← Chapters

Chapter 57

Vol. 6 Ch. 57

Chapter 57

Vol. 6 Ch. 57

ရှောင်စန်းမှာ နောက်နှစ်တွင်ရှန်ဟိုင်း၌ စားသောက်ဆိုင်တစ်ခုဖွင့်တော့မည်ဖြစ်ရာ ယီချန်သည်ထုတ်လုပ်ရေးအဖွဲ့တွင်းနေခဲ့၍ မရချေ။ ထို့ကြောင့် သူ၏လယ်စိုက်မည့်အစီအစဉ်မှာ အရှိန်မြှင့်လိုက်ရတော့မည်ထင်၏။ တစ်ဆင့်ချင်းသွား၍ မရတော့မည့်အတူ သူသည်အခြားအစီအစဉ်တစ်ခုအား တွေးရပေတော့မည်။ ထိုအကြံအား အကောင်အထည်ဖော်ရန် သူ၏အိမ်၌တည်းနေသည့် ဘိုးဘေးလေး၏အကူအညီလိုအပ်သေးသည်။ ယီချန်သည်ထိုအကြောင်းအားတွေးရင်းလျှောက်လာရာ ခြင်းတောင်းများလွယ်၍ ထွက်လာသည့်ရှောင်စန်းကိုမြင်လိုက်ရ၏။ ထို့ကြောင့်သူသည် ကူသယ်ပေးရန်လုပ်လိုက်သော်လည်း ရှောင်စန်းကငြင်းပယ်လိုက်သည်။

"ရပါတယ် တကောရဲ့။ တကောသာ ‌ဖြည်းဖြည်းချင်း ကြည့်လျှောက်။ ပြီး‌ေတာ့ လမ်းသွားရင်းမောလာရင်လည်းပြောနော်။ ပေတေပြီး နေမနေနဲ့"

ယီချန်လည်း ဇွတ်နားချမနေတော့ပဲ ရှောင်စန်းစကားအားနားထောင်လိုက်တော့သည်။ နောက်များမှ သူ့ခန္ဓာကိုယ်သည် အထိမခံနိုင်အောင် ပျော့ညံ့နေသည်မဟုတ်မှန်း မိသားစုထဲရှိလူများ ယုံကြည်အောင်လုပ်ရပေမည်။ အတွေးထဲနစ်မြောရင်းလျှောက်လာသောယီချန်မှာ ခြံတံခါးပေါက်ရှိ လှေကားခုံကိုသတိမပြုမိဘဲ ခလုတ်တိုက်မိသွားကာ ရှေ့သို့‌မှောက်လဲသွားတော့သည်။ သို့သော် သူ့ကိုယ်က‌ေရှ့သို့လဲသွားစဉ် ခြံထဲသို့ဝင်လာသည့်လူကြောင့် တစ်ဖက်လူထံပစ်လှဲချလိုက်သလိုဖြစ်သွားရ၏။ တစ်ဖက်လူမှာလည်း သေးသေးညှက်ညှက်လေးဖြစ်နေ၍ သူ့ကိုယ်အလေးချိန်ကြောင့် နောက်သို့ယိုင်ကျသွားကာ ခြံထောင့်ရှိသစ်တော်ပင်ကြီးနှင့် ဝင်ဆောင့်မိတော့မည်ကိုတွေ့လိုက်ရပြီး ယီချန်မှာထိုလူ၏ခါးသိမ်သိမ်လေးအား ဆွဲကာလှည့်၍ တစ်ဖက်လူအစားသူကသစ်တော်ပင်ကြီးကို ဝင်တိုက်လိုက်သည်။

လူနှစ်ယောက်အလေးချိန်ဖြင့် ဝင်ဆောင့်လိုက်သည်ဖြစ်ရာ မြေပေါ်ကြွေကျရန်ခေါင်းမာမာဖြင့်ကျန်နေပါသေးသည့် ဖြူလွှလွှသစ်တော်ပွင့်တို့မှာ အပင်အောက်ရှိလူနှစ်ယောက်ပေါ် တဖွဲဖွဲကြွေကျလာတော့၏။ ယီချန်မှာထိုအခါမှ သူ့လက်‌ေမာင်းများကြားပွေ့ဖက်ထားမိသော လူကိုငုံ့ကြည့်လိုက်ရာ မျက်လုံးဝိုင်းလေးများဖြင့် သူ့ထံအံ့ဩတကြီးမော့ကြည့်နေသည့် အလှလေးအား တွေ့လိုက်ရသည်။ သူ့လက်ဖဝါးအောက်ရှိ နူးညံ့အိထွေးနေသော ကိုယ်လုံးလေးနှင့်ခါးသွယ်သွယ်လေးမှာ သူ့၏ရင်ဘတ်ဝယ်ဖိုးသိုးဖတ်သပ်ဖြစ်သွားစေပြီး ထိုခံစားချက်ကြောင့် သူ့စိတ်ထဲအတွေးတစ်ချက်လက်သွားသော်လည်း သူဖမ်းမမိခင်မေ့ပျောက်သွားတော့၏။

