← Chapters

Chapter 48

Vol. 5 Ch. 48

Chapter 48

Vol. 5 Ch. 48

ယီချန်မှာ တစ်ယောက်ထက်တစ်ယောက်အသံကျယ်အောင် အော်ကာအပြိုင်ချဲနေကြသော သူ့ရှေ့ရှိအဒေါ်ကြီးအုပ်စုကြောင့် ခေါင်းကိုက်သွားရပေမယ့် သူ့အားကာကွယ်ပေးနေကြသည့်စကားလုံးများမှာတော့ နွေးထွေးသွားစေသည်။ ခဏအကြာမှ ယီချန့်ဘက်အာရုံပြန်ပို့ကာ သူမတို့မှာမည်သူဖြစ်ကြောင်းမိတ်ဆက်ပေးလာကြ၏။ ယီချန်မှာ သူမတို့အားမမှတ်မိနိုင်မှန်းသိထားကြသော်လည်း ထိုအတွက်ကြောင့်နဲ့သူမတို့ကသူ့အပေါ် စိမ်းကားမပစ်နိုင်ကြပါပေ။ ယီချန်လည်း အပြုံးလေးဖြင့် တစ်ဦးချင်းဆီကို ပြန်နှုတ်ဆက်လိုက်သည်။

"ကျွန်တော့်ကို လာကြည့်ပေးကြလို့ကျေးဇူးတင်ပါ‌တယ်နော်။ မရီးတို့ကို ကျွန်တော်မမှတ်မိနိုင်တော့ပေမယ့် မရီးတို့နဲ့တွေ့လိုက်ရတော့ ကျွန်တော်ပျော်ရွှင်မိသွားသလို ခံစားနေရတယ်။ ကြည့်ရတာ မရီးတို့နဲ့ကျွန်တော်က အတော်ရင်းနှီးခဲ့ကြပုံပါပဲ"

ယီချန်၏စကားကြောင့် ထိုအုပ်စုမှာ မျက်လုံးများနီရဲလာ၍ ငိုချ‌ေတာ့မည့်ပုံပေါက်လာ၏။ ထို့ကြောင့်ယီချန်လည်း အမြန်စကားလွှဲလိုက်ရသည်။ ခုနကအော်ကြီးဟစ်ကျယ် စကားပြောနေကြသော အုပ်စုကိုဖြစ်စေ ယခုနူးညံ့၍အထိမခံဖြစ်သွားပြန်သော အုပ်စုကိုဖြစ်စေ သူမကိုင်တွယ်နိုင်ပေ။

"ဒါနဲ့ မရီးတို့ကအခုချိန်အလုပ်ထဲရှိနေရမှာ မဟုတ်လား။ ကျွန်တော့်ကြောင့်နဲ့ ဒုက္ခခံပြီးသီးသန့်လာတွေ့စရာမလိုပါဘူး"

မရီးလီမှာ အရေးမစိုက်ဟန်ဖြင့် လက်ယမ်းလိုက်ပြီးသူမလက်ထဲပါလာသမျှကို ယီချန့်ထံကမ်းပေးလိုက်၏။ သူမနောက်မှ ကျန်အမျိုးသမီးများမှာလည်း သူမတို့သယ်လာသမျှကိုပေးလာသည်။

"ခဏလောက်အလုပ်နားလိုက်ရတာ ကိစ္စမရှိပါဘူး။ မင်းကခုမှဆေးရုံက‌ဆင်းလာတာကို မရီးတို့ကကျိန်းသေလာကြည့်ပေးရမှာပေါ့။ မင်းခုထိဘာမှမစားရသေးဘူးမလား။ ကြည့်ပါဦးအေ ဘယ်လောက်မှတောင်မကြာသေးတာကို ဘာလို့အများကြီးပိန်သွားရတာလဲ။ မရီးအိမ်မှာ ကြက်ဥတွေရှိနေတော့ နေ့တိုင်းယူလာပေးမယ်။ အားရှိအောင်တစ်နေ့တစ်လုံးစားပေး ကျန်တဲ့ကိစ္စတွေကိုတော့ ခေါင်းရှုပ်ခံပြီး စဉ်းစားမနေနဲ့"

"ဟုတ်တယ် ဒီမှာမရီးကကြက်စွပ်ပြုတ်လေးချက်လာခဲ့တယ်။ ပူပူလေးမလို့ အကုန်သောက်လိုက် ပြီးရင်အနားယူလိုက်ဦး။ ဆေးရုံမှာအိပ်ရတာနဲ့ ကိုယ့်အိမ်ကိုယ့်ယာမှာ အိပ်ရတာကကွာတယ်လေ။ စွပ်ပြုတ်လေးမွှေးနေအောင် ကြက်သွန်မြိတ်လေးတွေပါ ဖြူးပေးထားတယ်"

