Chapter 14
Vol. 2 Ch. 14
လုဟွေ့ အိမ်စာလုပ်ပြီးသည်မှာ ကြာပြီဖြစ်ပြီး၊ သူ၏ညီမလေး၊ နူးညံ့သော ကလေးအသံလေးဖြင့် ချစ်စရာကောင်းအောင် လုပ်ပြနေသည်ကို ရပ်ကြည့်နေလေသည်။
ကလေးမလေး ဆံပင်ပုံစံ ပြောင်းလဲသွားပြီးနောက်၊ ပိုမိုချစ်စရာကောင်းသော်လည်း သူမသည် သူ့ညီမ၊ သူ့သွေးသားအရင်းဖြစ်ကြောင်း မယုံနိုင်ကာ၊ ဝန်လည်းဝန်မခံသေးပေ။
နောက်ဆုံးဖရဲသီးအတွက် ဝယ်သူလာသည်ကိုမြင်သော်၊ သူမတို့အား သတိပေးရန် သူကြိုးစားသေးသည်။
အကြိမ်ကြိမ် လှမ်းအော်ခေါ်သော်လည်း၊ လုထောင်အလွန်စိတ်လှုပ်ရှားကာ မကြားပေ။
အခုတော့ သူမငိုယိုနေကာ၊ သူဘာပြောရမည်ကိုမသိ၍၊ တိတ်တဆိတ်သာရပ်၍ ကြည့်နေလေတော့သည်။
ချန်ပေါင်ခဲ့သည် ထိုမျှဖရဲသီးများကို အချိန်တိုအတွင်းရောင်းကုန်မည်ဟု မထင်ထားခဲ့ချေ။
ဘာမျှမကျန်တော့သည့်စင်ကိုကြည့်ပြီး၊ သူ့တူမပြောသည်မှာ အမှန်ဖြစ်ကြောင်း သတိထားမိလေသည်။
ချန်ပေါင်ခဲ့ ကလေးမလေးအား အမြန်ပွေ့ချီလိုက်ပြီး မေးလေသည်။ "ထောင်ထောင်၊ မင်းတကယ်ပဲ ရောင်းကူလိုက်တာလား?"
"ဟုတ်တယ်၊ ရောင်းလိုက်တယ်..." ကလေးမလေး စိတ်မကောင်းစွာငိုရင်း ခေါင်းညိမ့်ပြလေသည်။
"အိုး၊ ငါတို့ထောင်ထောင်လေးက တော်လိုက်တာ ဖရဲသီးတွေတောင် ကူပြီးရောင်းပေးတတ်နေပြီ။ ထောင်ထောင်၊ ဘယ်လိုလုပ်လိုက်တာလဲ? ဦးဦးကိုသင်ပေးပါဦး။"
ချန်ပေါင်ခဲ့ သူ့တူမအား ချီးမွမ်းရင်း အာရုံလွှဲသော်လည်း၊ လုထောင်အငိုမရပ်ဘဲ ဖရဲသီးပါသွားသည့် လားရာကိုသာ ကြည့်မြဲကြည့်နေလေသည်။
ကလေးမလေး၏ မျက်လုံးလေးများသည် အလွန်ဝမ်းနည်းနေပုံပေါက်သဖြင့်၊ ချန်ပေါင်ခဲ့ လွန်ခဲ့သောနှစ်နာရီခန့်အချိန်သို့ပြန်သွားကာ၊ သူ့ကိုယ်သူသာပြန်ရိုက်လိုက်ချင်တော့သည်။
ကလေးမလေးကို စနောက်မိသဖြင့် သူတော့ဒုက္ခရောက်လေပြီဖြစ်သည်။
လုကွေ့ရင်း ဆက်မကြည့်နိုင်တော့ဘဲ၊ ကလေးမလေးအား လာချော့လေတော့သည်။ "လာပါ၊ ဘွားဘွားကို အာဘွားပေးပါဦး။ ငါတို့ထောင်ထောင်လေး ဖရဲသီးတွေတောင် ကူပြီးရောင်းတတ်နေပြီပဲ၊ တော်လိုက်တာ။ ဘွားဘွား ထောင်ထောင့်အရွယ်တုန်းကဆိုရင် ဖရဲသီးဘယ်လိုပုံစံရှိလဲတောင်မသိဘူး။"
