မုန့်ချုံ၏ ချီနှင့်သွေး ပြီးပြည့်စုံခြင်း၊ အန္တရာယ်၏ အငွေ့အသက်
Vol. 10 Ch. 146
ဝူနိုင်ငံ၏ တော်ဝင်မြို့တွင် မုန့်ချုံအပြီး၌ ဆူညံအုံကြွမှုတစ်ခု ထပ်မံ ဖြစ်ပေါ်လာခဲ့၏။ အမတ်ကြီးများ အားလုံးမှာ အကြောက်တရားဖြင့် တုန်ယင်နေကြပြီး ဧကရာဇ်ဝူ၏ မျက်နှာက အလွန် ဖြူရော်နေပါသည်။
သိုင်းလောက၏ နာမည်ကျော် ဂုဏ်သတင်း မြင့်မားသူတစ်ယောက်ဖြစ်သည့် အကြီးအကဲဝူသည် အင်ပါရီယာ နန်းတော်အတွင်းသို့ တစ်ယောက်တည်း ချိုးဖြတ်ဝင်ရောက်ပြီး ဓားတစ်ချက်ကို ဝှေ့ယမ်းကာ နန်းတော်အတွင်းတွင် ကြီးမားသည့် ဖြတ်ကြောင်းကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။ အမတ်ကြီးများ အားလုံးနှင့် ဧကရာဇ်ဝူကို ထိတ်လန့်သွားစေ၏။
နန်းတော်အစောင့် အားလုံးတို့လည်း တုန်ယင်နေကြပြီး မည်သူမှ ရှေ့သို့ တက်ရဲခြင်း မရှိကြပါ။
အကြီးအကဝူ၏ တပည့်များပင်လျှင် ဒီအချိန်၌ အဝေး၌ ပုန်းအောင်းနေကြသည်။ သူတို့၏ ဆရာဖြစ်သူနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေကြောင်းကို တွေ့လိုက်ရ၏။
ညီလာခံခန်းမ အတွင်းတွင် ရွှယ့်လင်းကျစ်က ကံမကောင်းသည့် အမတ်တစ်ယောက်ကို သေအောင်ရိုက်သတ်ပြီးနောက် အင်ပါရီယာ ပလ္လင်ပေါ်၌ ထိုင်လိုက်သည်။
သူ၏ လွှသွားနှင့် ဓားမော့ကြီးကို ပုလ္လင်၏ဘေးတွင် ထောင်ထား၏။ ဧကရာဇ်ဝူက အမတ်ကြီးများ အုပ်စု၏ ရှေ့တွင် ဖြူရော်သော မျက်နှာနှင့် မတ်တပ်ရပ်နေပါသည်။
ဒီအကြီးအကဲဝူမှာ မုန့်ချုံထက် များစွာ ပိုမိုအန္တရာယ်များသည့်ပုံ ရှိသည်။ အချိန်မရွေး လူများကို သတ်ဖြတ်နိုင်၏။
"မင်းက ဝူနိုင်ငံရဲ့ ဧကရာဇ်လား.."
ရွှယ့်လင်းကျစ်က ဧကရာဇ်ဝူကို ခေါင်းငုံ့ကြည့်ကာ မေးသည်။
"ဟုတ်ပါတယ်...အကြီးအကဲ ဝူအတွက် ကျွန်တော် ဘာလုပ်ပေးရမလဲ မသိဘူး.."
ဧကရာဇ်ဝူက စိုးရိမ်စွာဖြင့် ဖြေကြား၏။ သူသည် နှလုံးသားထဲတွင် အလွန်ဒေါသထွက်စွာ ခံစားနေရသည်။
နိုင်ငံတစ်နိုင်ငံ၏ အုပ်စိုးသူတစ်ယောက် အနေနှင့် ယခုအချိန်၌ အစေခံတစ်ယောက်က သခင်ဖြစ်သူ၏ အမိန့်ကို စောင့်စားနေရသကဲ့သို့ ပြုနေရ၏။
"ငါလူတစ်ယောက်ကို ရှာချင်လို့။ သူ့နာမည်က မုန့်ချုံ.. မင်းအဲ့လူငယ်ကို ရှာပေး.."