ထိုစဉ်ရှောင်စန်းတို့လည်း အိမ်ထဲမှထွက်လာပြီဖြစ်ရာ သစ်တော်ပင်ကြီးအားမှီ၍ ကျားလိကျဲအားပွေ့ဖက်ထားကာ အူကြောင်ကြောင်ကြီးပြုံးနေသည့် အစ်ကိုဖြစ်သူအား တွေ့လိုက်ရသည်။ ရှောင်ဟွေ့မှာတော့ ဘေးပတ်ဝန်းကျင်အားကြည့်ကာ မည်သူမျှထိုနှစ်ယောက်ကို မတွေ့သည်ကိုမြင်မှသက်ပြင်းချလိုက်၏။ ထို့နောက် ချောင်းဟမ့်ကာ ထိုနှစ်ယောက်အားအသိပေးလိုက်သည်။

"တကော ကျားလိကျဲ ဘာဖြစ်ကြတာလဲ။ မြန်မြန်ခွာလိုက်ကြပါဦး။ တော်ကြာတစ်ယောက်‌ေယာက်မြင်ရင် မကောင်းဘူး"

ကျားလိမှာလည်း ထိုအခါမှသတိပြန်ကပ်ကာ ယီချန်ရင်ခွင်ထဲမှ အလျင်စလိုပြန်ထွက်လိုက်၏။ ဤ‌ေခတ်ကာလအရ ယောင်္ကျားနှင့်မိန်းမ မတော်တဆထိတွေ့သည်ကပင် ကိစ္စကြီးတစ်ခုဖြစ်သွားနိုင်သည်ပင်။ ယီချန်မှာတော့ လစ်ဟာသွားသည့်သူ့လက်များအားကြည့်ကာ စိတ်ပျက်သလိုခံစားမိသွားသည်။ ရှောင်စန်းမှာတော့ ထူးဆန်းနေသည်ကိုလည်း မခံစားမိရာကျားလိနားကပ်၍ ဝမ်းသာအားရမိတ်ဆက်ပေးတော့၏။

"ကျားလိကျဲ ပြန်လာပြီလား။ အမေကကျားလိကျဲနေ့လည်စာ မမှီမှာစိုးရိမ်နေတာ။ အခုကျွန်တော်တောင်ပေါ်သွားပြီး အသီးအရွက်ခူးမလို့ ခဏနားနေလိုက်ဦးနော်။ ဪ ဒါနဲ့ ကျွန်တော်တို့တကော ပြန်လာပြီလေ။ အစ်မရှေ့ကလူက ကျွန်တော်တို့ရဲ့တကော ယီချန်တဲ့"

ယီချန်မှာ သူ့ရှေ့ရှိရပ်နေသော ကောင်မလေးအားကြည့်ကာ အံ့ဩသွားရသည်။ သူတို့မိသားစု၏ဘိုးဘေးလေးမှာ ဤကဲ့သို့အလှလေးဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

*နေပါဦး!သူ့မိသားစုက အကောင်ကြီးကြီးထဲကဆိုတော့ ငါ့အကြောင်းတွေစုံစမ်းချင်ရင် အလွယ်လေးမလား။ မူလကိုယ်ရဲ့မှတ်ဉာဏ်ထဲ ဒီကလေးမအကြောင်းမပါပေမယ့် တွေ့ဖူးတာဖြစ်နိုင်လောက်တယ်။ ငါ့ရဲ့ချောမောမှုတွေထဲ နစ်မြောသွားပြီး မိသားစုအကြောင်းစုံစမ်း ပြီးရင်တာဝန်နဲ့ရွှေ့လာသလိုလုပ် ငါရဲ့အမေနဲ့ညီတွေကို သူ့ဘက်ပါအောင်ထိန်းချုပ်....ကျစ်!ကျစ်!ကျစ်!ဒါလေးကလူဆိုးမလေးပဲ။ ငါ့ကိုသဘောကျသွားတာနဲ့ပဲ တော်တော်အပင်ပန်းခံပေးခဲ့တာပါလား။ ဒါပေမယ့် ရုပ်လေးကတအားကိုချောနေတော့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်*