"တကယ်လား?" ကလေးမလေး မျက်ရည်သုတ်ရင်း သံသယရှိစွာ ပြန်မေးလိုက်သည်။
"တကယ်ပေါ့။" အကုန်လုံးခေါင်းညိမ့်ပြီး သူမအား ချီးကျူးကြလေသည်။ "ထောင်ထောင်က အတော်ဆုံးပဲ။ အသက်သုံးနှစ်နဲ့တင် စီးပွားရေးလုပ်နိုင်နေပြီ။"
လုကွေ့ရင်း သူမမြေးမလေးအား ချီကာ စတိုးဆီသို့ လျှောက်သွားသည်။ "ထောင်ထောင်လေးကတော်လို့ ဆုချရမှာပေါ့။ လာ၊ ဘွားဘွား တခြားဟာတစ်ခုခုဝယ်ပေးမယ်၊ ပန်းသီးစားရအောင်၊ ဟုတ်ပြီလား?"
"မဟုတ်ဘူး၊ မဟုတ်ဘူး! ထောင်ထောင်ဖရဲသီးပဲလိုချင်တာ၊ ပန်းသီးမဟုတ်ဘူး!"
လုထောင် သူမအဘွား၏ ပုခုံးကိုလှုပ်ရမ်းရင်း ပူဆာလေတော့သည်။
တခြားတစ်ခုသာဆိုလျှင်၊ သူမအမေက မရဘူးပြောလျှင်၊ သူမအလွန်ဆုံးနှုတ်ခမ်းဆူပြီး စိတ်ကောက်ရုံမျှနှင့်ပြီးသွားပေမည်။
သို့ပေမယ့်၊ သူမ ဒီလောက်အချိန်အကြာကြီး၊ ဖရဲသီးတွေရောင်းထားရတာ၊ ဘယ်လိုလုပ် နောက်ဆုံးအလုံးပါ ပါသွားရတာလဲ?
လုကွေ့ရင်း မချော့နိုင်သည်ကိုမြင်သော်၊ ထွန်စက်ပေါ်မှ ချန်ဖန်းရှု လက်လှမ်းလိုက်ပြီး ပြောလိုက်သည်။ "အမေ၊ ထောင်ထောင့်ကို သမီးကိုပေး။"
မှောင်နေပြီဖြစ်ပြီး၊ ဆရာချန်းလည်း အိမ်ပြန်ရဦးမည်ဖြစ်ရာ၊ အချိန်ဖြုန်းလို့မဖြစ်ပေ။
ဟူချူရှန်းလည်း စိတ်ပူနေလေသည်။ "ဒီလောက်တောင်နောက်ကျနေပြီ၊ ကျွန်မအိမ်မှာ မရှိတဲ့အချိန်အတွင်း ကောင်းရှန်းဘာစားပြီးပြီလဲ ဆိုတာလည်းမသိဘူး။"
ထိုအချိန်တွင်၊ အရောင်းသမားရှောင်ကျားမှ သေးငယ်သော ဖရဲသီးအသေးလေးကိုကိုင်ကာ အလျင်အမြန်ရောက်လာပြီး အသံတိုးတိုးဖြင့် ပြောခဲ့သည်။ "ကျွန်တော့်မှာ တစ်လုံးကျန်သေးတယ်၊ ကျွန်တော်တို့မိသားစုစားဖို့ချန်ထားတာလေ၊ လိုချင်ရင် ပြားငါးဆယ်ပဲပေးပါ။"
သူပြုံးကာ၊ ရှောင်လုထောင်၏ ဆံပင်ကောက်လေးများအား သပ်ကာ ပြောလိုက်လေသည်။ "ကျွန်တော်တို့ရဲ့ အရောင်းသမားလေးအတွက် ဆုလို့မှတ်လိုက်ပါဗျာ။"
ထိုအချိန်တွင် ဟူချူရှန်း စွံ့အသွားပြီး၊ သူမ လုထောင်ကိုတစ်လှည့် ထို့နောက် ရှောင်ကျားကို တစ်လှည့်ကြည့်လေသည်။
သူမ မေးတုန်းက၊ အစိုးရပိုင်မလို့ လျှော့မပေးနိုင်ဘူးဆိုပြီးတော့၊ အခုကျ ဘယ်လိုလုပ်လျှော့နိုင်သွားတာလဲ?
