အစ်ကို
Vol. 1 Ch. 3
[စနစ်အတွက် အလုပ်လုပ်ပေးတဲ့သူတွေကို လက်ခံသူတွေက သူတို့ရဲ့ဘိုးဘေးဘီဘင်တွေလိုပဲ ရိုရိုသေသေဆက်ဆံကြတာ၊ ငါ့အလှည့်ကျမှ မင်းလိုကလေးဆိုးနဲ့တွေ့တာ၊ငါတော်တော်ကံဆိုးတာပဲ။ ငါက မင်းကိုချော့ပြောရတယ်၊ မင်းမေးသမျှလည်း ဖြေရသေးတယ်။ မင်းသေချာမလုပ်ဘူးဆိုရင် မင်းအဖေ စိတ်မကောင်းဖြစ်ရလိမ့်မယ်...]
သူမအဖေသည် အသက်ကြီးကြီး အဘွားတစ်ယောက်ကဲ့သို့ အဆက်မပြတ် ပြောဆိုနေလေသည်။
လုထောင်သည် ထိုဒဏ်ကို မခံနိုင်တော့ဘဲ၊ "ဖေဖေ၊ စနစ်က..."
[မမေးနဲ့။ ဖေဖေလည်း မသိဘူး။]
သူမအဖေလည်း တစ်လုံးမှမသိဘူးဆိုသည်ကို လုထောင် အတည်ထင်မှတ်သွားလေသည်။
"ဖေဖေ၊ ဖေဖေလည်း ထောင်ထောင့်လို၊ မူကြိုမတက်ဖူးဘူးလား?"
ထိုကာလတွင်၊ မူကြိုလခသည် တစ်လလျှင် ငါးယွမ်ခန့် ကျသင့်ရာ ကလေးနည်းနည်းသာရှိပြီး မိဘနှစ်ဦးလုံး အလုပ်လုပ်သည် အိမ်ထောင်စုများမှလွဲလျှင် အခြားမည်သူမျှ မတတ်နိုင်ပေ။
ချန်ဖန်းရှုတွင် ရင်းနှီးသည့် သူငယ်ချင်းတစ်ဦးရှိလေသည်။
လုထောင် ဤအကြောင်းကို ထိုသူ၏ သားထံမှ သိလာခြင်းဖြစ်သည်။ ထို့ကြောင့် မူကြိုတက်နိုင်သည့် သူများသည် အံ့ဩစရာကောင်းသည်ဟု သူမ ထင်လေသည်။
လုထောင် ထိုသို့ပြောလိုက်သည်နှင့် လျှပ်စစ်စီးသည် အသံကြားလိုက်ရသည်။ [မူကြိုသွားရမယ်? ဟာသပဲ။ ငါ ဒီလောက် တော်တာကို မူကြိုသွားစရာလိုဦးမလား? အဲ့ဒီ့သနားတဲ့မျက်နှာထားကြီးကို ဖယ်လိုက်စမ်းပါ!]
မည်သို့ပင်ဖြစ်စေ၊ ထိုစကားသည် မူကြိုမတက်ဖူးသောကြောင့် ဖြစ်သည်ဟု လုထောင်ထင်သည်။
လုထောင်သေချာနားထောင်ပြီး သေချာပင်လိုက်၍ ခေါင်းညိမ့်လေသည်၊ သို့သော် သူမ မျက်လုံးများသည် "ဖေဖေ ငြင်းနေစရာမလိုပါဘူး၊ ထောင်ထောင် ဖေဖေ့ကို နားလည်ပါတယ်။" ဟူ၍ ပြောနေသယောင်ပင် ဖြစ်သည်။
အာ့ဝူလင် အန်ထွက်မလိုပင် ဖြစ်လာသည်။
[မင်းကြောင့် ငါ အန်ပါအန်ချင်လာပြီ။ လျှောက်ပြောမနေတော့ဘဲ ငါပြောတဲ့အတိုင်းသာ နှိပ်စမ်းပါ။]
"အိုး။"
လုထောင် ကုတင်ပေါ်သို့ တွယ်တက်လိုက်ပြီး၊ ချန်ဖန်းရှုဘေးတွင် ထိုင်ချလိုက်ကာ သူမလက်ချောင်းကို ကိုက်ထားပြီး၊ "ဖေဖေ၊ ဘယ်လိုနှိပ်ရမှာလဲ?"
