Chapter 13
Vol. 2 Ch. 13
အချိန်မဖြုန်းမိစေရန်၊ ၎င်းတို့ထမင်းအမြန်စားပြီး ရွာအသင်းမှ ဌားထားသော ထွန်စက်ကို အိမ်ရှေ့သို့ မောင်းနှင်လာလေသည်။
ချန်ပေါင်ခဲ့ သူ၏အစ်မအား ကျောပိုးကာသယ်လာရင်း၊ လုမိသားစုအိမ်သည် လူတစ်ဦးမျှမရှိသည့်အလား ငြိမ်သက်နေသဖြင့်၊ ဖြစ်ခဲ့သည်ကို သူပြန်တွေးမိပြီး၊ "မမ မမြင်လိုက်လို့သာ၊ ကျွန်တော်လည်း စိုက်ကြည့်လိုက်ရော၊ သူလန့်သွားတာ သူ့အမေတောင် ပြုတ်ကျသွားတယ်။ အဲ့တာ ကျွန်တော့်ကို ကြောက်သွားလို့လို့ ထင်လား?" ဟုမေးလေသည်။
လုကွေ့ရင်း သူမသမီးထိုင်ရန် အခင်းခင်းပေးရင်း ဤသည်ကို ကြားသော် မရွှင်မပျဖြင့် ပြာလိုက်သည်။ "သူ အဲ့လိုကြောက်တာ မမြင်ဖူးပါဘူး။ ငါ့အထင်တော့ သူ့အမေက လူမဆန်တာတွေ လုပ်ပြီးနောက်ပိုင်း သူလည်းအပြစ်ရှိသလို ခံစားရတာနေမှာ၊ အဲ့တာကြောင့် ငါတို့နဲ့ထိပ်တိုက်တွေ့ဖို့ ကြောက်နေတာနေမယ်။"
"ဟုတ်တယ်။ သူသာ အပြစ်ရှိသလို မခံစားရဘူးဆိုရင် သူ့အမေကို ပစ်ချရလောက်အောင်အထိ ကြောက်သွားပါ့မလား? အဲ့မိန်းမကြီး အစက သတိမေ့နေတာ၊ မြေကြီးပေါ်လည်း ပစ်ချခံလိုက်ရရော မျက်လုံးပါပွင့်လာတာတွေ့လိုက်တယ်။ တော်တော်ပြင်းပြင်း ပစ်ချခံလိုက်ရတာနေထင်တယ်။"
သူ၏အစ်မသည် ထိုမိန်းမကြီးကြောင့် အတော်များများခံစားဆူံရှုံးခဲ့ရကာ၊ ၎င်းတို့ဒုက္ခရောက်သည်ကိုတွေ့သော် ချန်ပေါင်ခဲ့ ပျော်ရွှင်နေလေသည်။
သူခဏမျှရယ်မောကာ၊ တစ်စုံတစ်ခုကိုသတိရသွားပြီး ချန်ဖန်းရှုအား မေးလိုက်လေသည်။ "မမ၊ ကျွန်တော်ကြားတာတော့ မမသူ့ကိုကလေးရောင်းစားမှုနဲ့ တရားစွဲပြီး အချုပ်ထဲရက်နည်းနည်း ထည့်လိုက်သေးတယ်ဆို? အဲ့တာကြောင့်နဲ့ သူမ လူတွေအားလုံးရှေ့မှာလည်း အရှက်ကွဲသွားသေးတယ်ဆို? မမ ဒီလိုလည်း လုပ်နိုင်သေးတာကို ကျွန်တော်ဘာလို့ မသိခဲ့တာပါလိမ့်?"