လက်ရှိဈေးကွက်တွင် ဖရဲသီးတစ်ပေါင်လျှင် ၁ ယွမ်နှင့် ၃ ပြားကျသင့်ရာ၊ ပြား ၅၀ ဖြင့် ဖရဲသီးတစ်ခြမ်းပင် မဝယ်နိုင်ပေ။
ချန်ပေါင်ခဲ့မှ အလျင်မြန်ဆုံး တုံ့ပြန်ပြီး ပိုက်ဆံတန်းထုတ်လေတော့သည်။ "ဝယ်လိုက်တာပေါ့။ ပြား ၅၀၊ဟုတ်တယ်မလား? ကျွန်တော့်မှာရှိတယ်။"
ဝယ်ပြီးလျှင်၊ ထွန်စက်ပေါ်တွင် လုထောင်ရှေ့သို့ ထားလိုက်လေသည်။ ကလေးမလေး သူမအဘွားအား သူမနှင့် ဖရဲသီးကို အတူထားပေးဖို့ပြောကာ၊ ထို့နောက် တစ်လမ်းလုံး ဖရဲသီးကိုဖက်လျက်လိုက်လာလေသည်။
သူမလက်ထဲမှ ဖရဲသီးသည် အတောင်များပေါက်လာပြီး ပျံသွားမည့်အတိုင်း သူမနည်းနည်းမျှမလွှတ်ပေ။
ချန်ပေါင်ခဲ့ ပျော်ရွှင်ကာ၊ သူ့တူမ နှာခေါင်းလေးအားတို့ပြီး၊ "မင်း အခုကျေနပ်ပြီလား?" ဟုမေးလေသည်။
"ကျေးဇူး၊ ကျေးဇူးတင်ပါတယ်၊ ဦးဦး။" ကလေးမလေးရှောင်ကျားဘက်သို့လှည့်ပြီး၊ "ကျေးဇူးတင်ပါတယ်။" ဟုပြောလေသည်။
"ဘာလို့ကျေးဇူးတင်နေတာလဲ? ဖရဲသီးတွေကို သမီးပဲအကုန်ရောင်းပေးတာ မဟုတ်ဘူးလား? မှောင်လည်းမှောင်နေပြီ၊ မြန်မြန်ပြန်တော့နော်။"
ရှောင်ကျား သူမအား လက်ဝှေ့ပြပြီး၊ လှည့်ကာ အလုပ်ဆင်းရန် သိမ်းဆည်းလေတော့သည်။
ဖရဲသီးသည်သာ တကယ်အစိုးရပိုင်ဖြစ်လျှင်၊ သူ ဤသို့ ပေးလိုက်၍ ရမည်မဟုတ်ချေ။
သို့သော်၊ သူ၏အဖေသည် အနီးအနားရွာတွင်နေရာ သူတို့မိသားစုတွင် နှစ်တိုင်း ဖရဲသီးများ ရိတ်သိမ်းနိုင်သည့် ဖရဲသီးစိုက်ခင်းလေးလည်း ရှိလေသည်။
ရှောင်လုထောင် ယနေ့ရောင်းလိုက်သည့် ဖရဲသီးအများစုမှာ သူတို့မိသားစု စိုက်ခင်းမှဖြစ်သည်။ သူတိတ်တဆိတ် အစိုးရပိုင်များနှင့် ရောနှောထားခြင်းဖြစ်ပြီး၊ ယနေ့သူငွေအတော်များများ ရလိုက်လေသည်။
