← Chapters

Chapter 54

Vol. 6 Ch. 54

Chapter 54

Vol. 6 Ch. 54

ယီချန်ပြောသောအကြောင်းအရာများမှာ အနာဂတ်ရှိယီချန်အတွက် ဘာမှမဟုတ်သည့်ကိစ္စလေးသာဖြစ်သော်လည်း ဤခေတ်ကာလတွင်တော့ အချိန်ကိုက်ရွာလာသည့် နွေဦးမိုးအလားပင်။ ယီချန်မှ သေသေချာချာထပ်ရှင်းပြလိုက်သည်နှင့် ဦးလေးကျူးနှင့် အဒေါ်ကျန့်တို့မှာ မျက်ရည်များပင်ကျလာသည်အထိ ပျော်ရွှင်ပီတိဖြစ်နေတော့၏။ ထို့နောက်ယီချန့်အားဆွဲကာ ထွေရာလေးပါးဆက်ပြောနေရာ ယီချန်မှာမနည်းစကားစဖြတ်လိုက်ရသည်။

"ဟုတ်ပါပြီ ဦးလေးတို့ရေ ဒါနဲ့ကျွန်တော်တစ်ခုတော့ သတိပေးထားမယ်နော်။ ဒီကိစ္စတွေကအရမ်းလျှို့ဝှက်ထားတဲ့ကိစ္စတွေမလို့ ဦးလေးတို့အနေနဲ့ မိသားစုချင်းတောင် နှုတ်လုံမှဖြစ်မယ်။ ကျွန်တော်ကတော့ ဒီကိစ္စကြောင့်နဲ့ ဒုက္ခမရောက်ချင်သေးဘူး။ နောက်လာမယ့်နှစ်တွေမှာ ငွေတွေအများကြီးရှာချင်သေးတယ်"

ယီချန့်စကားကြောင့် လောင်ကျူးတို့လည်း အလေးအနက်ရှိလာသည်။ ဤသည်မှာအစိုးရအတွင်းရေးလျှို့ဝှက်ချက်အနေဖြင့် ရှိနေသေး၍ သူတို့မှာလက်လွတ်စပယ် မပေါ့ဆသင့်ပေ။ ထို့ကြောင့် သူတို့မှာယီချန့်အားပြတ်သားစွာကတိပေးလိုက်သည်။ လာမည့်နှစ်များရှိ အခွင့်အရေးများကစောင့်ကြိုနေသည်ဖြစ်ရာ သူတို့လည်းလက်မလွှတ်ချင်ပေ။

"ဒါနဲ့ကျွန်တော်က ဒီနေ့ပဲဇာတိပြန်တော့မှာမလို့ အလုပ်နားလိုက်ဦးမယ်။ ပွဲတော်ပြီးရင်တော့တတ်နိုင်သမျှမြန်မြန်ပြန်လာနိုင်အောင်လုပ်မှာပါ။ အခုကုန်ပစ္စည်းလက်ကျန်အကုန်ယူလာခဲ့တယ်။ ဦး‌ေလးတို့လည်း အချိန်အကြာကြီးဆွဲရောင်းမနေပါနဲ့တော့။ ဒါနဲ့ ပန်းသီးစိမ်းက ကလေးတွေနေနေ လူကြီးတွေနေနေ မှတ်ဉာဏ်ပြဿနာမှာအရမ်းကောင်းတာမလို့ ရောင်းချည်းပဲရောင်းမနေနဲ့။ အိမ်ကမိသားစုနဲ့လဲ မျှဝေစားဦးနော်။ ဒီရက်ထဲ အမြတ်လည်းရထားပြီးပြီကို အိမ်က ကလေးတွေလည်း စားချင်တာစားကြပါစေ"

