← Chapters

Chapter 49

Vol. 5 Ch. 49

Chapter 49

Vol. 5 Ch. 49

အန်းဝေမှာ သူ့အတွေးများကြောင့် အပြစ်ရှိသလိုခံစားနေရသော်လည်း သူအ‌ေနဖြင့်ဟူလီနနှင့် လက်ထပ်ပြီးချိန်တွင် ဟူယွမ်ချွမ်အပေါ် ပို၍သိတတ်ပေးလိုက်မည်ဟုသာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ထိုသို့ဆိုလျှင် သူ့အနေဖြင့် ဟူယွမ်ချွမ်အပေါ် အားနာစိတ်ရော လိပ်ပြာမလုံဖြစ်နေမှုတို့ပါ ခံစားစရာလိုတော့မှာမဟုတ်‌ေပ။ မည်သို့ပင်ဆိုစေကာမူ ဟူယွမ်ချွမ်သည်လည်း ဆယ်စုနှစ်တစ်ခု နှစ်ခုအတွင်း အနားယူချိန်ရောက်လာတော့မည်မဟုတ်ပါလား။ ထိုဆုံးဖြတ်ချက်ဖြင့် အန်းဝေမှာ အနည်းငယ်စိတ်ပေါ့သွားရပြီး ဟူယွမ်ချွမ်ထံပြောလိုက်၏။

"ထားလိုက်ပါတော့ အထက်ကတောင်အမိန့်ချပြီးနေပြီကို ကျွန်တော်တို့ကအခြားဘာဆက်လုပ်နိုင်ဦးမှာမလို့လဲ။ ကျွန်တော်တို့ တတ်နိုင်တာဘာမှမရှိတော့ဘူးဆိုမှတော့ ယီချန့်ကံတရားအတိုင်းသွားရတော့မှာပဲ"

ဟူယွမ်ချွမ်လည်း အန်းဝေမှလက်လျှော့လိုက်သောကြောင့် စိတ်သက်သာရာရသွားသည်။ အကယ်၍ အန်းဝေသာခေါင်းဆက်မာနေလျှင် သူ့အနေနှင့် အထက်လူကြီးများ၏အမြင်စောင်းခံရနိုင်၏။

"အဲ့လိုပဲ လုပ်ရတော့မှာပေါ့။ ဒါပေမယ့် ဒီသတင်းပျံ့သွားရင် တပ်ဝင်းထဲမငြိမ်မသက်တွေ ထပ်ဖြစ်လာမှာစိုးရတယ်။ အဲ့ကလေးယီချန်ကသာ ဒီအခြေအနေကို ထိန်းထားပေးနိုင်ရင် ပိုကောင်းမှာပဲ"

အန်းဝေနှင့်ဟူယွမ်ချွမ်မှာ တပ်ဝင်းထဲရှိယီချန့်ဘက်တော်သားအုပ်စုအကြောင်းကို တွေးမိကာ ခေါင်းကိုက်သွားရပြန်သည်။ ယနေ့တွင်ပင် ယီချန်၏ဘက်တော်သားအုပ်စုနှင့် ကောလဟလဖြန့်သူတို့ကြား ရန်ပွဲဖြစ်ကြရာ အစပိုင်းတွင်လက်ပါခဲ့ကြသော်လည်း ကော်မတီရုံးသို့ထပ်ရောက်သွားမည်စိုး၍ စကားလုံးများဖြင့်သာ အချေအတင်ဆက်ဖြစ်ကြပြီး ယီချန့်ဘက်တော်သား မရီးအုပ်စုသည် တစ်ဖက်အုပ်စုကိုသွေးတစ်စက်မထွက်စေဘဲ အနိုင်ပိုင်းပစ်လိုက်ကြကာ တစ်ဖက်အုပ်စုမှာ အိမ်ပြင်တောင်မထွက်ရဲဖြစ်သွားကြသည်ဟု ရှောင်ကျိန့်ကသူ့ရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာ အော်ကြီးဟစ်ကျယ်ပြောပြသွား၏။

ယခုယီချန့်တွင် ဒဏ်ရာရသွားခဲ့၍ ထုတ်လုပ်ရေးအဖွဲ့ထံ ပြန်လွှတ်လိုက်သည်ဟု သတင်းရသွားကြလျှင် ထိုမရီးအုပ်စုမှာအေးဆေးဆက်ထိုင်နေကြမည်မဟုတ်ပေ။ မူလလက်သည် ယီချန်မှာလည်း ထိုကိစ္စအားဝင်ဖြေရှင်းပေးရန် ဆန္ဒမရှိလျှင်သူ၏ရုံးခန်းလေး ဆက်ရှိနေနိုင်ဦးမလားဆိုတာတောင် မသေချာပါချေ။ အန်းဝေမှာ အမိန့်စာတမ်း၏နောက်မှ အသိအမှတ်ပြုစာတမ်းအား ဖွင့်ကြည့်လိုက်သည်။ သူတို့အနေဖြင့် ဤစာရွက်စာတမ်းများအား ဖောက်ဖတ်ခွင့်မရှိသော်လည်း ထိုစည်းကမ်းချက်ကို အဖတ်မလုပ်ကြသည်မှာ အသိသာကြီးပင်။ အန်းဝေမှာ စာရွက်စာတမ်းအား ဖတ်ကြည့်ရင်း အံ့ဩတကြီးထအော်လာ၏။

