ။ တပ်ခွဲမှူးယီရဲ့ ထိခိုက်ကာစအခြေအနေကို ခန့်မှန်းချက်ထုတ်ထားတာက အဆိုးဆုံးရလဒ်ကိုပါပဲ။ ဒါပေမယ့် အဲ့ဒီအချိန်ကရလဒ်ထက် အခုရလဒ်က အဆများစွာပိုကောင်းတယ်ပြောရမယ်။ အဲ့ဒါကြောင့် အရမ်းကြီးစိတ်ပျက်အားငယ်မသွားပါနဲ့"
ယီချန်လည်း ထိုစစ်ဆေးချက်ရလဒ်အား ကြိုသိထားရာ ထူးဆန်းမနေပါချေ။ သူသိချင်သည်မှာ စမ်းရေဖြင့်ကုသခံထားရသော သူ့မျက်လုံးက မည်သည့်အခြေအနေထိရောက်နိုင်မည်ကိုပင်။ သူသည်ပတ်တီးပတ်စရာမလိုဘဲ သွားလာနိုင်ပြီဖြစ်သလို အနာဖေးလည်းကွာသွားပြီဖြစ်သည်။ ကျန်ခဲ့သည့်အမာရွတ်ဆိုသည်မှာလည်း ရှရာသဏ္ဍာန်သာ,သာထင်ကျန်ခဲ့ရာ ကြောက်စရာပုံရိပ်ဖြစ်မသွားခဲ့ပေ။ ထိုအစား ပို၍ပင်ဆေးရုံရှိအမျိုးသမီးကြီးငယ်များကြား နာမည်ကြီးလာသေး၏။
ယီချန့်အနေဖြင့် အမြင်အာရုံသိပ်မထိသွားသည့်အတွက်စမ်းရေကိုသာကျေးဇူးတင်ရပေမည်။ သို့သော် အလုံးစုံတော့ပျောက်ကင်းသွားသည်မဟုတ်မှန်းသိနေလေ၏။ ယီချန်၏ တည်ငြိမ်သောအနေအထားကြောင့် ဆရာဝန်လည်းရလဒ်ကိုဆက်ပြောလာသည်။
"တပ်ခွဲမှူးယီအနေနဲ့ ညာဘက်မျက်လုံးအသုံးပြုချိန်မှာ အမြင်အာရုံနည်းနည်းဝါးနေမှန်း သတိပြုမိလောက်မှာ။ ဓားချက်က သူငယ်အိမ်အနေအထားကို အနည်းငယ်ယိုင်သွားစေတဲ့အတွက် မျက်မှန်တပ်ထားရပါမယ်။ ဒါပေမယ့် ပါဝါနှစ်ဆယ့်ငါးလောက်ပဲမလို့ မျက်စိအားဖြည့်စာနဲ့ဖြည့်တင်းပေးရင် တစ်နှစ်အတွင်း မျက်မှန်ချွတ်နိုင်လောက်ပါတယ်။
လက်ရှိအခြေအနေကမူလထင်မြင်ချက်ရလဒ်တွေထက် ကောင်းမွန်တယ်ဆိုပေမယ့် တပ်ခွဲမှူးယီအတွက်တော့ မစ်ရှင်ထွက်ဖို့ခက်ခဲသွားမယ့် အခြေအနေပါ။ သိပ်လည်းဝမ်းနည်းမနေပါနဲ့ အနည်းဆုံးတော့ အမြင်အာရုံကွယ်မသွားခဲ့ဘူးလေ"
ယီချန်မှာထိုစစ်ဆေးချက်ကြောင့် အံ့ဩမသွားခဲ့ပါသော်လည်း သူ့ထံစမ်းရေသာရှိမနေခဲ့ပါလျှင် ဝတ္ထုထဲကအတိုင်း ညာဘက်မျက်လုံးကွယ်သွားနိုင်သည်ကို တွေးမိရာချွေးစေးများပင်ပျံသွားမိပြီး သူ့ကိုရွှေလက်ချောင်းပေးအပ်လာသော နတ်ဘုရားတို့အား ကျေးဇူးအထပ်ထပ်တင်နေမိတော့သည်။ ဆရာဝန်မှာတော့ ယီချန်၏အတွေးများကို သိမနေဘဲတည်ငြိမ်နေသည်ကိုသာတွေ့နေရရာ အနည်းငယ်ထပ်နှစ်သိမ့်လာ၏။
"စနိုက်ပါအဖွဲ့ထဲမဟုတ်တောင် တပ်ခွဲမှူးယီရဲ့အရည်အချင်းနဲ့ဆိုရင် ဘယ်ဌာနရောက်ရောက်ထူးထူးချွန်ချွန်နဲ့ အောင်မြင်နေဦးမှာပါပဲ။ ပြီးတော့ ဗိုလ်မှူးတို့ကလည်း တပ်ခွဲမှူးကို စစ်တပ်ထဲအဆင်ပြေပြေဆက်နေနိုင်အောင် ကြိုးပမ်းပေးနေကြတာလေ။ ဒါကြောင့် အနာဂတ်နဲ့ပက်သက်ပြီး စိတ်ထဲပူပင်မနေပါနဲ့။ အထက်ကလည်း တပ်ခွဲမှူးလိုအရည်အချင်းရှိတဲ့လူကို လွယ်လွယ်နဲ့လက်လွှတ်ပေးမှာမဟုတ်ပါဘူး"
