ပြန်ပေးဆွဲခြင်း
Vol. 1 Ch. 7
အမျိုးသမီးလုသည် ဗဟုသုတနည်းသည့် ကျေးလက်သူတစ်ဦးဖြစ်ရာ ဝတ်စုံပြည့်ဖြင့် ရဲသားတို့ကိုမြင်သော် အနည်းငယ်ကြောက်သွားလေသည်။
ရဲသားများ ပြောသည်ကို ကြည့်ရလျှင်တော့...
သူမ ဒုက္ခရောက်ပြီ၊ သူမအကြီးအကျယ် ဒုက္ခရောက်လေပြီ!
ယခုလေးတင်၊ သူမ မြေးကိုရိုက်ပြီး အိမ်နီးချင်းနှင့် အပြိုင်ရန်ဖြစ်ခဲ့သည့် အမျိုးသမီးလု အင်အားဆုတ်ယုတ်လာလေသည်။
သူမ မနည်းပြုံးပြလိုက်ကာ၊ "ဆရာတို့ အမှားများလုပ်မိတာလားမသိဘူး?"
မျက်နှာထား ရုတ်တရပ် ပြောင်းလဲသွားသည့်အတွက် ထိုအပြုံးမှာ ထူးဆန်းသည့်ပုံ ပေါ်နေသည်။
လုထောင် တစ်ချက်ကြည့်သည်နှင့် ကြောက်သွားပြီး သူမအမေ၏ ခြေထောက်ဆီသို့ ခေါင်းအပ်ထားလိုက်သည်။
"ခင်ဗျားက ရယ်ကျူဟွာလား?"
ရဲသားနှစ်ဦးသည် ခြံထဲတွင်ဖြစ်ပျက်နေသည့် အခြေအနေကို အကဲခတ်ကာ အမျိုးသမီးလု အားမေးလိုက်သည်။
အမျိုးသမီးလု ခေါင်းညိမ့်ကာ၊ "ဟုတ်တယ်၊ဟုတ်တယ်၊ဟုတ်တယ်၊ ကျွန်မပါ၊ ဒါပေမယ့် ကျွန်မ ဘယ်သူ့ကိုမှမသတ်ဖူးပါဘူး၊ အရာရှိကြီးတို့ အဲ့တာတော့ သေချာပြောနိုင်ပါတယ်။"
ရဲသားကြီးမှ ဘက်လိုက်မှုမရှိဘဲ၊ "ခင်ဗျားက ခင်ဗျားချွေးမ ချန်ဖန်းရှုကို နှိပ်စက်တယ်လို့တိုင်စာရထားတယ်ဗျ၊ လုကောပင်း ပျောက်ဆုံးနေတာနဲ့လည်း ပက်သက်မှုရှိတယ်လို့ သံသယရှိတာမလို့ ကျွန်တော်တို့စစ်ဆေးမှုမှာ ပူးပေါင်းပေးပါဗျ။" ဟုပြောလေသည်။
"အဲ့တာ အမှန်မဟုတ်ဘူး!" အမျိုးသမီးလု ခေါင်းခါကာ၊ "ကျွန်မ ချွေးမက ဟိုမှာရပ်နေပါတယ်၊ ကျွန်မသူ့ကိုမနှိပ်စက်ပါဘူး။"
ရဲသားနှစ်ဦး သူမညွှန်ပြရာကို ကြည့်ကာ၊ "ခင်ဗျားက ချန်ဖန်းရှုလား? ဟု မေးလိုက်လေသည်။
ချန်ဖန်ရှု ခေါင်းညိမ့်လိုက်ပြီး၊ "ဟုတ်ပါတယ်၊ ကျွန်မက ချန်ဖန်းရှုပါ၊ အရာရှိတို့။"
သူမသတိမေ့နေသည်မှာ နှစ်ရက်ရှိပြီဖြစ်ပြီး အားအင်ကုန်ခမ်းကာ၊ သူမဒ ဏ်ရာရထားသည့် ခြေထောက်ကို ဖြည်းဖြည်းချင်းမ၍ အားယူကာ လမ်းလျှောက်လာလေသည်။
ထိုအချိန်တွင် သူမမျက်နှာသည် သွေးလုံးဝမရှိတော့သကဲ့သို့ ဖြူဖျော့နေပြီး၊ နဖူးမှချွေးစက်များကျကာ၊ သူမအားကုန်သုံးပြီး နာကျင်မှုကို တိုက်ခိုက်နေရလေသည်။
ရဲသားနှစ်ဦးလည်း ဆက်မကြည့်နိုင်တော့ဘဲ သူမအား ထိုင်ခုံတွင်ထိုင်စေပြီး၊ သူမ၏ အချက်အလက်များ စတင်မေးမြန်းလေသည်။ "နာမည်၊အသက်နဲ့ ဘာအလုပ်လုပ်တယ်ဆိုတာ ပြောပြပေးပါဗျ၊ ခင်ဗျား ယောက္ခမက ခင်ဗျားကို အကြမ်းဖက်နှိပ်စက်တယ်လို့ တစ်ယောက်ယောက်က တိုင်ထားတယ်၊ သူတကယ်ပဲ ခင်ဗျားကို အကြမ်းဖက်သလားဗျ?"