"ဘာလဲဟ!ပင်စင်ကြေးက ယွမ်ငါးထောင်ထိတောင် ပေးချပစ်ထားတာလား။ ပြီးတော့ မြေဆီကောင်းတဲ့ လယ်မြေငါးဧကပိုင်ဆိုင်ခွင့်တောင် ရထားသေးတယ်ပေါ့လေ"

ဟူယွမ်ချွမ်မှာ အန်းဝေ၏စကားကြောင့် ထခုန်မိတော့မတတ်ပေ။ သူ့လိုဗိုလ်မှူးတစ်ယောက်တောင် တစ်လလျှင် ယွမ်တစ်ရာပတ်လည်သာရပြီး တပ်ခွဲမှူးရာထူး‌ေလးဖြင့်ယီချန်၏ပင်စင်ကြေးမှာ သူ၏လေး ငါးနှစ်ခန့် လစာပမာဏထိတောင် ရောက်နေပြီဖြစ်၏။ ထို့ပြင် နှစ်သက်ရာဒေသမှမြေဆီကောင်းသော လယ်မြေငါးဧကပိုင်ဆိုင်ခွင့်ကို ရထားသေးပြန်သည်လား။ ဟူယွမ်ချွမ်မှာ မယုံကြည်နိုင်ဖြစ်ကာ အန်းဝေလက်ထဲရှိ စာရွက်စာတမ်းများအား ကိုယ်တိုင်ဖတ်ကြည့်လိုက်၏။ ထို့နောက် ဟူယွမ်ချွမ်နှင့်အန်းဝေ၏အတွေးများထဲတွင် ယီချန်မှာအာဏာရှိလူကြီးတစ်ဦး၏ တရားမဝင်သားတစ်‌ေယာက် ဖြစ်နိုင် မဖြစ်နိုင်ကို စဉ်းစားချင့်ချိန်နေကြတော့သည်။

ယီချန်မှာ စစ်တပ်မှပင်စင်ယူကာ ထုတ်လုပ်ရေးအဖွဲ့ဆီပြန်ရတော့မည် ဆိုသောသတင်းထွက်လာချိန်မှာတော့ ဟူယွမ်ချွမ်၏စိုးရိမ်မှုများအတိုင်းဖြစ်လာတော့၏။ သတင်းထွက်လာ,လာချင်းပင် ဟူယွမ်ချွမ်၏ခြံဝင်းထဲ လူတစ်သုတ်ပြီးတစ်သုတ်ရောက်လာကာ မေးခွန်းထုတ်နေကြ၍ ရုံးကိုပင်မသွားနိုင်သေးပေ။ ထို့ကြောင့် ဤကိစ္စမှာ ယီချန်၏ဆန္ဒကြောင့် ဖြစ်လာရကြောင်းနှင့် အထက်မှခွင့်ပြုမိန့်ပင် ကျလာပြီဖြစ်ကြောင်းကိုပါ ရှင်းပြလိုက်မှ မကျေမနပ်နှင့်ငြိမ်သက်ကုန်ကြ၏။

"ဗိုလ်မှူးဟူကိုယ်တိုင်ကနေ ဒါကယီချန့်ဆန္ဒပါဆိုပြီးပြောနေတာကို ခင်ဗျားတို့ကဘာဖြစ်‌ချင်နေကြတာလဲ။ ကာယကံရှင်ကတောင် ဘာမှမပြောဘဲငြိမ်နေတာကို ခင်ဗျားတို့ကဘာအခွင့်အရေးနဲ့ ဒီမှာစွာကျယ်စွာကျယ်လာလုပ်နေတာတုန်း"