လုထောင်အဖို့ ထွန်စက်စီးဖူးသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ သူနဲ့သူ့အစ်ကို ထွန်စက်အား စူးစမ်းလိုစိတ်ဖြင့် လှည့်ပတ်ကြည့်နေလေသည်။
သူမဦးလေးပြောသည်ကိုကြားသော်၊ လုထောင်ချက်ချင်း ရင်ကော့၍ ဂုဏ်ယူစွာပြောလိုက်သည်။ "မေမေက အရမ်းမိုက်တယ်၊ ဖေဖေရောပဲ။ ဖေဖေက လူဆိုးတွေကို ချနိုင်တယ်။"
သူမဆိုလိုသည်မှာ သူမအဖေမှ သူမ၏ယုတ်မာသည့်အဘွားကို ပညာပြလိုက်သည်ကို ဆိုလိုသော်လည်း၊ အခြားသူများကတော့ သူမ လုကောပင်း စစ်တပ်တွင် တာဝန်ထမ်းဆောင်သည့်အကြောင်းကို ပြောနေသည်ဟု ထင်မှတ်သွားကြလေသည်။
လုကွေ့ရင်း အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။
သူတို့နှစ်ယောက်သည် ပျော်ရွှင်စွာ လက်ထပ်ထားသည့်စုံတွဲဖြစ်ရာ၊ ရှောင်ဟွေ့နှင့် ထောင်ထောင်ကဲ့သို့ ထက်မြက်ပြီး ချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက်ရှိနေသည်ကို ကောပင်း ဘာကြောင့် ပြန်မလာနိုင်ရတာလဲ?
ထိုအချိန်တွင်၊ ချွေးများဖြင့် ရွှဲနစ်နေသည့် လုကျန်းအပြင်မှပြန်လာကာ သူတို့အိမ်ရှေ့တွင် ရပ်ထားသော၊ ထွန်စက်ကိုမြင်သော် စူးစမ်းချင်စိတ် ဖြစ်ပေါ်လာလေသည်။
သူ့ကိုမြင်သော်၊ ထောင်ထောင် သူမ ချိုချဉ်အလုခံလိုက်ရသည်ကို သတိရပြီး၊ နှုတ်ခမ်းဆူကာ သူမအမေနှင့် တိုင်လိုက်လေသည်။ "ကိုကိုသာ့ကျန်း ထောင်ထောင့်ချိုချဉ်ကိုခိုးသွားတယ်။"
"သူက ဘာလို့ထပ်ခိုးပြန်တာလဲ? ချန်ဖန်းရှုးမေးလိုက်ပြီး တစ်စုံတစ်ခုအား သတိရကာ၊ "နေပါဦး၊ သမီးချိုချဉ် ဘယ်ကရတာလဲ?" ဟုမေးလိုက်လေသည်။
ထို့သို့မေးပြီးနောက် ချန်ဖန်းရှု မေးမိသည်ကို နောင်တရသွားလေသည်။ လုထောင်မှ ထပ်၍ သူမအဖေပေးကြောင်းပြောမည်ကို စိုးရိမ်လေသည်။
သူမ သမီး ဆံပင်းများကောက်နေသည်ကို တွေ့သော်လည်း သူမမိသားစုရှေ့ဖြစ်၍ သူမ မမေးနိုင်ခဲ့ပေ။
သူမမိသားစု ရုတ်တရပ်ရောက်လာသဖြင့် ကလေးမလေးအား သူမအဘွားရှေ့တွင် သူမအဖေအကြောင်းမပြောရန် မှာဖို့အချိန်မရလိုက်ချေ။
အခြားသူများကြားလျှင်တော့၊ သူမ ကလေးအားချော့ရန် သူမအဖေအကြောင်း ပြောပြထားသည်ဟု ထင်ကြပေမည်။ သို့သော်၊ သူမ အမေကြားလျှင်တော့၊ မလိုအပ်သည်များပါ တွေးမိပြီး၊ စိတ်မကောင်းဖြစ်ပေမည်။ သူမအမေ ဤနှစ်အတွင်း မကြာခဏငိုခဲ့ရပြီး ဖြစ်လေသည်။
