Chapter 50
Vol. 5 Ch. 50
ထိုစဉ် ဟူယွမ်ချွမ်ထံ အကျိုးအကြောင်းမေးရန် ရုံး၌စောင့်နေသော်ငြား ဟူယွမ်ချွမ်ကပေါ်မလာသေး၍ အခြေအနေလာကြည့်သော ရှောင်ကျိန့်မှာ လောင်ကျို့တစ်ယောက် ဗိုလ်မှူးဟူ၏ခြံဝင်းထဲတွင် မရီးလီတို့အုပ်စုနှင့် ဘိုင်ဝမ်းချနေသည်ကိုမြင်ရာ အမြန်ပြေးချလာ၏။ သူရောက်လာချိန်တွင် ယီချန်အားဖိနှိပ်၍ အန်းဝေအားသက်တံ့ချီးပေါက်ေပးနေသော လောင်ကျို့၏စကားများကြောင့် ဒေါသူပုန်ထသွားရတော့သည်။
"လောင်ကျို့ရေ မင်းကတော့ နာမည်အတိုင်းအားနည်းနေတဲ့ငပျော့ကောင်ပါပဲကွာ။ တပ်ခွဲမှုးအန်းကြီး ဘယ်လိုမစ်ရှင်တွေလုပ်ရပြီး တပ်ခွဲမှူးယီဘယ်လိုမစ်ရှင်တွေလုပ်ရတယ်ဆိုတာ အပြင်လူဖြစ်တဲ့ငါတို့တောင် သိနေကြတဲ့ကိစ္စကို မင်းကဖင်ပိတ်ငြင်းချင်နေသေးတယ်ပေါ့လေ။ ဘာလဲ မင်းလည်းမင်းရဲ့သမီးကြီးလာရင် သူနဲ့ပေးစားဖို့လုပ်ထားလို့လား။ ဟိုကမင်းကိုယောက္ခထီးတော်ချင်ရအောင် မင်းကသူ့လမ်းကိုဖြောင့်အောင်ခင်းပေးနိုင်စွမ်းရှိလို့လားကွ။
ပြီးတော့ဆောင်းဦးလယ်ပွဲအပြီးမှာ ရာထူးတွေတိုးေပးမယ့်သတင်းလည်းထွက်လာရော တပ်ခွဲမှူးယီလည်းဒဏ်ရာရပြီး အနာဂတ်ပျောက်သွားတယ်တဲ့။ ငါတို့ကတော့ ဒီကိစ္စမှာအညှီအဟောက်အနံ့တွေရနေတယ်လို့ ခံစားနေရတယ်ကွ"
မရီးလီတို့မှာ သူမတို့ဘက်သားတစ်ယောက်ထပ်တိုးလာသော် အားပြန်ပြည့်လာကြပြီး ဝိုင်းချေပလာကြပြန်သည်။
"ရှောင်ကျိန့်ပြောတာမှန်တယ်။ ဒီအချိန်ကြီးမှ ရှောင်ယီ့ဆီအဖြစ်ဆိုးတွေကြုံနေရတယ်လို့အေ။ လက်ဝါးချင်းကြိတ်ရိုက်ထားတဲ့ အတွင်းရေးကိစ္စတွေရှိမရှိငါတို့ဘယ်လိုသိမလဲ။ ပြီးတော့ နင်!လောင်ကျို့!နင်ကဒီလောက်တောင် တပ်ခွဲမှူးအန်း တပ်ခွဲမှူးအန်းဖြစ်ပြနေရအောင် ဘာလဲ တပ်ခွဲမှူးအန်းက နင့်ဆီနင့်မိန်းမပြန်လာနိုင်အောင် အကြံထုတ်ပေးမယ်ပြောထားလို့လား။
ခြေထောက်လျက်ဖို့လုပ်လည်း လူကိုေတာ့ကြည့်ဦးမှပေါ့အေ။ ဟိုကသူကိုယ်တိုင်တောင် မိန်းမတစ်ယောက်ရအောင် အဖြစ်မရှိလို့ သူ့မှာရှိသမျှအကုန် လိုက်ပေးကမ်းနေရတာလေ။ ဒီလောက်ကျွေးမွေးနေရတာတောင် ခုထိ အနံ့ပဲခံနေရတဲ့ အဆင့်ကနေတက်မလာသေးဘူးကို နင်ကသွားအားကိုးနေသေးတယ်။
