← Chapters

Chapter 53

Vol. 6 Ch. 53

Chapter 53

Vol. 6 Ch. 53

စစ်တပ်ဝင်းထဲမှ ယီချန်တို့ထွက်လာသည်နှင့် အဝင်ပေါက်တွင်ဂါဝန်ဖြူကြီးဝတ်ကာရပ်နေသော ဟူလီနအားလှမ်းမြင်လိုက်ရ၏။ သူမသည်လည်း သူတို့လာသည်ကိုတွေ့သည်နှင့် လက်ယမ်းကာတားလာသည်။ ယီချန်မှာတော့ အချိန်တိုင်းငိုယိုနေတတ်သည့် ဤဇာတ်လိုက်မအားတစ်မိုင်အကွာမှပင် ရှောင်ရှားချင်နေသူဖြစ်ရာ ကားရပ်ရန်ပြင်နေသည့် ရှောင်ကျိန့်အား အမြန်တားဆီးလိုက်ရ၏။ ထိုလုပ်ရပ်ကြောင့် နားမလည်ဟန်ဖြင့် ကြည့်လာသည့်ရှောင်ကျိန့်အား ငေါ့ပြောလိုက်သည်။

"ဘာလဲ မင်းကအဲ့မိန်းမ ငိုယိုပြနေတာကိုကြည့်ချင်နေလို့လား။ မင်းကတော့ မင်းရှေ့မှာအဝတ်ဖြူကြီးဝတ်ပြီး နာမည်တစာစာခေါ်ငိုပြနေတာကို ကြည့်ချင်နေပေမယ့် ငါကတော့မကြည့်ချင်ဘူး နိမိတ်မကောင်းလွန်းလို့"

ထိုခါမှရှောင်ကျိန့်လည်း ယီချန်ပြောသည်ကို နားလည်သွားရ၏။ ဗိုလ်မှူးဟူ၏သမီးဖြစ်သူမှာ အရာရာပြည့်ပြည့်စုံစုံဖြင့် ကြီးပြင်းလာရ‌ေသာ်လည်း ဘာမဟုတ်သည့်ကိစ္စမှအစ တငိုငိုတရယ်ရယ်ဖြစ်‌ေနတတ်သည်။ ထို့ပြင် သူမဝတ်ဆင်သမျှမှာလည်း အဖြူရောင်ကိုအခြေခံထားသည့်အရောင်များသာဖြစ်ရာ ထိုဝတ်စုံကြီးဖြင့်ငိုယိုပြလာပါက....ရှောင်ကျိန့်မှာ ထိုအတွေးများအား အမြန်ဖျောက်ပစ်လိုက်ပြီး ထိုကဲ့သို့အနေအထိုင်မတတ်သည့်သမီးမျိုး ပျိုးထောင်ထားရသည့် ဗိုလ်မှူးဟူကိုပင် သနားမိသွား၏။

ထို့နောက်ရှောင်ကျိန့်မှာ ကားအားတားနေသည့် ဟူလီနနားရပ်ပေးမလာဘဲ ဘေးမှဖြတ်မောင်းသွားလိုက်သည်။ ကားရပ်ပေးလာမည်ဟု ကျိန်းသေယုံကြည်နေသော ဟူလီနမှာ သူမဘေးမှဖြတ်မောင်းသွားသော ကားကြောင့်ကြောင်အမ်းသွားရ၏။ သူမသတိပြန်ကပ်လာချိန်မှာတော့ ကားလေးသည်မျက်စိတစ်ဆုံးပျောက်ကွယ်လုနီးနေချေပြီ။ ဟူလီနမှာ ထိုလုပ်ရပ်ကြောင့် ဒေါသတကြီးခြေဆောင့်လိုက်သည်။