ရွှယ့်လင်းကျစ်က ပြုံးသည်။
ဧကရာဇ်ဝူက စိတ်သက်သာရာ ရသွားပြီး အမြန်ပြော၏။
"ပြဿနာ မရှိပါဘူး။ ကျွန်တော်သူ့ကို ဒီနေရာကို ခေါ်လာခဲ့ပါမယ်။ မုန့်ချုံက အကြီးအကဲကို မရိုမသေ ပြုလုပ်ခဲ့တယ်။ ကျွန်တော်လည်း သူ့ကို မကျေမနပ် ဖြစ်နေတာ ကြာပါပြီ.."
"အကြီးအကဲဝူ.. ကျေးဇူးပြုပြီး ရက်အနည်းငယ် လောက် စောင့်ပါ။ မကြာခင် ဝူနိုင်ငံရဲ့ မြို့တော်ကို သူရောက်လာပါလိမ့်မယ်.."
ရွှယ့်လင်းကျစ်က မတ်တပ်ရပ်ကာ ပြောသည်။
"ကောင်းတယ်။ ငါမင်းရဲ့ သတင်းကို စောင့်နေမယ်။ အဲ့ဒီ့လူကိုသာ ရှာမတွေ့ဘူးဆိုရင်... မင်းတို့အားလုံး သွေးအစာတွေ ဖြစ်ကုန်လိမ့်မယ်.."
"အရသာက နည်းနည်းဆိုးပေမယ့် ဘာမှ မစားရတာထက်စာရင် ပိုကောင်းသေးတယ်.."
ရွှယ့်လင်းကျစ်က ပြောပြီးနောက် ဧကရာဇ်ဝူကို ဖြတ်လျှောက်သွားသည်။ နောက်ထပ် ကံမကောင်းသည့် အမတ်ကြီးတစ်ယောက်ကို သေအောင်ရိုက်သတ်ပြီး အဝေးသို့ လျှောက်ထွက်သွား၏။
ဧကရာဇ်ဝူမှာ လုံးဝအားအင်တို့ ကုန်ခမ်းနေပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။ ကျန်ရှိသည့် အမတ်ကြီးများတို့လည်း တူညီစွာ ဖြစ်သည်။
သူသည် အမြဲတမ်း မြင့်မားကာ ထည်ဝါခဲ့၏။ သို့ပေမယ့် မုန့်ချုံနှင့် တွေ့ဆုံပြီး ကတည်းက အရာအားလုံး ပြောင်းလဲသွားခဲ့သည့်ပုံ ရှိသည်။
ယနေ့တွင် ပိုမိုကာပင် ဆိုးရွားလာခဲ့၏။ သူ၏အသက်ကို စိုးရိမ်ရလုမတတ် ဖြစ်သွားခဲ့သည်။ အမတ်ကြီးများ အားလုံးလည်း အလွန် မကျေနပ်စွာ ခံစားနေရသည်။အကြွင်းမဲ့ခွန်အားကို ရင်ဆိုင်ရရာ၌ သူတို့၏ အာဏာဟူသည့် အရာမှာ အလွန် မှေးမှိန်လွန်းလှသည်။
"ရုတ်သိမ်းမယ်.."
မိန်းမစိုး ခေါင်းဆောင်က ရှေ့သို့ အမြန်တက်လာကာ အမတ်ကြီးများကို ထွက်ခွာခိုင်းလိုက်သည်။
ဧကရာဇ်ဝူကို ကူညီတွဲထူ၏။
"အရှင်မင်းကြီး ကျွန်တော်တို့တွေ ဘာလုပ်ကြမလဲ.."
