← Chapters

Chapter 55

Vol. 6 Ch. 55

Chapter 55

Vol. 6 Ch. 55

ကျားလိအပြင် ရှောင်စစ်နှင့်ခယ့်ရှင်းကပါ ရှောင်စန်း၏စကားအားနားထောင်နေကြပြီး ရှောင်စန်းမှစကားအဆုံးသတ်လိုက်သည်နှင့် ကျားလိမှအရင်ဆုံးလက်ခုပ်တီးလိုက်သည်။ ထို့နောက် ကျန်ကလေးနှစ်ယောက်ကပါ နောက်မှလိုက်၍ လက်ခုပ်တီးပေးကြ၏။

"ဝိုး ရှောင်စန်းကတစ်ကယ်တော်တာပဲ။ အခုတော့ ရှောင်စန်းကျေးဇူးကြောင့် အစ်မတော်တော်ဗဟုသုတရသွားခဲ့ပြီ"

ကျားလိမှရှောင်စန်းအား ချီးကျူးပေးနေ၍ ကျန်ကလေးနှစ်ယောက်ကပါ ချီးကျူးလာသည်။

"လောင်စန်းက ဟင်းချက်သွားသင်ရုံနဲ့ ဒီလိုအကြောင်းတွေပါ သိလာခဲ့မယ်မထင်ထားခဲ့ဘူး။ မင်းဦးနှောက်ကအတော်လေးဖွံ့ဖြိုးလာပြီ‌ပဲ"

"နင်ကသိပ်အံ့ဩစရာကောင်းတာပဲ ရှောင်စန်း"

ရှောင်စန်းမှာတော့ လမုန့်တစ်ခုလုပ်တိုင်း ဤအကြောင်းအရာများအား ‌တဖွဖွရွတ်နေတတ်သော ဆရာဖြစ်သူကြောင့် နားရည်ဝလာခြင်းဖြစ်သော်လည်း မည်သို့ပင်ဆိုဆို သူမှတ်မိခြင်းသည်ကသာ အဓိကရလဒ်ပင်မဟုတ်ပါလော။ ထို့ကြောင့် ကျားလိတို့ချီးကျူးလာသည်ကို ပျော်ရွှင်စွာလက်ခံလိုက်၏။ ကျားလိနှင့် ကလေးနှစ်ယောက်မှာ ရှောင်စန်း၏မာန်တက်နေသော အမူအယာကြောင့် ရယ်မောမိကုန်ကြသည်။

ပစ္စည်းများအားသိမ်းကာ အိမ်မကြီးထဲဝင်လာသည့် အမေယီမှာ ပျော်ရွှင်စွာရယ်မောနေကြသော ကျားလိတို့အားကြည့်၍ သူမပါလိုက်ပြုံးမိသွား၏။ အမေယီမှာဤရက်များတွင် သားကြီးဖြစ်သူအားစိတ်ပူနေခဲ့ရ၍ စိတ်လိုလက်ရမပြုံးမိခဲ့သည်မှာ အတော်ကြာပြီဖြစ်ရာ ယခုပြုံးလိုက်မိပါမှ ဖြစ်လာသမျှကို စိတ်တထင့်ထင့်ဖြင့်စောင့်မျှော်နေမည့်အစား ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရင်း ကျော်လွှားရသည်မှာ ပို၍ပူပန်သောကလျော့ကျစေသည်ကို နားလည်သွားခဲ့သည်။ ထို့ကြောင့်သူမပါလိုက်၍ သူတို့လေးတွေနှင့်အတူ စနောက်ရယ်မောနေလိုက်တော့၏။ ထိုစဉ် အိမ်ရှေ့တံခါးမှ ကျားလိအားခေါ်နေသံကိုကြားလိုက်ရသည်။

"ဒေါက်တာကျား ဒေါက်တာ အိမ်မှာရှိလား"