[ပထမဆုံးတစ်ခုက လောင်ကုန်းအမှတ်လို့ခေါ်တယ်၊ အဲ့အမှတ်က လက်ဖဝါးပေါ်မှာရှိတယ်။ လက်ဖဝါးက ဘယ်မှာလဲဆိုတာတော့ သင်စရာမလိုဘူးမလား?]
"ထောင်ထောင် အဲ့တာကိုသိတယ်!" လုထောင် သူမလက်လေးကိုမြှောက်ပြီး သူမအမေလက်ဖဝါးကို ကိုင်လိုက်လေသည်။
[ဟုတ်တယ်၊လောင်ကုန်း အမှတ်က လက်ဖဝါးရဲ့ အလယ်ခေါင်မှာရှိတယ်။ အဲ့နေရာကို ပြင်းပြင်းလေးဖိလိုက်၊ထောင်ထောင်။]
"ဟုတ်ကဲ့။" ကလေးမလေး ခေါင်းညိမ့်လိုက်ပြီး လက်ဖဝါးအလယ်ကို ခပ်ပြင်းပြင်း ဖိနှိပ်လိုက်သည်။
[မင်းအမေကို နှိပ်ခိုင်းတာလေ! မင်းကိုယ်မင်း နှိပ်ပြီး ဘာလုပ်မလို့လဲ?]
လုထောင်နှုတ်ခမ်းထော်လိုက်ပြီး ချန်ဖန်းရှု၏ လက်ကို အလျင်အမြန်ဆွဲလိုက် လေးနက်စွာ စနှိပ်လေတော့သည်။
ဤအကြိမ်တွင်တော့၊ အာ့ဝူလင် ဘာမျှမပြောတော့ချေ။
ကလေးမလေးသည် ထိုအမှတ်ကို သေချာဖိပြီးနောက်၊ "ဖေဖေ၊ပြီးတော့ရော ဘယ်နေရာဆက်နှပ်ရမှာလဲ?"
[ကြည့်ကြအောင်... လောင်ကုန်းအမှတ်ပြီးရင် ဟူဂူ အမှတ်ရှိတယ်၊ အဲ့လက်မနေရာမှာ...]
"ကျား? သမီးသိတယ်!"
သူမရင်းနှီးသည့် စကားလုံးကိုကြားသော်၊ လုထောင်စိတ်လှုပ်ရှားသွားသည်။ သို့ပေမယ့်၊ ထိုစိတ်လှုပ်ရှားမှုအပြီးတွင် သူမရှုပ်ထွေးဟန်ဖြင့်၊ "ဒါပေမယ့် မေမေက နွားနှစ်လေ၊ ကျားနှစ်မှ မဟုတ်ဘဲ။"
[သူမွေးတဲ့နှစ်နဲ့ ဘာဆိုင်လို့လဲ? ထားပါတော့၊ မင်းနှိပ်လို့ရအောင် ငါနေရာပြပေးမယ်။]
စနစ်၏ အကူအညီဖြင့်၊ လုထောင်သည် နေရာအား သူမကိုယ်တိုင်ရှာရန် မလိုပေ။ သူမသည် စနစ်က ညွှန်ပြသည့် သူမ အမေ၏ ခန္ဓာကိုယ်ပေါ်ရှိ အနီစက်လေးများကို သေချာသိမ်မွေ့စွာ နှိပ်နယ်ပေးလေသည်။
လက်တစ်ဖက်ကိုနှိပ်ပြီးသွားသော်၊ ကျန်တစ်ဖက်ကို နှိပ်နယ်ရန် သွားမည်အပြု၊ ပြတင်းပေါက်ကို အပြင်ဘက်မှပစ်လိုက်သည့် ကျောက်တုံးတစ်တုံး လာမှန်လေသည်။
သူမလည်းလန့်သွားပြီး၊ ဟန်ချက်ပျက်ကာ၊ ဖင်ထိုင်လျက် ပြုတ်ကျသွားလေသည်။
ပြတင်းပေါက်အပြင်ဘက်မှ ရယ်သံကို ကြားလိုက်ရသည်၊ "ဟားဟား၊ မင်းပြုတ်ကျသွားတာပဲ၊ အရူးမလေး!" ရင်းနှီးသောအသံပင်ဖြစ်သည်။
လုထောင် လှည့်ကြည့်လိုက်သော်၊ သူမဦးလေး၏သား၊ အသက်၈နှစ်အရွယ်ရှိ သူမ၏ အစ်ကိုဝမ်းကွဲဖြစ်သူ လုကျန်းသည် ပြတင်းပေါက်ကို မှီကာရပ်နေပြီး သူမအားပြောင်ပြနေသည်ကို မြင်လိုက်ရသည်။
သူမစိတ်တိုစွာဖြင့်၊ "ဘယ်သူလဲ၊ ဘယ်သူက အရူးလဲ။"
"ဖြေလိုက်တဲ့သူကအရူးပဲ! ဟေ့၊ အရူးမလေး၊ မင်းအမေမနိုးသေးဘူးလား?"
