Chapter 17
Vol. 2 Ch. 17
အမျိုးသမီးလု၏ စကားများသည် ပြင်းထန်လေသည်။
သူမသာ ခါးနားမနေလျှင်၊ ချက်ချင်းထိုနေရာသို့သွားပြီး သူတို့အားနှင်မည်ဖြစ်သည်။
ချန်ပေါင်ခဲ့မှ ပြုံးကာပြောလိုက်သည်။ "သော့နဲ့ခေါင်းလောင်းပဲ လဲထားတာမလား? လွယ်ပါတယ်။"
သူပြောပြီးသည်နှင့်၊ ဘယ်ကထွက်လာမှန်းမသိသည့် ဝက်အူလှည့်ဖြင့်၊ သော့နှင့်ခေါင်းလောင်းအား ဖြုတ်လိုက်လေသည်။ "ဘယ်အပိုင်း လဲထားရသေးလဲ? ကျွန်တော့ကိုပြောပါ၊ ကျွန်တော်ဖြုတ်ပေးမယ်။ ကျွန်တော်တို့ ခင်ဗျားတို့အပေါ် နည်းနည်းမှ အခွင့်အရေးမယူပါဘူး။"
အမျိုးသမီးလုကြားသော်၊ အလွန်လန့်သွားလေသည်။
စက်ဘီးမရှိဘဲ၊ သော့နဲ့ခေါင်းလောင်းကို သူဘာလုပ်ရမှာလဲ? အလှကြည့်ရမှာလား?
အမျိုးသမီးလု မျက်နှာသည် အလွန်ရုပ်ဆိုးနေသော်လည်း ချန်ပေါင်ခဲ့ မသိချင်ယောင်ဆောင်ကာ ပြုံး၍ ပြောလိုက်သည်။ "တခြားဘာမှမရှိတော့ရင်၊ ကျွန်တော်စက်ဘီးယူသွားတော့မယ်။"
သူပြောပြီးသည်နှင့်၊ စားပွဲတင်နာရီကို ဘယ်ဘက်လက်မှကိုင်ကာ စက်ဘီးအား ညာဘက်လက်ဖြင့် အလွယ်တကူ မ သွားလေသည်။
အမျိုးသမီးလု သူ့နောက်ကျောအားကြည့်ကာ ကုတ်ခြစ်ပစ်လိုက်ချင်လေသည်။ သို့သော်၊ ကလေးမလေးဘေးမှ ပျော်ရွှင်စွာ လိုက်သွားသည်ကိုမြင်သော်၊ သူမစိတ်ပြန်ထိန်းလိုက်ရလေသည်။
ထိုအချိန်တွင်၊ လုကောဖု အပြင်ဘက်သို့ ခေါင်းထွက်ကာ၊ မေးလေသည်။ "အမေ၊ သူတို့စက်ဘီးရော ယူသွားတာလား?"
အမျိုးသမီးလု ရပ်နေပြီး ဘာမျှမပြောပေ။
လုကောဖု သူပေါင်သူရိုက်ကာ၊ ငိုသံဖြင့်ပြောလေသည်။ "ဘုရားရေ - သူတို့ဘယ်လိုလုပ် အကုန်ပြန်သယ်သွားရတာလဲ? ငါ့စက်ဘီးလေး..."
အမျိုးသမီးဝမ်၏ ခေါင်းသည်လည်း တစ်ဖက်နံရံပေါ်မှ ပေါ်ထွက်လာလေသည်။ "ဟေ့၊ ဘာလုပ်နေကြတာလဲ?"
"နင့်သောက်ပူမပါဘူး!"
အမျိုးသမီးလု မျက်နှာပြန်တည်ကာ၊ လုကောဖုနှင့် အိမ်ထဲပြန်ဝင်သွားလေသည်။
သူတို့အကုန်ယူပြီးသွားပြီးသော် တန်ဖိုးရှိသည်များဘာမျှမကျန်တော့ရာ၊ ဘာယူစရာကျန်သေးလို့လဲ?
လီညီအစ်ကိုတို့သည် ကူညီဖို့လာခဲ့သော်လည်း လုမိသားစုမှ သူတို့ထက်ပို၍ သူရဲဘောကြောင်နေသည်ကိုတွေ့သော် မကူညီချင်ကြတော့ပေ။
"ထားလိုက်တော့၊ ခင်ဗျားတို့ လုပ်ချင်တာလုပ်ကြ။ ကျွန်တော်တို့ ပိုင်တာတွေလည်း မဟုတ်ဘူး? ဘာလို့စိတ်ပူပေးနေရမှာလဲ?"