ယီချန်ပြောသည်မှာမှန်နေ၍ သူတို့လည်း ပန်းသီးတစ်ချို့အား အိမ်အတွက်ဖယ်ထားရန်စီစဉ်လိုက်တော့သည်။ ယီချန်လည်း ပန်းသီးကြေးကောက်ကာ သူတို့ကိုနှုတ်ဆက်၍ ပင်လယ်စာများထည့်ထားသည့်အိုးများကို လှည်းပေါ်တင်ပြီး ဈေးထဲမှပြန်ထွက်ခဲ့၏။ ထို့နောက်လူရှင်းသည့်နေရာရောက်သော် နယ်မြေထဲရှိ စမ်းချောင်းထဲလွှတ်ပေးလိုက်သည်။ စမ်းချောင်းမှာ အကန့်အသတ်ရှိ‌ေနပြီး ထိုနေရာကိုစမ်း‌ေရမှတစ်ပါး မည်သည့်အရာမှ ကျော်သွားလို့မရ၍သာ ယီချန်လည်း စိတ်ချလက်ချငါးမွေးရဲခြင်းပင်။ ထို့‌ေနာက် နယ်မြေထဲမှ ထုတ်လုပ်ရေးအဖွဲ့ဆီယူသွားရန်ပြင်ထားသော အထုတ်အပိုးများအားအပြင်ထုတ်၍ ကားဆီပြန်လာလိုက်သည်။

ရှောင်ကျိန့်မှာ ယီချန်ကအထုတ်ကြီးများဖြင့် ကားထဲဝင်လာသော်လည်း မေးခွန်းတစ်ခုမှထုတ်မမေးဘဲ ဘူတာရုံဆီဦးတည်မောင်းလိုက်၏။ ယီချန်လည်း ထိုင်ခုံပေါ်မှီထိုင်ရင်း ကား၏ဘေးဘက်မှန်ဆီအကြည့်ရောက်သွားသည်။ ယီချန်မှာ ကားမှန်မှတစ်ဆင့် မြင်နေရသော တွေ့သူတိုင်းမှချက်ချင်းအိမ်ခေါ်ထားပြီးဝှက်ထားချင်လောက်အောင် ဆွဲဆောင်နိုင်မှုတို့ပေါက်ကွဲထွက်နေသည့် သူ့ပုံရိပ်ကြောင့် မျက်မှောင်ကြုံ့လိုက်မိ၏။

*ကျစ်....စိတ်ရှုပ်စရာ‌ေကာင်း‌ေအာင် ချောလွန်းနေတာပဲ*

ထို့နောက်ယီချန်သည် ကားမောင်းနေသော ရှောင်ကျိန့်အားကြည့်ကာ သိချင်စိတ်ဖြင့်မေးလိုက်သည်။

"မင်းကလောင်ဟူရဲ့လက်ထောက်ကို ငါ့ဘက်ကနေရန်ဖြစ်ပေးနေတာဆိုတော့ မင်းအလုပ်မှာခက်ခဲအောင်လို့ သူလုပ်မှာကိုမကြောက်ဘူးလား"

ရှောင်ကျိန့်မှာယီချန့်အပြောကြောင့် သဘောတကျရယ်မောရင်း ပြန်ဖြေလိုက်၏။

"သူမကျေနပ်ရင်တောင် ကျွန်တော့်ကိုဘာမှမလုပ်ရဲဘူးလေ။ ကျွန်တော့်ရဲ့ဆွေမျိုးတွေက နည်းနည်းလေး ရာထူးမြင့်တဲ့ထဲပါနေတဲ့အပြင် ကျွန်တော်က‌ေမာင်နှမ‌ေတွထဲ တစ်ဦးတည်းသောသားဆိုတော့ သူတို့က‌ကျွန်‌ေတာ့်ကို ကြည့်ရှုစောင့်ရှောက်ပေးကြတယ်။ တစ်ခါကဗိုလ်မှူးဟူ ကျွန်တော့်ကို အရမ်းဒေါသထွက်သွားတဲ့အချိန်ရှိခဲ့ဖူးတယ်‌ေလ။ အဲ့တုန်းကဆို သူ့မှာကျွန်တော့်ကို ဆူလို့လည်းမဖြစ် ဒေါသကလည်းထွက်ဆိုတော့ ဖြစ်သွားတဲ့သူ့ရုပ်ကြီးကို ခုထိတွေးတိုင်းရယ်‌ေနရတုန်းပဲ။ ဒီစစ်တပ်ထဲဝင်လာတာကလည်း ကျွန်တော်ကစိတ်အားထက်သန်နေလွန်းလို့သာဝင်ခွင့်ပေးခဲ့ကြတာ။ အိမ်ကအဘွားဆို တစ်ပတ်လောက်ကျွန်တော်နဲ့ စကားမပြောပဲနေခဲ့တာ။ နောက်ပိုင်းအဖေ့မိတ်ဆွေ ဦးလေးလျို့ဝင်ပြောမှ လက်ခံခဲ့ကြတာလေ"