ကျားလိမှာ သူမနာမည်ခေါ်နေသံကြောင့် အိမ်ရှေ့ထွက်ကြည့်လိုက်ရာ ပူပန်နေသောအသွင်ဖြင့် ရွာခေါင်းဆောင်ကျိအားတွေ့လိုက်ရ၏။

"ခေါင်းဆောင်ကျိ ကိစ္စတစ်ခုခုများရှိလို့လား။ အိမ်ထဲဝင်ထိုင်ဦးလေ"

ကျိဝေမှာ အလောတကြီးဖြစ်နေဟန်ဖြင့် ကျားလိအားလေသံနှိမ့်ကာတောင်းဆိုလာသည်။

"ဒေါက်တာကျား ဒီနေ့ကအားလပ်ရက်ဆိုတာသိပေမယ့် အရေးကြီးနေလို့ လာတွေ့ရတာပါ။ တစ်ကယ်တော့ အိမ်ကအမျိုးသမီးကနေမကောင်းဖြစ်နေတာ ကြာပြီဆိုပေမယ့် သူမကဘာမှမဖြစ်ဘူးဆိုပြီး ပေတေနေခဲ့တာလေ။ အခုသူမအခြေအနေကဆိုးလာလို့ အခြေအနေလေးကြည့်ခိုင်းရအောင် ဒေါက်တာကျားကို လာခေါ်တာပါ"

ကျားလိလည်း ကျိဝေမှနှိမ့်ချကာတောင်းဆိုလာသည့်အပြင် လူတစ်ယောက်၏ကျန်းမာရေးနှင့်ပက်သက်နေ၍ ငြင်းမနေတော့ပေ။

"ဟုတ်ပါပြီ ကျွန်မခဏနေလာခဲ့ပါ့မယ်။ အခုပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်ရဦးမှာမလို့ ခေါင်းဆောင်ကျိအရင်ပြန်နှင့်လိုက်လေ"

ကျိဝေမှာ ကျာလိကလက်ခံလိုက်၍ ဝမ်းသာအားရဖြစ်သွားရကာကျေးဇူးတင်လာ၏။

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် ဒေါက်တာကျားရယ်"

ကျိဝေထွက်သွားပြီး ကျားလိအိမ်ထဲပြန်ဝင်လာသည်နှင့် အမေယီကအကျိုးအကြောင်းမေးလိုက်သည်။

"ခေါင်းဆောင်ကျိရဲ့အသံမလား။ ဘာလဲ ရွာထဲကိစ္စတစ်ခုခုဖြစ်လို့လား"

ကျားလိလည်း ကျိဝေမှအကူအညီတောင်းလာသည့် ကိစ္စအားပြောပြလိုက်ရာ အမေယီလည်း စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချလိုက်၏။

"တတ်နိုင်သလောက် ကူညီပေးလိုက်ပါ ရှောင်ကျားရယ်။ ဆောင်းဦးရိတ်သိမ်းချိန်တုန်းက ယောင်းမကျိပေါ်မလာပါလား မှတ်နေတာ နေမကောင်းဖြစ်နေရှာတာကိုး။ ရှောင်ကျား ခေါင်းဆောင်ကျိအိမ်မသွားခင် လမုန့်လေးနည်းနည်းထပ်စားသွားလိုက်ချေ။ လူနာကအရေးကြီးပေမယ့် ဆရာဝန်ကလည်း အားရှိမှဖြစ်မှာလေ"

ကျားလိလည်း လမုန့်နှစ်ခုထပ်စားလိုက်ပြီး လက်ဆွဲအိတ်အားသွားယူကာ ခေါင်းဆောင်ကျိတို့အိမ်ဆီ လမ်းလျှောက်သွားလိုက်သည်။ လမ်းတစ်ဝက်အရောက်တွင် သူမနှင့်မျက်နှာချင်းဆိုင်လာနေသော စက်ဘီးတစ်စင်းအား မြင်လိုက်ရ၏။ ကျားလိမှာ ရွာထဲရှိလူများနှင့် အဆက်အဆံမရှိသော်လည်း စက်ဘီးရှိသည့်အိမ်မှာ လက်တစ်ဖက်စာပင်မရှိသည်ကိုတော့ သိ‌ထားသည်။ ထို့ပြင် စက်ဘီးပေါ်ရှိ လူ၏ပုံသဏ္ဍာန်အရ ရွာထဲမှလူ၏ပုံစံမျိုးလည်း ဟုတ်မနေပေ။