"မုန့်ချုံကို ရှာပြီးတော့ အကြောင်းကြားလိုက်.. ငါသူ့ကို အကူအညီတောင်းစရာ ရှိတယ်လို့ ပြောလိုက်။ တော်ဝင်မြို့တော်ကို လာခိုင်းလိုက်.."
ဧကရာဇ်ဝူက အံကိုကြိတ်ကာ ပြောသည်။ မုန့်ချုံသာ မလာပါက အကျိုးဆက်များမှာ ခန့်မှန်း၍ မရနိုင်အောင် ရှိနေပါသည်။
ထို့အပြင် မုန့်ချုံ၏ အကျင့်စရိုက်ကို သူသိ၏။ အကူအညီလိုအပ်သည်အား ကြားပါက သေချာပေါက် ရောက်လာမှာ ဖြစ်သည်။
"ပြီးတော့ ထပ်ပြောလိုက်ဦး.. ဝူနိုင်ငံရဲ့ မြို့တော်မှာ စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက် ရှိတယ်လို့.."
ဧကရာဇ်ဝူက ခဏတာ ရပ်တန့်နေပြီးနောက် အသံနိမ့်စွာ ထပ်မံပြောသည်။
"ဒါပေမယ့်... မုန့်ချုံ ဘယ်နေရာမှာလဲ ဆိုတာကို ကျွန်တော်တို့မှ မသိတာ.."
မိန်းမစိုးခေါင်းဆောင်က စိုးရိမ်သည့်အသွင်ဖြင့် ပြောသည်။
"ကောင်းကင်မိခင်ဂိုဏ်းကို အကြောင်းကြားခိုင်းလိုက်။ သိုင်းလောကမှာ သူတို့ရဲ့ ကိုယ်ပိုင် သတင်းအချက်အလက် လွှဲပြောင်းတဲ့ နည်းလမ်းရှိတယ်.."
ဧကရာဇ်ဝူက ခဏတာ စဉ်းစားပြီးနောက် ပြောသည်။
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး.."
မိန်းမစိုးခေါင်းဆောင်က ဦးညွှတ်ပြီးနောက် အမိန့်ကို သွားရောက် ပြန်ကြား၏။
ဝူနိုင်ငံ၏ အင်ပါရီယာနန်းတော်ရှိ လူသူပြတ်လပ်သည့် နန်းဆောင်တစ်ခုတွင်... ဧကရာဇ်ဝူက ထိုနေရာသို့ ထပ်မံရောက်လာပြန်၏။ ရှေးဟောင်းကျောက်အိမ် အတွင်းသို့ ဝင်ရောက်လိုက်သည်။
"မင်းပြောတော့ ဒီနေရာမှာ ကျင့်ကြံဖို့ မဖြစ်နိုင်ဘူးဆို။ ဒါပေမယ့် ဘာလို့ သိုင်းသမားတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေတာလဲ.."
ခဏအကြာ၌ လျှို့ဝှက်ဆန်းကြယ်သည့် အသံက ကျောက်အိမ်အတွင်းတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ဟားဟားဟား... မင်းငါ့ကို ထပ်ပြီး လိမ်ချင်ပြန်ပြီလား။ မဖြစ်နိုင်ဘူး.. သေချာပေါက်ကို မဖြစ်နိုင်ဘူး။ ငါအရူးလုပ်ခံမှာ မဟုတ်ဘူး.."
ဧကရာဇ်ဝူက အသက်ကို နက်ရှိုင်းစွာရှူပြီး လေးနက်စွာပြောသည်။
"ငါမင်းကို မလိမ်ခဲ့ဘူး။ ဒီနေ့မှာ ငါတို့ဝူနိုင်ငံရဲ့ နာမည်ကျော် သိုင်းသမားတစ်ယောက် နန်းတော်ထဲကိုလာပြီး အခြားသိုင်းသမား တစ်ယောက်ကို ရှာခဲ့တယ်.."
