← Chapters

Chapter 58

Vol. 6 Ch. 58

Chapter 58

Vol. 6 Ch. 58

အမေယီမှာ ကျားလိအိမ်ထဲဝင်လာသည်ကို မြင်သည်နှင့် သူမလက်အားပြေးဆွဲကာ မျက်ရည်များဖြင့် ကျေးဇူးအထပ်ထပ်တင်နေတော့သည်။ ရှောင်စစ်မှာလည်း နီရဲနေသောမျက်လုံးများဖြင့် ကျားလိဘေးတွင် ရပ်နေ၏။ အမေယီမှာ သူမသားကြီးရှေ့တွင် မငိုမိစေရန် စိတ်အားတင်းထားနိုင်သော်လည်း ယခုတော့လွှတ်ချလိုက်တော့သည်။ ထိုကလေးမှာ ကောင်းကောင်းအရွယ်မရောက်ခင်ကတည်းမှ မိသားစုဝန်ကို မငြီးငြူဘဲ ထမ်းနေသော်လည်း သူ့ကိုယ်သူတော့ ငဲ့မကြည့်တတ်ပေ။ လက်ရှိမှာတော့သူသည် မသန်စွမ်းဆိုသည့် ခေါင်းစဉ်ဖြင့် အိမ်ပြန်‌ေရာက်နေချေပြီ။ အမေယီမှာ သူမသား၏ ညာဘက်မျက်လုံးပေါ်ရှိ ဒဏ်ရာကို ကြည့်ကာ ဖြေမဆည်နိုင်ဖြစ်ရပါသည်။

ယီချန်မှာ သူမတို့အပေါ်အရာရာပေးဆပ်ခဲ့ပြီးဖြစ်သလို သူမတို့သည်လည်း သူ့အပေါ်အကြွေးတင်ခဲ့ကြလေပြီ။ ထို့အတူ ထိုကလေးအားသူမတို့ဆီ အန္တရာယ်ကင်းကင်းဖြင့် ပြန်ရောက်လာနိုင်အောင် ကူညီပေးခဲ့သော ကျားလိကိုလည်း ကျေးဇူးတင်စကားမပြောနိုင်လောက်အောင်ကို အားနာမိနေပြီပင်။ ကျားလိမှာတော့ အမေယီ၏ခံစားချက်တို့အား နားလည်နေရာသူမအား အားပေးစကားတို့ဖြင့်နှစ်သိမ့်လိုက်သည်။

"ဟုတ်ပါပြီ အန်တီယီရယ် ငိုမနေပါနဲ့တော့။ ခုဆိုယီချန်လည်းအိမ်ပြန်ရောက်နေပြီပဲ။ အန်တီယီအနေနဲ့ သူ့ကိုနစ်နာစေမိတယ်လို့တွေးမိနေရင် သူနဲ့အတူရှိတိုင်းပိုဂရုစိုက်ပေးလိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် မိသားစုဆိုတာ အခက်အခဲ‌ေတွနဲ့ကြုံတွေ့ရတိုင်း အတူတူဖေးမဖြေရှင်းကြရမှာပဲမလား။ ကောင်းတဲ့ဘက်ကကြည့်ရင် အခုဆို အန်တီယီတို့မိသားစုက တစ်စုတစ်စည်းထဲ‌ဖြစ်သွားပြီဆို‌ေတာ့ ဝမ်းသာစရာပေါ့"

ကျားလိလည်းအမေယီအား နည်းအမျိုးမျိုးဖြင့် နှစ်သိမ့်အားပေးပြီး အမေယီ၏စိတ်ဓာတ်ပြန်လည်တက်ကြွလာပါမှ သက်ပြင်းချနိုင်သွားတော့သည်။ ထို့နောက် အမေယီသည် နေ့လည်စာပြင်ဆင်ရန် ထွက်သွား၏။ ယနေ့သူမသားပြန်‌ေရာက်လာသည့်နေ့ဖြစ်ရာ ထမင်းချက်ရန်ပြင်လိုက်သည်။ ထို့နောက် ဝက်သား၊ကြက်သား၊မျှစ်၊ကြွက်နားရွက်မှိုနှင့် ကြာမြစ်တို့အားဆားဖြင့်ပွတ်၍ ဆေးကြောထားလိုက်၏။ သူမပြင်ဆင်ပြီးသည်နှင့် ရှောင်စန်းတို့လည်း ပြန်ရောက်လာသည်။ ရှောင်စန်းသည် ရုံးပတီသီး၊ကြက်ဟင်းခါးသီး၊ဟင်းနုနွယ်တို့သာ ခူးလာခဲ့၏။ ရှောင်စန်းပြန်ရောက်သည်ကိုမြင်ရာ အမေယီလည်းမီးဖိုချောင်ကို ရှောင်စန်းလက်ထဲအပ်ထားခဲ့လိုက်တော့သည်။ ယီချန်မှာ ရှောင်စန်းမှလက်များဆေးကြော၍ ပါဝင်ပစ္စည်းများအားကိုင်တွယ်နေသည်ကို လက်ပိုက်ကာကြည့်ရင်း ပြောလိုက်၏။