"မနေ့ကအိမ်က ကလေးတွေအတွက် နွားနို့ဝယ်ဖြစ်တယ်လေ။ မင်းလည်း ဒီနေ့ပြန်လာတာဆိုတော့ အခွင့်ကြုံသွားတာပေါ့။ မရီးနှစ်ပုလင်းပေးခဲ့မယ်။ အခုတစ်ပုလင်းသောက်ပြီး ညအိပ်ခါနီးတစ်ပုလင်းသောက်လိုက်။ မနက်ဖြန် မရီးနွားနို့ပိုယူထားလိုက်မယ်နော်"

"အရင်လကမရီးမိဘအိမ်ကနေ ဝက်အူချောင်းတွေပို့ထားတာလေးတွေရှိလို့ ကြော်လာခဲ့တယ်။ ရှောင်ယီ အားပြည့်အောင်များများစားနော် ယောင်းမလီပြောသလို မင်းအရမ်းပိန်သွားတာပဲ"

ဆန်ပြုတ်ခွက်လေးကိုင်ကာလျှောက်လာသော ရှောင်ကျိန့်မှာသူ့ထက်အရင်ဦးပြီး ယီချန့်ထံပစ္စည်းကောင်းများပေးကာ မျက်နှာသာဝင်လုနေသော မရီးအုပ်စုကြောင့် အရှိန်တင်ကာအပြေးဝင်ရောလိုက်၏။

"ဟဲ့ အမလေး!လောင်ကျိန့်ရေ နင်ဘယ်လိုတွေဖြစ်နေလို့ ဇွတ်တိုးနေရတာလဲ။ ငါလဲကျတော့မယ်ဟဲ့"

"ဟုတ်ပါ့အေ ငါ့ကိုတက်နင်းသွားပြန်ပြီဟေ့!ဘာတွေပျာယာခတ်နေတာတုန်း"

ရှောင်ကျိန့်မှာ အမျိုးသမီးအုပ်စုများ၏ ဆူဆဲသံများကြားမှ ယီချန့်ရှေ့ရောက်အောင်တိုးလာပြီး ဆန်ပြုတ်ချိုင့်လေးအား ပေးကာပြောလိုက်သည်။

"တပ်ခွဲမှူး ဒီအချိန်မှာ ဆန်ပြုတ်သောက်ပြီး အနားယူတာအဆင်အပြေဆုံးဖြစ်မယ်ထင်လို့ ဝက်သားဆန်ပြုတ်လေးလုပ်ခိုင်းလာတယ်။ စားသောက်ပြီးရင် အနားယူလိုက်တော့နော်။ ဒီနေ့တစ်မနက်ခင်းလုံး ကားစီးလာရတာဆိုတော့ ပင်ပန်းနေမှာပေါ့။ မရီးတို့ပေးထားတာတွေကိုလည်း ကုန်အောင်စားလိုက်ဦး။ ရေချိုးချင်လည်း ရေနွေးတည်ထားတာရှိတာမလို့ ရေနွေးနဲ့စပ်ချိုးလိုက်နော်"

ရှောင်ကျိန့်မှာ ယီချန့်အား တစ်သီတစ်တန်းကြီးအမှာခြွေပြီးနောက် မရီးအုပ်စုဘက်လှည့်ကာ လေးနက်သည့်အသံနေအသံထားဖြင့် အော်‌ေပြာလိုက်၏။

"တပ်ခွဲမှူးက မနက်ကတည်းကကောင်းကောင်းအနားမယူရသေးတဲ့အပြင် ကားစီးလာရတာဆိုတော့ ပင်ပန်းနေမှာပဲ။ မရီးတို့လည်း လာရင်းကိစ္စပြီးသွားကြပြီဆိုတော့ ပြန်ကြစို့လေ။ တပ်ခွဲမှူး အေးအေးဆေးဆေးနားပါစေတော့။ အခုချိန် ကျွန်တော်တို့လုပ်ရမယ့် အရေးကြီးကိစ္စတွေရှိသေးတယ်လေ။ နံစော်နေတဲ့ဟိုဘက်အုပ်စုက‌ေလ တပ်ခွဲမှူးပြန်ရောက်လာပြီဆိုတဲ့ သတင်းကြားကတည်းက အမောက်တစ်ထောင်ထောင်ဖြစ်နေကြတာ။ ခုချိန်ကကျွန်တော်တို့ အဲ့အမောက်တွေကို နုတ်နုတ်သွားစဉ်းရမယ့် အချိန်ပဲ"