ဖရဲသီးတွေ အကုန်ရောင်းထွက်သွားတဲ့အတွက်၊ သူတို့အလုပ်သမား ခေါင်းဆောင် လာစစ်တဲ့အခါ၊ အရေအတွက်မမျှမှာ စိတ်မပူရတော့ဘူး၊ ထို့ကြောင့် ထိုမျှရက်ရောနေခြင်းဖြစ်သည်။
အဆုံးတွင်၊ ချန်ဖန်းရှု တစ်လုံးလုံးမယူပေ။ တစ်ဝက်ကိုသာယူပြီး တစ်ဝက်ကို သူမ တူနှစ်ဦးအတွက် ဟူချူရှန်းကို ယူသွားစေသည်။
ဆရာချန်းသည် သဘောကောင်းသူဖြစ်သည်။ သာ့ဟွာရွာသို့မပြန်ခင် ဆေးရုံနှင့်နီးသည့် ချန်မိသားစုအိမ်သို့ အရင်လိုက်ပို့လေသည်။
သူတို့အိမ်ပြန်ရောက်သော်၊ အိမ်ရှိမီးများ ငြိမ်းခါနီးလေပြီဖြစ်သည်။
လုကွေ့ရင်း ဆရာချန်းအား အမြန်ကျေးဇူးတင်ကာ၊ သူမသမီးနှင့်မြေးတို့အား အခန်းထဲသို့ပို့ပေးလေသည်။
သူမသမီးအား စိတ်ပူသဖြင့် ချန်အိမ်တွင် မနေခဲ့ဘဲ၊ သူမသမီးနှင့် မြေးတို့အားပြုစုရန် လုအိမ်သို့ လိုက်လာလေသည်။
ကံကောင်းထောက်မစွာပင်၊ စစ်ဆေးမှုများအပြီး၊ သူမသမီး၏ ခေါင်းသည် ပြင်းပြင်းထန်ထန်မထိခိုက်သည့်အတွက် ဆေးရုံတက်ရန်မလိုပေ။
သူမခြေထောက်များအခြေအနေသည်တော့ သိပ်၍မကောင်းပေ။ ဖြစ်ဖြစ်ချင်း ဆေးရုံမသွားသည့်အပြင် မကြာခဏလှုပ်ရှားမှုများကြောင့်ဖြစ်လေသည်။
သူမသမီး ရှေ့လျှောက်တွင် ခြေထောက်ထော့သွားနိုင်သည့် ဖြစ်နိုင်ချေကိုတွေးမိသည်နှင့် လုကွေ့ရင်း စိတ်တိုစွာ အံကြိတ်လေသည်။
ရယ်ကျူဟွာဆိုတဲ့ မိန်းမသာ ရှောင်ဟွေ့ကို ရောင်းမစားခဲ့ရင်၊ ရှုအာကျိုးနေတဲ့ ခြေထောက်နဲ့ ပြေးထွက်စရာလိုပါ့မလား?
ရှုအာ အသက်သေမသေကိုလည်းဂရုမစိုက်၊ ဆေးရုံလည်းမပို့ပေ။
လုကွေ့ရင်း အိပ်မပျော်နိုင်ဘဲ၊ ဟိုဘက်ဒီဘက်လှည့်နေလေသည်။
အမှောင်ထုထဲတွင်၊ ချန်ဖန်းရှု၏ နူးညံ့သောအသံကို ကြားလိုက်ရလေသည်။ "အမေ၊ အိပ်မပျော်ဘူးလား?"