ယီချန်မှာ ယုံကြည်ချက်အပြည့်ဖြင့် နောက်ဆုံးဆုံးဖြတ်ချက်ချပြီးသည်နှင့် ဤမိန်းကလေးအား ပစ်ပစ်ခါခါမလုပ်နိုင်တော့ပေ။ သူမလေး၏ပုံစံအားကြည့်လိုက်သည်နှင့် သူမှစကားကြမ်းကြမ်းပြောမိတိုင်း ထငိုမည်မှာသေချာလေသည်။ ရုတ်တရက်ဆိုသလို ယီချန့်စိတ်ထဲ ဤကောင်မလေးငိုလျှင် ဘယ်လိုပုံစံမျိုးဖြစ်သွားမည်ကို သိချင်သွားပြီး ငိုအောင်စချင်စိတ်ပေါ်လာသော်လည်း မရင်းနှီးသေး၍ ချုပ်ထိန်းထားလိုက်ရ၏။ ထို့နောက်သူမခေါင်းထက် တင်ကျန်နေသော သစ်တော်ပွင့်လေးအား ဖယ်ပေးရန်လက်လှမ်းလိုက်စဉ် သူမကိုယ်လေးကတုန်ယင်သွားသည်ကို သတိပြုမိလိုက်ရာ အသာပြုံးမိသွားပြီး ပွင့်ဖတ်အား ဖယ်ပေးလိုက်သည်။

*ဒီကောင်မလေးကတော့ တစ်ကယ်ကို ငါ့အပေါ်ပစ်ကြွေသွားတာပါလားနော်*

"တွေ့ရတာ ဝမ်းသာပါတယ်နော် ကျားလိမိန်းက‌ေလး။ ကိုယ့်နာမည်က ယီချန်ပါ။ ကိုယ်မရှိတုန်းမှာ မင်းကကိုယ့်မိသားစုဝင်တွေကို စောင့်ရှောက်ပေးထားတယ်လို့ ကြားတယ်။ အဲ့အတွက် ကိုယ့်ဘက်ကကျေးဇူးတင်ပါတယ်နော်"

ကျားလိမှာတော့ သူမနှင့်နီးကပ်စွာရှိနေသော မျက်နှာချောချောလေးကြောင့် ဖမ်းစားခံထားရသလိုဖြစ်သွားကာ အသိစိတ်ပင်လွတ်ထွက်မတတ်ဖြစ်နေ၍ ယီချန်မှစကားစပြောလာသည်နှင့် ကြောင်အမ်းအမ်းဖြင့်ပြန်ဖြေလိုက်သည်။

"ကိစ္စမရှိပါဘူး။ ကျွန်မတို့က မိသားစုတွေပဲကို"

ယီချန်မှာတော့ ကျားလိပြန်ဖြေလာသော စကားကြောင့် တန့်သွားရပြီး ရယ်လိုက်မိသည်။ ဤကလေးမမှာ အလွန်ရဲတင်းမှန်းမထင်ရပေ။ သူမမှာ သူ့အပေါ်အလွန်စွဲလမ်းနေပုံရ၏။ သူ့မိသားစုကိုပင် သူမမိသားစုဟု သတ်မှတ်ထားပြီးဖြစ်နေသည်လေ။ ကျားလိမှာတော့ သူမစကားကြောင့် ယီချန်ရယ်နေမှန်းသိသော်လည်း ဘာကြောင့်ရယ်သည်ကိုတော့ နားမလည်ပေ။ တစ်ဖက်ရှိ ရှောင်စန်းမှာတော့ သူ့အစ်ကိုကြီး စိတ်ထဖောက်သွားသည်ထင်ရာ ခြင်းများအားရှောင်ဟွေ့ထံ လက်လွှဲလိုက်ပြီး ယီချန့်လက်အားဆွဲကာ အိမ်ထဲခေါ်သွင်းရန်ပြင်လိုက်သည်။ ယီချန်မှာ သူ့အားဇွတ်ဆွဲနေသော ရှောင်စန်းအားကြည့်ကာ နားမလည်ဟန်ဖြင့်မေးလိုက်၏။

"လောင်စန်း မင်းဘာလို့ငါ့ကိုဇွတ်ဆွဲနေတာလဲ"

ရှောင်စန်းမှာ လေးနက်သောမျက်နှာထားဖြင့် ယီချန်အားဆွဲခေါ်ရင်း‌ပြန်ဖြေသည်။

"တကော မင်းစိတ်လွတ်သွားပြန်ပြီမလား။ အဲ့ဒါကြောင့် အိမ်မှာပဲနားနေပါဆိုနေ ပြောစကားနားမထောင်ဘူး။ ကျွန်တော်တို့ဘာသာ တောထဲသွားလိုက်မှာမလို့ တကောကအိမ်မှာပဲနေလိုက်တော့နော်"

