မစ်ရှင်
Vol. 1 Ch. 2
မီးသီးပေါက်ကွဲသွားသည်နှင့်တစ်ပြိုင်နက်၊ ချွေးမအငယ်သည် အော်ကာ ထောင့်တစ်နေရာတွင်ကျုံ့ကာ ဝင်ခိုနေခဲ့သည်။
"အစ်ကို့မိန်းမ သေမှာကိုထိုင်ကြည့်နေတာ ကျွန်မ မဟုတ်ပါဘူး၊ ကျွန်မ ဆီမလာပါနဲ့၊ အစ်ကို၊ ကျွန်မဆီမလာပါနဲ့။"
သူမ ထိုသို့ပြောလိုက်သည်နှင့်၊ ချန်ဖန်းရှုအား မကူညီဘဲပစ်ထားသည့် အမျိုးသမီးလု မျက်နှာဖြူဖျော့သွားလေသည်။
"ပါးစပ်ပိတ်ထားစမ်းပါ!"
အမျိုးသမီးကြီးက သူမချွေးမအငယ်အား စိတ်တိုစွာ စိုက်ကြည့်လိုက်သည်။ "သရဲဆိုတာမရှိပါဘူးလို့ ငါပြောတယ်မလား၊ နင့်ဦးနှောက်က ချီးတွေနဲ့ပြည့်နေတာပဲ၊ နင့်ဘာသာနင် လျှောက်ပြောနေတာ။"
ချွေးမအငယ် ဘာမျှပြန်မပြောသော်လည်း သူမအသက်ရှုမြန်နေပြီး သူမအတော်လေး ကြောက်သွားမှန်းသိသာပေသည်။
အခြားသူတွေလည်း အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။
မင်းသာ နေ့ပိုင်းမှာ မကောင်းတာ မလုပ်ဘူးဆိုရင်၊ညဘက်မှာ သရဲတံခါးလာခေါက်မှာကို ပူစရာမလိုဘူး လို့ပြောကြသည်။
သို့ပေမယ့်၊ မီးသီးက စော၍လည်းမကွဲ၊ နောက်ကျပြီးလည်းမကွဲဘဲ အဘွားလု သူမမြေးနားရွက်ကို လိမ်ဆွဲခါနီးမှ ပေါက်ကွဲသွားခြင်းဖြစ်သည်။ ဘယ်လိုတောင်တိုက်ဆိုင်လိုက်သလဲ။
သူတို့အားလုံးသည် တစ်ရွာတည်းတွင် နေထိုင်ကြခြင်းဖြစ်ပြီး၊ အဘွားလု သူမ သားအကြီးတို့မိသားစုကို ဘယ်တုန်းကမျှ သဘောမကျခဲ့ကြောင်း အကုန်လုံးသိကြလေသည်။
သူမ သားတွေအတွက် မိန်းမ ရှာပေးစဉ်ကပင်၊သူမသည် သူမသားအကြီးကို ချန်ခဲ့ပြီး၊ သူမသားအငယ်အတွက်အရင် လက်ထပ်ပွဲစီစဉ်ပေးခဲ့သည်။
လုကောပင်းသည် ၎င်းမိန်းမနှင့်ကလေး အနိုင်ကျင့်ခံရသည်ကိုမြင်သော် သတိပေးသည့်အနေဖြင့် မီးလုံးကို ပေါက်ကွဲလိုက်ခြင်းမှာ အဓိပ္ပါယ်မရှိသည်တော့မဟုတ်ပေ။
အကုန်လုံးလည်း ထိုသို့တွေးမိပြီး နောက်ဆုတ်ကုန်ကြလေသည်။ လုအိမ်ရဲ့ ပြဿနာများအကြား ၎င်းတို့ဆက်၍ဝင်မပါချင်ကြတော့ပေ။
ထိုအချိန်တွင်၊ အပြင်မှ အလင်းတန်းတစ်ခုဝင်ရောက်လာသည်။