လုထောင် မျက်လုံးများမှိတ်နေသည့် ချန်ဖန်းရှုဘက်သို့လှည့်ကြည့်ကာ၊ ဘာမျှပြန်မပြောပေ။
လုကျန်း ဂုဏ်ယူစွာဖြင့်၊ "မင်းဒီနေ့ မနက်စာမစားရသေးဘူးမလား? ငါပြောပြမယ်၊ ဘွားဘွားက ဒီနေ့ဈေးသွားမှာ၊ ပြီးတော့ သူက ငါ့အတွက် ငှက်ပျောသီးမုန့် ဝယ်ခဲ့မယ်တဲ့၊ မင်း မနာလိုနေပြီမလား? မင်းမနာလို လို့လည်းမရပါဘူး။"
ငှက်ပျောသီးမုန့်ဆိုသည်မှာ ငှက်ပျောသီးကဲ့သို့ ရှည်မျောသည့်ပုံစံရှိ၍ ငှက်ပျောသီးကိုပင် အစွဲပြု၍ ငှက်ပျောသီးမုန့်ဟု အမည်ပေးထားခြင်းဖြစ်သည်။
လက်မှတ်များ လိုအပ်ရုံမျှမက တစ်ပေါင်လျှင် ပြား ၅၀ ကျပြီး၊ ငွေကြေးပြည့်စုံသူတို့သာ ဝယ်နိုင်သောအရာ ဖြစ်သည်။
သို့သော်၊ လုကျန်းသည် လုအဘွား၏ အချစ်ဆုံးမြေးဖြစ်ရာ၊ သူမသည် လွန်ခဲ့သည့်နှစ်များတွင်လည်း ငွေစုထားသောကြောင့် သူမမြေးအား ဝယ်ကျွေးနိုင်ခြင်းဖြစ်သည်။
လုထောင်မျက်နှာလေးမဲ့သွားပြီး သူမ၏ ဆာလောင်မှုကိုဖော်ပြသည့် ဝမ်းဗိုက်မှ အသံများမြည်လာခဲ့သည်။
ကုတင်ပေါ်ရှိ စောင်ကိုကိုင်၍ အားယူပြီးထလိုက်ကာ၊ "ညီမလေးက ငှက်ပျော်သီး မကြိုက်ဘူး၊ အဲ့တာက စားလို့လည်း မကောင်းဘူး။" ဟုပြောလေသည်။
"မင်းငှက်ပျောသီး တစ်ခါမှမစားဖူးဘဲနဲ့၊ အရသာဘယ်လိုရှိလဲဆိုတာ ဘယ်သိမှာလဲ?" လုကျန်း သူမအား လျှာထုတ်၍ ပြောင်ပြလိုက်လေသည်။
အရှိုက်ထိသွားသဖြင့်၊ ရှောင်လုထောင်ပို၍ပင် ရှုံမဲ့သွားပြီး ဘာမျှမပြောဘဲ အချိန်အတန်ကြာ နှုတ်ခမ်းထော်ထားလေသည်။
ရုတ်တရက်၊ သူမ အိတ်ကပ်အစွန်းမှ ချိုချဉ်အခွံ ထွက်ပေါ်နေသည်ကို တွေ့သွားလေသည်။
အချိန်ခဏအတွင်းတွင် ကလေးမလေးသည် ထိုချိုချဉ်ကိုပြ၍၊ "ကိုကိုလည်း ယုန်ချိုချဉ်ကို မစားဖူးဘူးလေ။ ညီမလေးဖေဖေ့မှာ ချိုချဉ်တွေ အများကြီးရှိတယ်၊ အများမှအများကြီး။ အဲ့တာကြောင့် အဲ့ငှက်ပျောသီးကို မစားချင်ဘူး။"
လုကျန်းသူမအား မယုံနိုင်ဘဲ၊ "မင်းမှာ အဖေမှမရှိဘဲ၊ မင်းကို ချိုချဉ် ဘယ်လိုလုပ် ပေးနိုင်မှာလဲ။ မင်းအဖေကသေပြီလေ။"
ကလေးမလေးသည် သူမအဖေသေပြီဟုသော စကားကို ဤနှစ်တွင် မကြာခဏကြားရသည်။
သေသည် ဆိုသည်စကားလုံးကို သူမသေချာမသိသော်လည်း၊ ကောင်းသည့်အရာမဟုတ်သည်ကိုတော့ သူမ သိလေသည်။
ကလေးမလေးထပြောလိုက်သည်၊ "ဖေဖေ မသေဘူး။ ဖေဖေက ညီမလေးကိုခုနကပဲ ချိုချဉ်တွေကျွေးထားတာ!"