ရှောင်ကျိန့်ကသူမတို့အုပ်စုကြား အတင်းတိုးဝင်လာ၍ ရန်တွေ့ရန်ပြင်နေသော မရီးအုပ်စုမှာ ခုမှသူမတို့ထံတွင် ဆက်ရန်ပွဲစဉ်ရှိနေသေးမှန်း သတိရသွား၍ ယီချန့်အားနှုတ်ဆက်ကာ ပြန်သွားကြတော့သည်။ ယီချန်မှာ ရှောင်ကျိန့်ကမရီးအုပ်စုအား လူစုခွဲရန်ကူညီပေးလိုက်သည်ဟု ထင်၍ကျေးဇူးတင်စကားပြောရန်ပြင်လိုက်စဉ် အင်္ကျီလက်များပင့်တင်ပြီး စိတ်လှုပ်ရှားနေသောအမူအယာဖြင့် ရှောင်ကျိန့်ဆက်ပြောလာသည်ကို ကြားလိုက်ရ၏။

"တပ်ခွဲမှူး ဒါဆိုကျွန်တော်လည်းသွားလိုက်ပါဦးမယ်။ မရီးတို့က မိန်းကလေးတွေဆိုတော့ ကြွက်စုတ်တွေအနိုင်ကျင့်ကြမှာစိုးတယ်။ အဲ့ကြွက်စုတ်တွေက ယောင်္ကျားသားကြီးတစ်ယောက်ကိုတောင် ဖြိုလှဲပစ်နိုင်တဲ့အထိ ကြမ်းတမ်းကြတာ။ ‌ကျွန်တော်သွားပြီနော်"

ယီချန် : "........"

ဘာလဲဟ!မင်းတို့ကတစ်ကယ်ကြီးဖိုက်ကြတော့မလို့လား။

ယီချန်ထင်သည့်အတိုင်းပါပင်။ ညနေစာလာပို့‌ချိန်တွင် ရှောင်ကျိန့်မှာသူတို့၏အောင်ပွဲအကြောင်းကို အားပါးတရ လက်သီးလက်မောင်းတန်းကာ ပြောပြနေတော့သည်။ ယီချန်မှာတော့ ရှောင်ကျိန့်၏ပြောင်နေသောဆံဗွေနေရာကိုကြည့်ကာ လေသံတိုးတိုးဖြင့်ပြောလိုက်၏။

"မင်းပင်ပန်းသွားရပြီ"

ရှောင်ကျိန့်မှာ ရူးကြောင်ကြောင်ပြုံး‌၍ ပြန်ဖြေလာသည်။

"ဒီကိစ္စလေးက အလွယ်လေးပါပဲ။ အရင်က ကောလဟလစဖြန့်တဲ့အချိန်ကမှ ပိုဆိုးတာပါ။ အဲ့တုန်းကဆို မရီးတို့တွေ ကော်မတီရုံးထိပါရောက်ခဲ့ရတာလေ"

ယီချန်မှာတော့ ‌သူတို့အားဒုက္ခမရှာရန်ပြောလိုသော်လည်း ရှောင်ကျိန့်၏ရုပ်ကိုကြည့်ရုံဖြင့် နာခံမည်မဟုတ်မှန်းသိလေရာ ပြောမနေတော့ချေ။ ထို့ကြောင့် သူတို့ကိုလွှတ်ပေးထားရန်သာ တတ်နိုင်ပြီးသူတတ်နိုင်လာပါက ပြန်လည်ကူညီပေးရမည်ဟုသာ မှတ်ထားလိုက်၏။ ထိုစဉ် ဟူယွမ်ချွမ်တို့ဘက်တွင်လည်း မီးတောက်နေပြီဖြစ်သည်။ အန်းဝေမှာ သူ့လက်ထဲရှိ အမိန့်စာလွှာအားကြည့်ကာ မကျေမနပ်ပြောလာ၏။

"ဘာလို့လဲ ယီချန့်ကိုအထက်ကဘာလို့ ပင်စင်ကြေးထုတ်ပေးပြီး အနားယူခွင့်ပေးလိုက်ရတာလဲ။ သူ့လိုအရည်အချင်းနဲ့လူဆိုရင် ရသမျှနည်းလမ်းနဲ့ ဆွဲထားရမှာကိုလေ။ ဆရာ!ဆရာပြောတော့ ယီချန့်ကိစ္စကအသေးအဖွဲလေးပါဆို။ ကျွန်တော်တို့လက်ဆောင်တွေပြင်ပေးလိုက်ရတာ ဘယ်လောက်တောင် ကုန်သွားခဲ့ရလဲ။ ဒါတောင် ကျွန်တော်တို့ဖြစ်စေချင်သလို ဖြစ်မလာပါ့လား"