မမျှော်လင့်စွာပင်၊ လုထောင် သူမအိတ်ကပ်ထဲမှ စပါးလင်ချိုချဉ်ကို ထုတ်ပြလေသည်။ "ဦးဦးပေးတာ။"
"ဦးဦးပေးတာလား? ချန်ပေါင်ခဲ့မှ စနောက်လေသည်။ "လာ၊ အဲ့ထဲမှာ ပိုးကောင်တွေရှိလားလို့ ဦးဦးစစ်ကြည့်ပေးမယ်။"
ကလေးမလေးမှ အလျင်အမြန် ချိုချဉ်ကို အိတ်ကပ်အတွင်းသို့ ပြန်သိမ်းလိုက်ပြီး အိတ်ကပ်ကိုလက်ဖြင့် ကာထားလိုက်လေသည်။ "မဟုတ်ဘူး၊ ဦးဦးပေးတာက ကိုကိုနဲ့ထောင်ထောင် အကုန်စားလိုက်ပြီးပြီ။"
သူမအဖေဘက်မှ ဦးလေးအကြောင်းပြောရင်း၊ မာသာ့ရှန်းအိမ်တွင် ဖြစ်ပျက်ခဲ့သည်များကို သူမတွေးမိသွားပြီး၊ စိတ်တိုစွာ ပြန်တိုင်လေသည်။ "ဦးဦးက ထောင်ထောင့်ကိုဖမ်းသွားတာ။ ပြီးတော့အဲ့မှာ ကြောက်စရာကောင်းတဲ့အဘွားရယ် မကောင်းဆိုးဝါး ဘွားဘွားရယ်ရှိတာ။ ကြောက်စရာကောင်းတဲ့ ဘွားဘွားက ထောင်ထောင့်နဖူးပေါ်ကို ကိုင်လိုက်ရင်ကပ်ကပ်ကြီးဖြစ်တဲ့ဟာတွေတင်ပြီး ဖေဖေ့ကိုထွက်သွားခိုင်းတယ်။"
သူမ "ထွက်သွား" ဆိုသည့်စကားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ထို့အပြင်၊ သူမအဖေသည် အလွန်စိတ်တိုသွားကြောင်းပြောလေသည်။
ချန်ဖန်းရှုကြားသော သူမအမူအရာပြောင်းလဲသွားပြီး သူမမိသားစုဝင်များ ရှိနေသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ၊ သူမသမီးလက်ကိုကိုင်ကာ မေးလေသည်။ "သမီးဖေဖေရော? သူရောအဆင်ပြေရဲ့လား?"
"ဖေဖေ သူတို့အကုန်လုံးကို ချပစ်လိုက်တာ၊ ပြီးတော့၊ ပြီးတော့..."
ကလေးမလေး သူမ၏ခေါင်းကိုစောင်းကာ၊ ၂၅၀ ပျောက်မသွားခင် "အိပ်တော့မယ်" ဆိုသည်ကို ကြားလိုက်သဖြင့်၊ "ပြီးတော့ ဖေဖေအိပ်ပျော်သွားတယ်။" ဟုပြောလေသည်။
ချန်ဖန်းရှု စိတ်သက်သာသွားကာ သက်ပြင်းချလေသည်။ "တော်သေးတာပေါ့။ တော်သေးတာပေါ့။ အကုန်လုံးအဆင်ပြေလို့..."
လုကွေ့ရင်း သူတို့ပြောနေသည်ကို နားထောင်ပြီး အလန့်တကြား မေးလေသည်။ "သမီးတို့ ဘာတွေပြောနေတာလဲ? သူအဖေဆိုတာကရော ဘာပြောတာလဲ? သမီးထပ်ပြီးတော့.."
သူမသမီးစိတ်ပြောင်းသွားပြီး ထောင်ထောင့်အတွက် မွေးစားအဖေတစ်ယောက်များ ရှိနေသလားဟု မေးချင်သော်လည်း၊ အပြင်လူများလည်းရှိနေသဖြင့် ဆက်မမေးဘဲ ရပ်လိုက်လေသည်။