"ဟုတ်တယ်၊ အိပ်မပျော်သေးတာ။" လုကွေ့ရင်း ပြန်ဖြေလိုက်လေသည်။ "နေ့ခင်းတုန်းက ထောင်ထောင် သူ့အဖေနဲ့ပက်သက်ပြီး ဘာပြောတာလဲ? ဘာဖြစ်တာလဲ?"
ချန်ဖန်းရှု အတန်ကြာတိတ်သွားပြီး ပြန်ဖြေလေသည်။ "အဲ့တာ အစ်ကိုကောပင်းပဲ၊ အစ်ကိုကောပင်း ပြန်လာတာ။"
သူမ လုကွေ့ရင်းအား ထိုရက်များအတွင်း သူမသမီး၏ ထူးဆန်းသောအပြုအမူများနှင့် သူမအထင်များကို ပြောပြလိုက်သည်။ "သမီး အစ်ကိုကောပင်းကို နှင်ထုတ်မှာမဟုတ်ဘူး။ သမီးလည်း ဒီကနေဘယ်မှသွားမှာမဟုတ်ဘူး။"
သူမ မမြင်နိုင်၊ မထိတွေ့နိုင်ပေမယ့်၊ ထောင်ထောင့် အနားတွင် အစ်ကိုကောပင်းရှိနေသရွေ့၊ သူမတို့မိသားစုသည် လေးယောက်ပင်ဖြစ်သည်။
လုကွေ့ရင်း အတန်ကြာသည်အထိ ဘာမျှပြန်မပြောဘဲ ငိုလေတော့သည်။ "အမေအဲ့တာကို မပြောလိုပါဘူး။ အမလေး၊ ငါ့သမီးလေး သနားဖို့ကောင်းလိုက်တာ..."
သားအမိနှစ်ယောက် အချိန်အတန်ကြာငိုကြရာ၊ နောက်နေ့မနက် သူတို့ထသော်၊ မျက်လုံးများမို့နေလေသည်။
လုထောင်မြင်သော်၊ "မေမေ၊ ဘာလို့ မေမေ့မျက်လုံးတွေဖောင်းနေတာလဲ? ပြီးတော့၊ ဘွားဘွားရော။" ဟုမေးလေသည်။
"ခြင်ကိုက်လို့လေ။" လုကွေ့ရင်း လိမ်လိုက်သည်။
ကလေးမလေးလန့်ကာ ချက်ချင်းပင် သူမမျက်နှာအား လက်ဖြင့်ကာလိုက်လေသည်။ "ခြင်ကိုက်တယ်! ဒီမှာခြင်တွေရှိတယ်ပေါ့၊ ဘယ်မှာလဲ?"
ကံမကောင်းစွာပင်၊ သူမလက်များသည် သေးငယ်သည့်အတွက်၊ သူမမျက်နှာကို ကာသည့်အခါ နဖူးအားမဖုံးမိပေ။ သူမနဖူးကိုကာသော်၊ မေးစေ့ကလွတ်နေသဖြင့် သူမစိတ်တိုကာ ခြေဆောင့်လေတော့သည်။
"ဟုတ်ပါပြီ၊ ဘွားဘွား အဲ့ခြင်တွေ အဝေးကို ခြောက်လွှတ်လိုက်ပြီ။" လုကွေ့ရင်း ရယ်ကာပြောလေသည်။ "မျက်နှာသွားသစ်ပြီး ထမင်းလာစားနော်။ ပြီးရင် ဘွားဘွားတို့ ဖရဲသီးစားကြမယ်။ ဒီဖရဲသီးက ထောင်ထောင်ကြိုးစားပြီးတော့ ရထားတာမလို့၊ ထောင်ထောင့်ကို အကြီးကြီးကျွေးမယ်။"
လုထောင်ကြားသော် ရင်ကော့ကာ၊ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။ "ဟုတ်တယ်၊ ထောင်ထောင် ရထားတာ။ ထောင်ထောင်က တော်တယ်။"
လုဟွေ့ကြားသော်၊ "ဘယ်လိုလုပ် ကိုယ့်ဘာသာကိုယ်ချီးကျူးနိုင်ရတာလဲ?" ဟုပြောလေသည်။
လုထောင်မှ ပြန်ချေပလေသည်။ "ထောင်ထောင်ကတော်တယ်၊ ကိုကိုက အရှုံးသမား!"