အမျိုးသမီးလု ကြားသော်၊ ချက်ချင်း အော်လိုက်သည်။ "အဲ့တာ ငါနဲ့ဘာမှမဆိုင်ဘူး! သူ့ဘာသာသူ ကားတိုက်ခံရတာ၊ ငါနဲ့ နည်းနည်းမှ မဆိုင်ဘူး!"
ချန်ဖန်းရှု ထိုညအကြောင်း ရှင်းရှင်းလင်းလင်း မမှတ်မိသော်လည်း ခနတွေးတောကာ၊ ခေါင်းညိမ့်ပြီး၊ "ကျွန်မကားတိုက်ခံရတာ မှန်တယ်ထင်တယ်။"
ဤသည်ကိုကြားသော အမျိုးသမီးဝမ် လှမ်းအော်လေသည်။ "ဖန်းရှု၊ သမီးက စိတ်ကောင်းရှိပြီး ကိစ္စကိုမကြီးစေချင်ဘူးဆိုတာ အန်တီသိပါတယ်၊ ဒါပေမယ့် သမီးကလေးတွေအတွက် ထည့်တွေးရမယ်လေ။ သူက ကလေးတွေကို အနိုင်ကျင့်နေတာ ကြာပြီ။ ဒီလိုအချိန်မှ သူ့ကိုပညာမပေးရင်၊ သမီးတို့ ရှေ့လျှောက် ဘယ်လိုနေကြမှာလဲ?"
"ငါဘယ်တုန်းက အနိုင်ကျင့်လို့လဲ?" အမျိုးသမီးလု ထခုန်ကာ၊ "ငါ့ကိုကြည့်မရလို့ နင်တိုင်လိုက်တာလား? နင်မလား?" ဟု စိတ်ဆိုစွာ အော်ဟစ်လေသည်။
"နင့်ကို ကြည့်မရတဲ့သူတွေမှ အများကြီးရှိတာကို၊ ဘာလို့ ငါလို့ထင်တာလဲ? နင်လူ့ကျင့်ဝတ် တစ်စက်မှ မရှိတာ အကုန်သိတယ်.."
အမျိုးသမီးနှစ်ဦး ရန်ဖြစ်သည်ကိုမြင်သော်၊ ရဲသားမှ အော်လိုက်လေသည်၊ "ကျွန်တော်တို့ အမှုစုံစမ်းနေတာမလို့၊ တိတ်တိတ်နေပေးကြပါ!"