ချန်ဖန်းရှု ထွန်စက်မောင်းပေးမည့် ဆရာချန်းအား တစ်ချက်လှမ်းကြည့်လိုက်ပြီး "သမီးပြီးရင် ပြောပြပါ့မယ်။" ဟုပြောလိုက်လေသည်။
လုကွေ့ရင်း ဘာမျှပြန်မပြောဘဲ၊ သူမမြေးများကို လာရန်ခေါ်လိုက်ပြီး၊ "ဦးဦး စပြီးမောင်းတော့မှာမလို့ သေသေချာချာထိုင်ကြ၊ အရမ်းမဆော့ကြနဲ့နော်။" ဟုပြောလေသည်။
သူတို့အလျင်လိုနေသည်ဟုကြားသော် ဆရာချန်းထွန်စက်ကိုအမြန်မောင်းပေးရာ၊ ၎င်းတို့ဆေးရုံရောက်သည့်အချိန်တွင် ဆေးရုံဖွင့်နေသေးပေသည်။
လုကွေ့ရင်း ဆေးရုံလက်မှတ်လုပ်ရန်သွားပြီး၊ ချန်ပေါင်ခဲ့ သူ၏အစ်မအား သယ်လာလေသည်။
ထိုနေရာတွင် လူအလုံအလောက်ရှိပြီး သူ့အကူအညီမလိုသည်ကိုတွေ့သော်၊ ဆရာချန်းမှ ချန်ဖန်းရှုအား ပြောလေသည်။ "ကျွန်တော့်ကို မလိုတော့ဘူးဆိုတော့ ဆက်နေရင်လည်းရှုပ်နေမှာစိုးလို့ နည်းနည်းပတ်ကြည့်ပြီး မင်းအစ်မအတွက် ဘာဝယ်စရာရှိမလဲလို့ ကြည့်လိုက်ဦးမယ်။"
ဟူချူရှန်း -"ကျွန်မလည်း ရှောင်ဟွေ့နဲ့ထောင်ထောင်ကို အပြင်ခေါ်သွားလိုက်မယ်လေ။ ကလေးတွေက ငြိမ်ငြိမ်ထိုင်တာလည်းမဟုတ်ဘူး၊ သူတို့ရှိနေရင် ရှုပ်နေမှာ။ ဒီနားမှာ စတိုးဆိုင်ရှိတယ်၊ သူတို့ကိုအဲ့ခေါ်သွားပြီး နည်းနည်းကြည့်ပြီး ပြန်လာခဲ့မယ်။" ဟုပြောလေသည်။
လုထောင် သူမမှတ်မိတတ်သည့်အရွယ်မှစ၍ ဆေးရုံသို့မရောက်ဖူးချေ။
သူမ မျက်လုံးပြူးပြူးလေးများဖြင့် လှည့်ပတ်ကြည့်နေလေသည်။ သူမအဒေါ် စတိုးအကြောင်းပြောသည်ကိုကြားသော်၊ "စတိုး? အဲ့တာက တံခါးမှာ ဖရဲသီးတွေအများကြီးနဲ့ဟာလား?" ဟုမေးလေသည်။
"ဟုတ်တယ်၊ အဲ့ဒီ့ဟာပဲ။" လုကွေ့ရင်းမှ သူမမြေးမလေး၏ ဆံပင်ကောက်ကောက်များကို သပ်ပေးရင်း ပြောလေသည်။
ကလေးမှလေးမှ ချက်ချင်းပူဆာလေတော့သည်။ "အဲ့တာဆို ထောင်ထောင် ဖရဲသီးစားလို့ရလား? ထောင်ထောင် ဖရဲသီးစားချင်တယ်။"
"မင်းခုနလေးတင် လမ်းမှာချိုချဉ်တွေစားလာတာ၊အခုဖရဲသီး ထပ်စားချင်ပြန်ပြီ။ မင်း မစားချင်တာရောရှိသေးလား?"
ချန်ပေါင်ခဲ့ သူ့တူမ၏ ဆံပင်အားဖွရင်း ပြောလိုက်သည်။
ကလေးမလေးမှ သူကိုင်သည်ကို မကြိုက်ဟန်ဖြင့် နှုတ်ခမ်းထော်ပြီး ရှောင်လိုက်သည်ကိုမြင်သော်၊ သူမပြုံးကာ ထပ်၍စနောက်လေသည်။ "ထောင်ထောင် အဲ့စတိုးမှာရှိတဲ့ ဖရဲသီးတွေကို ရေနိုင်ရင် ဦးဦးက တစ်လုံးဝယ်ကျွေးမယ်၊ဟုတ်ပြီလား?"