နင့်မိန်းမကနင့်ကိုပစ်ပြီးလင်ငယ်နေတာလည်း မဆန်းပါဘူး။ နင့်လိုအကျင့်စရိုက်နဲ့ကလေ မယူခင်ကတည်းက ဦးထုပ်စိမ်းဆောင်းပေးမခံရတာကိုတောင် နင့်မိန်းမနဲ့တွေ့တိုင်း ကျေးဇူးတင်ပြနေရဦးမယ်"
လောင်ကျို့မှာတော့ ဘယ်ကနေဘယ်လို သူ့မိန်းမလင်ငယ်နေသည့်ဆီပဲ ပြန်ရောက်လာလို့ ရောက်လာမှန်းမသိတော့ရာ စိတ်လွတ်ကိုယ်လွတ်အော်ချလိုက်တော့သည်။
"အား!!မရီးလီ ဘာလို့ကျွန်တော့်မိန်းမလင်ငယ်နေတဲ့ ကိစ္စကိုပဲခဏခဏပြန်ဆွဲထုတ်နေရတာလဲ။ ကျွန်တော်တို့က အခုယီချန့်အကြောင်းပြောနေကြတာလေ။ အဲ့မိန်းမအကြောင်းပြောနေကြတာမှမဟုတ်တာ ထည့်မပြောလာပါနဲ့တော့"
ရှောင်ကျိန့်မှာ ဤကိစ္စကလောင်ကျို့၏ အားနည်းချက်မှန်းသိ၍ မီးလောင်ရာလေပင့်ပေးလိုက်သည်။
"လောင်ကျို့ရာ မရီးလီကသူ့ပါးစပ်နဲ့သူပြောနေတာလေ။ ပြီးတော့ မင်းမိန်းမက မင်းတူနဲ့ဖောက်ပြန်တဲ့ကိစ္စဆိုတာလည်း ဒီတပ်ဝင်းထဲမသိတဲ့လူမရှိတဲ့ဟာကို ဘာတွေမကြားချင်ဖြစ်နေရတာလဲ။ ဒါ့အပြင် တပ်ဝင်းတစ်ခုလုံးသိသွားအောင် လုပ်ခဲ့တဲ့တရားခံကလည်း အော်ကြီးဟစ်ကျယ်နဲ့ ဖမ်းပြခဲ့တဲ့မင်းပဲလေ။ အဲ့တုန်းကဆို မင်းမိန်းမနဲ့မင်းတူလေးက...."
လောင်ကျို့မှာ ရှောင်ကျိန့်၏အင်္ကျီကော်လံအား ဆောင့်ဆွဲကာတင်းမာသောအမူအရာဖြင့် သတိပေးလိုက်၏။
"လောင်ကျိန့် မင်းဒီအကြောင်းတွေနဲ့ပက်သက်ပြီး တစ်ခွန်းထပ်ဟလာတာနဲ့ ငါထိုးတော့မှာနော်"
ရှောင်ကျိန့်မှာတော့ ဤလေလုံးထွားကာ အငြင်းသန်သည့် လောင်ကျို့ဆိုသော ငပျော့ကောင်ကို မမှုပါချေ။
"ဘာလဲ ဘာလဲ တပ်ခွဲမှူးယီရဲ့ ချောမောခန့်ညားမှုကိုကျ တံထွေးေတာင်မျိုမချနိုင်ေလာက်တဲ့အထိ အတင်းနာမည်လိုက်ဖျက်နေပြီး မင်းအကြောင်းလေးတစ်ခုပဲပြောရသေးတာကျ ဆတ်ဆတ်ထိမခံဖြစ်နေရလားကွ။ ဒါနဲ့များ ယောင်္ကျားဆိုတာ အခက်အခဲတွေကို ငြီးငြူမနေဘဲ ပြတ်ပြတ်သားသားရင်ဆိုင်သွားရမယ်လေး ဘာလေးနဲ့ စကားကြီးစကားကျယ်တွေလာပြောနေတယ်။ ဪ ငါ့နှယ် အဓိကအချက်ကိုမှ မေ့သွားရတယ်လို့နော်။ မင်းမိန်းမပြောတဲ့အတိုင်းဆို မင်းကယောင်္ကျား....."