လုအိမ်၏ ဒုတိယသား၊ ဓာတ်မီးကိုင်ထားပြီး တံခါးတွင်ရပ်နေသည့် လုကောဖုသည် အထဲသို့လှမ်းကြည့်လိုက်ပြီး၊ "ဘာလို့လဲ? ဘာဖြစ်သွားတာလဲ?" ဟုမေးလေသည်။
သူမ ယောင်္ကျားကိုမြင်သော်၊ ချွေးအအငယ်သည် မျက်ရည်များကျလာပြီး၊ "ကောဖု၊ ရှင်ရောက်လာပြီပဲ။ ကျွန်မ တအားကြောက်နေတာ။"
ထိုအလင်းတန်းကြောင့်၊ အခန်းထဲမှလေထုသည် ငြိမ်သက်သွားလေသည်။
အမျိုးသမီးလုက သူမသားအငယ်အား အသံနက်နက်ဖြင့်ပြောလိုက်သည်။ "မင်းမိန်းမ လျှောက်ပြောတာတွေ နားထောင်မနေနဲ့၊ အဲ့တာဘာမှမဟုတ်ဘူး။"
သို့ပေမယ့်၊ သူမ ပြောလို့မပြီးသေးခင်မှာပဲ လုထောင်သည် ရုတ်တရပ် လက်ခုပ်တီးပြီး၊ "ဖေဖေက မိုက်လိုက်တာ။" ဟုပြောလေသည်။
သူမအဖေ သူမနှင့် ဆော့ကစားပေးနေသည်ဟု ထင်၍ ကလေးမလေးသည် နည်းနည်းမျှမကြောက်သည့်အပြင် စိတ်ပင် လှုပ်ရှားနေသေးသည်။
"တစ်ခါလောက်ထပ်ပြီး၊ ဖေဖေ။ တစ်ခါလောက်၊ဖေဖေ။"
ငြိမ်သက်ပြီးသား အိမ်တွင်းလေထုသည် ရုတ်တရပ် ပိုမိုတိတ်ဆိတ်ငြိမ်သက်သွားကာ အပ်ကျသံပင်ကြားနိုင်လောက်သည်။
လုထောင် ကြားနေရသည့် အစီအစဉ်၏ အသံပင် တိတ်ဆိတ်သွားလေသည်။
ကလေးမလေးသည် စိတ်ရှုပ်ထွေးစွာဖြင့် "ဖေဖေက ဘာလို့ ပြန်မဖြေတာလဲ?" ဟုမေးလေသည်။
အမျိုးသမီးကြီးလုက စိတ်တိုလာပြီး သူမ နားရွက်အား လိမ်ဆွဲရန် ထပ်၍ လက်လှမ်းလိုက်သည်။ "ဒီနေ့အရိုက်မခံရရင် မနေနိုင်ဘူးဟုတ်လား?"
ချွေးမအငယ်မြင်သော်၊ သူမ အလွန်လန့်သွားပြီး မီးလုံးရှိရာသို့လှမ်းကြည့်ရင်း အော်လိုက်သည်။ "အမေ"
"ဘာလဲ? ငါက ငါ့မြေးကိုဆုံးမလို့မရဘူးလား? ကောပင်းဒီမှာရှိတယ်လာမပြောနဲ့၊ ရှိရင်တောင် သူမ ဆုံးမဖို့မပြောရဲဘူး။"
ထိုသို့ပြောပြီးနောက်၊ သူမလက်ကို ပြန်ရုတ်သိမ်းကာ၊ "အကုန်ပြန်သွားမှ ညည်း ငါနဲ့တွေ့မယ်။"
ချွေးမအငယ်လည်း ထိုအခါမှ သက်ပြင်းချနိုင်ပြီး အခန်းထဲတွင် ဆက်မနေချင်တော့သည့်အလျောက်၊ "အမေ ကျွန်မအသက်ရှု နည်းနည်းကြပ်နေလို့ အရင်သွားနှင့်တော့မယ်။"
သူမ ပြောပြီးသည်နှင့်၊ အမျိုးသမီးလု သဘောတူသည်၊မတူသည်ကိုဂရုမစိုက်ဘဲ သူမယောင်္ကျားကိုခေါ်ကာ ထွက်သွားတော့သည်။