လုထောင်ဤနှစ်မှ ၃နှစ်ပြည့်သည်ဖြစ်ရာ၊ မည်သူမျှသူမအား ရေတွက်နည်းမသင်ပေးထားသဖြင့်၊ သူမ ၁မှ ၁၀အထိပင် မရေတွက်တတ်ပေ။
ထိုစတိုး၏ အရှေ့တွင် အနည်းဆုံး ဖရဲသီးအလုံးသုံးလေးဆယ်ရှိရာ၊ ချန်ပေါင်ခဲ့ ကလေးအားအရူးလုပ်နေသည်မှာ သိသာလေသည်။
လုထောင်သည် ငယ်သေးသဖြင့် သတိမထားမိဘဲ၊ ပျော်ရွှင်စွာဖြင့် ခေါင်းညိမ့်ကာ သဘောတူလိုက်လေသည်။ ဆေးရုံမှအထွက်၊သူမစတိုးတွင် ဖရဲသီးများ သွားရောက်ရေတွက်မည်ဖြစ်ကြောင်း အော်ဟစ်ကာကြွားနေလေသည်။
လုဟွေ့ ကျောပိုးအိတ်ကိုလွယ်ကာ၊ သူ့ညီမလေးနောက်သို့လိုက်သွားလေသည်။ သူ့ညီမလေး၏ စိတ်အားထက်သန်မှုကို မဖျက်ဆီးချင်ပေ။
စတိုးသို့ရောက်သော်၊ သူ့ညီမလေးအား ရေတွက်နေစေပြီး နေရာတစ်ခုရှာကာ အိမ်စာလုပ်နေလေသည်။
ရှောင်လုထောင်၏ ဆံပင်ပုံစံသည် ထူးခြားလှပနေရာ စတိုးသို့ရောက်သည်နှင့် လူအများ၏ စိတ်ဝင်စားမှုကိုခံရလေသည်။
"ကလေးဆံပင်က နဂိုအကောက်လား? ကောက်နေတဲ့ပုံစံလေးက နိုင်ငံခြားသူလေးအတိုင်းပဲ။"
"လှလည်းလှတယ်တော့။ အရုပ်မလးကျနေတာပဲ။"
ဟူချူရှန်း သူမကလေးများအား အပြင်ခေါ်သွားသောစဉ်က ဤကဲ့သို့တုံ့ပြန်မှာများ မရဖူးချေ။ သူမပြုံးကာ၊ ဖရဲသီးရောင်းသူဘက်သို့ လှည့်၍၊ "ဆရာကြီး၊ ကျွန်မတို့ကို ဖရဲသီးလျှော့ဈေးနဲ့ ရောင်းပေးနိုင်မလား? မြင်တဲ့အတိုင်းပဲ၊ ကျွန်မကလေးက ဖရဲသီးစားချင်နေတာ၊ ဒါပေမယ့် ကျွန်မတို့မိသားစုက ချို့တဲ့လို့ပါ။" ဟုပြောလေသည်။
သူမသား ရှန်းသည် ကျန်းမရေးချူချာပြီး မကြာခဏနေမကောင်းဖြစ်လေ့ရှိသည်။ လွန်ခဲ့သောရက်ပိုင်းက သူနေမကောင်းဖြစ်စဉ်တွင်၊ သူမအား ဖရဲသီးစားချင်ကြောင်းပြောလေသည်။
သူမ ဘယ်လိုလုပ် ဝယ်ကျွေးနိုင်ပါ့မလဲ?
သို့သော်၊ သူမ တူမမျက်နှာသုံးပြီး ဈေးဆစ်နိုင်လျှင်၊ တစ်စိတ်လောက်ကိုတော့ အများကြီးမကျလောက်ပေ။
ဟူချူရှန်း၏ အစီအစဉ်သည်ကောင်းသော်လည်း အရောင်းသမားမှ လက်မခံပေ။ "အစ်မလေး၊ ဒီဖရဲသီးက အစိုးရပိုင်မလို့ ကျွန်တော်ဆုံးဖြတ်လို့မရဘူး။ တကယ်ဝယ်ချင်ရင်တော့ ပိုသေးတာလေးဝယ်လိုက်ပေါ့။ ကလေးတွေကြိုက်ကြမှာပါ။ ပြား၈၀ပဲပေး။"
ဟူချူရှန်း လက်လျှော့ကာ ကောင်တာများနားတွင်သာ လှည့်ပတ်ကြည့်နေလေသည်။
သူမ ငွေမဖြုန်းတီးချင်သည့်အတွက်၊ ဘာမျှမဝယ်ဘဲ ရှော့ပင်ထွက်ခြင်းဖြစ်သည်။
လုထောင် ဆောင့်ကြောင့်ထိုင်ကာ၊ အတန်ကြာရေတွက်နေသည့်အတွက် သူမခြေထောက်များပင် ထုံလာသော်လည်း၊ သူမ ရေထားသည့် ဖရဲသီးအရေအတွက်သည် ၉လုံးသာရှိသေးသည်။