"သူ့ရဲ့စွမ်းအားက ကြောက်ဖို့ ကောင်းလွန်းတယ်။ သူက သွေးတွေကိုတောင် စုပ်တယ်.."
ကျောက်တုံးအိမ်က တိတ်ဆိတ်သွား၏။ အချိန်အတော်ကြာပြီးနောက် လျှို့ဝှက်ဆန်းကြယ်သည့် အသံက ပြန်လည်ပဲ့တင်ထပ်စွာ ပေါ်လာခဲ့သည်။
"တကယ်လား...မင်းငါ့ကို လိမ်နေတာ မဟုတ်ဘူးလား.."
"ငါကျိန်ပြောလို့ရတယ်.."
'ဒါကမဖြစ်သင့်ဘူး... ထိုက်ဆန်းရဲ့ အစွန်းအဖျားဒေသမှာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီက လွင့်ပြယ်သွားခဲ့ပြီ။ ဘယ်လိုလုပ်ပြီး သိုင်းသမားတွေ ရှိနေမှာလဲ။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီသာ ပြန်ပေါ်လာခဲ့ရင် ငါအပြင်ကို ရောက်ပြီးတာ ကြာပြီ ဖြစ်လိမ့်မယ်..'
လျှို့ဝှက်ဆန်းကြယ်သည့် အသံက ကိုယ့်ကိုယ်ကို ရေရွတ်၏။
"ငါ့ကို သိုင်းပညာကျင့်စဉ် တစ်ခုကို သင်ပေး။ ငါစမ်းကြည့်မယ်။ တကယ်လို့ ကျင့်ကြံဖို့အတွက် အမှန်တကယ် မဖြစ်နိုင်ဘူးဆိုရင်တောင် မင်းဘာမှ အရှုံးမရှိဘူး.."
ဧကရာဇ်ဝူက အခွင့်အရေးကိုယူကာ ပြော၏။
"ဟားဟားဟား... ငါသိတယ်... မင်းငါ့ကို လိမ်ချင်နေတာမလား... မင်းတို့အားလုံးက လူလိမ်တွေပဲ... အားလုံးက လူလိမ်တွေ... ဒီလောကကြီးမှာ ဘာလို့ ဒီလောက်ထိ လူလိမ်တွေ အရမ်းများရတာလဲ..."
လျှို့ဝှက်ဆန်းကြယ်သည့် အသံက အနည်းငယ် ရူးသွပ်လာပြန်၏။ ဧကရာဇ်ဝူက မျက်မှောင်ကျုံ့သွားသည်။
သူသည် မည်သည်ကိုမှ မရနိုင်ဘဲ ထပ်မံရှိနေပါသည်။
"ငါမင်းကို လိမ်တာမဟုတ်ဘူး။ သိုင်းသမားတစ်ယောက် တကယ်ပဲ ပေါ်လာခဲ့တာ။ ငါကျိန်ရဲတယ်.."
"လူလိမ်... ဝူးဝူး... လူလိမ်... ငါ့အရူးလုပ်ခံမှာ မဟုတ်ဘူး။ သေချာပေါက် အရူးလုပ်မခံဘူး။ ငါက အရမ်းပါးတယ်။ အရူးလုပ်မခံဘူး...ဝူးဝူး"
"ဒါမှ မဟုတ်ရင် မင်းစဉ်းစားကြည့်လေ။ တကယ်တော့ အဆင့်နိမ့်ကျင့်စဉ်တစ်ခု သို့မဟုတ် အခြေခံကျင့်ကြံခြင်း အတတ်လေး တစ်ခုကိုပဲ ပေးရင်လည်း အဆင်ပြေတယ်.."
"ငါမင်းကို တကယ်ပဲ လိမ်တာ မဟုတ်ဘူး။ သိုင်းပညာရှင်တစ်ယောက် တကယ်ပဲ ရောက်လာခဲ့တယ်..."
