စုလင်းရှုံ၏ ဒန်ဆေးသန့်စင်မှု
Vol. 10 Ch. 138
စုလင်းရှုံက နက်ရှိုင်းစွာ ခံစားသွားရသည်။ သူမ၏ နောက်တွင် ယခုကဲ့သို့ စွမ်းအားကြီးမားသည့် ဆရာရှိရာ လုံခြုံမှုကို ခံစားရပြီး တစ်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
"ဟုတ်ကဲ့ပါဆရာ.. ကျွန်မ ကြိုးစားကျင့်ကြံပြီး ဆရာကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး.."
"အင်း.."
လီရွှမ်က ခေါင်းငြိမ့်သည်။
"ဂျူနီယာ ညီမလေး.. ငါ့ကိုပြောစမ်းပါ...နင့်ကို ဘယ်သူတွေ ပြဿနာရှာနေတာလဲ။ အတွင်းဘက်နယ်မြေကို သွားတဲ့အခါမှာ ငါသူတို့ကို ရှင်းပေးမယ်.."
ရွှီယန်က ဒေါသတကြီး ပြောသည်။
"ဟုတ်တယ်ဟုတ်တယ်။ အတွင်းဘက်နယ်မြေကို ရောက်တဲ့အခါ ဒီစီနီယာအကိုက ကူညီပြီး ရှင်းလင်းပေးမယ်.."
မုန့်ချုံကလည်း သဘောတူစွာ ခေါင်းငြိမ့်၏။
"ကျေးဇူးတင်ပါတယ် စီနီယာအကိုတို့.. ဒါပေမယ့် ညီမရဲ့ကျင့်ကြံမှုမှာ အောင်မြင်မှပဲ သူတို့ကို သွားရှာချင်တယ်။ ညီမ သူတို့အားလုံးကို ကိုယ်တိုင် မြေမြှုပ်ပစ်ချင်တယ်.."
စုလင်းရှုံက ပြောရင်းနှင့် လက်သီးများကို ဆုတ်ကာ ဒေါသဖြင့် တုန်ယင်နေပါသည်။
"ကောင်းတယ်။ နင်အကူအညီလိုရင် ပြောသာပြောလိုက်.. နင့်ကို ဘယ်သူ အနိုင်ကျင့်တာကိုမှ ငါတို့ ကြည့်နေမှာ မဟုတ်ဘူး.."
ရွှီယန်က ခေါင်းငြိမ့်၏။
"ကျေးဇူးတင်ပါတယ် စီနီယာအကိုကြီး.."
စုလင်းရှုံ၏ နှလုံးသား၌ နွေးထွေးမှုတို့ လွှမ်းခြုံလာခဲ့၏။
သူမတို့ ထွက်ပြေးလာစဉ် ကတည်းက ဒေါ်လေးကျိုးမှလွဲ၍ မည်သူမှ သူမကို ဂရုမစိုက်ကြပါ။ ယခုအချိန်၌ နောက်ဆုံးတွင် မိသားစုတစ်ခု၏ နွေးထွေးမှုကို ခံစားလာရ၏။
ကျိုးယင်၏ မျက်လုံးများလည်း နီရဲလာခဲ့သည်။ နောက်ဆုံးတွင် သူမ၏ သခင်မလေး လုံခြုံနိုင်ပါပြီ။
သူမကို ချစ်ကြသည့် ဆရာနှင့် စီနီယာအကိုတို့ ရှိလာခဲ့၏။ တစ်နေ့တွင် အတွင်းဘက်နယ်မြေသို့ ပြန်ကာ ထိုလူများကို သတ်ဖြတ် နိုင်ပေလိမ့်မည်။
"ကျိုးယင်က ဆရာကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ပြဿနာကို သယ်ဆောင်လာမိတဲ့အတွက် ဆရာကြီးကို တောင်းပန်ပါတယ်.."