"ဘာနောက်ခံမှမရှိတဲ့လူကများ သူ့ကိုကူညီပေးနိုင်မယ့်လူကို လှည့်မကြည့်ဘဲဘဝင်မြင့်ပြနေတယ်။ ငါကသူ့ကို ရင်းရင်းနှီးနှီးနဲ့ပြောဆိုဆက်ဆံနေလို့ နောက်ခံကောင်းကောင်းရှိတဲ့အပြင် ပြစ်ချက်မရှိတဲ့မိန်းကလေးတိုင်းက သူ့ကိုနှိမ့်ချပြီးချော့မော့ပြမယ်ထင်နေလား။ လူကဖြင့် ရွှံ့ခြေထောက်ကို ရွှေထင်နေတော့လည်း ငါ့ဘက်ကလည်းနှုတ်ဆက်လိုက်ပြီနော်။ နောက်မှ ငါ့ကိုလက်လွှတ်ပေးလိုက်ရလို့နောင်တရရင်လည်း နင့်ရဲ့အမြင်ဖုံးနေတဲ့မျက်လုံးကိုသာ ‌အပြစ်ဖို့လိုက်ချေ"

ဟူလီနမှာ ယီချန်တို့ထွက်သွားသည့်ဘက်ကို စူးစူးရဲရဲကြည့်ကာ ပြောလိုက်၏။ သူမမှာ ယီချန်ကအသုံးမဝင်တော့၍ လက်လွှတ်ရန်ဆုံးဖြတ်ခဲ့သော်လည်း သူမဖခင်ပြောပြခဲ့သည့် ပင်စင်ကြေးကိစ္စနှင့် ယခင်ကထက်ပိုဆွဲဆောင်မှုရှိလာသည့် သူ့ရုပ်ရည်တို့ကြောင့် အနည်းငယ်စိတ်ယိုင်သွားခဲ့ပြီး ရင်းနှီးမှုပြန်ယူရန်ထွက်လာခဲ့ခြင်းပင်။ သို့သော် ယီချန်ဘက်က ငြင်းပယ်လာမည်ဟုထင်မထားခဲ့ပေ။ ဟူလီနမှာ သူမမာနထိခိုက်သွားသလို ခံစားလိုက်ရ၍ ယီချန်နှင့်ရင်းနှီးမှုပြန်ယူရန်လည်း စိတ်မရှိတော့ချေ။ သူမထံတွင် ရွေးချယ်မှုကောင်းများလည်း ရှိနေသေး၍ ယီချန်တစ်ယောက်လျော့သွားလည်း ခြားနားမှုမရှိနိုင်ပေ။

သူ့အားအဖြစ်မရှိသည့်လူအနေနှင့် စာရင်းသွင်းခံလိုက်ရသော ယီချန်မှာတော့ စိတ်သက်သာရာရနေ၏။ သူသည်ဟူလီန၏အတွေးများနှင့် ပက်သက်၍လည်းဂရုမစိုက်ချေ။ ယီချန်သည် ရှောင်ကျိန့်အားဆေးရုံဆီ အရင်မောင်းခိုင်းလိုက်ပြီး မျက်မှန်ဝင်ယူလိုက်သည်။ မျက်မှန်အားတပ်လိုက်သည်နှင့် သူ၏အမြင်မှာပိုမိုကြည်လင်သွား၍ သဘောကျသွားတော့သည်။ ထို့နောက် မှောင်ခိုဈေးနားမောင်းခိုင်းလိုက်၏။

"ဒီမှာရပ်ပြီးခဏစောင့်ပေးဦးနော်။ အိမ်အတွက်ပစ္စည်းလေးတစ်ချို့ဝယ်သွားချင်လို့"