ဧကရာဇ်ဝူ၏ အသံက အသနားခံမှုအချို့ ပါဝင်နေ၏။
"လူလိမ်တွေ... အားလုံး လူလိမ်တွေ..."
သို့ရာတွင် လျှို့ဝှက်ဆန်းကြယ်သည့် အသံကတော့ သူ့ကို လျစ်လျူရှု့ကာ ဆက်လက် အော်ဟစ်နေပါသည်။
ဧကရာဇ်ဝူမှာ ရွေးချယ်စရာမရှိဘဲ ကျောက်တုံးအိမ်အတွင်းမှ စိတ်မပါစွာဖြင့် ပြန်လည်လျှောက်ထွက်ခဲ့ရ၏။
မုန့်ချုံသည် ဓား၏ တုန်ခါမှုကို ခံစားလာရသည်။ သူ၏ နှလုံးခုန်သံနှင့် စည်းချက်ညီလုနီးပါး ရှိနေ၏။ လက်ဖြင့် ဆေဘာအရိုးကို ကိုင်လိုက်သည့် အချိန်တိုင်းတွင် ၎င်းသည် သူ၏အသွေးအသားတို့နှင့် ဆက်သွယ်နေသည်ဟု ခံစားလိုက်ရသည်။ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းကဲ့သို့ ရှိနေ၏။
ဒီဆေဘာကို သူ၏ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနှင့် သူ၏အသိစိတ်၊ သူ၏ဝိဉာဉ်တို့ဖြင့် ပေါင်းစပ်ကာ ထုလုပ်ထားသကဲ့သို့ ရှိနေပါသည်။
"အချိန်ကျတော့မယ်.."
မုန့်ချုံသည် ဆေဘာကို ဆွဲထုတ်နိုင်မည့် ရက်နှင့် ဝေးကွာခြင်း မရှိတော့ဟု မသိစိတ်က ခံစားနေရသည်။
ဆေဘာဆွဲထုတ်လိုက်သည့် အချိန်သည် ဆေဘာဝိဉာဉ် နိုးထလာသည့်နေ့ ဖြစ်၏။
"ငါခံစားလို့ ရတယ်... ငါရဲ့ ပျိုးထောင်မှုအောက်မှာ ဒီဆေဘာက စွမ်းအားကြီးမားတဲ့ ခွန်အားတွေ ကိန်းအောင်းလာခဲ့တယ်။ ငါသာ ဆွဲထုတ်လိုက်ရင် စစ်ဘုရင်တစ်ယောက်ကိုတောင် သတ်ဖြတ်ပစ်နိုင်လောက်တယ်.."
မုန့်ချုံက ကိုယ့်ကိုယ်ကို စဉ်းစားသည်။
သူ၏ ဆေဘာကို ယခုကဲ့သို့ အချိန်အတော်ကြာအောင် ပျိုးထောင်ခဲ့၏။ ချီနှင့်သွေးက နေ့စဉ်နေ့တိုင်း ဆက်တိုက် စီးဝင်နေပါသည်။ သူ၏ ပျိုးထောင်မှုအောက်တွင် ဆေဘာ၌ စွမ်းအားကြီးမားသည့် ခွန်အားတို့ စုစည်းလာခဲ့၏။
ဆေဘာကို ဆွဲထုတ်လိုက်ချိန်၌ သေချာပေါက် ကမ္ဘာမြေ တုန်ဟီးမည့် ပြောင်းလဲမှုတို့ ဖြစ်ပေါ်စေမှာပါ။
'ကြီးမြတ်သောနေ ရွှေခန္ဓာ ကျင့်စဉ်မှာလည်း စိတ်ကူးအချို့ငါရလာခဲ့တယ်။ နားလည်သဘောပေါက်နိုင်ဖို့ တော်တော်လေး နီးကပ်နေပြီ..'
မုန့်ချုံက ကိုယ့်ကိုယ်ကို စဉ်းစား၏။