ကျိုးယင်က လီရွှမ်၏ရှေ့တွင် ဒူးထောက်သည်။
လီရွှမ်က အသာပြော၏။
"လင်းရှုံက ငါ့ရဲ့တပည့်ပဲ။ နင်အဲ့လိုလုပ်စရာ မလိုပါဘူး.."
စုလင်းရှုံတွင် မကောင်းဆိုးဝါးဆန်သည့် ပါရမီရှိ၏။ သူမသည် ဒန်ဆေးသန့်စင်ခြင်း လျှို့ဝှက်ကျမ်းကို လျင်မြန်စွာ နားလည်သဘောပေါက် နိုင်ခဲ့သည်။
သူမ၏ ကျင့်ကြံမှု အမြန်နှုန်းကလည်း ထူးကဲစွာ မြန်ဆန်လှ၏။ စွန့်ပစ်ဒေသတွင် မဆိုထားနှင့် အတွင်းဘက်နယ်မြေတွင် ပင်လျှင် ဒန်ဆေးသိုင်းပညာအား ကျင့်ကြံရန်အတွက် ယခုမျှ သင့်တော်သည့် တပည့်တစ်ယောက်ကို ရှာဖွေရန် ခက်ခဲနေမှာပါ။
သူမသာ သူ၏ သိုင်းပညာလမ်းကြောင်းတွင် အကျိုးပြုနိုင်ပါက သူမ၏ နောက်တွင် မည်သည့်ပြဿနာတို့ လိုက်ပါလာစေကာမူ လီရွှမ်အနေနှင့် ဂရုစိုက်မည်မဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် သင့်တော်သည့် တပည့်အား ရှာတွေ့ရန် ခက်ခဲလှ၏။ သူ၏တပည့်ကို ပြဿနာရှာသည့် လူသည် သူ့ကို ပြဿနာရှာသည်ပင်။
သူ၏ မဟာသိုင်းပညာ လမ်းကြောင်းအား နှောက်ယှက်သူတို့သည် သူ၏ရန်သူပင်။ လီရွှမ်သည် သူ၏ ရန်သူများအပေါ် ဘယ်တုန်းကမှ သနားညှာတာနေမည် မဟုတ်ပါ။
တပည့်များအား သူပြောနေကျ အတိုင်းပင် ဖြစ်၏။ အရိုးကိုချေ ပြာကိုလွင့်ပြီး ဝိဉာဉ်ကို ဖျက်ဆီးပစ်မည်ဖြစ်၏။
ကျိုးယင်က မြေပြင်နှင့် သုံးကြိမ်တိုင်အောင် ဦးတိုက်ပြီးမှ မတ်တပ်ထသည်။
စုလင်းရှုံက ဆေးပေါင်းအိုးကိုကိုင်ကာ ပြော၏။ "ဆရာ ကျွန်မအခုပဲ ဆေးလုံးတွေ သွားပြီးတော့ သန့်စင်ပါဦးမယ်.."
လီရွှမ်က ခေါင်းငြိမ့်သည်။
"သွားလေ.."
"နားလည်သဘောပေါက် မှုတွေကို သေသေချာချာ သုံးသပ်ပြီး ဖမ်းဆုပ်နိုင်အောင်လုပ်.."
"ဟုတ်ကဲ့ပါ ဆရာ.."
စုလင်းရှုံက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။
ရွှီယန်နှင့် မုန့်ချုံတို့လည်း စပ်စုလိုသွားကြသည်။
ဒန်ဆေးလုံးများကို မည်ကဲ့သို့ သန့်စင်သနည်း။
"ဂျူနီယာညီမလေး.. နင်အကူအညီတွေ ဘာတွေ လိုသေးလား.."
မုန့်ချုံက မေးသည်။
"အခုတော့ မလိုသေးပါဘူး။ ထင်တာပဲ.."