ရှောင်ကျိန့်၏စကားမှတစ်ဆင့် ယီချန်မှာဤကောင်စုတ်လေးသည် သူပြောခဲ့သလိုနည်းနည်းပါးပါး နောက်ခံရှိသည်မဟုတ်ဟုထင်မိ၏။ သို့သော်သူဘာမှဝင်မပြောခဲ့ပေ။ ရှောင်ကျိန့်မှာသူ့‌အကြောင်းပြောပြီးသည်နှင့် ယီချန့်အကြောင်းစပ်စုတော့သည်။

"အစ်ကိုယီကရော ဘယ်လိုစီစဉ်ထားလဲ။ ကျွန်တော်ကြားမိတာတော့ မြေဆီကောင်းတဲ့လယ်မြေငါးဧကရွေးချယ်ခွင့်ရထားတယ်ဆို။ ကျွန်တော်က အစ်ကို့အကြောင်းလိုက်စုံစမ်းထားတာမဟုတ်ပါဘူးနော်။ အစ်ကိုယီနှိမ့်ချခံရမှာစိုးလို့ နည်းနည်းဝင်စပ်စုကြည့်ထားတာ။ ဒါပေမယ့် ကျွန်တော်တောင်ဝင်ပါစရာမလိုလိုက်ဘူးလေ။

ဘာပဲဖြစ်ဖြစ် အစ်ကိုယီကထက်မြက်တဲ့လူဆိုတော့ ဘယ်နေရာရောက်ရောက် ထိပ်ဆုံးရောက်နေမှာပါ။ အချိန်လေးဘာလေးရရင်လည်း ကျွန်တော့်ဆီလာတွေ့ဦးနော်။ ဒါနဲ့ အစ်ကိုယီတို့‌ဘက်က သစ်တော်သီးအရမ်းကောင်းဆိုပဲ။ သွားရေးလာရေးသာအဆင်‌ေပြလို့ကတော့ ကျွန်တော်လည်းမြည်းကြည့်ချင်သား"

ယီချန်မှာ လမ်းတစ်လျှောက်လုံး ရှောင်ကျိန့်ပြောသမျှကို 'အင်း' 'အဲ' သာပြန်ဖြေ၍ ငြိမ်နေလိုက်သည်။ ဘူတာရုံဆီရောက်သော် ရှောင်ကျိန့်ကကားရပ်နားသည့်နေရာတွင်ရပ်ကာ ယီချန့်အားလက်မှတ်စစ်ရုံးဆီခေါ်လာခဲ့၏။ ဘူတာရုံမှာ ပိတ်ရက်နားနီးနေ၍ လူများဖြင့်ပြည့်နှက်နေကာ ဆူညံပွက်လောရိုက်နေလေသည်။ လူအုပ်ကြီးကြားမှနေ ရှောင်ကျိန့်မှာယီချန့်အား လက်မှတ်စစ်သည့်အရာရှိထံ ဆွဲခေါ်၍မိတ်ဆက်ပေးလာ၏။

"အစ်ကိုကြီး ဒါကကျွန်တော့်မိတ်ဆွေပါ။ သူ့အတွက် အထူးတန်းမှာနေရာရှာပေးထားပေမယ့် ရထားပေါ်ရောက်ရင်နည်းနည်းထပ်ဂရုစိုက်ပေးပါဦးနော်"