လုဟွေ့ ဝင်သတိပေးတော့မည့်အချိန်မှာပင်၊ အတန်ကြာနားထောင်နေသည့် ကောင်လေးတစ်ယောက်မှ မနေနိုင်ဘဲ ဝင်ပြောလိုက်လေသည်။ "၂ ပြီးရင်လာတဲ့နံပါတ်က ၄ မဟုတ်ဘူး၊ ၃ "
ထိုကောင်လေးသည် လုဟွေ့နှင့် အသက်တူပြီး၊ နှာတံပေါ်ပေါ်၊ မျက်ကွင်းညိုညိုရှိသော်လည်း နူးညံ့သည့် မျက်နှာအသွင်အပြင်ကို ပိုင်ဆိုင်ထားလေသည်။
လုထောင် မော့ကြည့်လိုက်ပြီး၊ ထိုကောင်လေးအားမြင်သော် သူမမျက်လုံးများ တောက်ပသွားလေသည်။
အကြောင်းမှာ ထိုကောင်လေး၏ ရုပ်ရည်ချောမောမှုကြောင့်မဟုတ်ဘဲ၊ ၎င်းတွင်လည်းဆံပင်ကောက်များပိုင်ဆိုင်ထားသောကြောင့်ဖြစ်လေသည်။
၎င်း၏ဆံပင်ကောက်ပုံမှာ သူမနှင့်မတူဘဲ၊ ဆံပင်အဖျားလေးများသာ ကော့နေပြီး၊ သန့်ပြန့်သည့်ပုံပေါ်စေပြီး သူ၏လေးနက်သည့်မျက်နှာထားကို ပိုမိုထင်ပေါ်စေလေသည်။
လုထောင် ရုတ်တရပ် သူမအဘွားပြောသည့် ဆံပင်ကောက်သည်မှာလည်း လှသည်ဆိုသည်မှာ အလိမ်အညာ မဟုတ်ကြောင်း ခံစားလိုက်ရလေသည်။ ဆံပင်ကောက်တာက တကယ်လှတာပဲ။
လုထောင် အံ့ဩနေပြီး ဘာမျှမတုံ့ပြန်သည်ကိုမြင်သော်၊ ဆံပင်ကောက်နှင့် ကောင်လေးမှ ထပ်၍ သတိပေးလိုက်လေသည်။ "၂ ပြီးရင် လာတဲ့နံပါတ်က ၄ မဟုတ်ဘူး၊ ၃ ။"
"အိုး။" လုထောင် သတိပြန်ဝင်လာပြီး၊ ခေါင်းငုံ့ကာ လက်ချိုးရေလေသည်။ "၂ ပြီးရင် ၃ ဆိုတော့၊ ၃ ပြီးရင် ဘာလဲ? ၃ ပြီးရင်ဘာလဲ?"
အာ့ဝူလင်ပြန်နိုးလာကာ၊ သူမအား ဆူလေတော့သည်။ "၁၂၃၄၊ ၁၂၃၄၊ လို့ငါပြောမပြထားဘူးလား? ၃ ပြီးရင် ဘာလာလဲမေးနေသေးတယ်။"
အာ့ဝူလင် မလာခင်က၊ လုထောင်၏ ရွှေဦးနှောက်နှင့် ရေတွက်သည်ကို သည်းခံရသူမှာ အနားတွင်ဖြတ်သွားသည့် ဝေချောင်ဟုခေါ်သည့် ဖြူစင်သောကောင်လေးဖြစ်လေသည်။
သူမအား ၁ ကနေ ၁၀ အထိရေတွက်တတ်စေရန် ဆယ်ကြိမ်နှင့်အထက် သင်ပေးပြီးသော် ကောင်လေးတိတ်ဆိတ်သွားလေသည်။ "မင်း ဘာလို့ ဖရဲသီးတွေရေနေလဲဆိုတာ ပြောပြလို့ရမလား?"
လုထောင်သူမ၏ဆံပင်ကောက်ကောက်များကို ကုတ်ကာ၊ "ဦးဦးက ဘယ်နှခုရှိတယ်ဆိုတာ ရေနိုင်ရင်၊ တစ်ခုဝယ်ကျွေးမယ်တဲ့။"
ဝေချောင် ပို၍ပင် တိတ်ဆိတ်သွားလေသည်။
အတန်ကြာတွင်၊ သူ အကြံပေးလိုက်လေသည်။ "ငါ့အထင်တော့၊ မင်းဒီဖရဲသီးတွေ မြန်မြန်ရောင်းကုန်အောင် ဆုတောင်းတာက ပိုလွယ်မယ်ထင်တယ်။"
"ဘာလို့လဲ?" လုထောင်ပြန်မေးလိုက်သည်။
ဝေချောင် - "ဘာလို့ဆို၊ သုံးလုံးလောက်ပဲကျန်တော့မယ်ဆိုရင်၊ မင်းရေနိုင်သွားပြီလေ။" ဟုပြောလေသည်။
"အိုး၊ဟုတ်သားပဲ။" လုထောင် သူမ မတွေးထားသည်ကို ကြားလိုက်ရ၍ အထင်ကြီးသွားလေသည်။
သူမ တောက်ပသည့် မျက်လုံးများဖြင့် ဝေချောင်အား အထင်ကြီးကာ ကြည့်လိုက်သည်။ "ကိုကိုက တော်လိုက်တာ။ ကိုကိုရော မူကြိုတက်တာလား?"
