← Chapters

Chapter 52

Vol. 6 Ch. 52

Chapter 52

Vol. 6 Ch. 52

ဟူယွမ်ချွမ်မှာ ယီချန်၏ပြန်လှန်စကားကြောင့် ရှက်ရမ်း,ရမ်းပြီး လက်ညှိုးငေါက်ငေါက်ထိုးကာ အော်တော့သည်။

"ယီချန် မင်းကောင်စုတ်လေး။ ကြီးပြင်းလာပြီဆိုတော့ ကိုယ့်အထက်လူကြီးကိုတောင် လေးစားမှုပြရမယ်မှန်း နားမလည်တော့ဘူးပေါ့လေ"

ယီချန်မှာ ဘောင်းဘီအိတ်ထဲလက်တစ်ဖက်ထည့်ကာ စားပွဲအားမှီရင်း ခပ်ရွှတ်ရွှတ်ပြောလိုက်သည်။

"အိုး!!ဦးလေးမှာလည်း စိတ်အခြေအနေသိပ်မူမမှန်တာလေးတွေရှိနေတာပဲ။ ဒါကမျိုးရိုးလိုက်တယ် ပြောရမှာပေါ့"

"မင်းဘာစကားပြော‌လိုက်တာလဲကွ"

"အခုအထက်ကနေ ကျွန်တော့်ကိုပင်စင်ပေးလိုက်ပြီဆို။ ဒီလိုဆို ကျွန်တော်ကဦးလေးလက်အောက်က လူဖြစ်ခဲ့တဲ့အတွက်လေးစားမှုပေးနိုင်ပေမယ့်လည်း အဲ့ထက်မပိုတော့ပါဘူး။ သေချာတွက်ချက်ကြည့်လိုက်ရင် ကျွန်တော်ကစစ်မှုထမ်းဟောင်းဆိုပေမယ့် သာမန်လူတစ်ယောက်ဖြစ်သွားပြီလေ။ အခုဦးလေးက သာမန်အရပ်သားတစ်ဦးကို အာဏာပြပြီးဖိနှိပ်ချင်နေတာများလား"

မရီးလီတို့မှာလည်း ယီချန့်ဘက်မှနေ ကူပြောပေးလာကြသည်။

"ဗိုလ်မှူးဟူ ရှောင်ယီ့ကိုထပ်ပြီးခြယ်လှယ်ချင်မနေပါနဲ့တော့။ လုပ်ရိုးလုပ်စဉ်တွေအတိုင်း တစ်ခါတည်းအပြီးဖြတ်ပေးလိုက်စမ်းပါ။ ဆောင်းဦးလယ်ပွဲက နောက်အပတ်ထဲဆို ရောက်နေပြီ။ သူလည်းမိသားစုနဲ့ အေးအေးချမ်းချမ်းဖြတ်သန်းပါစေ"

မရီးလီတို့မှာ သူမတို့တတ်နိုင်တာမရှိတော့၍ ယီချန့်ဆန္ဒလေးပြည့်ဝစေရန်သာ ကူညီပေးလိုက်ကြတော့၏။ ယီချန်ထွက်မသွားခင်လေးတွင်‌ေတာ့ သူမတို့လည်းတတ်နိုင်သမျှလက်ကမ်းပေးလိုက်ကြရန် ဆုံးဖြတ်ချက်ချထားလိုက်သည်။ ဟူယွမ်ချွမ်မှာ ယီချန်နှင့်စကားဆက်များချင်နေပေမယ့် အန်းဝေကတားလိုက်ရ၏။ လက်ရှိယီချန်၏ အဆိပ်ပြင်းသောလျှာအကြောင်း အတွင်းကျကျသိထားသူတစ်ယောက်အနေဖြင့် သူသည်ဟူယွမ်ချွမ်အား ကာကွယ်ပေးရပေမည်။

