သေခြင်းရှင်ခြင်းအန္တရာယ်၊ ဆေဘာဆွဲထုတ်ခြင်း(၂)
Vol. 10 Ch. 149
'အခွင့်အရေးကို ဖမ်းဆုပ်ပြီး ခုတ်ချက်ပြင်းပြင်းတစ်ခု ရအောင် လုပ်ရမယ်..'
မုန့်ချုံက ကိုယ့်ကိုယ်ကို စဉ်းစားသည်။
ရွှေခေါင်းလောင်း အကာအကွယ်က နောက်ထပ်တစ်ကြိမ် ပြန်လည် သိပ်သည်းလာခဲ့၏။ ရင်ဘက်ရှိ ဒဏ်ရာက သွေးထွက်ခြင်း မရှိတော့ပါ။ အေးစက်သည့် အငွေ့အသက်များကိုလည်း ဖယ်ရှားလိုက်ပြီဖြစ်၏။
"ကောင်လေး ဟီးဟီး... မင်းရဲ့အသက်ကို လက်လျှော့လိုက်တော့.."
ရွှယ့်လင်းကျစ်၏ ပုံရိပ်က ဒီတစ်ကြိမ်တွင် ပိုမိုကာပင် မြန်ဆန်လာခဲ့၏။ သူ၏ တစ္ဆေကဲ့သို့ အရိပ်က ဆက်တိုက်ရွေ့လျှားကာ ပြောင်းလဲနေသည်။
ထို့အပြင် သူ၏တည်နေရာ ရွှေ့ပြောင်းမှုနှင့်အတူ ခြောက်ခြားဖွယ် ကြိုးမျှင်များက ဆက်လက်ဝန်းရံလာခဲ့၏။ ကြည့်ရတာ မုန့်ချုံကို အတွင်းထဲတွင် ချိတ်ပိတ်ထားချင်သည့်ပုံ ရှိသည်။
မုန့်ချုံ၏ လက်သီးချက်များက မည်မျှပင် စွမ်းအားကြီးစေကာမူ သူသည် တစ်ဖက်ရန်သူ၏ ပိတ်ဆို့မှုကို မချိုးဖြတ်နိုင်ဘဲ ရှိနေ၏။
ခြောက်ခြားဖွယ် ကြိုးမျှင်များက နည်းပါးမသွားရုံ မက ပိုမိုကာပင် တိုးလာခဲ့သည်။ ကြီးမားသည့် ပိုက်ကွန်ကြီးတစ်ခု ဖွဲ့စည်းလာခဲ့၏။
ထို့အပြင် ကြိုးမျှင်များက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြပြီး လက်ချောင်းအရွယ်အစား အထိ ထူထဲလာခဲ့သည်။
ထိုလက်ချောင်းအရွယ် သွေးစုပ်ခြင်း အမျှင်များက ပိုမိုခိုင်ခံ့ကာ ဖျက်ဆီးရန် ခက်ခဲလာခဲ့သည်။ အရိုးစိမ့်မတတ် အေးစက်သည့် အငွေ့အသက်ကို ခံစားလာရ၏။
မုန့်ချုံက ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ချိုးဖြတ်ရန် ကြိုးစားသည်။ သို့ပေမယ့် သူ့ကို ရွှယ့်လင်းကျစ်က အကြိမ်ကြိမ် နောက်ပြန်ဆုတ်သွားစေခဲ့၏။
သူ၏ ရွှေခေါင်းလောင်း အကာအကွယ်က ထပ်မံပျက်စီးသွားပြီး ခန္ဓာကိုယ်ပေါ်တွင် သွေးအမှတ်အသားတစ်ခု ကျန်ရစ်စေခဲ့သည်။
ဝူနိုင်ငံ၏ မြို့ရိုးပေါ်၌ ဧကရာဇ်ဝူနှင့် အမတ်ကြီးတစ်စုတို့က မြို့ပြင်ရှိ တိုက်ပွဲကို ကြည့်နေကြသည်။ ဒီအချိန်၌ သူတို့၏ နှလုံးသားက လေးလံစွာ ခံစားလိုက်ရ၏။
ယခုကဲ့သို့ ဝေးကွာလှသည့် အကွာအဝေးမှပင်လျှင် မုန့်ချုံ၏ အရေးနိမ့်နေမှုကို သူတို့အနေနှင့် တွေ့မြင်နိုင်ပါသည်။
လှောင်အိမ်ထဲတွင် ပိတ်မိနေပြီး ရန်သူကို ထိခိုက်နိုင်ခြင်း မရှိစွာ ရှိနေ၏။ ကြည့်ရတာ တစ်ဖက်သတ်ဆန်လွန်းလှသည်။
"အရှင်မင်းကြီး... ကျွန်တော်တို့တွေ ဘာလုပ်ကြမလဲ... မုန့်ချုံက ရန်သူရဲ့ ပြိုင်ဘက်မဟုတ်ဘူး.."
