← Chapters

မင်းတို့ဆရာ အဆင့်ပိုမြင့်တဲ့ လူတစ်ယောက်ကို ဘယ်လိုအနိုင်ယူမလဲ ဆိုတာကို သေသေချာချာ ကြည့်ကြ(၃)

Vol. 10 Ch. 137

မင်းတို့ဆရာ အဆင့်ပိုမြင့်တဲ့ လူတစ်ယောက်ကို ဘယ်လိုအနိုင်ယူမလဲ ဆိုတာကို သေသေချာချာ ကြည့်ကြ(၃)

Vol. 10 Ch. 137

"လက်ဝါးတစ်ချက်တည်းနဲ့ အဆုံးသတ်လိုက်တာလား... ဒီလောက်တောင် ရိုးရှင်းတာလား.."

သူ့အနေနှင့် ဆရာဖြစ်သူက တစ်ဖက်ရန်သူအား အဆင့်တစ်ခု ပိုမိုနိမ့်ပါးစွာဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်ကို သံသယဝင်ခြင်း မရှိပါ။

ထို့အပြင် ယခုအချိန်၌ ဆရာဖြစ်သူဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ အမှန်တကယ်ကို မူလအဆင့်ဖြစ်၏။

သူက ဆရာ၏ မိမိထက် အဆင့်တစ်ခု ပိုမိုမြင့်မားသူအား ရင်ဆိုင်ခြင်းကို.. ဝတ်စုံနက်ဝတ်လူနှင့် သိုင်းကွက်ပေါင်းများစွာ ဖလှယ်ပြီးမှ တစ်ဖက်လူအား မနိုင်ယူနိုင်မည်ဟု တွေးထားခဲ့တာပါ။

အဆုံးသတ်တွင် လက်ဝါးချက် တစ်ချက်ဖြင့် ရှင်းလင်းခဲ့သည်လား။ ထို့အပြင် ထိုလက်ဝါးချက်ကြောင့် ဝတ်စုံနက်ဝတ်လူက ပြာအဖြစ် ပြောင်းလဲသွားခဲ့ရလေသည်။

"ဆရာ့ရဲ့ မူလအဆင့် ခွန်အားက အရမ်းကို စွမ်းအားကြီးလှပါလား။ ငါ့ရဲ့ခွန်အားနဲ့ အရမ်းကို ဝေးကွာနေသေးတယ်.."

ရွှီယန်က စိတ်ရှုပ်မှုတို့ဖြင့် ပြည့်နှက်လာခဲ့၏။

မုန့်ချုံလည်း သူ၏ခေါင်းကို လက်တစ်ဖက်နှင့် ကုပ်ကာ   မယုံကြည်နိုင်စွာ ရှိနေပါသည်။ ခေါင်းစောင်းကာ မှင်သက်စွာ ရှိနေ၏။

ဤသည်မှာ ဆရာပြောသည့် မိမိထက် အဆင့်တစ်ခု ပိုမိုမြင့်မားသူကို ရင်ဆိုင်မည်ဟူသည့် အဓိပ္ပာယ်လား။

လက်ဝါးတစ်ချက်တည်းနှင့် ရန်သူကို ပြာအဖြစ်  ပြောင်းလဲလိုက်ခြင်းလား။

မသိပါက ခြင်တစ်ကောင်ကို လက်ဝှေ့ယမ်းကာ သတ်လိုက်သည်နှင့် တူညီနေပါတော့သည်။

စုလင်းရှုံမှာ လုံးဝ မှင်သက်နေပါသည်။ မူလအဆင့် သိုင်းသမားတစ်ယောက်သည် အလွန် စွမ်းအားကြီးလှသည်လား။

ဤသည်မှာ သိုင်းပညာလမ်းစဉ်၏ ဒုတိယအဆင့်သာ ရှိပါသေးသည်။ လက်ဝါးချက် တစ်ချက်တည်းနှင့် စစ်ဘုရင်အဆင့် တစ်ယောက်ကို ပြာအဖြစ် ပြောင်းလဲသွားစေခဲ့သည်လား။ ဆရာဖြစ်သူသည် အမှန်တကယ်၌ မည်မျှ သန်မာလိုက်သနည်း။

လီရွှမ်က တပည့်များ၏  အသွင်အပြင်များကို ကြည့်ကာ အလွန် ကျေနပ်သွားသည်။ သို့ပေမယ့် တည်ငြိမ်စွာဖြင့်သာ ပြော၏။

"မူလအဆင့်မှာတုန်းက ငါ့ရဲ့အဆင့်က ဒီလောက်လောက်ပဲ.."