ယီချန်အား မနာလိုမရှုစိမ့်ဖြစ်နေသော လူများထဲမှတစ်ဦးဖြစ်သည့် လောင်ကျို့က မရီးလီတို့အုပ်စုအား မကျေမနပ်ပြောလိုက်သည်။ ယီချန်ပြန်ရောက်ကာစက ဤအဘွားကြီးအုပ်စုဖြင့် စကားများကြကာ ရလဒ်အနေဖြင့်သူ့မှာအိမ်ပြင်ထွက်ဖြစ်ခဲ့လျှင်တောင် သူတို့အုပ်စုနှင့်မ‌ဆုံမိစေရန် ကြိုးစားရှောင်ခဲ့ရ၏။ သို့သော် ယခုတွင်တော့သူတို့အတွက်နိုင်ကွက်ရလာရာ မိုးရွာပြီးစထွက်လာသည့် မှိုများလို တစ်ရုံးရုံးဖြင့်ပြန်ထလာကြတော့သည်။

မရီးလီတို့အုပ်စုမှာ ယီချန့်ဆန္ဒဆိုသည့်စကားကြောင့် မကျေနပ်သော်လည်း မျိုသိပ်ထားလိုက်ကြရတော့၏။ သူတို့မှာ အချက်အလက်ကျကျ ထောက်ပြသွားသော ဗိုလ်မှူး‌ဟူအား ပြန်အတွန့်မတက်နိုင်ကြပေ။ သို့သော် ဤငနာကအမှတ်သည်းခြေမရှိဘဲ ဝင်ပါလာပြန်ရာ ဟူယွမ်ချွမ်အပေါ်ရောက်နေသည့် ဒေါသတို့အားသူ့အပေါ်ပုံချလိုက်တော့သည်။

"အမလေး အံ့ဩပါ့။ နင့်ပါးစပ်ကဒီစကားထွက်လာရဲသေးတယ်နော်။ ဘာလဲ ဒီတစ်ခါတော့နင်တို့အလှည့် ရောက်လာပြီလို့ထင်နေတာလား။ သွားစမ်းပါ နင်တို့အကြံတွေကို ငါမသိဘူးများထင်နေလား။ ရှောင်ယီက ငြိမ်နေတယ်ပေါ့လေ အေးပေါ့ ငြိမ်နေရမှာလေ သူ့မှာနောက်ကနေထောက်ပံ့ပေးနိုင်မယ့် နောက်ခံမှရှိမနေတာကိုး။ နောက်ခံများရှိနေလို့ကတော့ အသက်ကြီးပြီး အချိန်မစီးသေးတဲ့ဟာတွေရဲ့ အထက်တောင်ရောက်သွားနိုင်တယ်ဆိုတာကို ငါတို့အကုန်လုံးသိတယ်ဟဲ့"

"ဟုတ်ပါ့ ရှောင်ယီဆိုတာ ငါတို့မျက်စိရှေ့တင်ကြီးပြင်းလာတဲ့ ကလေးပဲ။ ဘယ်လောက်တောင် သိတတ်လိမ္မာပြီး တာဝန်ယူမှုရှိလိုက်သလဲ။ ကံဆိုးတာက မနာလိုဝန်တိုသူတွေကများတော့ သူ့ခမျာခြေနင်းတုံးဘဝရောက်ရရှာတယ်။ သူတို့တွေမှာ ဖြစ်ထွန်းအောင်မြင်‌ေအာင်လုပ်နိုင်တဲ့ အရည်အချင်းမရှိတာနဲ့ပဲ ထွန်းပေါက်အောင်မြင်မယ့်ကလေးကို နင်းခြေဖို့စောင့်ကြည့်နေကြတယ်။

သူ့ခမျာဒီလိုမတရားခံနေရတာကို ဖွင့်ပြောပြရင်တောင် ဘာတွေများပြောင်းလဲသွားနိုင်လို့လဲ။ အဲ့တော့ ကလေးကအကုန်လုံးကိုမျိုသိပ်ပြီးတစ်ယောက်တည်းခံစားနေရတော့တာပေါ့။ အဲ့လိုကလေးကို အပေါ်ယံပဲကြည့်ပြီး ဘာမဆိုငြိမ်ခံနေပါတယ်ဆိုတဲ့အတွေးနဲ့ ဖိနှိပ်ချင်နေကြတာလေ"

"သနားစရာကောင်းလိုက်တဲ့ရှောင်ယီလေး။ သူ့ခမျာ ဘယ်လောက်တောင် စိတ်ပင်ပန်းခဲ့ရလို့ ဒီစစ်သားဘဝအကြောင်းကိုပဲ ကွက်ပြီးအတိတ်မေ့သွားရတာလဲကွယ်။ ရှောင်ယီစစချင်းတပ်ထဲရောက်စတုန်းကဆို သူ့ဖခင်ဆုံးပါးသွားလို့ မိသားစုအတွက်ရောက်လာတာပါဆိုပြီး ပြောခဲ့ပေမယ့်သူ့မျက်လုံးလေးတွေထဲမှာ ရဲရင့်ပြတ်သားမှုနဲ့ မျှော်လင့်ချက်တွေရှိနေတာကို ဘာမှအရိပ်အကဲမခတ်တတ်တဲ့ ငါတောင်နားလည်နိုင်တယ်။