ရှောင်ကျိန့်မှာ ငွေအချို့အားလူမမြင်အောင်ကွယ်၍ အရာရှိအိတ်ကပ်ထဲထည့်ပေးလိုက်သည်။ အရာရှိမှာလည်း ပြုံးရွှင်နေသောမျက်နှာထားဖြင့် ကတိပေးလာ၏။

"စိတ်မပူပါနဲ့ ရှောင်ကျိန့်ရ။ မင်းမိတ်ဆွေ ခရီးစဉ်တစ်လျှောက်လုံးအဆင်ပြေအောင် စီစဉ်ပေးမှာပါ။ တစ်ကယ်လို့ ငါ့ညီရထားပေါ်ရောက်လို့ လိုတာရှိရင်လည်းအစ်ကို့ဆီလာပြောနော်"

ယီချန်လည်း ထိုအရာရှိအားပြုံးပြနှုတ်ဆက်ကာ အကြံပြုချက်အားလက်ခံလိုက်ပြီး ရှောင်ကျိန့်ကိုနှုတ်ဆက်၍ရထားပေါ်တက်လိုက်သည်။ ဤခေတ်ရှိ ရထားမှာ သက်တောင့်သက်သာမရှိဘဲ ပြည့်ကျပ်နေပြီးစိတ်ညစ်စရာပင်။ ကံကောင်း၍ သူသည်ရွှေပေါင်လုံးကြီးအကူအညီရှိ၍သာ အထူးခန်း၌စီးနိုင်ခြင်းဖြစ်သည်။

မနက်ဖြန်ဆိုလျှင် လပြည့်ရက်ရောက်ပြီဖြစ်၍ ယနေ့မှာမိသားစုတွင်းရှိ လူတိုင်း၏အားလပ်ရက်ပင်။ ရှောင်စန်းသည်ကောင်းယုံထံတွင်ပညာသင်နေသည်မှာ သိပ်မကြာသေးသော်လည်း အလွန်ပင်တိုးတက်လာခဲ့သည်။ ယခင်ရက်များက သူတို့ဆရာတပည့်နှစ်ယောက်မှာ လမုန့်များလုပ်ပြီး မှောင်ခိုဈေးတွင်ပင်သွားရောင်းခဲ့ကြ၏။ ထိုကိစ္စအားကျားလိပြန်ကြားရသော် အံ့ဩသွားရသည်။

ကောင်းယုံလိုလူမှာ သူ့အကန့်နှင့်သူနေသည်ဟုထင်‌ခဲ့မိ‌ေသာ်လည်း နောက်ဆုံးတော့ငွေ၏ဘက်တော်သားဖြစ်သွားလေပြီ။ တရားခံမှာတော့ ပြေးကြည့်စရာမလိုသည့် အနီးကပ်ရန်သူတော်လေး ရှောင်စန်းပင်။ သူမမှာ ကောင်းယုံအားသိမ်းသွင်းထားရန် ပြောခဲ့ဖူးသော်လည်း ရှောင်စန်းကသူ့လိုလူဖြစ်အောင် ပြောင်းလဲပစ်လိမ့်မည်ဟု မထင်ခဲ့ချေ။

ယနေ့နှင့်မနက်ဖြန်အတွက် ရှောင်စန်းမှာနားရက်ရထားပြီး မိသားစုအတွက် လမုန့်ဖာများထပ်သယ်လာခဲ့သေး၏။ ဤရက်များအတွင်း သူလေး၏ဝင်ငွေမှာ မည်မျှရှိသွားသည်ကို မိသားစုထဲရှိအမေယီပင် မသိရပေ။ သို့သော်ရှောင်စန်းမှာ ငွေရေးကြေးရေးနှင့်ပက်သက်၍ အလွန်စည်းကမ်းကြီးသူလေးဖြစ်၍ အမေယီမှာ စကားအနည်းငယ်ဖြင့်သာ လမ်းညွှန်ပြောဆိုလိုက်ပြီး ဝင်ရောက်မချုပ်ချယ်ခဲ့ချေ။ အမေယီမှ လမုန့်များအားဗီရိုထဲထည့်သိမ်းနေစဉ် ကျားလိတို့စားရန်အနည်းငယ်ထုတ်ပေးထား၏။