နှစ်ဦးသား တိတ်ဆိတ်သွားသော်လည်း၊ အရှုံးမပေးနိုင်သည့် အကြည့်ဖြင့် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြလေသည်။
ရဲသားနှစ်ဦးသည် ချန်ဖန်းရှူကို မေးခွန်းပြန်မေးသည့် အခါတွင်တော့ ချိုသာစွာ မေးမြန်းလေသည်။ "စိတ်မပူဘဲ အမှန်ကိုပြောပြပါ။ စစ်ဆေးကြည့်လို့ အမှန်သာဆိုရင် ခင်ဗျားကို အကြမ်းဖက်တဲ့သူက ကြီးလေးတဲ့အပြစ်ဒဏ် မခံရရင်တောင် ထိန်းသိမ်းခံရပြီး ဒဏ်ကြေးဆောင်ရမှာပါ။"
"ထိန်းသိမ်းခံရမယ်?" အမျိုးသမီးဝမ် ရယ်လေသည်။
အမျိုးသမီးလု ဇောချွေးများပင်ပြန်နေပြီး၊ "အရာရှိကြီးတို့၊ ကျွန်မ ရှင်းပြတာကိုလည်း နားထောင်ပေးပါဦိး။ ကျွန်မ တစ်ကယ်သူ့ကိုမရိုက်ပါဘူး။"
သူမပြောလို့မပြီးခင်ပင်၊ လုထောင် တွေဝေမှုမရှိ စကားဖြတ်ပြောလိုက်လေသည်၊ "အွတ်...အွတ်...အွတ်...ကိုကို..."
ကလေးမလေးက တံမြက်စည်းရှိရာသို့ ညွှန်ပြလေသည်။
အမျိုးသမီးလု စိတ်တိုစွာဖြင့်၊ "လူကြီးတွေ စကားပြောနေတယ်၊ ကလေးတွေ ပါးစပ်ပိတ်ထား!"
လုထောင် သူမပါးစပ်အား လက်ဖြင့်ပိတ်ကာ၊ ချန်ဖန်းရှု ခုံဘေးတွင် ဆောင့်ကြောင့် ထိုင်လိုက်လေသည်။
ချန်ဖန်းရှုသည် မည်သည့်ဘက်မှ မလိုက်ပေ။ သူမကားတိုက်ခံရသည်ဟု ခံစားရသဖြင့် အမျိုးသမီးလုအဖမ်းခံရရန် ထိုအခွင့်အရေးကိုမယူပေ။
ရဲသားနှစ်ဦး ထွက်ဆိုချက်ယူပြီးသော် ပြန်ရန် နှုတ်ဆက်လေသည်။ "အဲ့တာဆိုရင်တော့၊ ကျွန်တော်တို့ ခင်ဗျားကို မနှောင့်ယှက်တော့ပါဘူး။ ပူးပေါင်းပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ။"
ထို့နောက် သူသည် အမျိုးသမီးဘက်သက် လှည့်ကြည့်ကာ တစ်ခုခုအား ဆိုလိုချင်သည့် သဘောဖြင့်၊ "ချန်ဖန်းရှုခင်ဗျ၊ ပြဿနာတစ်ခုခုရှိခဲ့ရင်၊ အမျိုးသမီးရေးရာမှာ တိုင်ကြားလို့ရပါတယ်ဗျ။ အမျိုးသမီးရေးရာက ကျွန်တော်တို့ အဖွဲ့ဝင်တွေက အမျိုးသမီးတိုင်းကို ကူညီဖို့ အသင့်ရှိပါတယ်ခင်ဗျ။"
အမျိုးသမီးလု သူတို့ထွက်သွားသည်ကိုမြင်မှ သက်ပြင်းချနိုင်ပြီး ပြုံးကာ၊ "နောက်မှတွေ့မယ်နော်၊ အရာရှိကြီးတို့။" ဟုပြောလေသည်။
"ခနနေပါဦး။" ချန်ဖန်းရှု ရုတ်တရပ် ပြောလိုက်သည်၊ "ကျွန်မ အရာရှိကြီးတို့ကို မေးစရာရှိသေးတယ်။"
အမျိုးသမီးလု မျက်နှာ ချက်ချင်းပင် မှောင်မဲသွားကာ၊ "အရာရှိတွေကို ဘာဒုက္ခပေးဦးမလို့လဲ?" ဟုပြောလေသည်။
ချန်ဖန်းရှု သူမအား မကြည့်ဘဲ၊ တည်ငြိမ်စွာ ပြောလိုက်လေသည်၊ "ကျွန်မသားကို လူကုန်ကူးတဲ့အတွက် ကျွန်မယောက္ခမရယ်ကျူဟွာကို အမှုဖွင့်ချင်ပါတယ်။"
လူကုန်ကူးတယ်?