*ခွပ်*
ရုတ်တရက်ကြီး ဟူယွမ်ချွမ်၏ခြံဝင်းမှာ မူမမှန်လောက်အောင် ငြိမ်သက်သွားရပြီး ရှောင်ကျိန့်မှာ သူ့ပါးအားပွတ်သပ်ကာ လောင်ကျို့အားကြည့်၍ မျက်ေမှာင်ကြုတ်ကာမေးလိုက်သည်။
"မင်းအခုငါ့ကိုထိုးလိုက်တာလား"
လောင်ကျို့မှာ ရှောင်ကျိန့်အားကြည့်ကာ တံထွေး ထွေးချလိုက်ပြီး ပြန်ဖြေလိုက်၏။
"အေး ထိုးတယ်ကွာ ဘာဖြစ်လဲ။ ငါ့မိန်းမအကြောင်းထပ်ပြောရင် မင်းကိုထိုးပစ်မယ်ပြောခဲ့တာပဲ"
ထိုစဉ်သူတို့အုပ်စုအကြောင်းကြားကာ ရောက်ချလာသည့် လောင်ကျို့အမေအပါအဝင် သူမဘက်တော်သားမိန်းမကြီးများမှာ ရှောင်ကျိန့်တို့အားကြည့်၍ အော်ပြောရင်းပြေးလာကြသည်။
"အမလေး လီမျိုးရိုးရဲ့မိန်းမ နင်တို့ကငါ့သားလေးကို အုပ်စုလိုက်အနိုင်ကျင့်နေကြတယ်ပေါ့လေ။ အရင်တစ်ခေါက်က စွာကျယ်စွာကျယ်လုပ်သွားတဲ့ နင်တို့နှုတ်သီးေတွကို ငါတို့ကဖြတ်မရိုက်နိုင်ခဲ့လို့ ဇောင်းကြွနေကြတယ်ပေါ့"
မရီးလီမှာအဘွားကြီးအုပ်စု ရောက်လာမှန်းသိရာ မျက်မှောင်ကြုံ့၍ ပြန်အော်လိုက်၏။
"အံ့ဩပါ့ နင်တို့လုပ်သမျှကို ငါတို့ကငြိမ်ခံနေမယ်ထင်လို့လား။ ဒါေပမယ့် နင်တို့အေပါ်လက်ပါရမှာ ငါတို့လက်ရွံ့တယ်ေအ။ ေပြာရရင် မစင်ကိုရွံ့စရာကောင်းလိုက်တာ ညစ်ပတ်လိုက်တာဆိုပြီး ပါးစပ်ကနေပဲပြောရင်ရပြီလေ လက်နဲ့ကောက်ကိုင်နေစရာမှမလိုတာ အဲ့လိုပဲပေါ့"
"ဟင်းဟင်းဟင်း အေးပါ အေးပါ။ နင်တို့တွေက အဲ့လိုဆိုမှတော့ ငါတို့ကိုမထိဘဲနေပေါ့။ ငါတို့ကပဲ နင်တို့ဆီလာရိုက်ပေးမယ်။ မိန်းမတို့ရေ အရင်တစ်ခေါက်ကအတွက် လက်စားချေရမယ့်အချိန်ပဲ"
မရီးလီမှာ သူမတို့အားကိုယ်ထိလက်ရောက် ရိုက်နှက်ရန်ချီတက်လာသော အိုကြီးအိုမအုပ်စုအားကြည့်ကာ ပြောလိုက်သည်။
"ရှောင်ကျိန့် အဲ့နံေစာ်နေတဲ့ငပျော့ကောင်ကို ပျော့ခွေသွားတဲ့အထိ ဆော်ပစ်လိုက်။ ယောင်းမတို့ရေ အဲ့ဘက်ကလာနေတဲ့ မိန်းမအိုကြီးတွေကို မှတ်လောက်သားလောက်အောင် ပညာပေးလိုက်ကြရအောင်ဟေ့"