"တပည့်တို့.. မင်းတို့ကို ငါနဲ့ တူညီတဲ့ ခွန်အားမျိုး  ပိုင်ဆိုင်နိုင်လာဖို့အထိ ငါမတောင်းဆိုဘူး။ ၅၀ ၆၀%လောက် ရောက်ရင်ပဲ ငါကျေနပ်တယ်.."

သူက နှစ်ခါ စဉ်းစားမနေဘဲ ကြွားဝါမှုတို့ကို ရုပ်တည်ဖြင့် ထုတ်ဖော် ပြောကြားသည်။

ရွှီယန်က ခံစားသွားရ၏။

'ဒါကြောင့်မို့လို့ ဆရာငါ့ကို တပည့်အဖြစ် လက်မခံခဲ့တာကို။ ငါဘယ်လောက်ပဲ လေ့ကျင့်လေ့ကျင့် ဆရာနဲ့ အဆင့်တူတဲ့ ခွန်အားကို ရောက်နိုင်ဖို့က မဖြစ်နိုင်လောက်အောင် ခက်ခဲလွန်းတယ်..'

'ဆရာက သူ့ကို လိုက်မီနိုင်မယ့်လူ သို့မဟုတ် ဖြတ်ကျော်နိုင်မယ့်လူကို တပည့်အဖြစ် ရှာတွေ့နိုင်မှာ မဟုတ်လို့ တပည့်လက်မခံတာ ပိုကောင်းမယ်လို့ ခံစားရတာ ဖြစ်မယ်..'

'နောက်ဆုံးမှာ ငါ့ကို တပည့်အဖြစ် လက်ခံခဲ့တာက ငါ့ရဲ့စိတ်ရင်းကို ခံစားရပြီး ဆရာတပည့်တွေ ဖြစ်လာကြဖို့ ကံပါလာတယ်လို့ ထင်သွားလို့ ဖြစ်မယ်..'

'အဲ့ဒါကြောင့်သာ တပည့်အဖြစ် လက်ခံပြီး လောကကြီးထဲကို ပြန်ဝင်လာခဲ့တယ်။ သူ့ရဲ့ သိုင်းပညာကို လက်ဆင့်ကမ်းပေးဖို့အတွက် တပည့်တွေကို ဆက်ပြီးတော့ လက်ခံဖို့ ဆုံးဖြတ်ခဲ့တယ်..'

ရွှီယန်က ပိုမိုစဉ်းစားလေလေ ပိုမိုအရှက်ရစွာ ခံစားရလေ ဖြစ်လာခဲ့၏။

'ငါက အရမ်းကို အားနည်းလွန်းတယ်။ အဆင့်တူမှာ ဆရာခွန်အားရဲ့ ၅၀၊ ၆၀%ကိုတောင် မရောက်နိုင်ဘူး။ ငါကြိုးစားပြီးတော့ ခွန်အားကို မြှင့်တင်ရမယ်။ ဆရာခွန်အားရဲ့ ၅၀၊ ၆၀%ကို ရောက်ကို ရောက်ရမယ်..'

ရွှီယန်က စဉ်းစားသည်။

"ဆရာ ကျွန်တော် သေချာပေါက် ကြိုးစားကျင့်ကြံပြီး ခွန်အားကို မြှင့်တင်ပါ့မယ်.."

ရွှီယန်က ခိုင်မာစွာ ပြောကြား၏။

လီရွှမ်မှာတော့ တပည့်ဖြစ်သူ၏ သူ၏ တပည့်အဖြစ် လက်ခံခဲ့မှု အကြောင်းအား ပြည့်ပြည့်စုံစုံ စိတ်ကူးယဉ်ခဲ့ပြီးပြီ ဟူသည်ကို သိရှိခြင်း မရှိပါ။

ကုလားထိုင်ပေါ်တွင် အသာပြန်ထိုင်ကာ ပြော၏။

"အင်း.. အကောင်းဆုံးသာ ကြိုးစား။ ဒါပေမယ့် တစ်ယူသန်ပြီး ဇွတ်လုပ်တာမျိုးတော့ မဖြစ်စေနဲ့.."