လုကောဖု ထွက်သွားသည်နှင့်၊ အခန်းတွင်လည်း အမှောင်ထုကြီးစိုးသွားပြန်လေသည်။
အခွင့်အရေးရသည်နှင့်၊ လူငယ်အချို့ကလည်း နှုတ်ဆက်စကားပြောကာ၊ "ကျွန်တော်တို့လည်း ပြန်လိုက်ပါတော့မယ်။ အန်တီလု၊ မနက်ဖြန် အကူအညီလိုအပ်ရင် ကျွန်တော်တို့ကို ခေါ်လိုက်ပါဗျ။"
ထွက်မသွားခင်တွင်၊ ဆရာစန်းက ဆေးရုံကို တတ်နိုင်သမျှအမြန်သွားရန် အမျိုးသမီးလုအား ထပ်၍ပြောသွားလေသည်။
ခဏအကြာတွင်၊ ထိုနေရာတွင် လုအိမ်၏ မြေးအဘွားတို့ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်ကာ ကျန်နေခဲ့ပြီး၊ ချန်ဖန်းရှုသည်လည်း ကုတင်ပေါ်တွင်ကျန်ခဲ့လေသည်။
လုထောင်သည် သူမအဘွားကိုကြောက်ကာ မီးသီးရှိသည့်နေရာကိုသာ ကြည့်နေလေသည်။
အမျိုးသမီးလုသည်လည်း အမှောင်ထဲတွင် အသက်ရှုကြပ်လာသည်နှင့် သူမမြေးကို ဆူဖို့ပင် ဂရုမစိုက်နိုင်တော့ဘဲ နောက်လှည့်ထွက်သွားတော့သည်။
အမျိုးသမီးကြီး ထွက်သွားသော်၊အပြင်ဘက်တွေ စုဝေးနေသည့် လူတစ်စုလည်းထွက်သွားပြီး၊ သူတို့ချင်းဆွေးနွေးပြောဆိုနေသည့် စကားသံများမှာလည်း အဝေးမှသာ ကြားနေရတော့သည်။
"ဘာဖြစ်သွားတာလဲ? "အစ်ကိုကြီးပြန်လာပြီ" လို့ ကောဖုမိန်းမအော်နေတာ ကြားလိုက်တယ်။"
"အဲ့လိုမပြောလိုက်နဲ့၊ တစ်ယောက်ယောက်ကြားသွားရင် မဟုတ်တာတွေ အယုံအကြည်ရှိနေပါတယ်ဆိုပြီး အတိုင်ခံရလိမ့်မယ်။"
"ငါဘယ်သူ့မှ မပြောပါဘူး၊ အဲ့တာကြောင့် မင်း ငါ့ကိုပဲပြောပြလို့မရဘူးလား? ကောပင်းက တကယ်ပဲ..."
တိုက်ခတ်သွားသည့် လေပြေနှင့်အတူ ထိုစကားလုံးများလည်း လွင့်ပြယ်သွားပေသည်။
အမျိုးသမီးကြီးလုသည် သူမအဝတ်အစားများကို ခပ်တင်းတင်းဆွဲတင်လိုက်ပြီး သူမအခန်းဆီသို့ အလျင်အမြန် လျှောက်သွားလေသည်။
နောက်တစ်နေ့မနက်တွင်၊ ဒုတိယသား၏ဇနီး၊ လီချွန်းလန်သည် မျက်ကွင်းများညိုနေပြီး အခန်းထဲမှထွက်လာသည်။ သူမထွက်လာလာချင်း သူမယောက္ခမကစီး၍ ဆူပူလေသည်။ "ငါ့လို အဘွားအိုကြီးကတောင် အစောကြီးထတာကို ညည်းကတော့ ကုတင်ပေါ်မှာဆက်အိပ်နေတယ်။ ငါအရင်ဘဝက ဘာအပြစ်လုပ်ခဲ့မိလို့ မင်းလိုလူနဲ့ ငါ့သားကို ပေးစားမိလိုက်တာလဲ..."