စုလင်းရှုံက သေချာခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် သူမလည်း ဆေးလုံးများကို တစ်ခါမှ သန့်စင်ဖူးခြင်း မရှိပါ။
စိတ်ထဲတွင် ကျင့်ကြံခဲ့ခြင်းသာ ရှိ၏။
ယခုအချိန်၌ တကယ်လက်တွေ့တွင် လုပ်ဆောင်ရမည်ဖြစ်ရာ အကြောင်းအရာကို မသေချာဘဲ ရှိနေပါသည်။
ရှီအာလည်း ချဥ်းကပ်လာခဲ့၏။ ဆေးပေါင်းအိုးကို သန့်စင်မှုပြုကာ ပြင်ဆင်ထားသည့် မီးပေါင်းဖိုပေါ်တွင် တင်လိုက်ပြီးနောက် စုလင်းရှုံက ပထမဆုံး မည်သည့် ဒန်ဆေးလုံးအား သန့်စင်ရမည်ကို စဉ်းစားသည်။
အရေပြား အားဖြည့်ခြင်း ဆေးလုံးလေလား...
သူမအနေနှင့် ၎င်းကို လိုအပ်ခြင်းမရှိပါ။ ယခုအချိန်၌ အရိုးသန့်စင်ခြင်းအတွက် ဆေးလုံးကို လိုအပ်နေ၏။
သို့ပေမယ့် ပထမဆုံးအကြိမ် သန့်စင်ခြင်းဖြစ်ရာ အောင်မြင်နိုင်လောက်မည် မဟုတ်ပါ။ ဆေးလုံးသန့်စင်ရန်အတွက် လိုအပ်သည့် ကုန်ကြမ်းများမှာ အဖိုးတန်ဆေးပင်များ ဖြစ်ကြပြီး ဖြုန်းတီးမိပါက နှမြောစရာပင်။
ရှီအာကို ကြည့်ရှု့ပြီးနောက် စုလင်းရှုံတစ်ယောက် စိတ်ကူးတစ်ခု ရလာခဲ့သည်။ ရှီအာသည် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေပါပြီ။
သို့ပေမယ့် သူ၏ ကြွက်သားနှင့် အရိုးများကို မိုးကြိုးကဲ့သို့ မြည်ဟိန်းစေကာ ချီနှင့်သွေးအဆင့်သို့ ချိုးဖြတ်ရန်အတွက် လုပ်ဆောင်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေပါသည်။
ထို့ကြောင့် ချီနှင့်သွေးဆေးလုံးကို သန့်စင်ပါက ချီနှင့်သွေးအဆင့်သို့ ချိုးဖြတ်ရန်အတွက် အကူအညီပေးနိုင်လောက်သည်။
၎င်းသည် ချီနှင့်သွေးကို အားကောင်းလာစေပြီး ကျင့်ကြံမှုဖြင့် ကုန်ဆုံးသွားသည့် ချီနှင့်သွေးတို့ကိုလည်း ပြန်လည် ဖြည့်တင်းရာ၌ အသုံးဝင်သည်။
"ပထမဆုံး ဒန်ဆေး သန့်စင်မှုအတွက် အကောင်းဆုံးကတော့ သတိကြီးကြီး ထားတာပဲ။ ဆေးပင်တွေကို ဖြုန်းတီးပစ်လို့ မဖြစ်ဘူး။ သုံးပုံတစ်ပုံလောက်ပဲ သုံးရမယ်.."