ရဲသားနှစ်ဦး တစ်ဦးနှင့် တစ်ဦး ကြည့်ကာ ရပ်လိုက်လေသည်။
ထိုအချိန်တွင် အမျိုးသမီးလု ထိတ်လန့်ကာ၊ "နင်ရူးသွားပြီလား? ငါဘယ်တုန်းက နင့်သားကို ပြန်ပေးဆွဲလို့လဲ?"
"ရှောင်ဟွေ့ကို ပြန်ပေးမဆွဲဘူးဆိုရင် ဒီမှာရပ်နေတဲ့ နှစ်ယောက်က ဘယ်သူတွေလဲ?"
ချန်ဖန်းရှု အနားရှိ အမျိုးသမီးနှင့် အမျိုးသားအား ညွှန်ပြကာ၊ "ကျွန်မယောက္ခမက ကျွန်မ သတိမေ့နေတာကို အခွင့်ကောင်းယူပြီး၊ ကျွန်မသားကို ရောင်းစားဖို့ စီစဉ်ခဲ့တယ်။ အရာရှိကြီးတို့ လာတုန်းက ကျွန်မတို့ပြဿနာဖြစ်နေတာ အဲ့တာကြောင့်ပါ။"
သူမသည် အရင်က အလွန်တုံးအခဲ့လေသည်။ သူမသာဒေါသကို မျိုသိမ့်ထားလိုက်လျှင် သူမအမျိုးသားလည်း ကြားညှပ်မနေစေဘဲ ကောင်းမွန်တဲ့ မိသားစုဆက်ဆံရေးကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။
အကြိမ်ကြိမ်အခါခါ သည်းခံပြီးနောက် သူမပြန်ရခဲ့သည်မှာ ပိုဆိုးရွားလာသည့် ကိစ္စများပင်ဖြစ်သည်။
ယခုတော့ သူမက ရှောင်ဟွေ့ကိုပင် ရောင်းစားဖို့ကြံစည်နေလေသည်၊ ထို့ကြောင့် သူမအား အဘယ်သို့ မိသားစုဝင်ဟု သတ်မှတ်နိုင်မည်နည်း?
ချန်ဖန်းရှုဆီမှ လက်ညိုးထိုးခံရသော် သတ်လတ်ပိုင်းအမျိုးသမီးမှ၊ ပြာယာခတ်သွားပြီး "ကျွန်မ၊ ကျွန်မတို့ ဘာမှမလုပ်ပါဘူး။" ဟုပြောလေသည်။
သတ်လတ်ပိုင်း အမျိုးသားမှာတော့ တည်ငြိမ်စွာဖြင့်၊ "အရာရှိကြီးခင်ဗျ၊ ကျွန်တော်တို့ ဘာမှမသိပါဘူးဗျာ။ကျွန်တော်တို့ လက်ထပ်ထားတာ နှစ်၂၀ကျော်ရှိနေပြီပေမယ့် ကလေးမရှိလို့ တစ်ယောက်မွေးစားချင်တာပါဗျာ။ ဒီအမျိုးသမီးက၊ သူ့သားနဲ့ချွေးမနှစ်ယောက်လုံးသေသွားပြီး သူ့မြေးကိုကျွေးမွေးမယ့်သူမရှိလို့ ကျွန်တော်တို့မွေးစားချင်လားဆိုပြီး မေးခဲ့တာပါ။ ကျွန်တော်တို့သိရတော့၊ ကလေးကိုသနားတာနဲ့ လာကြည့်တာပါခင်ဗျ။" ဟုပြောလေသည်။
"ဟုတ်တယ်။ အဲ့တာအမှန်ပါပဲ။" ဟုဆိုကာ အမျိုးသမီးမှ ခေါင်းညိမ့်လေသည်။
သူတို့နှစ်ဦးသည် သူတို့နာမည်ကိုသာ ရှင်းလင်းပြီး အမျိုးသမီးလုအား တရားခံအဖြစ် ၎င်းပေါ်သို့ အပြစ်ကုန်ပုံချလေသည်။
အမျိုးသမီးလုကြားသော်၊ အလွန်စိတ်တိုကာ ၎င်းတို့အားစိုက်ကြည့်နေလေသည်။