"မင်းချက်တာက စားလို့ရမှာတော့ သေချာပါတယ်နော်။ ငါတော့အိမ်ပြန်ရောက်,ရောက်ချင်း ဆေးရုံဆီပြန်မသွားချင်သေးဘူး"

ရှောင်စန်းမှာ ယီချန်၏သူ့အပေါ်အထင်သေးသည့် အမူအယာကြောင့် မကျေမနပ်ဖြစ်ကာ မီးဖိုချောင်ထဲမှ နှင်ထုတ်လိုက်၏။

"ဒီကိုလာပြီး ပွစိပွစိပြောနေမယ့်အစား အိမ်မကြီးထဲသာ သွားစောင့်နေလိုက်ပါလား။ ကျွန်တော်ချက်တာစားရမရကတော့ ခဏနေသိမှာပေါ့။ ကျန်တာကို အထင်သေးလို့ရရင်ရမယ် ကျွန်တော့်ရဲ့အချက်အပြုတ်စွမ်းရည်ကိုတော့ အထင်မသေးလိုက်နဲ့။ ကျွန်တော်က တော်ဝင်စားဖိုမှူးတစ်ယောက်ရဲ့ လက်ရင်းတပည့်နော်"

ယီချန်မှာ ယီမိသားစုဝင်များနှင့် ဆက်သွယ်ပြောဆိုလေလေ ပို၍သဘောကျနှစ်ခြိုက်လာလေလေပင်။ သူသည် ဤမိသားစုတွင်းရနေသည့် ခံစားချက်အငွေ့အသက်များကို သဘောကျလေ၏။ ယီချန်မှာ မိဘမဲ့ဘဝဖြင့် လူ့အဖွဲ့အစည်းထဲတွင် စိတ်လွတ်ကိုယ်လွတ်ပျော်ပျော်နေတတ်ပေမယ့် မိသားစုတစ်ခုမလိုချင်ပဲမနေခဲ့ပေ။ ထို့ကြောင့် လက်ရှိသူပိုင်ဆိုင်ထားသည့် မိသားစုလေးကို တန်ဖိုးထားလေသည်။ ရှောင်စန်း၏တိုက်တွန်းမှုဖြင့် အိမ်မကြီးဘက်ထွက်လာရာ စားပွဲတွင်ထိုင်နေသည့် ပုံရိပ်လေးအားမြင်လိုက်ပြီးဝမ်းသာအားရသွက်သွက်‌ေလျှာက်သွားလိုက်၏။ ‌လျှောက်နေရင်းမှယီချန်သည် သူဘာကြောင့်သူမကိုတွေ့သည်နှင့် အလျင်လို‌ေနမိသည်လဲကို တွေးမိသွားသည်။ သို့သော် ထိုအကြောင်းကို‌ေခါင်းရှုပ်ခံပြီးဆက်တွေးမနေတော့ပဲ သူမဘေးတွင်ဝင်ထိုင်လိုက်၏။

"တိုက်ဆိုင်လိုက်တာ ကျားလိမိန်းကလေး မင်းလည်းနေ့လည်စာစားမလို့လား"

ကျားလိမှာယီချန့်အပြုံးကြောင့် ငေးမောမိသွားသော်လည်း သူမ၏အတွေ့အကြုံ‌ေကြာင့် ဟန်မပျက်နေနိုင်ခဲ့၏။

"တိုက်ဆိုင်တာမဟုတ်ပါဘူး။ ကျွန်မက ထမင်းဟင်းမချက်ပြုတ်တတ်လို့ အန်တီယီတို့နဲ့ လာစားတာပါ"

ကျားလိမှာ ထိုစကားများအားမျက်နှာပူစွာပြောလိုက်ရပေမယ့် ယီချန်မှာတော့ သူမ၏ရှက်ရွံ့နေသော မျက်နှာလေးအားကြည့်ကာ မသိစိတ်အရ အလိုအလျောက်ပြောထုတ်လိုက်မိသည်။

"မင်းမချက်တတ်လည်း ကိစ္စမရှိပါဘူး။ ကိုယ်ကဟင်းချက်တတ်တယ်လေ"