မူလတန်းတက်နေသည့် ဝေချောင် - "..."
ဤအချိန်တွင်၊ ဝေချောင်၏ အမေသည် အစာသွပ်ဘူးများဝယ်ပြီးသော် စတိုးအပြင်ဘက်သို့ပြန်ထွက်လာလေသည်။
ဒေါင်ကောင်းကောင်း၊ ခပ်လှလှအမျိုးသမီးမှ သူ့အားလက်ပြကာ၊ လှမ်းခေါ်လေသည်။ "သွားရအောင်၊ ဘိုဘိုးရှုကိုသွားတွေ့ကြမယ်။"
ဝေချောင်လှည့်ကာ သူ၏အမေရှိရာသို့ သွားလေသည်။
လုထောင် ဖရဲသီးများအား မည်သို့ရောင်းရမည်ကို တွေးတောနေသည်။ သူ့အား လက်ဝှေ့ကာ နှုတ်ဆက်လိုက်လေသည်၊ "တာ့တာ၊ ကိုကို။" ထို့နောက်သူမလက်ချောင်းလေးများအားကိုက်ရင်း စတင်စဉ်းစားလေတော့သည်။
ဖရဲသီးများသည် ရောင်းရန် အလွန်ခက်လေသည်။ ထောင်ထောင် နေ့တစ်ဝက်လောက် ရေတွက်သော်လည်း၊ ၂လုံးသာရောင်းရသေးလေသည်။
သူမ ဖရဲသီးရောင်းသည့်စင်ရှေ့တွင်ရပ်ကာ ဘေးဘီကိုကြည့်နေလေသည်။
ကြင်နာတတ်မည့် အဘွားအိုတစ်ဦး လာနေသည်ကိုမြင်သော်၊ သူမချက်ချင်းပြေးသွားကာ "ဘွားဘွား၊ ဖရဲသီးဝယ်ချင်လား?" ဟုမေးလေသည်။
အမျိုးသမီးအိုကြီးသည် သူမ၏ရုတ်တရပ် အမေးကြောင့် အံ့ဩသွားလေသည်။
ထို့နောက်၊ ပါးရေများတွန့်သည်အထိ ရယ်လိုက်ပြီး၊ ဈေးရောင်းသူအား လှမ်းမေးလိုက်လေသည်၊ "ရှောင်ကျား၊ ဒါ မင်းကလေးလား? တအားချောတာပဲ။"
"ဒီလောက်လှတဲ့ ကလေးက ဘယ်လိုလုပ်ကျွန်တော်တို့အိမ်က ကလေးဖြစ်ပါ့မလဲ?" ရှောင်ကျားရယ်ကာ ပြောလိုက်သည်။ "ဒီကလေးကို ဝယ်သူတစ်ယောက်ခေါ်လာတာ၊ သူဖရဲသီးတွေရေနေတာ နည်းနည်းကြာနေပြီ။ ကျွန်တော်ကြားတာတော့၊ သူ့ဦးလေးက သူအကုန်ရေနိုင်ရင် တစ်လုံးဝယ်ကျွေးမယ်လို့ပြောထားလို့တဲ့။"
လုထောင်လေး ခေါင်းညိမ့်ကာ၊ "ဟုတ်တယ်၊ ဘွားဘွား တစ်ခုဝယ်ပါ။ ဘွားဘွတစ်ခုဝယ်ရင်၊ ထောင်ထောင်ရေရတာ တစ်ခုလျော့သွားမှာ။" ဟုပြောလေသည်။
"ကလေးမလေးက ဉာဏ်ကောင်းသားပဲ။" အမျိုးသမီးအိုကြီး ရယ်လိုက်သည်။ "ဟုတ်ပါပြီ၊ သမီးဒုက္ခနည်းအောင် ဘွားဘွားတစ်လုံးဝယ်လိုက်မယ်နော်။"
ဆောင်းရာသီပွဲတော်လည်း ရောက်ရှိတော့မည်ဖြစ်ရာ၊ ၎င်းတို့မိသားစုစားရန် ဖရဲသီးဝယ်ရမည်ဖြစ်သည်။