ကလေးနှစ်ယောက် ဖြစ်ပျက်နေသည်ကိုကြည့်ပြီး လုကွေ့ရင်း ရယ်မောလေတော့သည်။ ယမန်နေ့ညမှ သူမရင်ထဲရှိ အစိုင်အခဲလည်း ပျောက်ကွယ်သွားလေတော့သည်။
ရှောင်ကျားပေးသည့် ဖရဲသီးသည် မကြီးသော်လည်း၊ မှည့်ကာ၊ အသားမှာလည်းနီရဲပြီး လတ်ဆတ်လေသည်။
ယမန်နေ့က ဖရဲသီးခွဲစဉ်က၊ ဓားစိုက်လိုက်သည်နှင့် ချောချောမွေ့မွေ့ပင် ခွဲလို့ရသွားလေသည်။
လုကွေ့ရင်းတို့ ထမင်းစားပြီး အချိုပွဲအဖြစ် အချိုတည်းသောအခါ အရသာမှာ ရိုးရှင်းစွာပင် ကောင်းမွန်လေသည်။
သူမအမေနှင့် အဘွားနားတွင် စကားများနေသောလုထောင်မှာ ဖရဲသီးစိတ်ကိုင်ထားပြီးနောက်၊ သူမမျက်နှာတွင် ပေကျံနေသည်အထိ စားသောက်နေလေသည်။
လုဟွေ့ ထမင်းစားပြီးသော် ဖရဲသီးအခွံကိုကိုင်ကာ၊ ချန်ဖန်းရှုအားမေးလိုက်လေသည်။ "မေမေ၊ သားတို့ဒီအခွံကိုသိမ်းထားမလား?"
အစိမ်းရောင်ရှိ ဖရဲသီးအခွံအားဆေးကာ၊ ပိုင်းဖြတ်ပြီး၊ သေချာပြန်ရောကာ၊ ကိုက်စားလို့ရပေသည်။
ဒါကမနှစ်က အဖေပြန်လာတုန်းက မေမေလုပ်စားခဲ့တာ။ လုဟွေ့အသေအချာ မှတ်မိလေသည်။
ချန်ဖန်းရှုနှင့် လုကွေ့ရင်းတို့သည် ထိုသို့စားရန် တွေဝေပြီး၊ ဖရဲသီး၏ အသားပါသည့်အပိုင်းကိုသာ လှီး၍စားကြလေသည်။
ချန်ဖန်းရှု သူမအမေအား နားချရန်အပြု၊ သူမအမေထံမှ "မရဘူး။" ဟူ၍ ပြတ်သားသည့်အသံထွက်လာလေသည်။
လုဟွေ့ အတန်ကြာတိတ်ဆိတ်နေပြီး၊ "အဲ့တာဆို၊ သားဒီအခွံကိုယူလို့ရလား? ဒီတစ်ခုပဲလေ။" ဟုတောင်းဆိုလေသည်။
"ကိုကို၊ ဖရဲသီးအခွံကို ဘာလို့လိုချင်တာလဲ?" လုထောင်၏ မေးစေ့တွင် ဖရဲသီးအစေ့များကပ်နေလေသည်။
လုဟွေ့ရယ်ကာ "ကိုကိုပြမယ်။" ဟုဆိုပြီး ဖရဲသီးအခွံကို အပြင်ဘက်သို့ ယူသွားလေသည်။
မိနစ်အနည်းငယ်အကြာတွင်၊ လုကောဖု အိမ်သာမှထွက်လာကာ ထိုအခွံနင်းမိပြီး ချော်လဲလေတော့သည်။
သူလဲကျသည့်အခါ၊ ဖင်ထိုင်ရက်ကျသဖြင့် ဖင်ညှောင်ရိုးနာသွားရုံတင်မက ဘောင်းဘီလည်းပြဲသွားလေသည်။
"ချီးပဲ၊ ဘယ်မျိုးမစစ်က ဖရဲသီးခွံကို ဒီမှာပစ်ထားတာလဲ..."