စုလင်းရှုံက တွေးတောမှုတို့ ပြုလုပ်ပြီးနောက် ချီနှင့်သွေးဆေးလုံးအား သန့်စင်ရန်အတွက် လိုအပ်သည့် ပစ္စည်းများကို ပြင်ဆင်သည်။
ဒီဗိုင်းမီးကျောက်တုံးကို မီးညှိပြီးနောက် မီးပေါင်းဖိုအတွင်းသို့ ပစ်ထည့်ကာ ဆေးပေါင်းအိုးအား ကြိုတင်အပူပေးမှု ပြုလုပ်သည်။
မကြာခင် စုလင်းရှုံက လက်ထဲရှိ ဆေးပင်များကို ကြည့်ရှု့ပြီးနောက် တုံ့ဆိုင်းစွာဖြင့် ကြောင်တောင်သွားသည်။
"ဒန်ဆေးသန့်စင်တဲ့ အချိန်မှာ ရေထည့်လိုက်သင့်လား.." သူမက ခေါင်းကိုလှည့်ကာ ဆရာဖြစ်သူအား ကြည့်သည်။ မေးမြန်းချင်နေ၏။
သို့ပေမယ့် ဆရာဖြစ်သူက သူမကို ပါးနပ်မှုမရှိဘဲ နုံအလွန်းသည်ဟု မကောင်းသည့် အမြင်တစ်ခု မြင်သွားစေမည်အား စိုးရိမ်သွားသည်။
"ဒန်ဆေးလုံးသန့်စင်ခြင်းက အဆီအနှစ်ကို ထုတ်ယူပြီး မသန့်စင်တာတွေကို ဖယ်ရှားတာပဲ။ ရေကို ပေါင်းထည့်တာက မသန့်စင်တာတွေကို တိုးလာစေမလား.."
"အဲ့လိုလည်း မဟုတ်သေးဘူး။ ရေမထည့်ရင် ဘယ်လိုလုပ်ရမှာလဲ။ ငါက သိုင်းပညာရဲ့ စတင်ခြင်းကိုမှ မရောက်သေးတာ ချီနဲ့သွေးကို အသုံးမပြုနိုင်တော့ ရေမပါရင် ဆေးပင်တွေ အကုန်လုံး ခြောက်ကုန်မှာပေါ့.."
စုလင်းရှုံက အတွေးနက်သွားသည်။ ယခင်က သူမ စိတ်ကူးခဲ့သည့် ဆေးသန့်စင်ခြင်း နည်းလမ်းတွင် ပြဿနာအချို့ ရှိနေသည်ဟု ခံစားလာရ၏။
ရွှီယန်နှင့် မုန့်ချုံတို့က ဆေးပေါင်းအိုးကို ဆက်ကြည့်နေကြသည်။ ပြီးနောက် ဆေးပေါင်းအိုးတစ်ခုလုံး ပူလာပေမယ့် ဆေးပင်များကို ထည့်ပေါင်းခြင်း မရှိသေးသည့် သူတို့၏ ဂျူနီယာညီမအား ခေါင်းလှည့်ကြည့်၏။
ဆေးသန့်စင်ခြင်းသည် အလွန် ရှုပ်ထွေးလှသည်လား။ နှစ်ယောက်သား ဆေးသန့်စင်ခြင်းနှင့် ပတ်သက်ပြီး မည်သည်ကိုမှ မသိကြပဲ ရှိနေပါသည်။
ဂျူနီယာညီမ ဖြစ်သူ၏ နောက်ထပ် လုပ်ဆောင်ချက်ကိုသာ စောင့်စားနေနိုင်၏။
"ဆေးပင်တွေရဲ့ အဆီအနှစ်ကို ထုတ်ယူပြီး မသန့်စင်မှုတွေကို ဖယ်ရှားတယ် ဆိုကတည်းက ဒီဆေးပင်တွေ အားလုံးက ပျော်ဝင်သွားသင့်တယ်။ အဲ့ဒီ့အပြင် ဆေးပေါင်းအိုးက သာမန် သံမဏိ ပေါင်းအိုးတစ်ခု မဟုတ်ဘူး။ အထူးသီးသန့် ဂုဏ်သတ္တိတွေနဲ့ ရတနာတစ်ခုပဲ.."