ဟူယွမ်ချွမ်မှာလည်း ဤကိစ္စအတွက်ကြိတ်မနိုင်ခဲမရ ဖြစ်နေခြင်းဖြစ်ရာ အန်းဝေ၏သူ့အပေါ်အပြစ်ဖို့နေခြင်းကိုလည်း သတိမပြုမိခဲ့ပေ။ အစအဆုံးဖြောင့်ဖြူးနေပြီးမှ ရုတ်တရက်ဘယ်ကမှန်းမသိသည့် အနှောင့်အယှက်ကပေါ်လာလေ၏။ သို့သော်အထက်ကအမိန့်စာပင် ထုတ်ပေးလာပြီဖြစ်ရာ သူ့လိုအနေအထားဖြင့် ငြင်းဆိုနေ၍လည်းမရတော့ပေ။ ထို့ကြောင့် အန်းဝေကိုသာ နှစ်သိမ့်လိုက်တော့၏။ သို့သော် သူ့ကိုယ်သူကို ပြန်နှစ်သိမ့်‌ေနသည်လားဆိုသည်တော့ မသိနိုင်ချေ။

"ရှောင်ဝေ ငါလည်းဘာကဘယ်လိုဖြစ်သွားခဲ့မှန်းကိုမသိတော့ပါဘူးကွာ။ ငါသေချာစည်းရုံးထားလို့ အထက်ကလူတွေက ငါ့ဆုံးဖြတ်ချက်အတိုင်းသွားနေတာကို ရုတ်တရက်ကြီးဘယ်ကထဖောက်လာမှန်း မသိလိုက်ရဘူး။ ပြီးတော့ အဓိကလက်သည်ကလည်း ငါဆက်စုံစမ်းကြည့်ဖို့တောင် လက်လှမ်းမမှီတဲ့နေရာကကွ"

အန်းဝေမှာ ဟူယွမ်ချွမ်၏စကားကြောင့် မယုံကြည်နိုင်ဖြစ်သွားရသည်။ သူတို့တောင် လက်လှမ်းမမှီတဲ့နေရာမှလူက ယီချန့်ကိုဘာလို့ကူညီရတာလဲ ဆိုသည့်အတွေးမှာ ဆရာတပည့်နှစ်ဦးသား၏ အတွေးထဲရစ်ဝဲနေတော့၏။

"ဆရာတောင် လက်လှမ်းမမှီတဲ့နေရာကနေ အမိန့်ချလာတယ်ဆိုတာသေချာရဲ့လား။ ဒါပေမယ့် ယီချန်ကဘာနောက်ခံမှမရှိတဲ့လူကို ဘယ်ကနေဘယ်လိုဒီလိုအကောင်ကြီးတစ်ယောက်နဲ့ ချိတ်မိသွားရတာလဲ။ ထုတ်လုပ်‌ေရးအဖွဲ့ထဲက ယီချန့်ရဲ့မိသားစုအခြေအနေနဲ့ဆိုလည်း ဒီလိုပက်သက်မှုတွေရှိနိုင်မှာမဟုတ်ဘူး။ တစ်ကယ်ကို ဘာတွေဖြစ်သွားခဲ့တာလဲ"

အန်းဝေမှာ သူ့ဘာသာရေရွတ်ရင်း ကြောက်ရွံ့လာမိသည်။ သူတို့၏လှည့်ကွက်လေးမှာ သာမန်လူများအဖို့တော့ ကောင်းချီးတစ်ခုဟုထင်မိကြနိုင်သော်လည်း လှည့်ကွက်များသုံးကာ နိုင်ငံရေးလုပ်နေသူများအဖို့တော့ ဤသည်ကမည်သည့်အကြံအစည်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်းသိနိုင်ပါလိမ့်မည်။ အကယ်၍ ထိုအကောင်ကြီးသာယီချန့်အတွက် လက်စားချေပေးလာပါက သူတို့အတွက် ခံနိုင်မည့်ဝန်ထုတ်တစ်ခုဖြစ်လာမည် မဟုတ်ချေ။

သို့သော်ကံကောင်းသည်မှာ ဦးစီးဦးဆောင်လုပ်ခဲ့သူက ဟူယွမ်ချွမ်ဖြစ်နေခြင်းပင်။ ထိုသည်က သူ့အတွက် အသက်ရှူချောင်သွားစေ၏။ သူသည်အကြံဉာဏ်နှင့် ငွေကြေးသာထုတ်ပေးကာ အမှောင်ထဲနေ,နေသူဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်ခဲ့သူမှာ ဟူယွမ်ချွမ်ဖြစ်၍ အများလက်ညှိုးထိုးခံစရာဖြစ်လာမည့်သူမှာလည်း ဟူယွမ်ချွမ်သာဖြစ်သည်။ ထိုလုပ်ရပ်ကိုသာ အရေးယူလာပါလျှင် ဟူယွမ်ချွမ်၏ဗိုလ်မှူးရာထူးမှာ ရှေ့တက်လမ်းပိတ်သွားသည်တောင် ဖြစ်သွားစေနိုင်၏။

All Chapters