သူမ မီးသီးတစ်လုံးကို ညွှန်လိုက်ကာ၊ "ဖေဖေ၊ဖေဖေ တစ်ခါလောက်ထပ်ခွဲပြလိုက်၊ တစ်ခါလိုက်!"
လုကျန်းသည် ထိုအခန်းထဲတွင် ၎င်းတို့မှအပ အခြားသူရှိနေမည်ဟု ထင်မထားခဲ့ပါ။
လုထောင်အော်သည်ထက် လုကျန်းပို၍ ကျယ်လောင်စွာ အော်လိုက်လေသည်။ "မင်းအဖေက သေပြီ။ မင်းအဖေတင်မဟုတ်ဘူး၊ မင်းအမေလည်း သေတော့မှာ..."
သူ၏စကားမဆုံးခင်တွင်ပင်၊ သူ့အမေ အလျင်အမြန်ရောက်လာကာ သူ့အား လက်မောင်းမှကိုင်၍ ဆွဲခေါ်လေသည်။
"မင်းကတော့ သေတော့မှာပဲ! ဒီအခန်းထဲကို ထပ်မဝင်တော့ဖို့ မင်းကို ငါပြောထားတယ်မလား? မင်းမမှတ်မိဘူးလား?"
လီချွန်းလန် အခန်းတွင်းကိုပဲ မကြည့်ရဲဘဲ၊ သူမသားကိုသာ အပြင်သို့ ဆွဲခေါ်သွားလေသည်။ "တခြားနေရာသွား။ ဒီမှာပြဿနာ လာမရှာနဲ့။"
လုကျန်း အော်ဟစ်ကာ အခန်းဘက်သို့ ပြန်လှည့်သော်လည်း၊ သူသည် လီချွန်းလန်ကဲ့သို့ မသန်မာသဖြင့် အဝေးသို့ ဆွဲခေါ်သွားခံလိုက်ရသည်။
သားအမိနှစ်ယောက် ထွက်သွားသည်နှင့် ရှုံ့မဲ့နေသော် လုထောင်သည် ပုံမှန်အတိုင်း ပြန်ထိုင်လိုက်လေသည်။
ခဏအကြာတွင်၊ သူမ တုန်လှုပ်ကာ ကုတင်ပေါ်သို့ မျက်ရည်စက်များ ကျလာလေသည်။
[သူတို့သွားလိုက်ပြီလား? မင်းက ဘာလို့ ငိုနေပြန်တာလဲ? မင်းအဲ့လောက်ထိ ပျော့တာလား၊ကလေးမလေး?] ပျောက်သွားသော အာ့ဝူလင် ပြန်ပေါ်လာကာ မေးလိုက်လေသည်။
လုထောင်သည် ဘာမျှပြန်မဖြေဘဲ၊ "ဖေဖေ၊ မေမေ၊ မေမေက မလုပ်တော့ဘူး။ မေမေက နေမကောင်းဘူးလား?"