စောဝယ်သည်ဖြစ်စေ၊ နောက်ကျဝယ်သည်ဖြစ်စေ အရေးမကြီးပေ။ ထို့အပြင်၊ ကလေးမလေးသည် အလွန်ချစ်ဖို့ကောင်းသည့်အတွက်၊ ရက်အနည်းငယ်စော၍ ဝယ်သည်မှာလည်း ပြဿနာမရှိချေ။
ပထမဆုံး စီးပွားရေး ဖြစ်မြောက်သွားလေသည်။ သူမအမျိုးသမီးအိုကြီးအား၊ "တာ့တာ၊ ဘွားဘွား" ဟုပျားရည်သကဲ့သို့ ချိုမြိန်စွာနှုတ်ဆက်ပြီးနောက် ခုန်ပေါက်ကာ ပြန်လာလေသည်။
အနီးအနားရှိ အရောင်းသမားများလည်း စိတ်ဝင်စားကာ စုဝေး၍ သူမအကြောင်း တီးတိုးပြောဆိုနေကြလေသည်။
"သူမ တကယ်ရောင်းလိုက်တာပဲ။ ဒီလောက်ငယ်တဲ့ကလေးဈေးရောင်းတာ ငါ ပထမဆုံးမြင်ဖူးတာပဲ။"
"သူမက တကယ်ကိုလှတာပဲနော်? ငါသာတတ်နိုင်ရင် သူ့ကိုအိမ်သယ်သွားမှာ။"
"ရှူး—ကြည့်ဦး၊ သူမ ဖရဲသီးတွေ ထပ်ရောင်းနေပြန်ပြီ..."
ချန်ဖန်းရှု စစ်ဆေးမှုများ ပြုလုပ်ပြီးသည့်အချိန်တွင်၊ မှောင်နေပြီဖြစ်ရာ၊ စင်ပေါ်တွင်လည်း ဖရဲသီးတစ်လုံးသာ ကျန်တော့လေသည်။
ကလေးမလေးမျက်နှာသည် တောက်ပနေရာ သူမဦးလေးကိုမြင်သော်၊ ပြေးသွားကာ ပြောလိုက်လေသည်။ "ဦးဦး၊ဦးဦး၊ သမီးဖရဲသီးတွေ ရေပြီးသွားပြီ! သမီးရေပြီးသွားပြီ!"
"ရေပြီးသွားပြီ?" ချန်ပေါင်ခဲ့ လန့်သွားလေသည်။ "ဖရဲသီး အလုံးတစ်ထောင်လောက်ရှိတာကို၊ အကုန်ရေပြီးသွားပြီလား?"
လုထောင်ခေါင်းညိမ့်ကာ၊ လက်ညိုးထိုးပြလိုက်ပြီး၊ "သမီး ရောင်းကူလိုက်တာ၊ တစ်လုံးပဲ ကျန်တော့တယ်။"
ချန်ပေါင်ခဲ့ ပိုမိုအံ့ဩသွားပြီး၊ "ဖရဲသီးကူရောင်းတယ်?" ဟု မေးလိုက်လေသည်။
သူမအား မယုံကြည်သည်ကိုတွေ့သော် သူမသူ့အား ဖရဲသီးစင်နားသို့ ဆွဲခေါ်သွားလိုက်ပြီး ပြလိုက်လေသည်။ "တကယ်တစ်လုံးပဲကျန်တော့တာ..."
သို့သော်၊ သူမ လှည့်ကြည့်သည့်အခါ၊ လူငယ်တစ်ဦးမှ ပိုက်ဆံပေးကာ၊ နောက်ဆုံးကျန်သည့် တစ်လုံးတည်းသော ဖရဲသီးကို ဝယ်သွားပြီး၊ လမ်းထောင့်တစ်ထောင့်တွင် ပျောက်သွားသည်ကို တေ့လိုက်ရလေသည်။
ကလေးမလေး နှစ်စက္ကန့်မျှ ငြိမ်သက်သွားပြီး ငိုလေတော့သည်။ "ထောင်ထောင့် ဖရဲသီး! ထောင်ထောင့်ဖရဲသီး မရှိတော့ဘူး!”