ရှောင်ကျိန့်လည်း သူတို့မောင်းလာသောကားအား တစ်ချက်ကြည့်ကာခေါင်းငြိမ့်လက်ခံသည်။ ယီချန်လည်းရှောင်ကျိန့်မမြင်နိုင်သည်ထိသွားပြီးမှ ပြင်ဆင်ထားသော လက်တွန်းလှည်းလေးပေါ် ကုန်များတင်ကာမှောင်ခိုဈေးဆီဦးတည်လိုက်၏။ ဤတစ်ကြိမ်စောင့်နေသော လူများမှာသူသိသော လူသန်ကြီးများ မဟုတ်၍ ဘာမှပြောမ‌ေန‌ေတာ့ဘဲပေးရမည့်ငွေအားပေးကာ လက်ပတ်ယူ၍ နဂိုဆိုင်နေရာဆီလျှောက်သွားလိုက်သည်။ ဝက်သားသည်၏ဆိုင်မှာ ဝယ်သူများရှိနေပေမယ့် ကြိတ်ကြိတ်တိုးမနေတော့ပေ။ ရိက္ခာစုသူများလည်း အတော်အတန်လုံလောက်သွားကြပြီထင်၏။ နောက်ဆုံးလူရှင်းသွားပါမှ ယီချန်အားမြင်သွားကာ ကောက်နှံသည်လည်းရောက်လာပြီး နှုတ်ဆက်လိုက်၏။

"ကောင်လေးရောက်ပြီလား။ ငါတို့တွေငါးသားပေါက်တွေတော့ ရလာတယ်။ ဒါပေမယ့် ဈေးကအရမ်းကြီးနေတော့ အများကြီးသယ်မလာခဲ့ဘူး။ အဲ့အိုး‌ေတွထဲမှာကြည့်,ကြည့်လိုက်"

ယီချန်လည်း သူပြသည့်အိုးများအားကြည့်လိုက်ရာ ငါး၊ပုဇွန်၊ဂဏန်းအပြင် ဂုံးကောင်များပါရှိနေ၏။ ဤပင်လယ်သတ္တဝါများမှာ သယ်ယူစရိတ်အပြင် ရရန်အတွက်ကိုငွေပိုပေးခဲ့ရမည်မှာ သေချာလေသည်။ အချို့ပင်လယ်သတ္တဝါများဆိုလျှင် တံငါသည်များပင် ရရန်ခက်ခဲသည်များသာ။ အမျိုးအစားစုံလင်အောင်ဝယ်နိုင်ခဲ့သောကြောင့် ဝက်သားသည်တို့၏အဆက်အသွယ်မှာ အင်မတန်ကျယ်ပြန့်ပုံရ၏။ ထိုသို့သောလူမျိုးမှာ အဆက်အသွယ်မပြတ်ရှိထားလျှင်လည်း ဆုံးရှုံးစရာမရှိ၍ ယွမ်ခုနစ်ရာအားထုတ်ပေးကာ စကားခင်းလိုက်သည်။

"ဒီ‌ထဲကကျန်တဲ့ငွေကိုတော့ ဒီရက်ပိုင်းစီးပွားဖြစ်ခဲ့တဲ့အတွက် စာအိတ်နီပေးတယ်လို့ပဲ မှတ်လိုက်ပါ။ ပင်လယ်စာတွေက ပစ္စည်းကောင်းတွေမလို့ ကျွန်တော်အတော်သဘောကျသွားပြီ"

ဝက်သားသည်တို့လည်း ယီချန်၏ဆိုလိုရင်းကို သဘောပေါက်လိုက်ရာ ငြင်းဆန်မနေကြတော့ပဲ လက်ခံထားလိုက်၏။ သူတို့အဖို့တော့ အဆက်အသွယ်ကျယ်ပြန့်သော်လည်း ကုန်ပစ္စည်းအရင်းအမြစ်မှာတော့ ရရန်ရှားပါးလေရာ ဤလူငယ်နှင့်မိတ်ဖွဲ့ရမည့်အပေါ် စိတ်မရှိကြပေ။ ယီချန်သည်လည်းသူတို့၏ ပါးနပ်မှုကို ကျေနပ်သွားရာ ကိုယ့်ကိုကိုယ်မိတ်ဆက်လိုက်သည်။

"ကျွန်တော့်နာမည်ကယီချန်ပါ။ အဆင်ပြေသလိုခေါ်လို့ရပါတယ်"