ယီချန်မှာ ထိုခါမှရှောင်စန်းစကားနားလည်ကာ ထိုကလေးစုတ်တင်ပါးအား အသာကန်လိုက်၏။ သူသည် မှတ်ဉာဏ်ပျောက်သည်ဟု ဆင်‌ေခြထုတ်ခဲ့သော်လည်း ရူးသွပ်နေသူမဟုတ်ရာ သူ့အားအရူးဇာတ်သွင်းနေသည့် ကလေးစုတ်ကြောင့် ဒေါသထွက်ရသည်။ ထို့နောက် ကျားလိအားအမြန်ကြည့်ကာ သူ့ပုံရိပ်ပျက်မသွားစေရန် အမြန်ချေပလိုက်၏။

"ဘာတွေလျှောက်ပြောနေတာလဲ။ ငါ့အထင် မင်းကသာရူးကြောင်ကြောင်နိုင်တယ်ထင်တာပဲ။ မဟုတ်တာတွေလျှောက်ပြောမနေတော့နဲ့ နေ့လည်စာနောက်ကျမှ ‌အမေ့ဆီကအဆော်ခံ‌ေနရမယ်။ သွားစို့ သွားစို့!လောင်အာ့ လာလာ ငါတို့ဘာသာအမြန်သွားကြမယ်"

ရှောင်ဟွေ့မှာ သူ့အစ်ကိုကြီးနှင့်ကျားလိအား အပြန်အလှန်ကြည့်ကာ သဘောတကျဖြင့်ရယ်လိုက်မိသည်။ ကြည့်ရသည်မှာ သူ၏အကြံလေးကအကောင်အထည်ပေါ်လာတော့မည်ထင်၏။ ထို့ကြောင့် သူသည်ယီချန်အားပြန်ဖြေကာ ရှောင်စန်းကိုလျစ်လျူရှု၍ တောင်များဆီ ပျော်ပျော်ကြီးဦးတည်လိုက်သည်။ ယီချန်မှာ ရှောင်ဟွေ့နောက်လိုက်မသွားခင် ကြောင်ငေးနေသော ကျားလိ၏နဖူးအား အသာတောက်၍ ပြောလိုက်၏။

"အပြင်မှာက နေပူနေတယ်။ အိမ်ထဲအေးဆေးသွားထိုင်နေချေ။ ကိုယ်တောင်ပေါ်အသီးအရွက်သွားခူးလိုက်ဦးမယ် ဟုတ်ပြီလား"

ကျားလိမှာတော့ စိတ်လှုပ်ရှားမှုများနေသောကြောင့် ယီချန်၏လုပ်ရပ်များနှင့် ရင်ဆိုင်မိချိန်တွင် စကားထပ်မှားပြောမိပြီး သူရယ်လာမည်စိုး၍ ခေါင်းသာငြိမ့်ပြလိုက်တော့သည်။ အစ်ကိုကြီးနှင့်ရှောင်ဟွေ့က သူ့ကိုမစောင့်ပဲထွက်သွားကြသောကြောင့် ရှောင်စန်းမှာ အမြန်အော်ရင်းပြေးလိုက်သွား၏။ ကျားလိမှာတော့ အခုန်မရပ်နိုင်သေးသော သူမနှလုံးသားရှိရာ ဘယ်ဘက်ရင်အုံကို အသာဖိရင်းသက်ပြင်းချလိုက်မိသည်။ သူမအနေဖြင့် ဤကဲ့သို့ကောင်ဆိုးလေးမျိုးနှင့် မည်ကဲ့သို့ရင်ဆိုင်ရမည်ကို အမှန်မသိပါချေ။ သူမ၏နှစ်ဆယ့်ခြောက်နှစ်တာသက်တမ်းတွင် တည်တည်ငြိမ်ငြိမ်သာဖြတ်သန်းခဲ့ပါသော်လည်း ယခုဤနေရာရှိ လာမည့်နေ့ရက်များတွင်တော့ စိတ်လှုပ်ရှားရင်ဖိုဖွယ်ရာများနှင့် ရင်ဆိုင်ရတော့မည်ဟု ခံစားနေရသည်။ ယီချန်မှာတော့ သူမ၏မမြင်ရသော သက်ပြင်းချသံတို့ကို နားလည်နိုင်မည်မဟုတ်ပါပေ။ သို့သော် သူမ၏မသိစိတ်မှနေလည်း ထိုဖြစ်ရပ်များကို ငြင်းပယ်မနေချင်ကြောင်းကိုလည်း သတိပြုမိပါသည်။ တစ်ကယ်တော့ သူမသည်လည်း သာမန်မိန်းကလေးများလို တစ်စုံတစ်ယောက်နှင့် ချစ်မြတ်နိုးကြည့်ချင်မိပါ၏။ ထို့အပြင် ယီချန်မှာလည်း ရွေးချယ်မှုကောင်းတစ်ခုဖြစ်မည်ဟု ခံစားနေရသည်လေ။

All Chapters