"ဒီဆေးပေါင်းအိုးက ဒန်ဆေးသန့်စင်ဖို့အတွက် အထူးပြုလုပ်ထားတာလည်း ဖြစ်တယ်.."
စုလင်းရှုံက ရုတ်တရက် နားလည်လာခဲ့သည်။ သူမသည် ဒန်ဆေးသန့်စင်နေခြင်း ဖြစ်၏။ ဆေးလုံးရစေရန် ပြုတ်နေခြင်း မဟုတ်ပါ။
ဆေးပေါင်းအိုး ကိုယ်တိုင်က ရတနာတစ်ခု ဖြစ်နေသည့် အချက်ကို ဘယ်လိုလုပ်ပြီး သတိမထားမိလိုက်လဲ မသိပေ။ ဤသည်မှာ ပုံမှန်သံမဏိအိုးတစ်ခု မဟုတ်ပါ။
သတိပြန်လည်လာပြီးနောက် ဆေးပေါင်းအိုးက ပူနေပြီးဖြစ်ကာ မျက်နှာပြင်ပေါ်တွင် ပူနွေးသည့် အငွေ့များ ပျံတက်နေပြီး ဖြစ်ကြောင်းအား တွေ့လိုက်ရ၏။ အချိန် အဆင်သင့် ဖြစ်လောက်သည်ဟု သူမ ခန့်မှန်းမိလိုက်သည်။
"ချီနဲ့သွေး ဆေးလုံးအတွက် ပထမဆုံးခြေလှမ်းက အရွက်၉မျိုး ဆေးပင်တစ်ရွက်ကို ထည့်ပြီး အရေဖျော်တာပဲ.."
သူမ နားလည်သဘောပေါက်ထားသည့် သွေးသန့်စင်ခြင်း နည်းလမ်းနောက်သို့ လိုက်ကာ စုလင်းရှုံတစ်ယောက် အရွက်၉မျိုးဆေးပင်မှ တစ်ရွက်ကို ဆေးပေါင်းအိုးအတွင်းသို့ ပစ်ထည့်ကာ ဖုံးအုပ်လိုက်၏။
ဖြူဖွေးနူးညံ့သည့် လက်လေးကို မြှောက်ကာ ဆေးပေါင်းအိုးကို လှုပ်ခါကာ ဆေးသန့်စင်မလို့ပါ။
"ဒုတိယစီနီယာအကို.. နင့်ရဲ့ချီနဲ့သွေးကို အသုံးပြုပြီး ဆေးပေါင်းအိုးကို နည်းနည်းလောက် လှုပ်ပေးပါလား။ ဖြည်းဖြည်းနဲ့ ဂရုတစိုက်လေးလုပ်။ အားအရမ်း မထည့်နဲ့..."
မုန့်ချုံ၏ ဘေးတွင် ထိုင်နေပုံကို တွေ့ရပြီးနောက် သူမကပြောသည်။
စီနီယာအကိုကြီးမှာ မူလအဆင့်တွင် ရှိနေ၏။
သူ၏ အစစ်အမှန်ချီက အလွန် သန်မာပါသည်။ သူမအနေနှင့် ထိန်းချုပ်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် မုန့်ချုံကို ပြောရခြင်း ဖြစ်၏။
"ကောင်းပြီ.."
မုန့်ချုံက အလွန် စိတ်လှုပ်ရှားသွား၏။ သူက လက်ကို မြှောက်ကာ လက်တွင် အကြည်နှင့် ရွှေရောင် အလင်းတစ်ခုက ဖုံးလွှမ်းလာခဲ့သည်။
ချီနှင့်သွေးတို့၏ ဝန်းရံမှုနှင့်အတူ ဆေးပေါင်းအိုးကို ညင်သာစွာ အုပ်လိုက်သည်။
"ဒန်.."
ဆေးပေါင်းအိုးက အသံတစ်ခုနှင့်အတူ အနည်းငယ် တုန်ခါသွား၏။