ရုတ်တရပ် လုဟွေ့မှ၊ "မွေးစားတာက ငွေပေးရလို့လား? တစ်ခါတစ်လေ ၈၀၊ တစ်ခါတစ်လေ ၁၀၀လို့ ပြောနေတာ ကျွန်တော် အကုန်ကြားလိုက်တယ်။" ဟုပြောလေသည်။
"အဲ့တာက... မင်းမိသားစုက မင်းကို ဒီအရွယ်အထိ ကျွေးမွေးခဲ့တာမလို့၊ ကလေးစရိတ်အတွက် ထောက်ပံ့ကြေးမပေးရင် မကောင်းဘူးလေ။"
ထိုလူကြီးပြောသည်မှာ အဓိပ္ပါယ်ရှိလေသည်။
သို့သော်၊ ချန်ဖန်းရှုမှာ အမျိုးသမီးလုအား တရားစွဲမည်ဟု စိတ်ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။ ထို့နောက် ကာယကံရှင် လုဟွေ့နှင့် သက်သေအဖြစ် အမျိုးသမီးဝမ်လည်း ရှိလေသည်။ အမျိုးသားနှင့် အမျိုးသမီးတို့ အတတ်နိုင်ဆုံး ရှင်းပြသော်လည်း ရဲသားတို့က သူတို့အား မေးမြန်းစုံစမ်းရန် စခန်းသို့ ခေါ်သွားလေသည်။
အမျိုးသမီးလုအား ခေါ်သွားစဉ်၊ သူမသည် မျက်နှာများဖြူဖျော့လာပြီး ခြေထောက်များတုန်ကာ၊ သူမ မလုပ်ကြောင်းကိုသာ ဆက်တိုက် ရှင်းပြနေလေသည်။
လုကောဖု ရပ်မကြည့်နိုင်တော့သဖြင့်၊ အမျိုးသမီးလုဘက်မှ ဝင်ပြောရန်ပြင်လိုက်သည်။
တံခါးနောက်တွင် ကွယ်နေသည့် လီချွန်းလန်မှ သူမယောင်္ကျားပါ အမှုပတ်မည်ကို စိုးသဖြင့် အင်္ကျီစအား လှမ်းဆွဲလေသည်။
လုကောဖု လျစ်လျူရှုလိုက်သည်။
လီချွန်းလန် သူမဗိုက်အားကိုင်ကာ မြေကြီးပေါ်သို့ လှဲချလိုက်ပြီး၊ "ကောဖု၊ ကျွန်မ၊ ကျွန်မဗိုက်နာတယ်..." ဟုလှမ်းအော်လေသည်။
လုကောဖု သူမလဲကျထားသည်ကို သတိရကာ၊ ကူညီရန် အမြန်ပြေးလာလေသည်။ "ချွန်းလန်၊ချွန်းလန်၊ ဘာဖြစ်တာလဲ?"
သူမသားမှ သူမအားပစ်ကာ ချွေးမဆီသို့ ပြေးသွားသည်ကိုမြင်သော် အလွန်စိတ်တိုသည်မှာ ထိုနေရာတွင်ပင် သူမပွဲချင်းပြီး သေသွားတော့မလိုပင် ဖြစ်လေသည်။
အမျိုးသမီးလု ပါသွားသည့် သုံးဘီးယာဉ်ထွက်သွားသော်၊ ဝမ်မိသားစုမှ အိမ်သားများထွက်လာကြလေသည်။
"ဒီတစ်ခါတော့ အမှုကြီးတာပဲ။ သူမ တကယ်ထောင်ကျမယ်ထင်လား?"
"ထောင်ကျကျ မကျကျ၊ နှစ်ရက်လောက် ထိန်းသိမ်းခံလိုက်ရရင်ကို သူမျက်နှာပျက်ပြီပဲ။"
"သူနဲ့တန်တာပဲလေ။ ငါသာ ဖန်းရှုဆိုရင်၊ အရင်တည်းကဒီလိုလုပ်ပြီးနေပြီ။ သူမ ဘာတွေတွေးနေတာလဲ? ကိုယ့်မြေးကိုတောင် ရောင်းစားတယ်။ သူမ ဘက်လိုက်ပြီးချစ်ရင်တောင် စည်းတော့ရှိရမှာပေါ့။ ကောပင်းက သူ့သားအရင်းရော ဟုတ်ရဲ့လားမသိဘူး..."