ဟူယွမ်ချွမ်မှာလည်း အန်းဝေ၏တားဆီးမှုကြောင့် မလိုလားသည့်တိုင် သူတတ်နိုင်သမျှမှာလည်း အချိန်ဆွဲရုံသာဖြစ်၏။ သို့သော် သူ့ဘက်ကအကြောင်းပြချက် မယ်မယ်ရရမရှိဘဲအချိန်ဆွဲထားပါလျှင်လည်း ထိုအချက်ကြောင့်သူ့နေရာပင်ထိခိုက်လာနိုင်သည်။ ထို့ကြောင့် ယီချန်၏ပင်စင်စာရွက်စာတမ်းများအား စားပွဲပေါ်ပစ်တင်ပေးလိုက်၏။

"အဲ့မှာ မင်းရဲ့ပင်စင်ကြေးနဲ့ စစ်တပ်ကပင်စင်ယူခွင့်‌ေပးကြောင်းထောက်ခံစာ"

ဟူယွမ်ချွမ်နှင့်အန်းဝေမှာ ထိုစာရွက်စာတမ်းများအားမြင်သော် ပို၍ပင်မနှစ်မြို့ဖြစ်လာရသည်။ ယီချန်ဆိုသည့်လူမှာ မသေနိုင်သောမှိုပင်များလိုပင် သူတို့ဘက်မှဖိနှိပ်လေလေ ဒင်းကအမြင့်သို့ရောက်လေလေဖြစ်၏။ ယီချန်မှာ သူ့လက်ထဲရှိစာရွက်စာတမ်းများအားကြည့်ကာ မယုံကြည်နိုင်သေးသော်လည်း ပီတိများဖြင့်ပျော်ရွှင်နေတော့သည်။ နောက်ဆုံးတွင်တော့ သူသည်သူ့ဘဝကို ကိုယ်တိုင်ထိန်းချုပ်နိုင်လေပြီပင်။

မရီးလီတို့မှာလည်း ယီချန်ဆန္ဒရှိရာကိုရသွားပြီဖြစ်၍ ပြန်ရန်ပြင်လိုက်ကြတော့သည်။ ဟူယွမ်ချွမ်မှာ သူတို့အုပ်စု၏လုပ်ရပ်ကိုသတိပြုမိသော်လည်း အပြစ်ပေးဖို့ရော ဆူပူဖို့ရောလုပ်ရန်စိတ်မပါတော့ပေ။ ဤအမျိုးသမီးအုပ်စု သူ့မျက်စိအောက်မှ မြန်မြန်ပျောက်ကွယ်သွားလေ အေးလေပင်။ ဟူယွမ်ချွမ်မှ သူမတို့အား အဖတ်မလုပ်သည်ကို နားလည်သွားကြသော အမျိုးသမီးအုပ်ကြီးမှာ အလျင်အမြန်သူမတို့အိမ်ဆီ ပြန်ပြေးကြတော့၏။ မရီးလီတို့လည်း ယီချန့်အားဆွဲကာ သူ့အိမ်ဆီလိုက်လာခဲ့ကြသည်။ မရီးလီတို့အုပ်စုမှာ ယီချန့်အိမ်ရောက်ကာမှ ဘေးဘီကြည့်ကာ ယီချန့်အားသတိပေးလိုက်၏။

"ရှောင်ယီ တစ်ယောက်ယောက်က မင်းရ‌တဲ့ပင်စင်ကြေးအကြောင်းမေးလာရင် ဘယ်လောက်ရတယ်တို့ ဘာတွေပါတယ်တို့‌ ဆိုတာတွေလျှောက်မပြောပြနဲ့နော်။ ဒီပိုင်ဆိုင်မှုတွေက ပြီးခဲ့တဲ့နှစ်တွေမှာ မင်းရင်းနှီးမြှပ်နှံခဲ့တဲ့အရာတွေအတွက် တန်ကြေးပဲ။ အဲ့တော့ ဘယ်သူဘာပြောပြော ဒီပိုင်ဆိုင်မှုတွေကို မင်းလက်ထဲမှာပဲကျစ်ကျစ်ပါအောင်ဆုပ်ထားရမယ်နော်"