ယီချန်မှာတော့ မအီမလည်ဖြင့်ပင် ကျေးဇူးတင်စကားပြောပြီး သူ့အခန်းဆီပြန်၍ အထုတ်အပိုးများအား သိမ်းကာစစ်တပ်ထဲပြန်ရန် ပြင်နေလိုက်၏။ နောက်ဆက်လာမည့် သူ့အနာဂတ်ကိုတော့ မီးစင်ကြည့်ကရပေတော့မည်။ ဆေးရုံမှမဆင်းခင် မျက်မှန်တစ်လက်လုပ်ခဲ့ပြီး နောက်ရက်တွင် လာယူမည်ဟုရက်ချိန်းထားခဲ့ကာ ဆေးရုံရှိမိတ်ဆွေအပေါင်းအား နှုတ်ဆက်ခဲ့လိုက်တော့သည်။
ဆေးရုံအပြင်ရောက်သည်နှင့် စစ်တပ်မှလာကြိုသောကားရောက်လာကာ သူ့အထုတ်များအား ကူသယ်ပေးရန်ဆင်းလာမည့်ဟန်ပေါ်နေသော ဒါရိုက်ဘာလေးအား တား၍ကိုယ့်ဘာသာတက်လိုက်၏။ သူ့အားလာကြိုသော စစ်သားလေးအားကြည့်လိုက်ရာ ဟူယွမ်ချွမ်၏လက်ထောက်လေးမှန်းသိလိုက်ရပြီး ယီချန်ကားပေါ်တက်ချိန်ကတည်းမှ နောက်ကြည့်မှန်ကနေတစ်ဆင့် ခဏခဏလှည့်ကြည့်နေလေသည်။ ယီချန်သာဤစစ်သားလေးက သူ့အားမလိုမုန်းထားမှုမရှိသည်ကို သိမထားလျှင် ဟူယွမ်ချွမ်မှသူ့အားလုပ်ကြံရန်လွှတ်လိုက်သည့်လူဟုပင် ထင်နိုင်၏။
တစ်ဖက်လူ၏လမ်းကိုကြည့်မေမာင်းဘဲ သူ့ကိုသာခဏခဏလှမ်းကြည့်နေသောကြောင့် ယီချန်လည်းမကျေမနပ်ဖြစ်လာကာ နောက်ကြည့်မှန်ဆီသို့ ခပ်စူးစူးပြန်ကြည့်လိုက်သည်။ သို့သော် တစ်ဖက်ရှိလူမှာ ကြောက်လန့်မသွားသည့်အပြင် စိတ်လှုပ်ရှားဟန်တောင်ပေါ်လာ၏။ နီရဲနေသော မျက်နှာဖြင့် ယီချန်အားရယ်ပြကာ စကားပြောလိုက်သည်။
"တပ်ခွဲမှူးယီရဲ့အခြေအနေက ကောလဟလတွေနဲ့တခြားစီပဲ။ လူတွေကတော့ တစ်ကယ်ကိုမနာလိုဖြစ်တာနဲ့ မှန်မှန်မှားမှား အကုန်လျှောက်ပြောကြတော့တာနော်။ ဒါပေမယ့် တပ်ခွဲမှူးသာ ကောလဟလတွေထဲကလို မဟုတ်ဘဲအရင်ကထက်တောင် ပိုကြည့်ကောင်းပြီးတက်ကြွလာမှန်းသိရင် သူတို့ဘယ်လောက်တောင် မကျေမနပ်ဖြစ်နေလိမ့်ကြမလဲ ဟားဟားဟား"
ယီချန်လည်း ထိုလူ့စကားကြောင့် သိချင်စိတ်ဖြင့်မေးလိုက်၏။ သူတောင်စစ်တပ်ထဲမရောက်သေးခင် ဇာတ်လိုက်တို့ကလှုပ်ရှားနေပြီလားဟုပင် တွေးနေမိသည်။
"တပ်ဝင်းထဲပျံ့နေတာလား ဘာကောလဟလတွေမလို့လဲ"
ယီချန်မှမေးလာသော် စစ်သားလေးက ဒေါသတကြီးဖြစ်နေဟန်ဖြင့် ပြန်ဖြေလာ၏။