လီချွန်းလန်သည် မနေ့ညက သူမ စကားမှား၍ ပြောမိသည်မှာ သူမယောက္ခမကို စိတ်တိုစေမှန်း သူမ သိသည်။
သူမတို့အိမ်သရဲခြောက်သည့်အတွက် တစ်ညလုံး သူမ မအိပ်ခဲ့ရကြောင့် ရှင်းပြရန် မဝံ့ရဲဘဲ ခေါင်းငုံ့ပြီးသာ နားထောင်နေရသည်။
သူမ အတော်အသင့်ဆူပြီးသော်၊ လီချွန်းလန်အား ဟင်းအိုးပေး၍၊ "ထမင်းချက်ကတော့ ကုတင်ပေါ်မှာ ဘုရင်မလိုလဲနေပြီ၊ညည်းက သူ့ကိုကူညီချင်တာမလား? ကြင်နာတတ်လိုက်တာ၊ အခုကစပြီး အလုပ်အကုန်လုံးကို ညည်းလုပ်ရမယ်။"
အဘွားအိုကြီးသည် ထိုသို့ပြောပြီးနောက် ကြက်ဥကောက်ရန် ကြက်ခြံဆီသို့ သွားလေသည်။
လီချွန်းလန် ခဏကြာအောင် ရပ်နေပြီးနောက်၊ ဟင်းအိုးကို မြေကြီးပေါ်ချလိုက်သည်။
လုအိမ်၏ ဒုတိယသားသည် သန်းဝေလျက် အခန်းထဲမှထွက်လာသည်။ ထိုအဖြစ်ကိုမြင်သော်၊ သူ မနေနိုင်ဘဲမေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ? မနက်အစောကြီးတည်းက ဒီလိုစိတ်တိုနေတာ။"
လီချွန်းလန် သူမယောင်္ကျားအား တစ်ချက်မကြည့်ဘဲ "အခုကစပြီး အလုပ်တွေအကုန် ကျွန်မပဲ လုပ်ရမယ်လို့ အမေကပြောတယ်။"
"မင်းကိုလုပ်ခိုင်းရင် လုပ်လိုက်ပေါ့။ အမေကအသက်ကြီးပြီး ကျန်းမာရေးလည်း ကောင်းတာ မဟုတ်ဘူး၊ မင်းက ငယ်သေးတာပဲ၊ လုပ်နိုင်သလောက် လုပ်ပေးလိုက်ပေါ့။"
"ပြောတာတော့လွယ်တာပေါ့။ အိမ်မှာအလုပ်တွေ ဘယ်လောက်များတယ်ဆိုတာ ရှင်သိလား?"
လီချွန်းလန် စိတ်ရှုပ်စွာဖြင့် "ခြံကလည်း အကျယ်ကြီးပဲ၊အဲ့တော့တံမြက်စည်းလှည်းရမယ် ဟုတ်တယ်မလား? တစ်မိသားစုလုံးရဲ့ အဝတ်တွေလျှော်ပြီး ထမင်းဟင်းကလည်း ချက်ရဦးမယ်မလား? ကြက်တွေ ဘဲတွေကိုလည်း အစာကျွေးရဦးမယ်၊ ရှင် ကျွန်မကို ဒါတွေအကုန်လုပ်စေချင်တာလား?"
"မရီးလည်း ဒါတွေ အကုန်လုပ်နိုင်ခဲ့တာပဲ။ သူတောင်အကုန်လုပ်နိုင်တာ မင်းက ဘာလို့မလုပ်နိုင်ရတာလဲ?" လုကောဖု ပြန်မေးခွန်းထုတ်လိုက်သည်။
"ရှင်..."
လီချွန်းလန်တွင် ပြောစရာမရှိတော့ပေ။
အံ့ဖွယ်ဖြစ်ရပ်ဖြစ်သည့် မီးလုံးကွဲပြီးနောက်တွင် စနစ်လည်းပျောက်သွားခဲ့သည်။
နောက်တစ်ရက်မနက်တွင်တော့ လုထောင်ကိုစ၍ နှုတ်ဆက်လာပြန်သည်။
[ကောင်းသောနံနက်ခင်းပါ၊ ထောင်ထောင်လေး]
လုထောင်သည် မှန်တင်ခုံရှေ့ရှိ ထိုင်ခုံလေးပေါ်တွင်ထိုင်ရင်း ဆံပင်ဖြီးနေရာ ထိုအသံကြားသော်၊ ထ၍ပင် ခုန်မိလိုက်လေသည်။
"ဖေဖေ! ညတုန်းက ဘယ်သွားလိုက်တာလဲ? ထောင်ထောင် ဖေဖေ့ကို ရှာမတွေ့ဘူး။"
သူမ မမေးမိလျှင် ဘာမျှဖြစ်မည်မဟုတ်၊ သို့သော်၊ မေးလိုက်သောအခါ၊ အာ့ဝူလင်(၂၅၀) က အမြီးတက်အနင်းခံလိုက်ရသည့် ကြောင်တစ်ကောင်ကဲ့သို့၊ မချိ့မဆံ့ခံစားလိုက်ရလေသည်။
[ဘယ်လိုတောင်မေးရဲတာလဲ? စနစ်ရဲ့စည်းကမ်းကို ဖောက်ဖျက်တဲ့အတွက် မင်း မိုးကြိုးပစ်ခံရတော့မလို့။ အဲ့လိုဖြစ်ပြီးတာတောင် ဘယ်လိုလုပ် အိပ်ပျော်နိုင်တာလဲ?]