ဆဲဆိုရန်ပြင်လိုက်သော်လည်း၊ သူတစ်ဝက်နှင့် ရပ်လိုက်ပြီး သူ့မျက်နှာတွင် အံ့ဩမှုနှင့် သံသယအရိပ်အယောင်များ သန်းသွားလေသည်။
မာသာ့ရှန်းအိမ်မှ ပြန်လာပြီးသော်၊ သူနှင့် အမျိုးသမီးလု နှစ်ဦးလုံး၊ လုကောပင်း ကလဲ့စားချေရန် ပြန်ရောက်လာခြင်းဖြစ်နေမည်ကို ကြောက်ရွံ့ကြလေသည်။
အန္တရာယ်ကင်းစေရန်၊ မမှောင်ခင်၊ သူ့အမေမှ သူ့မိန်းမနှင့် သာ့ကျန်းအား ၎င်းတို့မိဘအိမ်တွင် ရက်အနည်းငယ် ပြန်နေခိုင်းလိုက်လေသည်။
အဆုံးတွင်၊ သူတို့တစ်ညလုံး စိတ်ပူနေခဲ့သော်လည်း၊ ယမန်နေ့မှဖြစ်ရပ်သည် မတော်တဆဖြစ်ရပ်အလား၊ ဘာမျှထပ်မဖြစ်ခဲ့ပေ။
ဘယ်သူကထင်မှာလဲ၊ အစာအိမ်ထဲ နှလုံးရောက်နေသလိုပဲ၊ ဒီအိမ်ထဲ ဘယ်ကနေဘယ်လို ဖရဲသီးအခွံကပေါ်လာတာလဲ။ အဲ့တာက...
သူတွေးလေ၊ ပိုကြောက်လေဖြစ်ရာ၊ လုကောဖု လဲနေရာမှလည်း မထရဲပေ။
အဝေးတစ်နေရာတွင် ပုန်းနေသည့် လုဟွေ့ မရယ်ဘဲမနေနိုင်တော့ပေ။
ထို့နောက် လုကောဖု သူအတွေးလွန်သည်ဟုသာ ယူဆလိုက်လေသည်။ "ဘယ်သူလဲ? သေချင်နေတာလား? ငါ့ကိုလာကစားနေတာလား!"
လုဟွေ့လှည့်ကာ၊ သူ့ညီမလေးအား ပြောပြရန်ပြန်ပြေးလေသည်။
လုကောဖု ဘောင်းဘီအပြဲဖြင့် သူ့အားလိုက်ဖမ်းသော်လည်း၊ လုဟွေ့သူတို့၏ အခန်းထဲဝင်ပြေးသော် ဆက်မလိုက်တော့ပေ။
အခန်းထဲတွင်၊ လုကောဖု ဘောင်းဘီ အမြန်လဲဝတ်လိုက်ပြီး အမျိုးသမီးလုအား ပြောပြလိုက်သည်၊ "အမေ၊ ဒါကြီးက အလုပ်မဖြစ်ဘူး။ တခြားနည်းလမ်း စဉ်းစားရမယ်။"
အမျိုးသမီးလု ယမန်နေ့က ပြုတ်ကျသောအခါ၊ သူမခါးဆစ်လွဲသွားပြီး ပြန်ကောင်းရန် ကုတင်ပေါ်တွင် လှဲနေလေသည်။
သူမသားပြောသည်ကိုကြားသော်၊ စိတ်တိုစွာဖြင့်၊ "ငါမစဉ်းစားဘူးထင်လို့လား? ငါတစ်ညလုံး စဉ်းစားနေတာ၊ အိပ်လို့တောင်မပျော်ဘူး။" ဟုပြောလေသည်။
"အမေ၊ ဘာစဉ်းစားထားလဲ?" လုကောဖု မေးလေသည်။ "အစ်ကို့ကို နှင်ဖို့ ပိုအားကောင်းတဲ့ ပုဂ္ဂိုလ်ခေါ်သင့်လား? ဆရာမာကတော့ အဲ့လောက်အစွမ်းမရှိဘူး။ သူကကျွန်တော့်ထက်တောင် ပိုကြောက်နေသေးတယ်။"
အမျိုးသမီးလု သူ့အား လျစ်လျူရှုထားလိုက်သည်။
"ပြောတာတော့ လွယ်တာပေါ့။ ငါက ဘယ်မှာသွားရှာရမှာလဲ?"