[မဟုတ်ပါဘူး] အာ့ဝူလင် ငြင်းပယ်လိုက်သည်။ [မင်းအမေက အိပ်ပျော်နေတာပါ။ ဖေဖေ ပြောတာကိုနားထောင်ရင်၊ သူ မကြာခင်နိုးလာမှာပါ။] ဟုပြောလေသည်။
"တကယ်လား?"
[တကယ်ပေါ့။]
ရှောင်လုထောင် မျက်ရည်များကိုသုတ်ကာ၊ စနစ်ကပြသည့် အမှတ်နေရာကို ဆက်၍ နှိပ်နယ်ပေးနေလေသည်။
မမျှော်လင့်စွာပင်၊ ထိုသို့နှိပ်နယ်၍အပြီးတွင် ချန်ဖန်းရှု၏ အေးစက်နေသည့် လက်ချောင်းများ ဖြည်းဖြည်းချင်း လှုပ်သွားလေသည်။
လုထောင်၏ မျက်လုံးများ ရုတ်တရပ်ပြူးသွားကာ၊ "အဲ့တာက လှုပ်သွားတယ်!"
သူမမျက်ရည်ပင် ဆက်၍မကျတော့ဘဲ၊ အသက်ရှုရန်၊ မျက်တောင်ခက်ရန်ပင် မေ့လျော့ပြီး သူမအမေ၏ လက်ချောင်းများကိုသာ စိုက်၍ ကြည့်နေလေသည်။
ခဏအကြာတွင်၊ ချန်ဖန်းရှု အနည်းငယ်ထပ်၍ လှုပ်ရှားလာလေသည်။
လုထောင်ချက်ချင်း ရယ်မောလိုက်ပြီး၊ "မေမေ တကယ်လှုပ်သွားတယ်၊ ဖေဖေက တော်လိုက်တာ!"
[အာ၊ဒါပေါ့၊ ငါက မျှော်လင့်ချက် အဖွဲ့အစည်းပရောဂျက်ရဲ့ အကောင်းဆုံးဘဝစနစ် နံပါတ် 250ပဲလေ။]
"အဲ့တာဆို ထောင်ထောင် ဆက်နှိပ်ရင် မေမေနိုးလာမှာလား?"
ရှောင်လုထောင်ပြန်၍ တက်ကြွလာသည်။
သို့သော်၊ သူမ နှစ်နပ်ဆက်တိုက်ပင် အစားမစားရသေးသည့်အတွက် အားအင်မရှိတော့ပေ။
သူမ ချန်ဖန်းရှု၏ လက်မောင်းအား နှိပ်နယ်ရန် ပြင်လိုက်သည်နှင့် ၂၅၀ သည် မစ်ရှင်ပြီးသွားကြောင်းပြောလေသည်။
[ဆုတွေယူလို့ရပြီ...]
ချက်ချင်း၊ မျက်နှာကျက်မှ အဖြူရောင်အိတ်တစ်ခု ပြုတ်ကျလာကာ၊ လုထောင်၏ လက်မောင်းကို ရိုက်မိလေသည်။
ထိုင်လျက် အနားယူနေသော် ကလေးမလေးသည် ကုတင်ပေါ်မှ နောက်ပြန်ပြုတ်ကျသွားသည်။
သူမအပေါ်မှ အထုပ်ကိုဖယ်လိုက်ပြီး အထဲတွင် ပါသည့်အရာများကို ကြည့်လိုက်လေသည်။
"ဒါကဘာလဲ?"