"အာ!ဒါကလေ တပ်ခွဲမှူးယီက မစ်ရှင်မှာထိခိုက်မိသွားပြီး ရုပ်ပျက်ဆင်းပျက်နဲ့ မသန်စွမ်းဖြစ်သွားတယ်ဆိုပြီးပြောနေကြတာလေ။ တပ်ခွဲမှူးလည်း သိတဲ့အတိုင်းပဲ အဲ့တပ်ဝင်းထဲကကြွက်စုတ်တွေကလေ တပ်ခွဲမှူးကို အရင်ကတည်းကမနာလိုနေကြတာမလား။ တပ်ခွဲမှူးက သူတို့ထက် ပိုချောတယ်၊အရပ်ပိုရှည်တယ်၊ပိုပြီးလည်းတော်တယ် အဲ့အချက်တွေနဲ့တင် သူတို့ကမနာလိုဖြစ်လွန်းလို့မြိုသိပ်နေကြရတာကိုး။ ခုကျ တပ်ခွဲမှူးထိခိုက်သွားတယ်ဆိုတော့ သူတို့အတွက်ရေကန်အသင့်ကြာအသင့်ဖြစ်သွားပြီး လျှောက်ဖွကြတော့တာပေါ့။
ကျွန်တော်တို့အုပ်စုလည်း ပြန်ပြီးအချေအတင်ပြောကြပေမယ့် တပ်ခွဲမှူးကိုမျက်မြင်မတွေ့ရသေးတော့ သိပ်ပြောအားမသန်ဖြစ်နေကြတာလေ။ ခုတော့ အောင်ပွဲကကျွန်တော်တို့လက်ထဲမှာပဲ။ ဒီတစ်ခါ အဲ့ကြွက်စုတ်တွေ တွင်းထဲကထွက်မလာရဲအောင် တစ်ခါတည်းထုချပစ်ရမယ် ဟင်းဟင်းး"
ယီချန်မှာ စစ်သားလေးအားကြည့်ကာ အနာဂတ်ကာလရှိ ဖန်များကြားစစ်မြေပြင်ကိုပင် အမှတ်ရသွားခဲ့သည်။ ကြည့်ရသည်မှာ မူလကိုယ်ထံတွင် အမာခံပရိသတ်အုပ်စု ခိုင်ခိုင်မာမာရှိထားပုံပင်။ ဇာတ်လိုက်၏မနာလိုခြင်းခံရသော ဇာတ်ကောင်အနေဖြင့် မူလကိုယ်အခြေအနေမှာလည်း ထိပ်တန်းဖြစ်ပုံပင်။ သို့သော် သူသည်အွန်လိုင်းစစ်ပွဲသာ မျက်မြင်တွေ့ဖူးရာ အခုခေတ်ကာလရှိ ဖန်များကြားစစ်မြေပြင်ကို မတွေ့ကြုံဖူးသေးချေ။ ထို့ကြောင့် သူ့စိတ်ထဲသိချင်စိတ်ပေါ်လာမိတော့၏။
ယီချန်မှာ ကားမောင်းနေသောစစ်သားလေးအားကြည့်ကာ ပို၍ပင်သဘောကျလာလေသည်။ ဤကလေးမှာ သူ၏ပရိသတ်ပင်မဟုတ်ပါလော။ ထို့ကြောင့် သူ၏မှတ်ဉာဏ်များကြားရှာဖွေကာ ထုတ်မေးလိုက်၏။
"ဒါနဲ့ မင်းနာမည်က ဘာလဲ။ ကျွန်ေတာ့်ကိုအေကာင်းမြင်ေပးလို့ ကျေးဇူးတင်ပေမယ့် ထိခိုက်မှုေကြာင့် အတော်များများမေ့သွားခဲ့ရတယ် အဲ့အတွက်အားနာလိုက်တာ"
စစ်သားလေးမှာ ယီချန့်အမေးအား အပြုံးလေးဖြင့်ပြန်ဖြေပေးလာသည်။
"ကျွန်တော့်နာမည် ရှောင်ကျိန့်ပါ။ ဗိုလ်မှူးဟူရဲ့ လက်ထောက်လေ"
ရှောင်ကျိန့်မှာ သူ၏အိုင်ဒေါကိုလာမကြိုခင် အခြေအနေအရပ်ရပ်အား ကြိုသိထားရသော်လည်း လက်တွေ့မြင်လိုက်ရသော် ဖြေမဆည်နိုင်ဖြစ်သွားရ၏။ သူတို့ရဲ့ သူရဲကောင်းလေးမှာ ပုလ္လင်ပေါ်မှ မတရားစွာဆင်းပေးလိုက်ရသည်လေ။ စစ်တပ်ဝင်းထဲရှိ မရီးများအား စိတ်ဓာတ်သန်မာေနစေဖို့မျှော်လင့်မိသည်။ မဟုတ်ပါက သူတို့သူရဲကောင်းလေး၏ လက်ရှိပုံစံလေးအားမြင်လျှင် ချုံးပွဲကျထိုင်ငိုမိကြလောက်မည်။