"အဲ့တာဆို အစ်ကို့ကို ဘာမှလုပ်လို့မရတော့ဘူးလား?" လုကောဖု စိတ်လှုပ်ရှားကာ အခန်းတွင်း အရှေ့အနောက်လျှောက်နေလေသည်။ "ဘာမှအလုပ်မဖြစ်ရင်လည်း၊ ခြံထဲမှာပဲသက်သက် အစ်ကိုကြီးကို တောင်းပန်ရအောင်။"
"မလိုပါဘူး။" အမျိုးသမီးလုမှ ပြောလေသည်။ "သူ့မိန်းမနဲ့ကလေးတွေကို နှင်ထုတ်လိုက်ရင် သူလည်း ဆက်နေစရာ အကြောင်းမရှိတော့ဘူး။ ကောပင်းပြန်လာလိမ့်မယ် မထင်ဘူး..."
လုကောဖုမှ စိုးရိမ်စွာ မေးလိုက်သည်။ "အဲ့လိုနှင်ထုတ်လို့ရလား? ချန်အိမ်ကလာပြီး ပြဿနာရှာရင်ရော ဘယ်လိုလုပ်မလဲ?"
"သူတို့ဂရုစိုက်မယ် မထင်ဘူး။"
အမျိုးသမီးလုမှ အေးစက်စွာပြောလိုက်သည်။ "အခုပဲကြည့်၊ သူတို့သမီး မတော်တဆဖြစ်တာ ရက်တွေပဲကြာလှပြီ၊ ပြဿနာမရှာဘဲ၊ လာကြည့်ဖို့ လူပဲလွှတ်လိုက်တာလေ။ သူ့အမေကလည်း သားသုံးယောက်မှာ၊ သားအငယ်က မိန်းမ မရသေးတာကို သူ့သမီးကို ဂရုစိုက်အားပါ့မလား? ငါတို့အဲ့မကောင်းဆိုးဝါးမလေးကို နှင်ထုတ်ဖို့ပဲလိုတာ..."
လုကောဖု သေချာနားထောင်ပြီး ခေါင်းညိမ့်နေလေသည်။
အမျိုးသမီးလု ပြောလို့မဆုံးခင်ပင်၊ လုကွေ့ရင်းနှင့် ချန်ကွမ်ဖာ့တို့နှစ်ဦး တံခါးကိုခြေဖြင့်ကန်ဖွင့်ကာ အတွင်းသို့လျှောက်လာလေသည်။
သူတို့နောက်တွင်ပါလာသည်က၊ သူတို့၏ ကြံ့ခိုင်သန်မာသော သားသုံးဦးဖြစ်လေသည်။ ၎င်းတို့တစ်ဦးစီသည် အရပ် ၁.၈ မီတာကျော် ရှည်လေသည်။
အမျိုးသမီးလု ဆက်ပြောမည့် စကားလုံးများသည် သူမလည်ပင်းတွင် နင်သွားပြီး သူမ ထပ်၍ သတိမေ့လုနီးနီးဖြစ်သွားသည်။