"ဟုတ်တယ် ရှေ့လျှောက်အနာဂတ်မှာ မင်းအဆင်ပြေမလား မပြေဘူးလားတောင်မသိရသေးတာမလို့ ခြွေတာပြီးသုံးဦးနော်။ မင်းကလိမ္မာထက်မြက်တဲ့ကလေးမလို့ မရီးတို့မပြောတောင် နားလည်နိုင်တယ်ဆိုပေမယ့် သတိဆိုတာပိုတယ်မရှိဘူးလေ။ သွားတဲ့လာတဲ့အခါလည်း လုံခြုံတဲ့နေရာမှာသိမ်းထားကြားလား"

"မင်းကပင်စင်ယူသွားပြီဆိုပေမယ့် အကူအညီလိုအပ်လာတဲ့အချိန်တိုင်း ဘယ်အချိန်မဆိုမရီးတို့ဆီလာခဲ့နော်။ မရီးတို့အခြေအနေအရ တတ်နိုင်သလောက်အစွမ်းကုန် ကူညီပေးမယ်"

ယီချန်မှာ ကြက်အမေကြီးလို လိုက်ဂရုစိုက်ပေးနေကြသော ဤအုပ်စုအား အလွန်နှစ်သက်လေရာ အပြုံးလေးဖြင့်နားထောင်ပေးနေလိုက်သည်။ သူတို့၏ မှာကြားစရာများကုန်သွားကာမှ သူကစပြောလိုက်၏။

"စိတ်မပူပါနဲ့ မရီးတို့။ တစ်ကယ်တော့ ကျွန်တော်က အနာဂတ်အတွက်အစီအစဉ် ဆွဲထားတာတွေရှိပြီးသားပါ။ အဲ့အစီအစဉ်ကို အကောင်အထည်ဖော်ပြီးလို့ မရီးတို့ရဲ့အကူအညီကို ကျွန်တော်လိုအပ်လာမယ်ဆိုရင် အားမနာဘဲလာတွေ့ပါ့မယ်"

မရီးလီတို့အုပ်စုမှာ ယီချန်ကသူမတို့အားစိတ်ပူပင်မနေစေရန် နှစ်သိမ့်ပေးနေမှန်းသိ၍ ပြုံးလိုက်မိကြသည်။

"ဒီညတော့ ဘာမှတွေးမနေဘဲ ကောင်းကောင်းနားလိုက်တော့။ ထုတ်လုပ်ရေးအဖွဲ့ဆီ မင်းဘယ်အချိန်ပြန်မှာလဲ"

"ကျွန်တော်မနက်ဖြန်မနက်မှာပဲ သွားမှာပါ။ ဒီမှာက ကျွန်တော့်အနေအထားနဲ့ဘာမှမပက်သက်တော့ဘူးဆိုတော့ ကြာကြာနေလို့မကောင်းဘူးလေ။ ပြီးတော့ ကျွန်တော်အိမ်ကိုလည်း လွမ်းနေပြီ"

"ဒါဆိုမရီးတို့ မနက်ကျရင်လာနှုတ်ဆက်ဦးမယ်နော်။ ကဲကဲ သွားနားချေတော့ မရီးတို့လည်းပြန်တော့မယ်"

သို့နှင့် မရီးလီတို့အုပ်စုမှာ ယီချန့်အားနှုတ်ဆက်၍ သူတို့အိမ်ဆီပြန်သွားကြ၏။ သူတို့မသွားခင် ယီချန်က လက်ဆောင်‌ေပးရန် ပြင်ထားသော ပန်းသီးများအား အတင်းထည့်ပေးလိုက်သေးသည်။ သူတို့ပြန်သွားပါမှ ယီချန်လည်းအိမ်ထဲဝင်ကာ စာရွက်စာတမ်းများအား စစ်ကြည့်လိုက်၏။ ပင်စင်ကြေးပမာဏအား မြင်လိုက်သည်နှင့် ယီချန်မှာအံ့ဩသွားရသည်။ ဤမျှများပြားသောပမာဏမှာ သူသာချွေချွေတာတာသုံးစွဲပါလျှင် အိုမင်းချိန်ထိကောင်းကောင်းမွန်မွန်နေထိုင်သွားနိုင်၏။