သူက အဆင့်တူများထက် အဆ၁၀၀ ပိုမိုသန်မာပါသည်။ တပည့်များအနေနှင့် မည်မျှပင် ကြိုးစားစေကာမူ သူ့ခွန်အား၏ ၅၀ ၆၀%လောက်ကိုပင် ရောက်ရှိဖို့ရာ မဖြစ်နိုင်ရန် ကံပါလာခဲ့၏။

ဘာပဲဖြစ်ဖြစ် တပည့်များ၏ ခွန်အားတို့ တိုးတက်လာသည်နှင့်အမျှ သူ၏ခွန်အားလည်း လိုက်ပါ တိုးတက်လာမှာ ဖြစ်သည်။ သူသည် အဆင့်တူများထက် အမြဲတမ်း အဆ၁၀၀ ပိုမိုသာလွန်နေမည် ဖြစ်၏။

ရွှီယန်က အားမာန်တို့ တက်ကြွလာခဲ့၏။ သူလည်းပဲ စစ်ဘုရင်တစ်ယောက်ကို တန်ပြန်တိုက်ခိုက်ကာ အနိုင်ယူလိုပါသည်။ လက်ဝါးတစ်ချက်တည်းနှင့် ဖျက်ဆီးနိုင်ခြင်း မရှိလျှင်တောင် လက်ဝါး အချက်ပေါင်းများစွာ ရိုက်နှက်ပြီး ဖျက်စီးနိုင်ပါကလည်း လက်ခံလို့ရ၏။

မုန့်ချုံအတွက်လည်း တူညီစွာ ဖြစ်သည်။ သူလည်း အလွန် စိတ်အားထက်သန်နေပြီး ချီနှင့်သွေးအဆင့်သို့ ချက်ခြင်းပင် ချိုးဖြတ်လိုနေ၏။ ကြီးမြတ်သောနေ ရွှေခန္ဓာကို ကျင့်ကြံလိုနေပါပြီ။

စုလင်းရှုံမှာလည်း အံ့ဩနေ၏။ သူမသည် အနည်းငယ်လည်း  စိုးရိမ်နေပါသည်။ လီရွှမ်၏ ပုခုံးကို နှိပ်ပေးရင်းက ချစ်ဖို့ကောင်းစွာ ပြော၏။

"ဆရာ.. ဆရာ့ကို ပြဿနာ ဖြစ်စေခဲ့တဲ့ အတွက်  တောင်းပန်ပါတယ်.."

"နင်သာ ကောင်းကောင်းလေ့ကျင့်ရင် ဒီလိုကိစ္စမျိုးက ငါ့အတွက် ပြဿနာ မဟုတ်ဘူး.."

လီရွှမ်က လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို  အသာကစားရင်းက ထူးမခြားနားစွာ ပြောသည်။

"ဆရာ.. တကယ်တော့ ကျွန်မ..."

"ရှင်းပြဖို့ မလိုဘူး။ နင်ရဲ့ ကျင့်ကြံမှုကိုပဲ အာရုံစိုက်.."

လီရွှမ်က ကြားဖြတ်စွာ ပြော၏။

သူ့အနေနှင့် စုလင်းရှုံ၏ နောက်တွင် မည်ကဲ့သို့သော ပြဿနာမျိုး ရှိနေသည်ကို သိလိုခြင်းမရှိပါ။ တစ်ဖက်လူ အကူအညီ တောင်းလာပါက သူက သွားရမည်လား။ ဒါမှမဟုတ် မသွားရပေဘူးလား။

ရန်သူတွင် လူများစွာတို့ရှိပြီး စစ်ဘုရင်အဆင့် ၁၀ယောက်ကျော်လောက် သူ့ကို ဝိုင်းဝန်း တိုက်ခိုက်ကြလျှင်ရော။ သူ့အနေနှင့် ထိုလူများကို  အနိုင်ယူနိုင်ခြင်း မရှိလျှင်ရော...

ဤသည်က သူ၏ လျှို့ဝှက်ဆန်းကြယ်သည့်  စွမ်းအားကြီး ပုဂ္ဂိုလ်ကြီးဟူသည့် ဂုဏ်သတင်းကို  ထိပါးစေမည် မဟုတ်ပါလား။

အနိုင်ရလျှင်တောင် ပြင်းထန်သော တိုက်ပွဲတစ်ခုကို  ရင်ဆိုင်ရနိုင်၏။ ထိုအခါ သူ၏ မြင့်မားထည်ဝါသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ အသွင်အပြင်ကို မပျက်စီးစေပေဘူးလား။

ထို့ကြောင့် တည်ငြိမ်မှုကို ဦးစားပေးရန် ဆုံးဖြတ်လိုက်သည်။

All Chapters