"ဘာပြောလိုက်တယ်?" အမျိုးသမီးဝမ်မှ မေးလိုက်သည်။
ဝမ်လောင်သာ့ မိန်းမမှ၊ "ကောပင်းက သူ့သားအရင်းမဟုတ်လောက်ဘူးလို့ ထင်လို့လေ။ ဘာလို့လဲ?" ဟုမေးလေသည်။
"သူ့သားအရင်းမဟုတ်လောက်ဘူး..." အမျိုးသမီးဝမ် တီးတိုးပြောဆိုနေလေသည်။ "သူ့သားအရင်းမဟုတ်လောက်ဘူး..."
ခြံထဲတွင် ဘယ်သူမှမရှိတော့သော်၊ ချန်ဖန်းရှု လုကောဖုနှင့် သူမိန်းမအား မကြည့်ဘဲ၊ အိမ်ထဲဝင်ရန် အားယူ၍ ထလေသည်။
လုကောဖုမြင်သော်၊ သူ၏အသံနက်နက်ဖြင့်၊ "ကျွန်တော့်အမေတော့ ထောင်ကျတော့မယ်၊ မရီးကျေနပ်ပြီလား?" ဟုပြောလေသည်။
ချန်ဖန်းရှု လှည့်မကြည့်ဘဲ ပြောလိုက်သည်။ "ရှောင်ဟွေ့ကို ရောင်းစားခိုင်းတာ ငါမှမဟုတ်ဘဲ။"
လုကောဖု နင်သွားလေသည်။
သူမကလေးနှစ်ယောက်ကိုခေါ်ပြီး၊ ချန်ဖန်းရှု အိမ်ထဲသို့ ဝင်သွားလေသည်။
သူမကုတင်ပေါ်တွင် လှဲလိုက်သော်၊ ရေစိမ်ထားသကဲ့သို့၊ ချွေးများရွှဲနစ်နေလေသည်။
ရှောင်လုထောင် ဘေစင်သို့ အမြန်ပြေးကာ၊ ရေပတ်တိုက်ရန် တံဘက်တစ်ထည်ကို ရေစွတ်လာလေသည်။
"ထောင်ထောင်က လိမ္မာလိုက်တာ။"
ချန်ဖန်းရှု သူမသမီး၏ လက်နုနုလေးအားကိုင်ကာ ပြောလိုက်ပြီး၊ မျက်ရည်များ စတင်စီးကျလာလေသည်။
သူမအမြန်သုတ်လိုက်ကာ သူမသားအကြီးအား မေးလိုက်လေသည်။ "မေမေအိပ်ပျော်နေတာ ဘယ်နှရက်ရှိပြီလဲ?"
လုဟွေ့ -"နှစ်ရက်ရှိပြီ။"
"ဒီနှစ်ရက်အတွင်း သားတို့ ဘာတွေစားကြလဲ? သားတို့အဘွားက ထမင်းကျွေးလား?"
ခုဟွေ့ ခဏမျှ တိတ်ဆိတ်သွားပြီး၊ အမှန်ကိုပြောလိုက်လေသည်၊ "မကျွေးဘူး။"
"မကျွေးဘူးလား!!"
ချန်ဖန်းရှူ အလွန်စိတ်တိုကာ ပြန်လည် သတိမေ့သွားမတတ်ပင် ဖြစ်သည်။ "သားဦးလေးတို့ကိုရော သားသွားမရှာဘူးလား?"