ကျားလိလည်း သိချင်စိတ်ဖြင့် သူမအနားနီးကပ်လာသော စက်ဘီးပေါ်ရှိလူကို ဆက်ကြည့်နေလိုက်သည်။ ကျားလိမြင်ကွင်းထဲ ထိုလူမှပြတ်ပြတ်သားသားဝင်လာသည်နှင့် သူမ၏အသက်ရှူသံများပင် ဗြောင်းဆန်သွားရ၏။ ထိုလူ၏ရှည်လျားသွယ်လျသော ခြေတံရှည်များမှာ စက်ဘီးခြေနင်းအတိုင်းရွေ့လျားနေသည့် တစ်ချက်စီတိုင်းက အကြည့်မလွှဲစေနိုင်သလို သူ၏တောင့်တင်းမည့်ဟန်‌ေပါ်သည့် ကျယ်ပြန့်သော ရင်ပြင်ကျယ်ကြီးမှာ‌လည်း ချည်သားအင်္ကျီတွင်းမှ ဆွဲဆောင်နေတော့သည်။

သူမအားနှစ်မြှပ်ခေါ်ဆောင်သွားတော့မယောင် နက်ရှိုင်းစူးရှလှသည့် ဖီးနစ်မျက်ဝန်းတစ်စုံမှာလည်း ငွေရောင်မျက်မှန်ကိုင်းတွင်းမှ ညှို့ယူနေ၏။ သူ၏ဖြောင့်စင်းနေသော နှာတံချွန်ချွန်နှင့် ပြတ်သားသောမေးရိုးလိုင်းတို့မှာ သူမအားဆွံ့အသွားစေသလို ကျားလိမှာ ဘာလုပ်ရမည်ကိုပင် မသိဖြစ်သွားခဲ့ရကာ သူမဘေးမှဖြတ်မောင်းသွားစဉ်တွင် ပြုံးသာပြုံးပြမိလိုက်သည်။ ထို့နောက် နောက်ပြန်လှည့်မကြည့်မိစေရန် မနည်းထိန်းချုပ်ထားရ၏။ သေချာသည်ကတော့ ယခင်ကငြိမ်သက်နေခဲ့သော သူမ၏နှလုံးသားမှာ ယခုအချိန်တွင် မရပ်မနားခုန်ပေါက်နေခဲ့သည်ပင်။

ယီချန်မှာ ရှန့်ရှီးစီရင်စုဆီရောက်သည်နှင့် စက်ဘီးအရောင်းဆိုင်ဆီ အရင်သွားကာ စက်ဘီးတစ်စီးဝယ်လိုက်ပြီး သူသယ်လာသော အထုတ်အပိုးများအား တောင်းကြီးတစ်ခုထဲပေါင်းထည့်လိုက်၏။ ထို့နောက် မူလကိုယ်၏မှတ်ဥာဏ်အတိုင်း ကျိရွာဆီနင်းလာပြီး အိမ်နားရောက်ခါနီးတွင် ပြာလွင်လွင်ချီဖောင်နှင့် သားရေရူးဖိနပ်အား စီးထားသည့် မိန်းမငယ်လေးတစ်ဦးနှင့် ဆုံလိုက်ရသည်။ သူမပုံကိုကြည့်ရသည်မှာ ဤနေရာရှိလူနှင့်တူမနေပေ။