ကောက်နှံသည်မှာလည်း သူမတို့နာမည်အား‌ေပြာပြလာ၏။

"အဒေါ့်ကို အဒေါ်ကျန့်လို့ပဲခေါ်ပါ။ ဝက်သားသည်ကြီးနာမည်ကတော့ လောင်ကျူးတဲ့"

ယီချန်လည်းသေချာစဉ်းစားပြီးမှ လေသံတိုးတိုးဖြင့်မေးလိုက်သည်။

"ဒါနဲ့ ဦးလေးကျူးအရင်က ပန်းသီးလာယူတုန်းက ပါလာတာ ဦးလေးကျူးရဲ့သားလား"

ဦးလေးကျူးမှာ ယီချန်မှဘာကြောင့်သိချင်သည်ကို မသိသော်လည်း ပြန်ဖြေလိုက်၏။

"အင်း ဟုတ်တယ်လေ။ အဲ့ဒါဦး‌ေလးရဲ့သားကြီးပါ"

"ဒါနဲ့ ဦးလေးရဲ့သားကြီးက အထက်တန်းအောင်ပြီးပြီလား"

လောင်ကျူးမှာ သားနှစ်ယောက်သာရှိပြီး သားကြီးမှာ ဆယ့်ကိုးနှစ်ပြည့်ပြီဖြစ်ရာ လက်ထပ်ဖို့ပင်ဆွေးနွေးရန်အချိန်ကျနေပြီဖြစ်ပြီး အငယ်လေးမှာတော့ ငါးနှစ်သာရှိသေးလေသည်။ အဒေါ်ကျန့်မှာတော့ မိန်းကလေးများသာသုံးဦးမွေးထားသော်လည်း ခင်ပွန်းသည်ရော ယောက္ခမကပါ သူမအပေါ်နာခံကြ၍ သမီးလေးများမှာ ကောင်းမွန်စွာကြီးပြင်းလာရ၏။ သို့သော် သူမလေးတို့မှာ အကြီးဆုံးကလေးပင် ဆယ်နှစ်သာရှိသေး၍ အားကိုး၍မရသေးချေ။ ယီချန်မှာ သူတို့ပြောပြထားဖူးသော မိသားစုအကြောင်းများအား သိထား၍မေးလိုက်ခြင်းပင်။

လောင်ကျူးမှာတော့ ယီချန်မှသူ့သားကြီးအကြောင်းအား မေးလာသည့်အပေါ်ထူးဆန်းနေသော်လည်း အကြောင်းမရှိဘဲမေးမည်မဟုတ်သည်ကို သိနေ၍ပြန်ဖြေပေးလိုက်သည်။ အကယ်၍ ယီချန်မှငွေရှာရန်အစီအစဉ်ရှိနေပြီး သူ့သားကြီးအားလက်ကမ်းပေးရန်ဖြစ်နေလျှင် ကောင်းပေမည်။ သူတို့မိသားစုမှာ ပြေလည်၍ငွေကြေးဒုက္ခမရှိသော်လည်း မကြာခင်လက်ထက်ရတော့မည့် သားကြီးအဖို့ ငွေပိုရမည့်အစီအစဉ်ရှိပါကလည်း မငြင်းနိုင်ပါချေ။ ဘေးရှိအဒေါ်ကျန့်သည်လည်း သူတို့စကားဝိုင်းအားငြိမ်၍ နားစွင့်နေသည်။

"ကျွန်တော့်ဆီရွှေပျားရည်သီးတွေ အမြဲလာဝယ်တတ်တဲ့ ဖောက်သည်ကြီးကို မှတ်မိတယ်မလား"

ယီချန်၏အမေးကြောင့် ဦးလေးကျူးတို့မှာ ခေါင်းငြိမ့်ပြလိုက်သည်။ သူတို့လည်း ထိုအမျိုးသား၏ထူးခြားသော စရိုက်ဝိသေသကို ဂရုစိုက်မိနေသည်ဖြစ်ရာ စိတ်ထဲစွဲနေ၏။ ယီချန်လည်း အသံကိုထပ်တိုးကာ သူ့နားကပ်လာရန် လက်ဟန်ပြလိုက်ပြီးပြောလိုက်သည်။