ကျားလိမှာယီချန်၏စကားကြောင့် အံ့ဩတကြီးမော့ကြည့်လိုက်ရာ ငွေရောင်မျက်မှန်ကိုင်းအတွင်းမှ မျက်ဝန်းတစ်စုံမှာ သူမအားထိုးဖောက်လုမတတ်စူးရှစွာစိုက်ကြည့်နေ၍ အမြန်အကြည့်လွှဲလိုက်ရသည်။ ကျားလိမှာ သူမကိုယ်သူမစိတ်ငြိမ်စေရန်ထိန်းနေပါသော်လည်း သူမနှလုံးသားလေးက နာခံမလာပါပေ။ ယီချန်မှာလည်း ကျားလိ၏နီရဲနေသော နားရွက်လုံးလုံးလေးများအားကြည့်ကာ သဘောတကျရယ်လိုက်မိသည်။ ယီချန်၏တိုးဖွဖွရယ်သံမှာ ကျားလိအဖို့ ကျယ်လောင်သော မိုးချုန်းသံအလား ရင်တုန်မောဟိုက်သွားစေ၏။ ထိုစဉ် ရှောင်စန်းမှဟင်းပန်းကန်များ လာသယ်ရန်အော်လာရာ သူတို့နှစ်ယောက်ကြားရှိ အနေရခက်မှုတို့က ပျောက်ကွယ်သွားရသည်။

ယီမိသားစုမှာ ကျားလိရောက်လာချိန်မှစ၍ ဟင်းပွဲတိုင်းအသားပြတ်လပ်မှုမရှိသော်လည်း ယီအိမ်ရှိကလေးများအဖို့ အသား‌ေန့တိုင်းစားရသည်ကို ငြီးငွေ့မှုရှိမ‌လာပါချေ။ ယနေ့မှာတော့ ဟင်းပွဲတိုင်းက ယခင်ကထက်ပို၍စုံလင်ပြည့်လျှံနေတော့သည်။ ကြက်ဥနှင့်ရုံးပတီသီးမွှေကြော်၊ကြက်ဟင်းခါးသီး ကြွက်နားရွက်မှိုနှင့် ကြက်ဥမွှေကြော်၊ကြက်သားမျှင်နှင့် ဟင်းနုနွယ်သုပ်၊ဝက်ဗိုက်သားနှင့်မျှစ်စတူး၊နို့နှစ်ရောင်သန်းနေသော ကြက်သွန်မြိတ်စိမ်းလေးများ ဖြူးထားသည့် ဝက်နံရိုးနှင့်ကြာမြစ်စွပ်ပြုတ်တို့ပင်ဖြစ်၏။ ကျားလိမှာဤမျှများပြားစုံလင်လှသည့် ဟင်းပွဲများအားပထမဆုံးမြင်ဖူးခြင်းဖြစ်ရာ မျက်လုံးဝိုင်းလေးများဖြင့် ဟင်းပွဲတိုင်းအားစိတ်ဝင်တစားလိုက်ကြည့်နေတော့သည်။ ထိုသည်ကို သတိပြုမိသော ယီချန်မှာတော့ သူမလေး၏ဖြစ်တည်မှုမှာ အရာအားလုံးကိုလှပသွားစေနိုင်သည်ဟုပင် ခံစားမိလိုက်၏။ ရှောင်စစ်တို့ကလေးတစ်သိုက်မှာ စားပွဲထက်ရှိဟင်းခွက်များအား စူးစိုက်ကြည့်နေကြပြီး အမေယီမှစစားလိုက်သည်နှင့် တူများကိုင်ကာစစ်မြေပြင်ဆီချီတက်သွားသလို အသည်းအသန်စားသောက်ကြတော့သည်။ ကျားလိသည်လည်း ထမင်းတစ်လုတ် ဟင်းတစ်လုတ် စွပ်ပြုတ်တစ်ငုံဖြင့် သာယာနေတော့၏။ ရှောင်စန်းအား သိပ်အထင်မကြီးခဲ့သောယီချန်သည်ပင် တစ်ဇွန်းစားတိုင်းတစ်ခါဩချနေမိတော့သည်။ ရှောင်စန်းမှာ ယီချန်၏ကျေနပ်နေသောရုပ်ကိုကြည့်ကာ မေးကိုပင့်၍ ပြောလိုက်၏။

"ဘယ်လိုလဲ တကောရဲ့။ ဒီကတော်ဝင်စားဖိုမှူးတပည့်ရဲ့လက်ရာက မှန်းထားတာထက်ကျော်လွန်နေတယ်မလား"

ယီချန်မှာ စွပ်ပြုတ်တစ်ငုံသောက်ရင်း လေးလေးနက်နက်ပြန်ဖြေလာသည်။

"မဆိုးပါဘူး"