"ဟုတ်တယ် အရှင်မင်းကြီး.. ချီနိုင်ငံကို ထွက်ပြေးကြရအောင်။ ပြောကြတာက ချီနိုင်ငံမှာ စွမ်းအားကြီး ဆရာကြီးတွေ ရှိတယ်တဲ့.."
"အရှင်မင်းကြီး.. ထန်းရွှမ်အစောင့်တေကို အသုံးပြုပြီး ဝိုင်းသတ်ကျရင်ရော ဘယ်လိုလဲ။ မုန့်ချုံကို ကူညီကြမယ်လေ.."
"လျှောက်မလုပ်နဲ့.. ငါတို့တွေ လှုပ်ရှားမှုပြုတာနဲ့ ရန်သူကို သတ်ဖြတ်ဖို့ ကျရှုံးမယ်ဆိုရင် အကျိုးဆက်ကို မင်းရောငါရော ခံနိုင်မှာ မဟုတ်ဘူး.."
ဧကရာဇ်ဝူနှင့် အမတ်ကြီးများတွင် ယခုအချိန်၌ တူညီသည့် ပန်းတိုင်တစ်ခုသာ ရှိနေ၏။ အားလုံးက မုန့်ချုံအား အနိုင်ရရန် မျှော်လင့်နေကြသည်။
သွေးဆာက ရက်စက်ပြီး လူသားများ၏ သွေးအဆီအနှစ်ကို စားသုံးသည့် အကြီးအကဲဝူနှင့် နှိုင်းယှဉ်ပါက မုန့်ချုံမှာ သူတော်စင်တစ်ပါးနှင့်ပင် တူညီနေပါသည်။
"ငါတို့တွေက သိုင်းသမားတွေမှ မဟုတ်တာ ဘာလုပ်နိုင်မှာလဲ.."
ဧကရာဇ်ဝူက အံကို တင်းတင်းကြိတ်သည်။
အမတ်ကြီးတစ်ယောက်က မျက်စံလှည့်ကာ တိတ်ဆိတ်စွာ နောက်ဆုတ်သွား၏။ သူက ထွက်ပြေးဖို့ ပြင်ဆင်နေခြင်း ဖြစ်သည်။
တိုက်ပွဲပြင်ပေါ်တွင် မုန့်ချုံသည် အလွန်ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး အားအင် ကုန်ခမ်းလုမတတ် ဖြစ်နေပါသည်။
သူ၏ ခန္ဓာကိုယ်တွင် သွေးရာများ လွှမ်းခြုံနေပြီး အားလုံးတို့ကို ရွှယ့်လင်းကျစ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"အခုပဲ.."