လုဟွေ့ ပို၍တိုးသောအသံဖြင့်၊ "ရှာတယ်။ အန်တီက ဦီးလေးကို ပြောလိုက်မယ်လို့ ပြောတယ်။" ဟုပြောလေသည်။
ချန်ဖန်းရှု ခဏမျှ တိတ်ဆိတ်သွားလေသည်။
သူမစိတ်မကောင်းသည်ကို မြင်သော်၊ လုဟွေ့မှ အမြန်၊ "စိတ်မပူပါနဲ့၊မေမေ။ သားတို့စားထားတယ်။ နည်းနည်းမှဗိုက်မဆာဘူး။" ဟုပြောလေသည်။
ချန်ဖန်းရှု မယုံနိုင်ဘဲ၊ "သားတို့ကို ထမင်းဟင်းချက်တတ်အောင်မှ မေမေ မသင်ပေးထားတာ၊ သားတို့ဘာချက်စားနိုင်မှာလဲ..."
သူမပြောလို့မပြီးခင်၊ လုထောင်မှ ဘီစကွတ်အိတ်အား သူမအမေရှေ့သို့ချကာ၊ "မေမေ...အွတ်...မေမေ...စား..."
ချန်ဖန်းရှု အံ့ဩသွားကာ၊ "ဒီဘီစကွတ်တွေ ဘယ်ကရတာလဲ?" ဟုမေးလေသည်။
လုဟွေ့ - ထောင်ထောင်ပြောတာတော့ ဖေဖေပေးတာတဲ့။
"သားတို့ အဖေပြန်လာပြီလား?"
ချန်ဖန်းရှု၏ မျက်လုံးမှားတောက်ပလာသော်လည်း၊ သူမချက်ချင်း မဖြစ်နိုင်ဟု တွေးကာ၊ "မဟုတ်ဘူး။ ကောပင်းသာပြန်လာရင်၊ သူ သားကို ရောင်းစားရဲမှာမဟုတ်ဘူး။"
သူတို့အဖေကိစ္စသည် မဖြေရှင်းနိုင်သည့် လျှို့ဝှက်ချက်အဖြစ် တည်ရှိနေလေသည်။
လုထောင်သည်လည်း ရှင်းမပြနိုင်ကာ၊ မည်သူမှလည်း မခန့်မှန်းနိုင်ချေ။
ထို့နောက်၊ ချန်ဖန်းရှု ဘာမျှမပြောဘဲ တိတ်တဆိတ်ပင် မျက်ရည်များ ကျလာလေသည်။
သို့သော်၊ သူမ ကလေးနှစ်ယောက် အနားတွင်ရှိနေသောကြောင့် သူမပြန်၍ တက်ကြွလာပြီး၊ လုဟွေ့အား ဆရာစန်းအား သွား၍ပင့်စေသည်။
ဆရာစန်းသည် ချန်ဖန်းရှု မည်သည့်ကုသမှုမျှ မခံယူဘဲ အလိုအလျောက် သတိပြန်ရလာမည်ဟု မထင်ထားခဲ့ပေ။
ထို့အပြင်၊သူမ၏ စကားပြောဆိုပုံအရ သူမအားနည်းနေသည်မှလွဲလျှင် ခေါင်းထိထားသည့် အရိပ်အယောင်မတွေ့ရချေ။
ချန်ဖန်းရှု သတိရလာပုံကို နားထောင်ပြီး ခေါင်းညိမ့်ကာ ဆရာစန်းသည် ဤသည်မှာ အံ့ဖွယ်ဖြစ်ရပ်ဖြစ်ကြောင်းသာ ဆက်တိုက်ပြောနေလေသည်။ "မအေနဲ့ကလေးတွေဆိုတာ ဆက်နွယ်နေတာပဲ။ ကလေးကို စိတ်ပူလွန်းလို့ ရှောင်ဟွေ့ ဒုက္ခရောက်တာနဲ့ သတိပြန်ရလာတာပဲ။"
သူပြောလို့ပြီးသည်နှင့်၊ လုထောင် နောက်ထပ်အသံတစ်သံကြားလိုက်ရလေသည်။ "ဘယ်ကသာ မအေနဲ့ကလေးဆက်နွယ်တာ။ ဒီစနစ်ရဲ့ အနှိပ်အစွမ်းကြောင့်ဆိုတာ အသိသာကြီးပဲ!"