အာ့ဝူလင် အမြန်ပြောလိုက်သည့်အတွက် ရှောင်လုထောင် တစ်လုံးမျှ ရှင်းရှင်းလင်းလင်းမကြားလိုက်ပေ။ "ဖေဖေ ဘာတွေပြောနေတာလဲ?"
[အိုး။ ဘာမှမဟုတ်ပါဘူး။ လူကြီးတွေရဲ့ ပြဿနာကို ကလေးတွေသိစရာမလိုဘူး။]
အသံသည် တစ်ဖန်ပြန်လည်နူးညံ့လာပြီး၊ [ထောင်ထောင်လေး၊ခေါင်းဖြီးလို့ပြီးပြီလား?]
"မပြီးသေးဘူး။"
သူမအဖေသည် စိတ်တိုတစ်လှည့် စိတ်ကောင်းတစ်လှည့်ဖြစ်နေသည်ကို ထူးဆန်းသည်ဟု ခံစားမိသော်လည်း၊ ထောင်ထောင်သည် သူမဖြီးလက်စ ဆံပင်ကိုသာ ဆက်၍ ဖြီးနေလိုက်သည်။
သုံးနှစ်အရွယ်ကလေးတစ်ယောက်က ဘယ်လိုလုပ်ဆံပင်ကျစ်တတ်မှာလဲ?
မိနစ်နှစ်ဆယ်ခန့်ကြာသော်၊ သူမဆံပင်သည် ပို၍ရှုပ်ပွလာပြီး ဆံပင်အချို့လည်း သူမလက်ထဲသို့ပါလာလေသည်။
ကလေးမလေးက သူမလက်ထဲတွင် ပါလာသည့် ဆံပင်အချို့ကိုကြည့်ပြီး နှုတ်ခမ်းထော်လိုက်သည်။ အာ့ဝူလင်မှ ဝင်ပြောလိုက်သည်။ "တော်တော့၊ မင်း အဲ့လိုဆက်ဆွဲနေမယ်ဆိုရင် ကတုံးဖြစ်သွားလိမ့်မယ်။"
"ကတုံး?" လုထောင်ရှုပ်ထွေးစွာဖြင့်၊ "ကတုံးဆိုတာဘာလဲ?"
[ခေါင်းပေါ်မှာ ဆံပင်လုံးဝမရှိတော့တာကိုပြောတာ၊ ရွာမြောက်ဘက်က အဘိုးကြီးလိုပေါ့]
"အိုး။"
ရှောင်လုထောင် သူမ ဆံပင်မရှိသည့်ပုံစံကို စိတ်ကူးကြည့်ပြီးနောက်၊ မျက်ရည်များဝဲလာလေသည်။
သူပြောလို့မပြီးခင်ပင်၊ ငိုသံကျယ်ကျယ်သည် အခန်းတွင်းသို့ ထိုးဖောက်သွားလေသည်။ "မဟုတ်ဘူး! ထောင်ထောင် အဲ့ကတုံးဘိုးဘိုးလို ဖြစ်မလာပါနဲ့!"
[မင်း ဘာလို့ငိုနေတာလဲ? မင်းမှာဆံပင်တွေ အများကြီး ရှိပါသေးတယ်။ မင်း မကြာခင် ကတုံးဖြစ်လာမယ်လို့လည်း ငါမပြောမိပါဘူး။]
ကလေးမလေးသည် နည်းနည်းမျှ စိတ်သက်သာမသွားဘဲ "အဲ့တာဆို၊ အဲ့တာဆို သမီးက ကတုံးဖြစ်တော့ဖြစ်လာဦးမှာပေါ့။"
[ဟုတ်ပြီ၊ဟုတ်ပြီ၊ မင်း ကတုံးမဖြစ်လာဘူး၊ ဟုတ်ပြီလား?]