ရွှယ့်လင်းကျစ်၏ မျက်လုံးများ၌ အေးစက်သည့် အလင်းတစ်ချက် လက်သွား၏။ သူ၏ပုံရိပ်က မုန့်ချုံ၏ မျက်စိရှေ့သို့ ဖြတ်ခနဲ ရောက်ရှိသွားသည်။
ထို့နောက် ရုတ်တရက် ရှောင်ခွင်းသွားပြီး မုန့်ချုံ၏ အနောက်သို့ ရောက်ကာ နောက်ထပ်တစ်ကြိမ် လျှပ်တပြက် ရွေ့လျှားသွားပြန်ပြီး မုန့်ချုံ၏ အရှေ့သို့ ပြန်ရောက်လာခဲ့၏။
ဒီအကြိမ်၌ မုန့်ချုံသည် ပြာယာခက်နေပုံ ပေါ်ပြီး ရွှယ့်လင်းကျစ်၏ အနောက်ဘက်မှ တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် နောက်ပြန် တိုက်ခိုက်လိုက်သည်။ ဤသည်က သူ၏ ရင်ဘက်ကို ပေါ်သွားစေ၏။
ရွှယ့်လင်းကျစ်၏ ဖြူရော်ကာ ရက်စက်သည့် လက်သည်းများက ရုတ်တရက် ဆန့်ထုတ်ကာ မုန့်ချုံ၏ နှလုံးသားနေရာသို့ တည့်မတ်စွာ ဖမ်းဆုပ်လိုက်သည်။
သူသည် ဒီတိုက်ခိုက်ချက်အတွက် အချိန်အတော်ကြာအောင် ခွန်အားတို့ စုစည်းထားခဲ့၏။ အသွေးအသားကို သေချာပေါက် ဆွဲဖြဲကာ နှလုံးသားကို တစ်ခါတည်း ဖမ်းဆုပ်နိုင်မှာ ဖြစ်သည်။
"အခွင့်အရေး ပေါ်လာပြီ.."
မုန့်ချုံ၏ မျက်လုံးများ၌ ကြမ်းကြုတ်သည့် အလင်းတစ်ခု လက်သွား၏။ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ဘေးသို့ ရွေ့လျားသွားပြီ ရွှယ့်လင်းကျစ်၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။
"သေလိုက်တော့.."
"ဘုန်း.."
ထိုအချိန်၌ လေနှင့်မိုးကြိုးတို့ လှိုင်းထန်လာပြီး ရွှေရောင်အလင်းက ပွင့်လန်းလာခဲ့သည်။ သူ၏ လက်သီးမှ လေမိုးကြိုးအားက ထွက်ပေါ်လာခဲ့၏။ ထိုစွမ်းအားသည် အရင်ကထက် များစွာ သာလွန်နေပါသည်။
"မကောင်းတော့ဘူး.."
ရွှယ့်လင်းကျစ်က သူ၏ဖမ်းဆုပ်မှု လွဲချော်သွားသည်နှင့် မကောင်းတာတစ်ခုခု ဖြစ်ပွားတော့မည်ဟု သိလိုက်သည်။
"ယုတ်မာတဲ့ကောင်.."
ထိုအချိန်၌ သူက ထိတ်လန့်စွာဖြင့် ဒေါသထွက်သွား၏။ အရေးကြီးသည့် အချိန်အခါတွင် ခန္ဓာကိုယ်ကို တစ္ဆေတစ်ကောင်ကဲ့သို့ တွန့်လိမ်ကာ မုန့်ချုံ၏ လက်သီးကို ရှောင်ရှားလိုက်သည်။
သို့ပေမယ့် ထိုအခိုက်အတန့်တွင် မုန့်ချုံ၏ ခန္ဓာကိုယ်က သူနှင့်အလွန် နီးကပ်နေပြီး ဖြစ်၏။ လက်သီးနှစ်လုံးက ထပ်မံဝင်ရောက်လာခဲ့ ပြန်သည်။
ကြောက်စရာကောင်းသည့် လက်သီးအားက အရာအားလုံးတို့ကို ဖောက်ခွဲသွားတော့မည့်ပုံ ပေါ်၏။
ထို့အပြင် ရွှယ့်လင်းကျစ်အနေနှင့် ထိုကြောက်စရာကောင်းသည့် လက်သီးမှ ပြင်းထန်သည့် မိုးကြိုး၏ စွမ်းအားကို ခံစားနိုင်ပါသည်။
သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ ထပ်မံ ရှောင်ရှားရပြန်၏။ ဘာပဲဖြစ်ဖြစ် သေခြင်းရှင်ခြင်း တိုက်ပွဲအတွေ့အကြုံများစွာတို့ ရှိရာ ယခုကဲ့သို့သော အန္တရာယ်မျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း မဟုတ်ပေ။
ထို့ကြောင့် သူသည် ရှောင်တိမ်းနိုင်ဆဲရှိ၏။ သို့ပေမယ့် သူ့ကို အံ့သြစေသည်ကား မုန့်ချုံ၏ ပုံရိပ်က လျှပ်တပြက် ထပ်မံနီးကပ်လာခဲ့ခြင်း ဖြစ်သည်။
သူဟာ တစ်ဖက်လူဆီမှ အဝေးသို့ ဆုတ်ခွာနိုင်ခြင်း မရှိအောင် ဖြစ်နေ၏။ လက်သီးအားများကလည်း ပိုမိုပိုမိုကာ သိပ်သည်းစွာ ဝင်ရောက်လာခဲ့သည်။ ပုန်းရှောင်ရန်အတွက် နေရာမရှိအောင် ဖြစ်စေ၏။
"ဒါကဘယ်လို ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်မျိုးလဲ.."