ကလေးမလေးကြားသည်နှင့်၊ သူမအမေအား ဆွဲကာ၊ "ဖေဖေ...အွတ်...ဖေဖေ...အွတ်...အွတ်..." ဟုပြောလေသည်။
သူမစိတ်လှုပ်ရှားသည်နှင့် ရပ်သွားပြီးသော ကြို့လည်းပြန်ထိုးလာကာ ယခင်ကထက်ပိုဆိုးလေသည်။
ချန်ဖန်းရှုမြင်သော် အနည်းငယ်စိုးရိမ်သွားပြီး၊ "ဆရာစန်း၊ ထောင်ထောင် ဘာဖြစ်သွားတယ်လို့ထင်လဲ? သူခဏခဏကြို့တွေထိုးနေတယ်။" ဟုပြောလေသည်။
"ဘာမှမဖြစ်ပါဘူး။" ဆရာစန်းမှပြောလိုက်သည်၊ "ကြို့ထိုးတယ်ဆိုတာက ချွေးထွက်တာတို့၊ လေလည်တာတို့လို့ သဘာဝဖြစ်ရပ်တစ်ခုပါပဲ၊ ခဏလောက်နေရင် ပျောက်သွားမှာပါ။ မင်း စိုးရိမ်ရင်တော့၊ သူ မသိတဲ့အချိန်မှာ ခြောက်လိုက်၊ လန့်အောင်လုပ်လိုက်ရင် ပျောက်သွားလိမ့်မယ်။"
သူမအား ပြန်လှဲရန်နှင့် လအနည်းငယ်အထိ လှုပ်လှုပ်ရှားရှား မလုပ်ရန် မှာကြားလေသည်။ ထို့နောက် ဆရာစန်းမှ အရိုးပြန်ဆက်စေရန် ဆေးပေးပြီး ပြန်သွားလေသည်။
ချန်ဖန်းရှု ဆေးသောက်ပြီးသော်၊ မျက်လုံးမှိတ်ကာ၊ ကုတင်ပေါ်တွင် တိတ်တဆိတ်လှဲနေလိုက်လေသည်။
သူမသည် ယခုလက်ရှိအခြေအနေနှင့် ဆေးရုံတက်နိုင်မည်မဟုတ်ပေ။ သူမ ကလေးများအတွက်လည်း သူမအစီအစဉ်များ လုပ်ရပေဦးမယ်။
လုဟွေ့မြင်သော်၊ ရေခွက်ကိုယူကာ သူ့ညီမလေးနှင့်အတူ အပြင်ဘက်ခန်းသို့ ထွက်သွားလေသည်။
မောင်နှမနှစ်ယောက် ခုံတစ်လုံးစီယူကာ တံခါးနားတွင် ထိုင်၍ အပြင်ဘက်ရှိ ကောင်းကင်ကို ကြည်ြနေကြလေသည်။
ခဏကြာသော်၊ လုထောင် သူမအစ်ကို ပြောသည်ကို ကြားလိုက်လေသည်။ "မေမေ သတိရလာတာ ကောင်းတယ်။"
သူမခေါင်းညိမ့်ကာ၊ "ဟုတ်တယ်...အွတ်...ဟုတ်တယ်..."
သူမကြို့ထိုးနေသေးသည်ကိုတွေ့သော်၊ လုဟွေ့ မှ၊ "ညီမလေးကို ဖြည်းဖြည်းစားဖို့ ပြောသားပဲ၊ ကြည့်ပါဦး အခုကြို့တွေထိုးနေပြီမလား။" ဟုပြောလေသည်။
ရှောင်လုထောင် ပြုံးပြလိုက်သော်လည်း သူမကြို့ထိုးသည်ကို မရပ်နိုင်သေးချေ။
ရုတ်တရပ်၊ လုဟွေ့ သူမအားကြည့်ကာ ပြောလိုက်လေသည်။ "ဆံပင်နေပွနေတာ ကြည့်ရဆိုးလိုက်တာ။"
လုထောင်မှ အော်ငိုလေသည်၊ "ရုပ်မဆိုးဘူး။ ထောင်ထောင်က ရုပ်မဆိုးဘူး!"
သူမတစ်နာရီကျော်ခန့် ကြို့ထိုးနေပြီးနောက်၊ ဆေးမလိုအပ်ဘဲ ပြန်သက်သာသွားလေသည်။