၂၅၀ - [မှန်းကြည့်ပေါ့။]
ကလေးမလေးသည် မခန်းမှန်းတော့ဘဲ၊ ပြန်ထနိုင်ရန်ရုန်းကန်ကာ၊ ကုတင်ပေါ်သို့ပြန်တက်ထိုင်၍ အိတ်ကိုသေချာစွာဖွင့်ကြည့်လေသည်။
သူမဖွင့်လိုက်သည်နှင့် အိတ်ထဲမှ ချိုမြိန်သည့်အနံ့ ထွက်လာလေသည်။
"ကွက်ကီးတွေပဲ!" လုထောင် အံ့ဩစွာ ပြောလိုက်သည်။
ဘီစကွတ်များ၊ ကိတ်မုန့်များလောက် မကြီးသည့် ဘီစကွတ်များကို အိတ်ထဲတွင် သေချာစွာ ထုတ်ပို့ထားလေသည်။ ထိုအိတ်သည် အနည်းဆုံး ၂ကီလို သို့မဟုတ် ၃ကီလိုဂရမ်မျှ အလေးချိန်စီးလိမ့်မည်။
ဘီစကွတ်များ၏ မျက်နှာပြင်ကို အညိုရောင်ဖြစ်သည်အထိဖုတ်ထားပြီး၊ ၎င်းတို့သည် ကြွပ်ကြွပ်ရွရွလည်း ရှိလေသည်။
ရှောင်လုထောင် မနေနိုင်ဘဲ တံတွေးအကြိမ်ကြိမ် မျိုချမိလေသည်။ "စားလို့ကောင်းမယ့်ပုံပဲ။"
[ဒါပေါ့၊ စားလို့ကောင်းတာပေါ့။] အာ့ဝူလင် ပြောလိုက်သည်။ [ဒါက ဈေးထဲမှာ ဝယ်လို့ရတဲ့ ဈေးအကြီးဆုံး ကွတ်ကီးပဲ။ ဒီကွတ်ကီးတစ်ပေါင်က ငှက်ပျောသီးနှစ်ပေါင်နဲ့ ညီတယ်။]
လုထောင်သည် ငှက်ပျောသီးအကြောင်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူမအလွန်ဗိုက်ဆာနေသည်ကိုသာ သိလေတော့သည်။
သူမ တစ်ခုယူ၍ စားဖို့ပင် မစောင့်နိုင်တော့ပေ။ သူမတစ်ကိုက်မျှ ကိုက်လိုက်သည်နှင့် ထိုကွတ်ကီးသည် လျှာပေါ်တွင် အရည်ပျော်သွားလေသည်။
"ဟင်း...အရသာရှိလိုက်တာ..." ကလေးမလေးက ပြောလိုက်သည်။
သူမ ပါးနှစ်ဖက်သည် ဖောင်းနေပြီး ပန်းနုရောင် နှုတ်ခမ်းလေးတွင် ဘီစကွတ်အစအနများ ပေကျန်နေသည်။ သူမသည် ပျော်ရွှင်နေသည့် ဟမ်းစတားလေးနှင့် တူလေသည်။
[နောက်ဆုံးတော့ တိတ်သွားပြီ။ ဒီလူသားလေးတွေက တကယ်ကို အန်ချင်စရာပဲ။]
"ဖေဖေ၊ ဘာတွေပြောနေတာလဲ?"
၂၅၀၏ အသံသည် အလွန်တိုးသည့်အတွက် လုထောင် ရှင်းလင်းစွာ မကြားလိုက်ပေ။
[ဘာမှမပြောပါဘူး။ မုန့်သာစားပါ။ ကလေးတွေက လူကြီးတွေရဲ့ကိစ္စတွေကို မမေးရဘူး။]
"အိုး။"
ကလေးမလေးသည် ရေသောက်ရန်အတွက် ကုတင်ပေါ်မှဆင်းရန် မုန့်ထုပ်အားမချခင် ဘီစကွတ်သုံးခုအား တစ်ပြိုင်နက်တည်း စားပြီးပြီ ဖြစ်သည်။
"ဂစ်~ဗိုက်ပြည့်သွားပြီ။"
ရေသောက်ပြီးနောက်၊သူမ လေချဉ်တက်ကာ၊ မုန့်ထုပ်အိတ်အား ကိုင်ကာ အိမ်အနှံ့လျှောက်သွားလေသည်။
[မင်းဘာလုပ်နေတာလဲ?] ၂၅၀ မှ မေးလိုက်သည်။