သူမစ်ရှင်တစ်ခါထွက်ပြီးပြန်လာတိုင်း သူ့အောင်ပွဲတွေကိုထုတ်ပြခဲ့ရင်တောင် ငါတို့ကလွဲရင် ဘယ်အကောင်ကများ တော်လိုက်တာ ပင်ပန်းသွားခဲ့ရပြီ အဆင်ပြေခဲ့ရဲ့လား ဆိုတာတွေမေးလာဖူးလို့လဲ။ အခုမှ သူတော်ကောင်းလိုလို ဘာလိုလိုနဲ့ ရှောင်ယီ့အတွက် ဘာတွေလုပ်ပေးမှာ ဘာတွေစီစဉ်ပေးထားမှာ ဆိုပြီးနာမည်ကောင်းဝင်ယူချင်သေးတဲ့ ကြွက်စုတ်တွေကရှိသေးတယ်"

"တစ်ကယ်ပါအေ ဒီနှစ်တွေထဲရှောင်ယီဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာ သူ့မျက်လုံးတွေထဲကနေတစ်ဆင့်မြင်နေရတတ်တဲ့ ခံစားချက်လေးတွေတောင် ဖော်ပြမလာတော့တဲ့အထိ မြိုသိပ်ထားခဲ့တာကိုကြည့်တာနဲ့ သိနိုင်တာပဲ‌ေလ။ သူ့မှာဒဏ်ရာအနာတရဖြစ်ခဲ့ရင်တောင် သူ့တာဝန်တွေကို ဘယ်တော့မှလျစ်လျူမရှုဘဲ အဆုံးထိလုပ်ပေးခဲ့တယ်။ ဒါတွေကိုကျမမြင်ဘဲ နင်တို့သောက်လုံးတွေကန်းနေကြပြီး သူ့ရဲ့မရှိ,ရှိတဲ့ပြစ်ချက်လေးတွေကိုကျ နင့်မိန်းမလင်ငယ်နေတုန်းကလို နေ့မအိပ်ညမအိပ်နဲ့ ရအောင်ရှာထုတ်လာသေးတယ်နော်"

လောင်ကျို့မှာ အဘွားကြီးအုပ်စုက သူ၏အရှိုက်ကို တစ်ချက်တည်းပင့်ထိုးလာသလို ခံစားလိုက်ရ၍ နှာမှုတ်ကာပြန်ပက်လိုက်သည်။

"မရီးတို့တွေက သူ့ရုပ်ချောတာနဲ့ပဲ ပင်ပင်ပန်းပန်းလုပ်နေရတာပါဆိုပြီး တစ်ဖက်သတ်ပြောနေကြတာပဲ။ သူကစစ်သားတစ်ယောက်လေ။ အဲ့တော့ ဒီတာဝန်တွေဆိုတာကလည်း မဖြစ်မနေသူထမ်းဆောင်ရမယ့်အရာတွေ မရီးတို့က သူ့ကိုဦးစားပေးပြနေတော့ သူကလည်းမရီးတို့ရှေ့ရောက်ရင် အားနည်းချင်ယောင်ဆောင်ပြတော့မှာပေါ့။ ကျွန်တော်တို့ တပ်ခွဲမှူးအန်းဆို ဘယ်လောက်ခက်ခဲတဲ့ မစ်ရှင်တွေကို လုပ်နေရပါစေ အသံတစ်ချက်မထွက်ဘဲ အောင်မြင်အောင်လုပ်ဆောင်ခဲ့တာချည်းပဲ။

သူများ‌ေတွလို ဘာမှမျက်ရည်လိုက်ချူနေတာလည်းမရှိဘူး။ တစ်ကယ့်ယောင်္ကျားဆိုတာ ကျွန်တော်တို့ တပ်ခွဲမှူးအန်းလို အခက်အခဲတွေကို ငြီးငြူမနေဘဲ ပြတ်ပြတ်သားသားရင်ဆိုင်သွားရမှာ။ တပ်ခွဲမှူးယီလို လုပ်နေရမှာမဟုတ်ဘူး။ ‌ဪ ငါနဲ့မေ့တတ်ရန်ကော အခုတပ်ခွဲမှူးယီ မဟုတ်တော့ဘူးလေ ယီချန်လို့ပဲခေါ်ရတော့မှာကိုး"

မရီးလီတို့အုပ်စုမှာ လောင်ကျို့၏စကားများကြောင့် အသားတစ်ဆတ်ဆတ်တုန်သည်ထိ ဒေါသထွက်သွားကြတော့၏။

All Chapters