"ကြည့်ရတာ သူကအဆက်အသွယ်ကောင်းကောင်းရှိပုံပဲ။ ဟိုတစ်ခေါက်က လာဝယ်တုန်းကျွန်တော် စကားစနည်းနည်းဆွဲထုတ်ကြည့်တော့ နောင်နှစ်ကုန်လောက်ကျရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေ ပြန်ဖွင့်လှစ်ပေးမှာလို့ ပြောသွားတယ်။ ဒါကြောင့် ဦးလေးသားကိုတက္ကသိုလ်ဆက်တက်ခွင့်ပြုချင်ရင် ခုကတည်းကပြင်ဆင်စရာရှိတာကို ပြင်ဆင်ပေးထားလိုက်တော့။

ကျွန်တော်အဓိကပြောချင်တာက ပညာရေးသာတိုးတက်လာရင် စီးပွားရေးကဏ္ဍမှာပါ အပြောင်းအလဲ‌ေကာင်းတွေဖြစ်လာမှာနော်။ ဦးလေးကျူးနဲ့အဒေါ်ကျန့်တို့တွေ ‌ခုကတည်းကငွေများများစုထားကြ‌ဦး။ ပြီးရင် ရှန်ဟိုင်းမြို့စွန်နေနေ ဘာ‌ေနနေ မြို့ထဲမှာခြံဝင်းတစ်ဝင်းတော့ပိုင်အောင်ဝယ်ထားလိုက်။ မြို့ထဲမှာသာ အိမ်ဝင်းတစ်ခုပိုင်ထားရင် စီးပွားရေးတွေလမ်းစပွင့်လာတဲ့အခါ ငွေထုပ်ကြီးတစ်ထုပ်ပိုက်ထားသလိုဖြစ်သွားလိမ့်မယ်။

ဦးလေးကျူးတို့အနေနဲ့ ဘယ်နေရာမှာဝယ်ရမလဲ ဘယ်လောက်အကုန်ခံနိုင်မလဲဆိုတာတော့ ကိုယ့်ဘာသာဆုံးဖြတ်ကြပေါ့။ ကျွန်တော်လည်း အစီအစဉ်ရှိထားတာမလို့ လျှောက်ပြောနေတာမဟုတ်ပါဘူး။ ဒါပေါ့ ကျွန်တော်ပြောတာ‌ေတွကလည်း တိကျတဲ့အချက်အလက်ပေါ်မူတည်မထားတော့ အာမတော့မခံနိုင်ဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ယုံတဲ့ဘက်မှာပဲ"

လောင်ကျူးနှင့် အဒေါ်ကျန့်တို့မှာ ရုတ်ချည်းဆိုသလို ကောင်းကင်ပေါ်မှ ကြီးမားလှသည့်ပိုင်မုန့်ကြီးက သူတို့ခေါင်းပေါ်ပြုတ်ကျလာသောကြောင့် ခေတ္တမျှအာရုံလွင့်သွားရတော့သည်။ သတိပြန်ကပ်လာသော် သူတို့မှာယီချန့်အား ဗို့အားမြင့်မီးလုံးကြီးများအလား တောက်ပစူးရှလှသည့်မျက်လုံးများဖြင့် ကြည့်လာကာတုန်တုန်ယင်ယင်ဖြင့်အတည်ပြုလာ၏။

"တစ်...တစ်ကယ်...တစ်ကယ်လား ရှောင်ယီ။ မင်းပြောတာတွေက...မဟုတ်ဘူး အဲ့ဖောက်သည်ကမင်းကိုအဲ့အ‌ေကြာင်း‌ေတွ ပြောသွားတာသေချာရဲ့လား"

"ဟုတ်တယ်နော် သူပြောတာဖြစ်နိုင်ပါ့မလားဟဲ့။ အမလေး မထိတ်သာမလန့်သာရှိလိုက်တာ"

All Chapters