"ကွက်ကီးတွေကို ဖွက်မလို့။" လုထောင်မှပြောလိုက်သည်။ "ကိုကိုသာ့ကျန်း မြင်သွားရင် ထောင်ထောင့်အတွက် စားစရာ ဘာမှကျန်မှာမဟုတ်ဘူး။ ထောင်ထောင် အခုထိ မေမေ့ကိုတောင် မကျွေးရသေးဘူး။"
လုကျန်းသည် အလိုလိုက်ခံရနေကျဖြစ်၍ သူမအား အနိုင်ကျင့်နေကျလည်း ဖြစ်သည်။ လုထောင်ဆီတွင် အရသာရှိသည့် မုန့်တစ်ခုမြင်တိုင်း၊ ထိုမုန့်အား နည်းလမ်းရှာပြီး လုသွားတတ်သည်။
မကြာခဏပင်၊ အခြားသူများက လုထောင်အား တစ်ခုခုပေးသည့်အခါ၊ အမျိုးသမီးလုက အတင်းယူပြီး သူမအကြီးဆုံးမြေးကို ပေးလေည်။
လုထောင် သေသေချာချာ မှတ်မိသဖြင့်၊ သူမမသက်အရွယ်ငယ်ငယ်နှင့်ပင်၊ သူခိုးရန်မှလွတ်ရန် သိုဝှက်ထားရမည်ကို သိနေပြီဖြစ်သည်။
အချိန်အတန်ကြာ၊ လျှောက်ကြည့်ပြီးနောက်တွင်၊ ထိုင်ခုံပေါ်မှတစ်ဆင့် စားပွဲပေါ်သို့ တက်လိုက်ပြီး၊ စားပွဲ၏ အတွင်းဘက်အကျဆုံး ထောင့်တစ်နေရာတွင် ဝှက်ထားလိုက်လေသည်။
ဝှက်ပြီးနောက် ပြန်ဆင်းကာ၊ စားပွဲပတ်ပတ်လည်မှ ဝှက်ထားသည်ကို မြင်ရမရသိရရန် သေသေချာချာ ပတ်ကြည့်လေသည်။
ကောင်းတယ်၊ အခုဆိုဘယ်နေရာကကြည့်ကြည့် မမြင်ရတော့ဘူး၊ ဒီလောက်ဆို လုံခြုံပါပြီ။
ကလေးမလေးသည် စိတ်သက်သာရာရသွားပြီး သူမ၏ ပြည့်နေသော ဝမ်းဗိုက်အား ပုတ်ကာ၊ "ထောင်ထောင်က တကယ်တော်တာပဲ။"
၂၅၀ - [...ထောင်ထောင်လေး၊ လူကြီးတစ်ယောက်ရဲ့ အရပ်နဲ့ဆိုရင် တစ်ချက်လှမ်းကြည့်လိုက်တာနဲ့ မြင်ရတယ်လို့ မထင်ဘူးလား?]
"အဲ့လိုလား?"
လုထောင်စိတ်ရှုပ်သွားပုံရကာ၊ ခဏအကြာ တွေးတောပြီးနောက်၊ သူမကုတင်ပေါ်သို့ ပြန်တက်သွားလေသည်။
[ဒါကိုအုပ်ထားမယ် လို့တော့ မပြောနဲ့နော်။]
"ထောင်ထောင် အဲ့လောက် မတုံးပါဘူး။"
လုထောင် အခင်းကို၊ ကုတင်ပေါ်တွင် ဖြန့်လိုက်ပြီး၊ ထောင့်အနားတွေကို မ ရင်း ကိုယ်ပါဝင်၍ ပတ်လိုက်လေသည်။
ခဏအကြာတွင်၊ သူမ၏ တင်ပါးမှလွဲ၍ ခေါင်းနှင့် ကိုယ်တစ်ဝက်လောက်သည် ထိုအထဲတွင်ရှိလေသည်။ "အခုဆိုမှောင်သွားပြီ၊ ဘယ်သူမှ မမြင်နိုင်တော့ဘူး!"
[ဘုရားရေ၊ ငါမင်းကို မမြင်ရတော့ဘူး။ မင်းက ငါမမြင်ရတဲ့ တစ်ယောက်တည်းသောသူပဲ၊ ဟုတ်ပြီလား?]
၂၅၀ သည် သူမ၏ တုံးအမှုကြောင့် ငိုရမလိုပင်ဖြစ်နေလေသည်။
ထို့နောက်၊ အပြင်မှ လျင်မြန်သည့် ခြေသံများ ကြားလိုက်ရလေသည်။
"ထောင်ထောင်၊ ကိုကိုပြန်လာပြီ!"