ရွှယ့်လင်းကျစ်က ချက်ချင်းပင် အံ့သြသွားပြီး ဒေါသတို့ ကြီးစွာ ထွက်လာခဲ့သည်။ အန္တရာယ်ကျရောက်လာချိန်၌ သူသည် မူလစွမ်းအားအချို့ကို အသုံးပြုရန် လိုအပ်လာခဲ့၏။
"ဘက်.."
ထိုအချိန်၌ မုန့်ချုံတသ်ယောက် အလွန်ကြီးမားသည့် ဖိအားတစ်ခု ထွက်ပေါ်လာမှုကို ခံစားလိုက်ရသည်။ တောင်တစ်ခုကဲ့သို့ သူ့ကိုဖိနှိပ့်ရန် ကြိုးစား၏။
သူက အော်လိုက်ပြီးနောက် လေမိုးကြိုး ဗာဂျရာလက်သီးကို အဆုံးစွန်အထိ ပေါက်ကွဲထွက်စေလိုက်သည်။
ထိုးချလိုက်ကာ ကြီးမားသည့် ဖိအားကို ပျက်စီးသွားစေပြီး ရွံ့နွံကဲ့သို့ အမည်မသိ အကာအကွယ်တစ်ခုအား ပွင့်ထွက်သွားစေသည်။
လက်သီးချက်က ရွှယ့်လင်းကျစ်အား ပြင်းထန်စွာထိမှန်၏။
"ဝေါ့.."
ရွှယ့်လင်းကျစ်က သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး နောက်သို့ လွင့်စင်သွား၏။
သူသည် အံ့သြမှုနှင့် ဒေါသတို့ ပြည့်နှက်နေပါသည်။ ဒီအိုမင်းကာ ရင့်ရော်နေသည့် ခန္ဓာကိုယ်အတွက် ကန်အတွင်းတွင် ကြံ့ခိုင်ဖြတ်လတ်မှုတို့ ပြန်လည်ရရှိစေရန် နည်းလမ်းအချို့ကို အသုံးပြုခဲ့ရ၏။
သို့ပေမယ့် ဒီလက်သီးချက်က ခန္ဓာကိုယ်ကို ပေါက်ကွဲထွက်သွားလုမတတ် ဖြစ်စေခဲ့သည်။
"မင်းက သေဖို့ ထိုက်တန်တဲ့ကောင်.."
သူ မုန့်ချုံကို သတ်ဖြတ်ရပေမည်။ တစ်ဖက်လူ၏ အသွေးအသား အဆီအနှစ်တို့ကို အသုံးပြုပြီး ခန္ဓာကိုယ်အား ပြန်လည် ပျိုးထောင်ရမည် ဖြစ်၏။
ရွှယ့်လင်းကျစ်က နောက်သို့ လွင့်စင်သွားပြီးနောက် သူ၏ မျက်ခုံးနှစ်ခုအကြားမှ ဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။
တိုက်ပွဲပြင်ပေါ်သို့ တောင်တစ်ခု သက်ဆင်းလာသည့်နှယ် ရှိနေပြီး လက်ထဲရှိ လွှသွားသဏ္ဍာန် ဓားမော့ကို ကိုင်လိုက်၏။ ခုတ်ပိုင်းလိုက်လေသည်။
"ဝုန်း.."