သူမ၏သေးငယ်သောဘဲဥပုံမျက်နှာလေးအား စွဲမက်ဖွယ်ကောင်းသောအစိတ်အပိုင်းတို့ဖြင့် ဖြည့်စွက်ထားလေသည်။ ဤခေတ်ကာလအနေအထားအရ ကျေးရွာရှိမိန်းကလေးမဆိုထားနှင့် မြို့ပြရှိမိန်းကလေးများပင် သူ့ရှေ့မှောက်မှကောင်မလေးလို ပြီးပြည့်စုံသည်မှာရှားပါးလှသည့်အပြင် အနာဂတ်ကာလရှိ နာမည်ကျော်များဖြင့်ပင် ရင်ဘောင်တန်းယှဉ်နိုင်လေ၏။ ကြည့်ရသည်မှာ ဤဝတ္တုထဲတွင် ဇာတ်လိုက်နှစ်ယောက်မှလွဲ၍ ကျန်လူများ၏ရုပ်ရည်များမှာ နတ်ဘုရားများအလား ဖမ်းစားညှို့ငင်နိုင်ကြပုံပင်။

ယီချန်မှသူမလေးကိုအကဲခတ်နေစဉ် သူမလေးမှာလည်း သူ၏ချောမောခန့်ညားသော သွင်ပြင်တွင် နစ်မြောနေပုံရ၏။ ယီချန်မှာသူမထက်အရင် ခပ်မိုက်မိုက်ဟန်ဖြင့် လှမ်းနှုတ်ဆက်ရန်ပြင်လိုက်စဉ် သူမလေးကတောက်ပ‌ေသာအပြုံးလေးဖြင့် ပြုံးပြလာရာ သူ့ခမျာရုတ်ချည်းဆိုသလို ပူပြင်းသည့်နွေရာသီအလယ်၌ နူးညံ့သောလေပြေညှင်းလေး၏တိုက်ခတ်ခြင်းခံလိုက်ရသလို လန်းဆန်းရွှင်ပျသွားစေသည်။ သူမလေး၏အချိန်ကိုက်ပေးအပ်လာသော အပြုံးလေး‌ေကြာင့် သူ့မှာမွှေးရနံ့များဖြင့် ယစ်မူးနေစေသလိုညှို့ယူခံလိုက်ရပြီး ဘာစကားမှပြောမထွက်တော့ကာဆွံ့အသွားရ၏။

သူမအနားမှဖြတ်သွားသော် တိုက်ခတ်လာသည့် လေညှင်းသွဲ့သွဲ့ကြောင့် လွင့်ခါသွားသော သူမ၏ဆံနွယ်လေးများမှာ နွေဦးလေပြည်တိုက်ခတ်ခံလိုက်ရသော မြက်ခင်းစိမ်းလေးများအလား သူ့စိတ်ကိုကြည်လင်‌ေအာင် ကုစားေပး‌ေနသလိုပင်။ ဤသို့ဆန်းသစ်သောခံစားချက်မျိုးကို သူ့နှစ်ဘဝတာသက်တမ်းတစ်လျှောက်ခံစားဖူးသည်မှာ ဦးဦးဖျားဖျားပင်။ ယီချန်သတိပြန်ကပ်လာသည်နှင့် စက်ဘီးအားရပ်ကာ ချက်ချင်းလှည့်ကြည့်လိုက်သော်လည်း သူမလေးအား ရှာမတွေ့တော့ချေ။ ခုနကသူမြင်ခဲ့ရသည့် မြင်ကွင်းလေးမှာ လှပသောပုံရိပ်ယောင်တစ်ခုအလား.....