လုထောင်၏ အစ်ကို၊ လုဟွေ့ ဖြစ်လေသည်။
လုကောပင်းတွင် အနီးအနားရွာတွင် နေထိုင်သည့် အသိမိတ်ဆွေတစ်ယောက် ရှိလေသည်။ ထိုသူ၏ ဒုတိယသားမှာ၊ လုဟွေ့နှင့် အသက်ရွယ်တူပင်ဖြစ်သည်။
ထိုကလေးနှစ်ယောက်သည် အတူတူကြီးပြင်းလာခြင်းဖြစ်ရာ မူလတန်းကျောင်းလည်း အတူတက်ခဲ့ကြလေသည်။ အချိန်နောက်ကျသည်အထိ ဆော့ကစားပြီးလျှင် တစ်ယောက်အိမ်တွင် တစ်ယောက်အိပ်လေ့ရှိကြသည်။
လုဟွေ့ မနေ့ညတွင် သူ့သူငယ်ချင်းအိမ်တွင် အိပ်ရာ၊ ယခုမှသူ့အိမ်သို့ ပြန်ရောက်လာခြင်းဖြစ်သည်။
သူမအစ်ကို၏ အသံကိုကြားသော်၊ လုထောင်သည် ဖိနပ်ပင်မစီးတော့ဘဲ ပတ်ထားသည်ကိုဖယ်ကာ သူမအစ်ကိုဆီသို့ ပြေးရင်း ပြောလေသည်။ "ကိုကို၊ ကိုကို့အတွက် စားလို့ကောင်းတာရှိတယ်!"
ထို့နောက် သူမ ပွေ့ချီခံရလိုက်ရလေသည်။
ခုနှစ်နစ်အရွယ် လုဟွေ့သည် ချည်သားဖြင့် ချုပ်လုပ်ထားသည့် အဝတ်အစားကို ဝတ်ဆင်ထားကာ၊ ပုခုံးတွင်လည်း လွယ်အိတ် လွယ်ထားသည်။ သူ၏ အသွင်အပြင်သည် လုထောင်နှင့် ၅၀ %မျှ ဆင်တူလေသည်။
သူ၏ ညီမလေးအား ချီကာ အိမ်ထဲသို့ပြန်ခေါ်လာပြီး၊ လူကြီးတစ်ယောက်ကဲ့သို့ ဆူပူလေသည်။ "မြေကြီးကဒီလောက်အေးနေတာကို၊ ဘာလို့ဖိနပ်မစီးထားတာလဲ..."
သူ့စကားမဆုံးခင်ဘဲ၊ ရုတ်တရပ် မျက်နှာထားပြောင်းသွားကာ၊ "မေမေက ဘာဖြစ်တာလဲ?"
ကုတင်ပေါ် လှဲနေသည့် အမျိုးသမီးသည် ဖြူဖျော့သည့်မျက်နှာ၊ ပိတ်ထားသည့် မျက်လုံးများ အပြင်၊ သူမခေါင်းနှင့် ဘယ်ဘက်ပေါင်တွင် ပတ်တီးများလည်း စီးထားလျက် ရှိလေသည်။
လုဟွေ့သည် မူလတန်းကျောင်းပင် တက်နေပြီဖြစ်၍ အလွယ်တကူ အရူးလုပ်၍ မရပေ။
"အဘွားက မေမေ့ကို အနိုင်ကျင့်ပြန်ပြီလား?" သူ့ညီမအား မေးလိုက်သည်။
လုထောင်သည် အဖြေရှာမရဖြစ်ကာ ပြန်မဖြေနိုင်ပေ။
လုဟွေ့သည် စိတ်တိုလာကာ မျက်နှာတစ်ပြင်လုံး နီရဲလာပြီး၊ "ငါ သူ့ကိုသွားရှာမယ်!" ဟုဆိုကာ လှည့်၍ ပြေးသွားလေသည်။
သူပြေးထွက်သွားသည့်အချိန်တွင်၊ အမျိုးသမီးလု ခြံထဲတွင် လမ်းလျှောက်ရင်း တစ်စုံတစ်ယောက်နှင့် စကားပြောနေသည်ကို မြင်လိုက်ရသည်။
လုဟွေ့ ဘာမျှစဉ်းစားမနေတော့ဘဲ၊ သူမနောက်ကိုလိုက်ကာ "ခင်ဗျား မေမေ့ကို ရိုက်လိုက်တာလား?" ဟုစိတ်တိုစွာဖြင့် မေးလိုက်သည်။