လေမိုးကြိုး ဗာဂျရာလက်သီးက ပျက်စီးသွားရ၏။
ဒီအချိန်၌ ရွှယ့်လင်းကျစ်၏ မျက်လုံးများက သွေးနီရောင်သို့ ပြောင်းလဲနေပြီး အေးစက်သည့် အငွေ့အသက်က လွှမ်းခြုံကာ ပတ်ဝန်းကျင်ရှိ။အပူချိန်ကို လျော့ကျသွားစေသည်။
သူ၏ မျက်ခုံးနှစ်ခု အကြားတွင် အလင်းတစ်ချက် လက်သွားပြီး ကြောက်စရာကောင်းသည့် ဖိအားက ပိုမိုပိုမိုကာ သန်မာလာခဲ့၏။
တောင်တစ်ခုကဲ့သို့ မုန့်ချုံကို ဖိနှိပ်လာခဲ့သည်။
မုန့်ချုံ၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေ၏။ သူဟာ ကိုယ့်ကိုယ်ကို ဝဲဂယက်တစ်ခုအတွင်းသို့ ရောက်ရှိနေသည်ဟု ခံစားရသည်။
နေရာတိုင်းတွင် ဖိနှိပ်ခံထားရပြီး မမြင်နိုင်သည့် ဖိအားက လွှမ်းခြုံလာခဲ့၏။ သူ့အနေနှင့် ချီနှင့်သွေးကို ဆက်လက် လှုံ့ဆော်နေပေမယ့် အမြန်နှုန်းက တိုးတက်မလာနိုင်ဘဲ ရှိနေပါသည်။
လေမိုးကြိုး ဗာဂျရာလက်သီးချက်များ ပင်လျှင် ဖိနှိပ်ခံထားရသည့်ပုံပါ။ ဆက်တိုက် လိုက်လံ တိုက်ခိုက်ခဲ့သည့် သူ၏ တိုက်ခိုက်ချက်များအားလုံး ရွံ့နွံအတွင်းတွင် နစ်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရပြီး ခန္ဓာကိုယ်က လေးလံသွားသည်။
သူ၏ အမြန်နှုန်းက နှေးကွေးကာ သူ့ကို အောင်မြင်သည့် တိုက်ခိုက်မှုအား ရရှိရန်အတွက် အခွင့်အရေးကို မဖမ်းဆုပ်နိုင်အောင် ဖြစ်စေသည်။
ရွှယ့်လင်းကျစ်ကို ကြည့်ကာ မုန့်ချုံ၏ နှလုံးသားက လေးလံသွား၏။ အန္တရာယ်ခံစားချက်ဟာ ပိုမိုပိုမိုကာ သန်မာလာခဲ့သည်။
သူသည် တဖက်လူကို စတင်တွေ့လိုက်ရစဉ် ကတည်းက ကြီးမားသည့် အန္တရာယ်အငွေ့အသက်ကို ခံစားခဲ့ရ၏။
ထို့ကြောင့် အားနည်းချင်ယောင် ဆောင်ကာ အခွင့်အရေးရှာပြီး ရန်သူကို တစ်ခါတည်း သတ်ဖြတ်ရန် စိတ်ကူးထားခဲ့သည်။
သို့ပေမယ့် တစ်ဖက်လူကို ဒဏ်ရာရရှိစေနိုင်ခဲ့လျှင်တောင် သတ်ဖြတ်ရန် ကျရှုံးခဲ့၏။ အဲ့ဒီ့အစား ထူးဆန်းသည့် စွမ်းအားအချို့ကို အသုံးပြုလာစေရန် ဖိအားပေးခဲ့သည်။
"စစ်ဘုရင်တစ်ယောက်လား... မဟုတ်သေးဘူး... ဒါကို ကြည့်ရတာ..."