ရှောင်စန်းမှာ ယီချန်၏မဖြေချင်ဖြေချင်ဖြင့် ဖြေလာသောစကားကြောင့် နှာမှုတ်ကာ သူ့ထမင်းပန်းကန်ထဲ ခေါင်းစိုက်ကာစား‌ေနတော့သည်။ ဤည၏ညစာထမင်းဝိုင်းလေးမှာတော့ လူတိုင်းအားလျှာကိုပင်မျိုချမိမတတ်စွဲမက်စေလေ၏။ ထမင်းစားပြီးနောက် ယီချန်ပြန်ယူလာသော ပင်လုံးကြိုင်ကိတ်များအပြင် လမုန့်များပါချ၍ မုန့်စားရင်းစကားပြောကြသည်။ ထိုခါမှ အမေယီလည်း ခေါင်းဆောင်ကျိတို့လင်မယားကိုသတိရကာ ကျားလိအားမေးလိုက်၏။

"ယောင်းမကျိအခြေအနေဘယ်လိုလဲ ရှောင်ကျား။ မင်းရောက်ကတည်းကမေးမလို့ဟာကို မေ့သွားတယ်"

ပင်လုံးကြိုင်ကိတ်အား မြည်းစမ်းကြည့်နေသောကျားလိမှာ အမေယီ၏စကားကြောင့် မုန့်အားပြန်ချရင်းဖြေရန်ပြင်လိုက်သည်။ ထိုချိန်သူမရှေ့သို့ ရေနွေးတစ်ခွက်ရောက်လာရာ သူမလည်းလှည့်ကြည့်လိုက်စဉ် သူမအားသောက်ရန်မေးမော့အချက်ပြလိုက်သော ယီချန်အားတွေ့လိုက်ရ၏။ ကျားလိလည်း ပါးစပ်သာလှုပ်ကာ ကျေးဇူးတင်ကြောင်းပြောလိုက်ရာ ယီချန်ကလည်း သူမလိုပါးစပ်လှုပ်၍ ရပါတယ်ဟု ပြန်ဖြေလာသည်။ ကျားလိမှာ သူမတို့၏လုပ်ရပ်အား သဘောကျကာပြုံးလိုက်မိပြီး ရေနွေးခွက်အားကိုင်ကာ တစ်ငုံသောက်၍ အမေယီ၏အမေးအားပြန်ဖြေလိုက်၏။

"စိုးရိမ်လွန်နေလို့ပါ။ သင့်တော်တဲ့အစားအသောက်နဲ့ ဆေးဝါးတွေညွှန်းပေးခဲ့ပြီဆိုတော့ သူတို့သာကျွန်မပြောသလို လိုက်လုပ်ရင်စိတ်ပူစရာမရှိတော့ပါဘူး"

အမေယီလည်းထိုခါမှသက်ပြင်းချလိုက်သည်။ သူမတို့မုန့်များစားသောက်ပြီးသည်နှင့် အမေယီမှာသွားအိပ်ခိုင်းတော့၏။ ယီချန်မှာတော့ အမေယီအားပြောစရာရှိကြောင်းပြောကာ ခဏနေသူမအခန်းဆီလာခဲ့မည်ဟု ပြောလိုက်သည်။ အမေယီလည်း သူမသားကဘာပြောစရာရှိသည်ကို မသိ‌ေသာ်လည်း ခေါင်းငြိမ့်ပြလိုက်၏။ ယီချန်မှာသူ့အခန်းဆီပြန်ရင်း စာရွက်စာတမ်းများအား သေချာရွေးယူ၍ပြန်ထွက်ရန်ပြင်လိုက်စဉ် သူ့အခန်းပြတင်းပေါက်မှတစ်ဆင့် ကျားလိ၏အခန်းအားလှမ်းမြင်‌ေနရသည်ကို သိလိုက်ရသည်။

ကျားလိမှာ ရေချိုးပြီးသည်ထင်၏။ သူမဆံပင်များအား တဘတ်တစ်ထည်ဖြင့်သုတ်နေကာ ပြတင်းပေါက်နားရပ်နေလေ၏။ ယီချန်လည်း မသိစိတ်အရ ပြတင်းပေါက်အားအသာမှီ၍ လေချွန်လိုက်သည်။ ကျားလိမှာ ဆံပင်သုတ်နေရင်း လေချွန်သံအားကြားလိုက်ရရာ သူမနားကြားမှားသည်ဟု ထင်ခဲ့သော်လည်း သံစဉ်တစ်ခုပုံပေါ်လာရာ အသံလာရာဘက်လှည့်ကြည့်လိုက်၏။ ထိုအခါ သူမအားလက်ယမ်း၍ နှုတ်ဆက်နေသော ယီချန်အားတွေ့လိုက်ရတော့သည်။

All Chapters