ငိုသံသည် ရုတ်တရပ် ရပ်သွားလေသည်။
"တကယ်လား?" ဟု သူမမေးလိုက်ချိန်တွင် သူမ၏ မျက်တောင်များပေါ်တွင် မျက်ရည်စက်ကလေးများပင် မြင်နေရပေသည်။
[တကယ်ပေါ့။] အာ့ဝူလင်အလျင်အမြန် စကားလမ်းကြောင်းလွှဲလိုက်သည်။ [ထောင်ထောင်လေး မနက်စာမစားရသေးဘူးမလား? ဗိုက်ဆာပြီလား?]
လုထောင် ယနေ့မနက်တင်မဟုတ်ဘဲ မနေ့ညတွင်လည်း ဘာမျှမစားခဲ့ရချေ။
ကလေးမလေးက သူမ၏ ပြားချပ်နေသည့် ဗိုက်လေးအားကိုင်ကာ ပြောလိုက်သည်။ "ထောင်ထောင် ဗိုက်ဆာနေပြီ။"
၂၅၀ - [ထောင်ထောင် ဖေဖေ့ကို အလုပ်ကူလုပ်ပေးချင်လား? လုပ်ပေးမယ်ဆိုရင်၊ ဖေဖေက အရသာရှိတာတစ်ခုခုကျွေးမယ်။]
"တကယ်လား?" လုထောင်ပြောလိုက်သည်။ "ဖေဖေ သမီးကို သကြားလုံးဝယ်ကျွေးမှာလား?"
[ကျွေးမှာပေါ့။]
"သကြားလုံးက ဘယ်မှာလဲ?" လုထောင်သူမ၏ လက်ပြည့်ပြည့်လေး ဆန့်ထုတ်လိုက်သည်။
၂၅၀ - [သကြားလုံးမစားခင် ဖေဖေ့ကိုအရင် ကူညီပေးရမယ်။]
လုထောင်လေးမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်ရည်ဝဲလာပြန်သည်။ "ဖေဖေ လိမ်တယ်! ဖေဖေအရင်တုန်းကလည်း ထောင်ထောင့်ကိုတွေ့ဖို့ ပြန်လာမယ်ပြောပြီး ပြန်မလာဘူး!"
[ဟုတ်ပြီ၊ မငိုပါနဲ့။ ဖေဖေ မင်းကို သကြားလုံးအခုပေးမယ်။ ဖေဖေ့ကျောက်ကပ်ကို ရောင်းပြီး ပေးရမယ်ဆိုရင်တောင်မှ ဖေဖေ မင်းကိုပေးဦးမှာပါ။]
ထို့နောက်၊ မက်မွန်သီးတစ်လုံးလောက်ကြီးသည့် ချောကလက်လုံးတစ်လုံးသည် လုထောင်လက်ထဲတွင် ပေါ်လာလေသည်။
[စားလိုက်၊ ပြီးရင်တော့ ဖေဖေ့ကို အလုပ်ကူလုပ်ပေး။]
"ဒါက မြင်းချေးလား?"
ကလေးမလေးက သူမလက်ဖြင့် တို့ကြည့်ပြီး ငိုပြန်သည်။ "ဖေဖေက မကောင်းဘူး၊ ထောင်ထောင့်ကို အရူးလုပ်ဖို့ မြင်းချေးတွေသုံးတယ်...]
[ဒါက ဈေးအကြီးဆုံး သကြားလုံးပဲ၊ ချောကလက်လို့ ခေါ်တယ်၊ မြင်းချေး မဟုတ်ဘူး!!! ချောကလက်မှန်းတောင်မသိဘဲ ဖေဖေက အရူးလုပ်တယ်ပြောနေသေးတယ်! @#¥%...]