ယီချန်မှာ ဤကိစ္စနောက်ကွယ်တွင် တစ်ခုခုရှိမှန်းသိနေသော်လည်း ယခုသူ့အ‌ေခြအ‌ေနဖြင့် သိချင်လျှင်ပင် တတ်နိုင်မည့်အနေအထားမဟုတ်ရာ စိတ်ထဲတွင်ပင် မှတ်ထားလိုက်‌ေတာ့သည်။ ထို့နောက် စာရွက်စာတမ်းများဆီပြန်အကြည့်ရောက်ကာ မြေဆီကောင်းသော မြေငါးဧကစာ ရပိုင်ခွင့်သည် ယီချန့်အားအတော်လေးတက်ကြွသွားစေ၏။

မနက်ဖြန်တွင် ထုတ်လုပ်ရေးအဖွဲ့ဆီပြန်မည်ဖြစ်၍ အထုတ်အပိုးများအား သေချာသိမ်းဆည်းပြီး ရေချိုးလိုက်သည်။ နယ်မြေထဲရေချိုးရသည်မှာ အပြင်ဘက်ရှိသူ့ကိုယ်ကို မှော်ဆန်ဆန်သန့်ရှင်းသွားစေသော်လည်း သန့်သွားသည်ဟုစိတ်ထဲမခံစားရပေ။ ယခုဤနေရာမှာတော့ ရေချိုးရန်အဆင်ပြေလှရာ ရေပူရော၍ ဇိမ်ဖြင့်ချိုးနေလိုက်သည်။

ရေချိုးပြီးသည်နှင့် ညစာအတွက် စစ်တပ်ကန်တင်းဆီသွားမနေတော့ပဲ နေရာလွတ်ထဲသိမ်းထားသည့် ပင်လုံးကြိုင်ဆန်ကိတ်ကိုထုတ်ကာ ရေနွေးဖြင့်စားသောက်လိုက်၏။ ထို့နောက် ကုတင်ဆီသွားကာလှဲချပစ်လိုက်‌ေတာ့သည်။ မနက်ဖြန်ဘူတာရုံဆီ မသွားခင်ဝက်သားသည်တို့အား စုံစမ်းခိုင်းထားသည်များ အဆင်ပြေမပြေနှင့် လက်ကျန်ပန်းသီးများ ပေးခဲ့ရန်ရှိသေး၏။

မနက်အရုဏ်တက်သော် ယီချန်မှာအကျင့်အတိုင်း နိုးလာပြီးလန်းဆန်းသော အသွင်အပြင်ဖြင့် လေ့ကျင့်ခန်းများလုပ်ကာရေမိုးချိုးပြီးသည်နှင့် အထုတ်အပိုးများအားသယ်ကာ ထုတ်လုပ်ရေးအဖွဲ့ဆီပြန်ရန်ပြင်နေတော့သည်။ ထိုစဉ် ခြံရှေ့၌ကားရပ်သံကိုကြားလိုက်ရပြီး တစ်ဆက်တည်းအမျိုးသမီးများ၏တွတ်ထိုးသံတို့ကိုပါ ကြားနေရ၏။ ခြံတံခါးအားသွားဖွင့်လိုက်သော် ကားမောင်းလာသည့်ရှောင်ကျိန့်အပြင် စစ်သားလေးတစ်ဦးနှင့် အထုတ်ကြီးအထုတ်ငယ်ကိုင်ကာ စောင့်နေကြသော မရီးလီတို့အုပ်စုအားတွေ့လိုက်ရသည်။ ယီချန့်အားတွေ့သော် မရီးလီတို့မှာ စိတ်သက်သာရာရဟန်ဖြင့် ပြောလာကြ၏။