ဟူယွမ်ချွမ်မှာ လောင်ကျို့ရောက်လာပြီးစကားများနေစဉ်ကတည်းက ကောင်းသောအရာများဖြစ်လာမည်မဟုတ်ဟု ခံစားမိနေသော်လည်း သူ့လိုဗိုလ်မှူးတစ်ယောက်၏ေရှ့ ထို့ပြင်သူ့ခြံဝင်းထဲတွင် ရန်ပွဲကြီးစတင်လာလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ သူသတိပြန်ဝင်လာချိန်မှာတော့ ပွဲစဉ်ကအထွတ်အထိပ်ကို ရောက်နေပြီဖြစ်သည်။
သူသည်ထိုအုပ်စုအားဆွဲရန် အခြားလူများအားသွားခေါ်ခိုင်းဖို့ သူ့လက်ထောက်ကိုရှာနေစဉ် ရန်ပွဲကိုဦးစီးဦးဆောင်ကျင်းပေနသည့်လူမှာ သူ့လက်ထောက်ဖြစ်နေမှန်း တွေ့လိုက်ရ၍ ဒေါသတကြီးလှမ်းအော်လိုက်၏။
"ရှောင်ကျိန့် မင်းရန်ဖြစ်နေတာကိုရပ်ပြီး လူစုခွဲစမ်း။ လောင်ကျို့ မင်းအပြစ်ဒဏ်အချမခံချင်ရင် ချက်ချင်းရပ်လိုက်စမ်း"
လောင်ကျို့နှင့်ရှောင်ကျိန့်မှာ အသည်းအသန်ရန်ဖြစ်နေကြသည့်အပြင် မရီးလီတို့အုပ်စု၏ ပါးစပ်ရောလက်ပါသုံးကာ ဖြစ်နေသည့်ရန်ပွဲကြောင့် ဟူယွမ်ချွမ်၏အသံမှာ တိုးမပေါက်တော့ပေ။ ဟူယွမ်ချွမ်မှာ နဖူးကြောများထသည်အထိအော်ပြောနေခဲ့သော်လည်း အဖတ်မလုပ်ကြသည့်လူများကြောင့် ဒေါသတထောင်းထောင်းထွက်လာတော့၏။
စစ်တပ်ထဲမှမထွက်သွားသေးခင်တောင် သူ့အားဤကဲ့သို့အရှုပ်ထုတ်များ ဖန်တီးပေးခဲ့သည့်ယီချန်ကိုလည်း မကျေမနပ်ဖြစ်ရသည်။ ရန်ဖြစ်နေသောအုပ်စုမှာ သူ၏ခြံဝင်းကိုပိတ်ထားသည့်အတွက် အပြင်လည်းထွက်မရရာ ဟူယွမ်ချွမ်လည်း ခြံထဲရှိရေပုံးအားဆွဲကာ လေမိုးကြိုးလက်သီးနှင့် မာန်ဟုန်ခွင်းလက်သီးများသုံးကာ အပီအပြင်တွယ်နေကြသော မထော်မနန်းသိုင်းလုလင်နှစ်ဦးအပေါ် လောင်းချလိုက်တော့၏။
ရှောင်ကျိန့်နှင့်လောင်ကျို့မှာ ခေါင်းအစခြေအဆုံးရေများရွှဲရွှဲစိုသွားကြရာ တရားခံဆီဒေါသတကြီးရန်တွေ့ရန်ပြင်လိုက်စဉ် အရာအားလုံးကို ပြာချပစ်တော့မတတ် နီရဲနေသည့်အကြည့်များဖြင့် စိုက်ကြည့်နေသော ဟူယွမ်ချွမ်အားမြင်လိုက်ရရာ တွန့်သွားကြတော့သည်။
"ဗိုလ်မှူး....ဟို....ကျွန်တော်တို့...."