မုန့်ချုံက ထိတ်လန့်သွားသည်။ ထိုဖိအားသည် စစ်ဘုရင်တစ်ယောက်၏ ဖိအားနှင့် အနည်းငယ် တူညီ၏။
သို့ပေမယ့် ပိုမိုကာပင် သန်မာပုံပေါ်သည်။ စီနီယာအကိုကြီးဆီမှ ဓားဆန္ဒနှင့် တူညီသည့် အရှိန်အဝါတစ်ခု ရှိနေ၏။
သို့ပေမယ့် ဓားဆန္ဒနှင့် ခြားနားပါသည်။ ဤသည်မှာ မည်သည့်အရာ ဖြစ်သည်ကို သူမသိပေမယ့် ဒီအချိန်မှာ ကြီးမားသည့် အန္တရာယ်အတွင်းသို့ ကျရောက်လာခဲ့ကြောင်းကို နားလည်လာခဲ့သည်။
ရွှယ့်လင်းကျစ်၏ မျက်ခုံးနှစ်ခုအကြားရှိ အလင်းရောင်ကို ကြည့်သည်။ ဖိအားက ထိုနေရာမှ စတင်လာခြင်းဖြစ်၏။
ထိုအလင်းထဲတွင် ရှိနေသည်မှာ အင်းဆက်တစ်ကောင်လေလား။
"မင်းက သေသင့်တဲ့ကောင်.. ငါ့ကိုကျန်ရှိတဲ့ အဆီအနှစ် အနည်းငယ်ကို ရွေးချယ်စရာမရှိဘဲ အသုံးပြုရအောင် လုပ်ခဲ့တယ်.."
ရွှယ့်လင်းကျစ်ဟာ လုံးဝဒေါသထွက်နေ၏။ သူက အလွန်အားနည်းနေပြီး ဖြစ်သည်။ သို့ပေမယ့် ယခုအချိန်၌ သူ၏ကျန်ရှိသည့် အရင်းအမြစ်လေးကို အသုံးပြုခဲ့ရ၏။
မုန့်ချုံ၏ အသွေးအသား အဆီအနှစ်တို့ကို ဝါးမြိုပြီးလျှင်တောင် ပြန်လည်ဖြည့်တင်းနိုင်ခြင်း မရှိမည့်ပုံ ရှိသည်။
"သေလိုက်တော့.."
ရွှယ့်လင်းကျစ်က သူ၏ ဆေဘာကို မုန့်ချုံ၏ နှလုံးသားသို့ တည့်မတ်စွာ ချိန်ရွယ်ပြီး ခုတ်ပိုင်းလိုက်သည်။
"ဘုန်း.."
မုန့်ချုံက လက်သီးချက်ကို ထိုးလိုက်၏။ သို့ပေမယ့် ခုခံနိုင်ခြင်း လုံးဝမရှိပေ။ ဆေဘာ၏ ထိပ်စွန်းက သူ၏ ရင်ဘက်အတွင်းသို့ ထိုးဖောက်သွား၏။
အရေးကြီးသည့် အချိန်အခါတွင် သူ၏လက်နှစ်ဖက်က ဆေဘာ၏ ကျောဘက်ကို ဖမ်းဆုတ်လိုက်သည်။
မာန်ဖီသည့် အော်သံတစ်ခုနှင့်အတူ ရွှေရောင်အလင်းက လင်းလက်လာပြီး ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်၏ ထည်ဝါသည့် စွမ်းအားနှင့် ရွှယ့်လင်းကျစ်ကို အဝေးသို့ လွင့်ပစ်လိုက်၏။
ရင်ဘက်မှ သွေးများ စီးကျလာသည့်ကစား မုန့်ချုံက ဂရုစိုက်ခြင်း လုံးဝမရှိပါ။ လွှတ်ပစ်ခြင်း ခံလိုက်ရသည့် ရွှယ့်လင်းကျစ်က ပိုမိုကာပင် ဒေါသထွက်လာခဲ့၏။
သူ၏နဖူးရှိ အလင်းက ပိုမိုကာ အားကောင်းလာခဲ့သည်။ ဖိအားအောက်တွင် မုန့်ချုံဟာ သူ၏ကျောပေါ်၌ ကြီးမားသည့် တောင်ကြီးတစ်ခုကို ထမ်းလိုက်ရသည့်နှယ် ခံစားလာရ၏။
ခန္ဓာကိုယ်က ရွံ့နွံတစ်ခုအတွင်းတွင် နစ်မြှုပ်သွားသည့်ပုံပေါ်ပြီး မည်သည့်အမြန်နှုန်း သို့မဟုတ် ခွန်အားကိုမှ ပြသနိုင်ခြင်း မရှိပေ။
သူ၏ ရွှေခေါင်းလောင်း အကာအကွယ်က ပျက်စီးတိုက်စားလာခဲ့သည့်ပုံ ရှိသည်။
"ငါမင်းကို အရှင်လတ်လတ် ဝါးမြိုပစ်မယ်.."