"တော်သေးတာပေါ့ မရီးတို့ကနောက်ကျသွားပြီထင်နေတာ။ ဒီမှာ မင်းလမ်းမှာစားသွားရအောင် မုန့်လေး‌ေတွလုပ်လာတယ်။ ပိုရင်လည်း မင်းအိမ်က,ကလေးတွေနဲ့ မျှစားကြပေါ့။ ပြီးတော့ မျိုးစေ့လေးတွေပါ ထည့်ပေးလိုက်တယ်နော်။ ဘာပဲဖြစ်ဖြစ် အိမ်မှာစိုက်ခင်းလေးလုပ်ထားရင် ဟင်းမရှားတော့ဘူးလေ။ ရှောင်ကျိန့်က မင်းကိုဘူတာရုံထိလိုက်ပို့ပေးလိမ့်မယ်။ ဒါနဲ့ရထားလက်မှတ်မပျောက်စေနဲ့နော်။ ပိုက်ဆံနဲ့လက်မှတ်ကိုသေချာသိမ်းထား ရထားပေါ်ရောက်လို့ အိပ်ရင်လည်း သတိကပ်ပြီးအိပ်"

"ယောင်းမလီရယ် ရှောင်ယီက နားလည်တတ်တဲ့အရွယ်ရောက်နေပါပြီ။ ကဲကဲ ပစ္စည်းတွေကားပေါ်တင်ပေးလိုက်ကြပါဦး။ တော်ကြာ လမ်းမှာလည်းကြာဦးမှာနဲ့ ရထားမမှီပဲနေပါ့မယ်"

"အိုအေ ရထားကနေ့လည်မှထွက်မှာပဲကို သေချာလေးနှုတ်ဆက်ပါရစေဦး။ ငါတို့တွေ ရှောင်ယီ့ကို ဘယ်အချိန်ရောက်မှပြန်တွေ့နိုင်မယ်မှန်းမှ မသိတာ"

ယီချန်မှာစကားပြောနေကြရင်း ငိုချတော့မလို မျက်လုံးများနီရဲလာသည့် မရီးလီတို့အုပ်စုကြောင့် သူပါဝမ်းနည်းလာရသည်။ ထိုသည်ကို သတိထားမိလိုက်သော မရီးလီမှာ အကြောင်းအရာအားလွှဲရန် သူမလက်ထဲရှိအိတ်လေးအား ယီချန့်လက်ထဲထည့်ပေးလိုက်၏။ ယီချန်မှာ ထိုအိတ်လေးအား ဖွင့်ကြည့်ရန်ပြင်လိုက်စဉ် မရီးလီကတားလာသည်။

"ကြည့်မနေနဲ့တော့ ဒါကမရီးတို့တွေရဲ့ မင်းအတွက်မင်္ဂလာလက်ဖွဲ့ငွေတွေ။ မင်းမင်္ဂလာဆောင်ကျ မရီးတို့မလာနိုင်ရင်တောင် ပစ်တော့မထားနိုင်ဘူးလေ။ အဲ့တော့ ဒါကမင်းအတွက်ပဲမဟုတ်ဘူး မင်းရဲ့ဇနီးလေးပါ တစ်ဝက်ပိုင်တယ်။ ဒီတော့ ဒါကိုအခုဖွင့်ကြည့်မနေပဲ မင်းမင်္ဂလာဆောင်တော့မယ့်အချိန်မှဖွင့်ကြည့်။ ကဲကဲ ရှောင်ကျိန့်လည်းစောင့်နေတာ ကြာလှပြီ စစ်သားလေးဆီခြံဝင်းသော့ ပေးခဲ့ပြီး သွားတော့ သွားတော့"

မရီးများ၏တိုက်တွန်းမှုအောက်တွင် ယီချန်မှာ ဘာမှမငြင်းသာတော့ပဲ စစ်သားလေးထံခြံသော့ပြန်အပ်၍ ကားထဲဝင်လိုက်ကာ ဤစစ်တပ်ဝင်းကြီးကို နှုတ်ဆက်ထွက်ခွာခဲ့တော့သည်။

All Chapters