ကျားလိနှင့်ကလေးများမှာ စားပွဲတွင်ဝိုင်းထိုင်ကာ လမုန့်စားနေကြသည်။ ကျားလိမှာငယ်စဉ်ထဲကနိုင်ငံခြားတွင်နေလာသူမို့ လမုန့်အားမယ်မယ်ရရမစားဖူးပေ။ အဘွားဖြစ်သူက လုပ်ကျွေးဖူးပေမယ့် အလုပ်တစ်ဖက်နှင့်ကြောင့် အရသာခံနေရန်အချိန်မရှိချေ။ ဤ‌ေနရာ‌ေရာက်မှသာ သေသေချာချာစားဖူးခြင်းဖြစ်ရာ အရသာကသူမအားကောင်းကောင်းကြီး ဖမ်းစားသွားနိုင်၏။ ထို့ကြောင့် သူမမှာ လမုန့်အားနေ့တိုင်းစားဖြစ်နေတော့သည်။ ရှောင်စန်းမှာကျားလိက လမုန့်အားပျော်ရွှင်စွာစားနေသည်ကိုမြင်၍ သိချင်စိတ်ဖြင့်မေးလိုက်၏။

"ကျားလိကျဲ ကျဲကနိုင်ငံခြားမှာနေတာဆိုတော့ အဲ့မှာရောဆောင်းဦးလယ်ပွဲတို့ လမုန့်စားတာတို့ရှိလားဟင်"

ကျားလိလည်း တွေဝေသွားပြီးမှ သေချာပြန်ဖြေလိုက်သည်။

"အစ်မအဘွားက ပွဲတော်ရက်တွေဆို လုပ်ကျွေးဖူးပေမယ့် အစ်မကအမြဲအလုပ်ရှုပ်နေတာဆိုတော့ သေချာမမြည်းစမ်းဖူးဘူး။ ခုမှပဲအချိန်ပေးပြီးစားကြည့်ဖူးတာ အရသာကတော်တော်ကောင်းတာနော်။ အစ်မအရမ်းကြိုက်တယ်"

ရှောင်စန်းမှာ ကျားလိမှသူမအဘွားကိုသတိရအောင် လုပ်မိသွားမည်စိုး၍ စကားစအမြန်လွှဲလိုက်၏။

"တစ်ကယ်တော့ လမုန့်တွေကအရသာရှိတဲ့အပြင် အဓိပ္ပာယ်လေးတွေလည်းရှိသေးတယ်"

"ဟုတ်လား အစ်မကိုအဲ့အကြောင်းလေးတွေပြောပြပါဦး"

အရင်ဆုံးရှောင်စန်းမှာ သူ့ပါးစပ်တွင်ပေကျံနေသည့် လမုန့်အစအနများအား သုတ်ပစ်ပြီး လေးလေးနက်နက်အမူအယာဖြင့်ပြောလိုက်သည်။

"လမုန့်ဝိုင်းပုံစံဆိုရင် မိသားစုကြားပြန်လည်ဆုံစည်းမှုနဲ့ ပြီးပြည့်စုံမှု၊လပြည့်ပုံစံကျ ဟန်ချက်ညီမှုနဲ့ စည်းလုံးညီညွှတ်မှု၊ကြာစေ့အစာသွပ်တာကကျ ပစ္စည်းဥစ္စာအောင်မြင်ဖြစ်ထွန်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ဘဲဥဆားငန်အစာသွပ်ကျ လပြည့်ကိုကိုယ်စားပြုရည်ညွှန်းတယ်တဲ့"

All Chapters