ရွှယ့်လင်းကျစ်က ဒေါသထွက်စွာဖြင့် အော်ဟစ်၏။ မုန့်ချုံကို ယခုကဲ့သို့ အခြေအနေမျိုးတွင် ကြီးမားလှသည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ထုတ်လွှတ်နိုင်ဆဲရှိပြီး သူ့ကို လွှတ်ပစ်မည်ဟု ထင်မထားခဲ့ပေ။
နဖူးရှိ အလင်းက လက်သွားမှုနှင့်အတူ ထောင်တစ်ခုကဲ့သို့ အေးစက်သည့် ဖိအားက သက်ဆင်းလာခဲ့၏။
သေခြင်း အငွေ့အသက်က ချဥ်းကပ်လာခဲ့ပြီး မုန့်ချုံ၏ အသက်ကို နှုတ်ယူရန် တာဆူနေပါသည်။ မုန့်ချုံ၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်လာခဲ့၏။
ထိုအချိန်၌ သူဟာ ဆေဘာ၏ တုန်ခါမှုကို ခံစားလာရပုံပေါ်သည်။ ဆေဘာဟာ ဒေါသတရားဖြင့် ခုန်လာခဲ့ပြီး သူ၏ နှလုံးခုန်သံနှင့် စိတ်ဆန္ဒတို့နှင့် တစ်ထပ်တည်း ဖြစ်လာခဲ့သည်။
"ဆေဘာကို ဆွဲထုတ်လိုက် ဆေဘာကို ဆွဲထုတ်လိုက်.." နှလုံးသားထဲတွင် ထိန်းချုပ်မရနိုင်သည့် ခံစားချက်က မြင့်တက်လာပြီး ဒေါသတရားတို့ ဆေဘာဆီသို့ ကူးပြောင်းသွားသည့်ပုံ ပေါ်သည်။
သူ၏ခါးရှိ ဓားသည် အရိုင်းဆန်မှုဖြင့် ပြည့်နှက်လာပြီး ဓားအိမ်အတွင်းမှ ထွက်ကာ ရန်သူအားလုံးတို့ကို သတ်ဖြတ်လိုနေပါသည်။
"သေလိုက်တော့.."
ရွှယ့်လင်းကျစ်က သူ၏ဆေဘာနှင့် ထိုးလိုက်၏။ ထိုအချိန်၌ မုန့်ချုံက ခါးရှိဆေဘာအရိုးကို ကိုင်လိုက်ကြောင်းအား သူတွေ့လိုက်ရသည်။
ထို့နောက် ဆေဘာအလင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ လောကကြီးကို အုပ်စိုးသည့် ဆေဘာဆန္ဒက ထွက်ပေါ်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင် အရောင်ပြောင်းသွားသည့်ပုံပါ။
မုန့်ချုံကို ဖိနှိပ်ထားသည့် ဖိအားဟာ ဒီအချိန်၌ ချက်ချင်း ပျက်စီးသွားခဲ့၏။ မုန့်ချုံက သူ၏ဆေဘာကို ဆွဲထုတ်ခဲ့လေပြီ။
သူ၏ မျက်လုံးများက အနည်းငယ် မှိတ်နေပြီး နှလုံးသားနှင့် ဆေဘာက တစ်ခုတည်းကဲ့သို့ ပေါင်းစည်းသွားသည်။ ဆေဘာနှင့် ဆန္ဒတို့ ပေါင်းစပ်သွားခဲ့၏။
ထိုအချိန်၌ ကောင်းကင်နှင့် ကမ္ဘာမြေကြီးအကြားတွင် ဒီလောကကို အုပ်စိုးမည့် ဆေဘာသာရှိနေပုံ ပေါ်၏။ ဓားဝိဉာဉ်က နိုးထခဲ့လေပြီ။
世尊 风: