← Chapters

Chapter 56

Vol. 6 Ch. 56

Chapter 56

Vol. 6 Ch. 56

တစ်ဖက်တွင် ယီချန်မှာ သူ၏အိမ်ရှေ့၌စက်ဘီးရပ်လိုက်သည်နှင့် အိမ်ထဲမှရယ်သံလွင်လွင်တို့ကို ကြားလိုက်ရသည်။ ထိုအချက်မှာ လက်ရှိယီမိသားစုက အခြေအနေကောင်းနေသေးသည် ဆိုသည့်သဘောပင်။ သူသည်ယီမိသားစုနှင့် မည်သို့မည်ပုံဆက်ဆံရမည်ကို တွေးထားပြီးသားပင်။ သူ့အတွက်တော့ ယီမိသားစုဆိုသည်မှာ သူထောက်ပံ့ကူညီပေးရမည့် မိသားစုပင်။

ယီချန်မှာစက်ဘီးအားခြံထဲတွန်းဝင်လာရာ ခြံထဲရှိနောက်ထပ်စက်ဘီးတစ်စီးအားတွေ့လိုက်ရသည်။ သို့သော်သူသည် ရှောင်စန်းမှမှောင်ခိုရောင်းရင်း ရသည့်ငွေဖြင့်ဝယ်ထားသည်ဟုသာ ထင်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူကိုယ်တိုင်လည်း ထိုနေရာတွင်ရောင်းဖူးသည်ဖြစ်ရာ ရရှိသည့်အမြတ်ငွေအကြောင်းသိထားလေသည်။ အိမ်မကြီးထဲရှိ အမေယီမှာ ခြံထဲမှအသံများကြားလိုက်၍ ကျားလိပြန်လာသည်ထင်ကာ အပြင်ထွက်လာပြီးမေးလာ၏။

"ယောင်းမကျိ ဘယ်လိုနေသေးလဲ။ စိုးရိမ်စရာအခြေအနေထိတော့ မရောက်ဘူးမလား......အားချန်လား!အားချန်အိမ်ပြန်လာပြီလား။ ရှောင်အာ့!ရှောင်စန်း!ရှောင်စစ်!မင်းတို့အစ်ကိုကြီး အိမ်ပြန်ရောက်လာပြီ"

ယီချန်မှာ ပြင်ဆင်ချိန်ပင်မရလိုက်ကာ ဆွဲခေါ်ရာနောက်ပါသွားခဲ့ပြီး စားပွဲဝိုင်းတွင် ဝိုင်းဖွဲ့ထိုင်၍ ကလေးလေးယောက်နှင့် အမေယီ၏ ဆက်တိုက်ထွက်လာသော မေးခွန်းများအောက် ပိသွားရတော့သည်။

"အားချန် မင်းထိခိုက်ခဲ့တာဆို အခုရောနေရတာသက်သာလို့လား ဆေးရုံကရောဘာပြောသေးလဲ။ မင်းအခြေအနေက ခရီးဝေးထွက်လို့ရပြီလို့ ဆရာဝန်ကပြောလို့လား။ တစ်လမ်းလုံးရထားစီးလာရတာ ဒဏ်ရာကြီးနဲ့ ပင်ပန်းမှာပဲ။ ဘာလို့ အေးအေးဆေးဆေးအနားယူပြီး သက်သာမှအိမ်ပြန်မလာတာလဲ"

"တကော ‌တကော ကျွန်တော်က ရှောင်စန်းပါ။ ကျွန်တော့်ကို မှတ်မိရဲ့လားဟင်။ အစ်ကိုကအတိတ်မေ့နေတယ်လို့ ကျွန်တော်တို့ကြားတော့ အရမ်းစိုးရိမ်သွားကြတာ။ အမေဆို ချက်ချင်းအစ်ကို့ဆီသွားမလို့လုပ်နေတာ။ ကျားလိကျဲသာ သေချာနားမချရင် အမေတော့ အစ်ကို့ဆီလိုက်လာလောက်တယ်"

"ဘာပဲဖြစ်ဖြစ် အိမ်ပြန်လာတာကောင်းပါတယ်။ အခုဆို ကျွန်တော်လည်း ဆယ့်ငါးနှစ်ပြည့်နေပါပြီ။ အဲ့ဒါကြောင့် တာဝန်တွေအကုန်လုံးအစ်ကိုတစ်ယောက်တည်း သိမ်းကျုံးထမ်းဖို့ စဉ်းစားမနေပဲ ကျွန်တော့်ဆီလွှဲပေးလည်း ရပါပြီ။ အခုလည်း ကျွန်တော်တို့မိသားစုက ပြေပြေလည်လည်ရှိနေကြတာပဲ စိတ်ထဲအကုန်လိုက်လျှောက်တွေးမနေပါနဲ့"

"ဟုတ်တယ် ဟုတ်တယ်။ ‌ေလာင်အာ့ပြောတာမှန်တယ်။ တကောတစ်ယောက်တည်း အပင်ပန်းခံနေစရာမလိုတော့ပါဘူး။ လောင်စန်းဆို နောက်နှစ်ကျ စားသောက်ဆိုင်တစ်‌ဆိုင်ဖွင့်တော့မှာဆိုတော့ မိသားစုအတွက် ဝင်ငွေကိုစိတ်ပူစရာမလိုတော့ပါဘူး"

ယီချန်မှာ အမေယီနှင့် ကလေးများ၏ သူ့အပေါ်ထားသည့် စစ်မှန်သော ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့ကို ခံစားမိလိုက်ရာ နွေးထွေးပျော်ရွှင်သွားရသည်။ သူ့အနေဖြင့် မိသားစုမရှိလည်း ပျော်ပျော်နေနိုင်သည်ဟု ထင်ခဲ့သော်လည်း ယခုလက်ရှိတွင်တော့ မိသားစု၏ကြင်နာမှုကိုရရှိသည်ကလည်း ခံစား၍မဆိုးပါပေ။ သို့သော် ရှောင်စစ်၏စကားကြောင့် ထူးဆန်းသွားရပြီး အမေယီအားသေချာပြန်မေးလိုက်သည်။

"ရှောင်စန်းကစားသောက်ဆိုင်ဖွင့်မလို့လား။ ဘယ်နေရာမှာ ဖွင့်မှာလဲ။ အခုကာလမှာ ပုဂ္ဂလိကစီးပွားရေးတွေ ဖော်ဆောင်ခွင့်မရှိထားဘူးလေ။ ဒါကို သူကဘယ်လိုလုပ်ကိုယ်ပိုင်ဆိုင်ဖွင့်လို့ရသွားတာလဲ"

အမေယီမှာ ကျားလိနှင့် နေ့စဉ်ပြောဆိုဆက်ဆံနေရသောကြောင့် သူမ၏စိတ်နေစိတ်ထားမှာ ယခင်နှင့် ကွာခြားသွားပြီဖြစ်ကာ သာမန်ရွာသူများထက် အမြင်ကျယ်ကျယ်ကြည့်တတ်နေပြီပင်။ သို့သော် သူမကိုယ်သူမတော့ သတိမထားမိချေ။ ယီချန်မှာတော့ အမေယီမှ ကျားလိဆိုသည့်မိန်းကလေးက သူမတို့အိမ်ဆီရောက်လာချိန်မှစ၍ သူမတို့မိသားစုအား ကူညီဖေးမခဲ့သည့် အကြောင်းစုံကို ပြောပြလာသည်ကြောင့် အံ့ဩသွားရသည်။

သူဖတ်ထားသည့်ဝတ္ထုထဲတွင် ကျားလိဆိုသည့် မိန်းကလေးအကြောင်းပါမလာခဲ့ပေ။ ထိုအာဏာရှင် မိန်းကလေးက မည်သည့်နေရာမှပေါ်ထွက်လာပါသနည်း။ သို့သော် အမေယီတို့၏ သူမအပေါ်ဆက်ဆံပုံအရ သူမအားအလွန်ယုံကြည်ကာ သံယောဇဉ်ရှိကြပုံပင်။ မည်သို့ပင်ဆိုစေကာမူ ထိုမိန်းကလေးအပေါ်တွင် သူ့အနေဖြင့် ကျေးဇူးကြွေးတင်နေပြီဖြစ်သည်။ သူမ၏အကူအညီသာမရှိလျှင် သူတို့ယီမိသားစုမှာ အခက်အခဲထဲခြေတစ်လှမ်းဝင်နေလောက်ပေပြီ။

ယီချန့်အဖို့တော့ ဝတ္ထုရေးသူအပြင် ဇာတ်လိုက်များကိုပါ ဂရုစိုက်ထားသူမဟုတ်ပေ။ ဇာတ်ကြောင်းကြောင့် ဇာတ်လိုက်တို့ကို မျက်နှာချိုသွေးရန် စိတ်မဝင်စားသလို ဇာတ်ကြောင်းအတိုင်းမသွား၍ အပြစ်ဒဏ်ခံရမည်ကိုလည်း ကြောက်မနေချေ။ သို့သော် သူ့အပေါ် ကောင်းပေးလာသူတို့ကိုတော့ အလေးထားပါသည်။ ယီချန်မှာတော့ သူ၏ထိုစရိုက်ကြောင့် ဇာတ်ကြောင်းပြောင်းသွားသည်ဟုသာ ထင်လေ၏။ ထိုအပြောင်းအလဲမှာလည်း ကောင်းသောပြောင်းလဲခြင်းသာ ဖြစ်နေပါရန်မျှော်လင့်မိပါသည်။

တစ်ဖက်ရှိ အမေယီမှာတော့ ယခင်ကထက်အသက်ဝင်လာပါသော သားဖြစ်သူ၏မျက်လုံးများအားကြည့်ကာ ‌ပီတိဖြစ်သွားရ၏။ ထိုအတွက် အဖိုးအခမှာ သူ၏မှတ်ဉာဏ်အချို့ဖြစ်သော်လည်း သူမတို့မိသားစုလက်ရှိအခြေအနေအရ ထိုချွင်းချက်လေးမှာ ပြဿနာမဟုတ်ချေ။ ကျေနပ်ဖွယ် အဆုံးထိတွေးတောပြီးသွားသည့် အမေယီမှာ ယီချန့်လက်ထဲ လမုန့်တစ်ခုထည့်ပေးကာ ပြောလိုက်၏။

"မင်းရထားပေါ်က ဆင်းလာတော့ဘာစားထားခဲ့လဲ။ ဗိုက်ဆာနေပြီလား အမေခေါက်ဆွဲလေး သွားလုပ်လိုက်မယ်လေ။ အခုအဆာပြေ ဒီလမုန့်လေးစားထားချေ။ အဲ့မုန့်ကမင်းညီလုပ်ထားတာလေ။ သူက စီရင်စုမြို့ထဲနေတဲ့ တော်ဝင်စားဖိုမှူးမျိုးဆက်တစ်ယောက်ဆီ ဟင်းချက်သင်နေတာ။ ရှောင်အာ့ကလည်း စက်ချုပ်နေတယ်။ ရှောင်စစ်နဲ့ရှောင်ရှင်းကိုတော့ ရှောင်ကျားကအင်္ဂလိပ်စာသင်ပေးနေတာ။ ရှောင်ကျားက အမေတို့မိသားစုအတွက်တော့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ။ အဲ့တော့ အားချန် မင်းလည်းသူမကို လေးလေးစားစားဆက်ဆံပေးနော်"

‌ယီချန်မှာ ရုတ်ချည်းဆိုသလို ထိုကျားလိဆိုသည့်မိန်းကလေးက သူတို့မိသားစု၏ဘိုးဘေးများလားဟုပင် တွေးလိုက်မိသည်။ မိသားစုထဲရှိ လူတိုင်းကျားလိဆိုသည့် နာမည်ကိုပြောလိုက်သည်နှင့် လေးစားချစ်ခင်သည့်အရိပ်အယောင်တို့မှာ သူတို့မျက်လုံးထဲ ရောင်ပြန်ဟပ်နေလေ၏။ သို့သော် ယီချန်အဖို့ ကျားလိအား ကောင်းကောင်းမွန်မွန်ဆက်ဆံရမည်မှာ အမှန်ဖြစ်နေ၍ ခေါင်းသာငြိမ့်ပြလိုက်တော့သည်။

ထိုကျမှ အမေယီလည်း ကျေနပ်သွားပြီး သူ့အတွက်ခေါက်ဆွဲသွားချက်ရန် နေရာမှထလိုက်၏။ သို့သော် ယီချန်မှသူမအားတားကာ သူရထားပေါ်မှ ထမင်းစားခဲ့ပြီဖြစ်၍ နေ့လည်စာစားချိန်မှသာ စားတော့မည်ဖြစ်ကြောင်းပြောလိုက်သည်။ အမေယီလည်း ယီချန်ဗိုက်မဆာကြောင်းသေချာပါမှ ပြန်ထိုင်ချကာ စကားပြန်စတော့၏။ ယီချန်မှာတော့ သူရောက်ကာစက စိုးရိမ်တကြီးဖြစ်နေကြသည့် မိသားစုဝင်များက ချက်ချင်းရယ်ရယ်မောမောဖြစ်သွားကြသည်ကိုကြည့်ကာ စိတ်ထင့်သွားရသည်။

ယီချန်မှာ မှောင်မဲနေသောချောင်လေးတွင်ထိုင်ကာ သစ်ရွက်ခြောက်လေးများက သူ့ဘေးနားဝေ့ဝဲနေသလို ခံစားနေမိ၏။ မှောင်ခိုလုပ်ရင်း မြေပဲစားရမယ့် ရှောင်စန်းက ရှန်ဟိုင်းထိပါတက်ပြီး စားသောက်ဆိုင်ဖွင့်တော့မည်ဖြစ်ပြီး ရှောင်အာ့မှာလည်း အနာဂတ်ကောင်းရနေသည့်အပြင် ပေါက်စနနှစ်ယောက်ကတောင် အင်္ဂလိပ်စာသင်နေကြသည်။ ထိုစဉ် ယီချန်စိတ်ထဲ ပြောချင်နေသည့်စကားမှာ

*အဲ့တော့ ငါ့ရဲ့ရွှေလက်ချောင်းကြီးကို ဘယ်မှာသွားသုံးရတော့မှာလဲ*

ယီချန်မှ အတွေးပေါင်းစုံဖြင့် ယီမိသားစုဝင်များအားကြည့်နေစဉ် အမေယီကရယ်မောနေသည်ကို ရပ်ကာစိုးရိမ်နေသောမျက်နှာထားဖြင့် ပြောလာသည်ကိုကြားလိုက်ရသည်။

"ရှောင်ကျားက ခေါင်းဆောင်ကျိအိမ်သွားတာ ကြာလှပြီ‌ေနာ်။ ယောင်းမကျိအခြေအနေက စိုးရိမ်ရလို့များလား"

ယီချန်မှာတော့ ကျားလိဆိုသည့်မိန်းကလေးက ဘိုးဘေးလေးမှန်းသေချာသိသွားလေပြီ။ အမေယီ၏စကားကြောင့် ကျန်ကလေးများမှာလည်း ပြောလာ၏။

"ဟုတ်သားပဲ ဒါပေမယ့်ကျားလိကျဲက နေ့လည်စာမစားရသေးဘူးလေ။ လမုန့်လေးသုံးခုပဲစားသွားတာဆိုတော့ ပြန်လာလောက်တော့မှာပါ"

"လောင်စန်း မင်းနေ့လည်စာချက်ထားလိုက်တော့။ ကျားလိကျဲပြန်လာတာနဲ့ တန်းစားလို့ရသွားတာပေါ့"

ညီအစ်ကိုတစ်တွေ စကားများနေကြစဉ် ငြိမ်ငြိမ်လေးထိုင်နေသော ခယ့်ရှင်းမှ ယီချန့်အားတစ်ချက်ကြည့်ရင်း အမေယီအားပြောလိုက်သည်။

"အဒေါ်ယီ တကောကို အနားယူခိုင်းလိုက်ပါဦး။ သူကရထားစီးလာရတဲ့အပြင် နာလန်ထူခါစဆိုတော့ ပင်ပန်းလာမှာပေါ့"

အမေယီမှာ ထိုကာမှသတိရသွားပြီး ပျာပျာသလဲဖြင့်ပြောတော့၏။

"ငါ့ဦးနှောက်ကတော့ ဟုတ်သားပဲ။ အားချန်ရေ မင်းအခန်းကို အမေနေ့တိုင်းရှင်းပေးထားတယ် မင်းသွားအနားယူချေ။ ခဏနေ လောင်စန်းနေ့လည်စာချက်ပြီးမှ အမေလာနှိုးမယ်။ လောင်စန်း မင်းလောင်အာ့ကိုခေါ်ပြီး အသီးအနှံလေးတွေ သွားခူးဦး။ မင်းတို့အစ်ကိုကြီးပြန်လာပြီဆိုတော့ စားပွဲကြီးလုပ်ရအောင်"

ယီချန်မှာ အမေယီအား စကားမပြောခင် ခယ့်ရှင်းအားပြုံးပြလိုက်သည်။ တစ်ကယ်ကို သမီးမိန်းကလေးတွေကအနွေးဂျာကင်လေးတွေပဲ။

"ကျွန်တော်မနားတော့ပါဘူး။ ရှောင်စန်းတို့တောင်ပေါ်သွားမှာဆိုတော့ ကျွန်တော်လည်း စိတ်ပြေလက်ပျောက် လိုက်သွားလိုက်ဦးမယ်"

အမေယီမှာ ယီချန်မှစိတ်ပြေလက်ပျောက်လမ်းလျှောက်ချင်သည် ဆိုသောကြောင့် တောင်းဆိုချက်ကိုမငြင်းတော့ပဲလက်ခံလိုက်၏။ ထို့နောက်ရှောင်စန်းတို့အား အစ်ကိုဖြစ်သူကို ဂရုစိုက်ရန် သေချာမှာလိုက်သည်။ ရှောင်စန်းတို့မှ ကတိအထပ်ထပ်ပေးပြီးကာမှ အမေယီကအိမ်မှထွက်ခွင့်ပေးလာ၏။

All Chapters