ကျားလိမှာ ခေါင်းဆောင်ကျိအိမ်ရောက်သော် လှမ်းအော်ခေါ်၍ ဝင်လာလိုက်သည်။ ခေါင်းဆောင်ကျိမှာ ကျားလိဝင်လာသည်ကိုမြင်သော် အိမ်ထဲအမြန်ခေါ်၍ သူ့ဇနီးသည်ဆီပို့ပေး၏။ ခေါင်းဆောင်ကျိ၏ဇနီးသည်မှာ ခန်ပေါ်တွင်လှဲလျောင်းနေပြီး ကျားလိအားနှုတ်ဆက်လာသည်။ ကျားလိလည်း သူမ၏ရောဂါလက္ခဏာများကို မေးကြည့်ရာ ခေါင်းဆောင်ကျိကပြောပြလိုက်၏။

"ဒေါက်တာကျား သူမကခေါင်းကိုက်နေတတ်တာ ကြာပါပြီ။ တစ်ခါတစ်လေ ခေါင်းကိုက်ရင်အမြင်တွေပါ ဝေဝါးကုန်တတ်တယ်။ ဒီရက်တွေထဲသူမဒေါသက ပိုကြီးလာပြီးပင်ပန်းနေတတ်သေးတာ။ ဝမ်းနဲ့ပက်သက်ပြီးလည်း အဆင်မပြေဖြစ်နေတယ်ပြောသေးတယ်။ ပြီးတော့ သူမဆံပင်တွေက ပုံမှန်ထက်ပိုကျွတ်လာပြီး လည်ချောင်းလည်းနာနေတယ်လို့ ပြောပါတယ်။ ဒီမနက်ကျတော့ ပါးစပ်ထဲအရည်ကြည်ဖုလေးတွေပါ ထွက်လာတော့ သူမသေတော့မယ့်ရောဂါရနေပါပြီဆိုပြီး စိုးရိမ်တကြီးဖြစ်နေတော့တာပဲ။ ထမင်းလည်းမစားပဲ အတွေးတွေလွန်နေလို့ ဒေါက်တာကို အလောတကြီးလာ‌ေခါ်လိုက်ရတာပါ"

ကျားလိလည်း သေချာစစ်ဆေးကြည့်ပြီး နောက် အဒေါ်ကျိကိုပါ ထပ်မံအတည်ပြုစေ၏။ စစ်ဆေးကြည့်ပြီးနောက် သူမအားစိုးရိမ်တကြီးကြည့်နေသည့် ဇနီးမောင်နှံနှစ်ယောက်ထံ ရလဒ်အားပြောပြလိုက်သည်။

"ဗီတာမင်ဘီတူးချို့တဲ့သွားလို့ပါ။ ဆေးနည်းနည်းပေးခဲ့မယ်။ ဒါပေမယ့် ဆေးသောက်တဲ့အပြင် ခန္ဓာကိုယ်ကိုရော အာဟာရပြည့်အောင် စားမှဖြစ်မယ်နော်။ မှို၊ဗိုလ်စားပဲ၊အသည်း၊ဟင်းနုနွယ်၊ကိုက်လန်နဲ့ ကြက်ဥဖြစ်ဖြစ် ဘဲဥဖြစ်ဖြစ် ဥတွေလည်းစားပေးပါ။ ကျွန်မပြောခဲ့တာတွေက အကုန်အကျများတဲ့အရာမပါလို့ ဂရုစိုက်စားပေးနော်"

ခေါင်းဆောင်ကျိ၏ဇနီးမှာ ကုရခက်သော ရောဂါဖြစ်မနေသည့်အတွက် လင်မယားနှစ်ယောက်မှာ ပျော်ရွှင်သွားကြပြီး ကျားလိပြောသမျှအား လေးလေးနက်နက်နားထောင်ကာ ကျေးဇူးတင်လိုက်ကြ၏။ ကျားလိလည်း ‌လူနာကြည့်ပြီးသည်နှင့်ပြန်ရန်ပြင်တော့သည်။ ခေါင်းဆောင်ကျိမှ လိုက်ပို့ရန်ပြင်နေသော်လည်း သူမမှာငြင်းပယ်လိုက်ပြီး ကိုယ့်ဘာသာပြန်လာခဲ့လိုက်၏။

All Chapters