ဟူယွမ်ချွမ်မှာလောင်ကျို့၏စကားကို ဆက်မပြောလာရန်တား၍ သည်းသည်းမည်းမည်းေဆာ်ေနကြသည့် အမျိုးသမီးအုပ်စုဘက် လက်ညှိုးထိုးကာ လေသံမာမာဖြင့် အမိန့်ပေးလိုက်၏။
"မင်းတို့ရဲ့ဆင်ခြေတွေကို အသာထားလိုက်ဦး။ အရင်ဆုံးအဲ့အုပ်စုကို လူစုခွဲလိုက်ကြစမ်း။ ငါ့ခြံရှေ့မှာ ဘယ်လိုတောင်သတ္တိရှိနေလို့ အုပ်စုလိုက်ရန်လာဖြစ်နေရတာလဲကွ"
လောင်ကျို့နှင့် ရှောင်ကျိန့်မှာ ဟူယွမ်ချွမ်၏စကားကြားမှ သူတို့ရန်ဖြစ်နေကြသည့်နေရာမှာ ဗိုလ်မှူးအိမ်ရှေ့ဆိုသည်ကို သဘောပေါက်သွားရကာ တံထွေးပင်မျိုချမိလိုက်ပြီး အလျင်အမြန်အမျိုးသမီးအုပ်စုကြားပြေးဝင်ကာ ကိုယ့်ဘက်မှလူများအားတားရတော့၏။
"မရီးလီ ရပ်လိုက်တော့။ ဒီနေရာမှာ ရန်ဆက်ဖြစ်လို့မရတော့ဘူး စိတ်ကိုထိန်းပါဦး"
"အမေ ရန်ဖြစ်မနေနဲ့တော့ ရပ်လိုက်ပါ ဒီနေရာမှာရန်ဖြစ်လို့မရဘူးနော်"
"ဘာလို့လဲ"
"ဘာလို့မရ,ရမှာလဲ"
လောင်ကျို့နှင့်ရှောင်ကျိန့်မှာ အမျိုးသမီးများ၏အမေးကို တောင့်တင်းစွာဖြင့် တစ်ပြိုင်တည်းဖြေပေးလာသည်။
"ဘာလို့ဆို ဒီနေရာကဗိုလ်မှူးဟူရဲ့ အိမ်ရှေ့မလို့ပါ"
ရန်ဖြစ်နေကြသောအမျိုးသမီးအုပ်စုကြီးမှာ လောင်ကျို့နှင့်ရှောင်ကျိန့်တို့၏ စကားကြောင့် ပြန်လည်အသိဝင်လာကြကာ မီးကိုရေဖြင့်ငြိမ်းချလိုက်သကဲ့သို့ ငြိမ်သက်သွားကြပြီး သူတို့ကိုဝါးစားမတတ် စူးစူးရဲရဲမျက်ထောင့်နီကြီးဖြင့်ကြည့်နေသော ဟူယွမ်ချွမ်ကိုမြင်လိုက်ရတော့၏။