အက်ကွဲသံကို လုထောင်တစ်ဖန် ကြားရပြန်သည်။
သူမအဖေ မီးသီးကိုထပ်၍ ဖောက်ကွဲတော့မည်ဟုထင်သော်လည်း၊ မမျှော်လင့်စွာဘဲ မနေ့က သူမမြင်ခဲ့သည့် ဖန်သားပြင်သည် သူမရှေ့တွင် ပြန်၍ ပေါ်ပေါက်လာလေသည်။
"ဒါက..."
ဖန်သားပြင်ပေါ်မှ ပလက်စတစ်အုပ်ထားသည့် အရာကို သူမစိုက်ကြည့်ပြီးနောက် သူမမျက်လုံးများ တောက်ပလာလေသည်။ "အဲ့တာ လိမ္မော်သကြားလုံးပဲ!"
မြင်ကွင်းပြောင်းသွားပြီး၊ အဝါရောင်အခွံအုပ်ထားသည့် ရှည်မျောမျောအရာတစ်ခု ပေါ်လာပြန်သည်။
ကလေးမလေးမှာ ထ၍ခုန်မတတ်ပင်။ "စပါးလင်ချိုချဥ်၊ အဲ့တာစပါးလင်ချိုချဉ်ပဲ!"
ထို့အပြင်၊ကြံသကာ၊ ပုဇွန်ကိတ်...ယုန်နို့ကဲ့သို့သော လက်မှတ်များဖြင့်သာ ဝယ်နိုင်သည်များပင် ပါဝင်သည်။
ဈေးတွင်ရနိုင်သည့် ချိုချဉ်များအကုန် ဖန်သားပြင်ပေါ်တွင် ပေါ်လာလေသည်။
လုထောင်သည် ချိုချဉ်ဆိုသည်ကို တရုတ်နှစ်သစ်ကူးတွင်သာ စားဖူးလေသည်။ ဤမျှ များပြားသည့် ချိုချဉ်များကို မမြင်ဖူးသည့်အလျောက် သူမအလွန်စိတ်လှုပ်ရှားပြီး မျက်တောင်ပင် တစ်ချက်မခတ်နိုင်ချေ။
၂၅၀ - [တစ်ခုရွေးပါ။]
ကလေးမလေးက စိတ်ရှုပ်ထွေးစွာဖြင့်၊ "သမီး၊ သမီး ဘယ်ဟာစားလို့ကောင်းမှန်းမသိဘူး။ ဖေဖေ သမီးတစ်ခုချင်း စားကြည့်လို့ ရလား?"
[သမီးသဘောပါပဲ!]
"အဲ့တာဆို... ဒီတစ်ခု။" လုထောင် ယုန်ပုံစံရှိသည့် ချိုချဉ်အား ညွှန်ပြလိုက်ပြီး၊ "ယုန်ကလေးက ချစ်စရာလေး။"
ခဏအကြာတွင်၊ အဖြူရောင်အုပ်ထားသည့် ချိုချဉ်တစ်လုံး သူမဖြန့်ထားသော လက်ထဲတွင် ပေါ်လာလေသည်။
သူမအဖေ သူမကို မြင်းချေးအား ချိုချဉ်ဟု လိမ်သည်ဟုထင်သော ကလေးမလေးသည် စိုးရိမ်နေသောကြောင့်၊ အခွံခွာကာ ခပ်သေးသေးတစ်ကိုက် အရင်ကိုက်စားလိုက်လေသည်။
ချိုမြိန်မှုကို အရသာခံမိသော်၊ သူမ မျက်လုံးများ ဝင်းလက်သွားလေသည်။
၂၅၀ - [စားလို့ကောင်းလား?]
လုထောင်ခေါင်းညိမ့်ပြီး၊ "ကောင်းတယ်။" ဟုပြောလေသည်။
[စားလို့ကောင်းရင် မြန်မြန်စား၊ မဟုတ်ရင် ဖေဖေက ပြန်ယူလိုက်မှာ။]
ကလေးမလေးကြားသော်၊ သူမနောက်တစ်ကိုက်ကိုက်လိုက်ပြီး ကျန်သည်ကို အခွံဖြင့် ပြန်ပတ်ကာ အိတ်ကပ်ထဲထည့်၍ သိမ်းထားလိုက်သည်။
"ပြီးပြီ ဖေဖေ။ သမီးတို့ ဘာလုပ်ရမှာလဲ?"
သူမရင်ဘတ်ကိုကော့၍ စိတ်အားထက်သန်စွာဖြင့် "ထောင်ထောင် တံမြက်စည်းလှဲနိုင်တယ်၊ ခြေအိတ်တွေလျှော်နိုင်တယ်၊ မေမေ့ကို ကူပြီး အသီးအရွက်တွေ ဆေးပေးနိုင်တယ်။"
[သမီးမေမေ့ကို နှိပ်ပေးမလား? မေမေက တအားပင်ပန်းလို့ အိပ်ပျော်သွားတာ။ ထောင်ထောင်က မေမေနိုးလာအောင် နှိပ်ပေးရမယ်။]
"နှိပ်ပေးရမယ်...နှိပ်ပေးရမယ်?" ရှောင်လုထောင် သူမလက်များကိုမြှောက်လိုက်သည်။
သာယာသည့် "ဒင်း-ဒေါင်" ဟူသော အသံမြည်သွားသည်ကို သူမကြားလိုက်ရသည်။
[ဒီစနစ်က သမီး မနှိပ်တတ်မှန်းသိပါတယ်။ ဖေဖေပြောတာကိုသာနားထောင်၊ ဖေဖေ သမီးနှိပ်တတ်အောင် သင်ပေးမယ်။ ဟိုနားက ခုံကိုရွှေ့လာပြီး ငြိမ်ငြိမ်ထိုင်နော်၊ ဖေဖေ့ရဲ့နေကြာပန်းလေး၊ အတန်းစတော့မယ်!]
လုထောင်လေးကို ချော့မြူပြောဆိုရန် လွယ်ကူပေသည်။ အထူးသဖြင့် သူမ သကြားလုံးစားပြီးနောက်တွင် ပိုမိုစကားနားထောင်လာပြီး ချက်ချင်း ပြောသည့်အတိုင်း လိုက်လုပ်လေသည်။
ဖန်သားပြင် တစ်ဖန်ပေါ်လာပြန်သည်။
ဤအချိန်တွင်တော့ မျက်နှာပြင်ပေါ်တွင် ကျောက်သင်ပုံးရှိနေပြီး သင်ပုံးပေါ်သို့ညွှန်ပြရန် တုတ်တစ်ချောင်းလည်း ပါရှိလေသည်။
[နှိပ်နယ်တယ်ဆိုတာက ခန္ဓာကိုယ်မျက်နှာပြင်ကို လက်နဲ့ပဲဖြစ်ဖြစ်၊ ကိရိယာတစ်ခုခုနဲ့ပဲဖြစ်ဖြစ် ပွတ်သပ်တာ၊ထိကိုင်တာပဲ။ ထောင်ထောင်အကြမ်းကြီး နှိပ်စရာမလိုဘူး။ ဖေဖေပြောတဲ့အတိုင်း လိုက်လုပ်ရုံပဲ။]
လုထောင် ဖန်သားပြင်ပေါ်ရှိ နှိပ်ကွက်များကိုကြည့်ရင်း စိတ်ရှုပ်ထွေးနေသည်။ "ဖေဖေ သမီးက ဘယ်ဟာကို နှိပ်ရမှာလဲ?"
ကျောက်သင်ပုံးပေါ်တွင် ညွှန်ပြနေသည့် တုတ်တံသည် ရုတ်တရပ် ရပ်သွားလေသည်။
[နှိပ်တယ်ဆိုတာ တစ်နေရာကိုပဲ လက်နဲ့တို့သလို နှိပ်ခိုင်းတာမဟုတ်ဘူး။ နေဦး ပြန်ရှင်းပြမယ်။]
သို့သော်၊ အာ့ဝူလင် ရှင်းမပြခင်ပင် လုထောင် ထပ်၍ မေးပြန်သည်။ "ဖေဖေ အဲ့နားက အမှတ် ၁၀၀၀ ဆိုတာ ဘာကိုပြောတာလဲ?"
၂၅၀ - [……]
[မင်းကဘယ်လို မကောင်းဆိုးဝါးလဲ? နှိပ်ရမယ့် နေရာပေါင်း ၁၀၀၀ကိုပြောတာလေ၊ တကယ်ပဲ ဘာလို့လဲ!!!]