"ဟုတ်တယ်။ အလုပ်လည်း နောက်ကျသွားပြီ၊ လစာဘယ်လောက်တောင် အဖြတ်ခံရမလဲမသိဘူး။"
"သွားရအောင်၊ အလုပ်ဆီ ပြန်သွားမယ်။ ဒါကအချိန်ဖြုန်းတာပဲ။"
လီမိသားစုမှ ညီအစ်ကိုလေးယောက် ဆဲဆိုရင်းပြန်သွားပြီး အမျိုးသမီးလု၊ သူမသားနှင့်ချွေးမတို့သာ ချန်မိသားစုနှင့် မျက်နှာချင်းဆိုင်လျက်ကျန်ခဲ့ရာ၊ သူတို့ယုံကြည်ချက်များ ပျောက်ဆုံးသွားလေသည်။
လီချွန်းလန် အခြေအနေ မဟန်သည်ကိုတွေ့သော်၊ သူမဗိုက်အားကိုင်ပြီး၊ "ကျွန်မ၊ သိပ်နေမကောင်းချင်လို့ အခန်းပြန်ပြီး ခနလှဲလိုက်ဦးမယ်။ အမေနဲ့ကောဖု သူတို့နဲ့စကားပြောလိုက်ပါ။ ကျွန်မ အမေတို့ပြောတာအကုန်လက်ခံတယ်။ ကန့်ကွက်စရာမရှိဘူး။" ဟုပြောလေသည်။
လုကောဖုမှ အလျင်အမြန် သူ၏ကိုယ်ဝန်သည်ဇနီးနောက်မှ လိုက်သွားလေသည်။ "ကျွန်တော်လည်း လက်ခံတယ်။ အမေပဲပြောလိုက်တော့နော်။"
"ဘာခွဲစရာကျန်သေးလို့ ပြောရမှာလဲ?" အမျိုးသမီးလုမှ စိတ်တိုစွာ စိုက်ကြည့်လေသည်။
"ခွဲစရာမကျန်တော့ဘူးလို့ ဘယ်သူပြောလဲ?" ချန်ဖန်းရှု ရုတ်တရပ် ပြောလိုက်လေသည်၊ "ကျွန်မကို အိမ်ဆောက်ပေးတဲ့အတွက် ယွမ် ၅၀၀ မပေးရသေးဘူးလေ။"
"ဘာပိုက်ဆံမှ မရှိဘူး။" အမျိုးသမီးလု အံကြိတ်ကာ "ပိုက်ဆံအဲ့လောက်လိုချင်နေရင်၊ ငါ့ကိုသာ သတ်သွားလိုက်။" ဟုအရှက်မဲ့သွာ ပြောလေသည်။
အခန်းထဲပြန်ဝင်လာသည့် ချန်ပေါင်ခဲ့ကြားသော်၊ နောက်တွင်ရှိသော သူ့တူမအား ရှေ့သို့ခေါ်ပြီး ပြုံးကာ ပြောလိုက်လသေည်။ "ထောင်ထောင်၊ သမီးဘွားဘွားက ပိုက်ဆံမရှိဘူးတဲ့။ သူ တကယ်ပိုက်ဆံမရှိတာ ဟုတ်မဟုတ် သွားမေးကြည့်ပါလား?"
"ဟုတ်ကဲ့။" ကလေးမလေးပြန်ဖြေပြီး အမျိုးသမီးလုဆီသို့ပြေးသွားကာ လေးနက်သည့်မျက်နှာထားဖြင့် မော့၍မေးလေသည်။ "ဘွားဘွား၊ သမီးတို့ကို ဘာပေးစရာကျန်သေးလဲ? မြန်မြန်ပေးပါ၊ မပေးရင် သမီးဖေဖေ့ကိုခေါ်လိုက်မယ်။"
"မင်း!" အမျိုးသမီးလု စိတ်တိုသွားလေသည်။
သို့သော်၊ သူမ ကြောက်သော်လည်း ပိုက်ဆံမရှိကြောင်းသာပြောကာ ပေးရန်ငြင်းဆိုလေသည်။
လုထောင် အတန်ကြာမေးသော်လည်း အဖြေမရသည့်အတွက်၊ သူမစိတ်ရှုပ်ထွေးလာလေသည်။ "တကယ်မရှိတော့ဘူးလား? မဖြစ်နိုင်ဘူး။"
သူမအဖေပြောသည်မှာ စက်ဘီးကအနည်းငယ်ပျက်စီးနေသဖြင့်၊ ယွမ် ၁၅၀သာ တန်လေသည်။
သူမယွမ် ၃၀၀ကျော်သာ ပြန်ရသေးလေသည်။ ပိုရရန် လိုသေးလေသည်။ သူမဘာလုပ်ရမလဲ?
ကလေးမလေး အသည်းအသန် တွေးတောသော်လည်း အကြံမထွက်ပေ။
ထိုအချိန်တွင်၊ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ချန်ကွမ်ဖာ့မှ ပြုံးကာ၊ အိတ်ကပ်မှ ဆေးလိပ်တစ်လိပ်ယူပြီး မီးညှိလေသည်။ "မမေးချင်ရင်လည်း ရပါတယ်။ ရှုအာလည်း ဒီမှာဆက်မနေချင်တော့ဘူးဆိုတော့၊ ပိုက်ဆံမပေးနိုင်ရင်၊ ဖြိုချလိုက်ကြတာပေါ့။"
လူအိုကြီး ပြောသည်ကိုကြားသော်၊ အခန်းထဲရှိ ချန်မိသားစုဝင်အကုန်လုံး ရယ်မောလေသည်။
ချန်မိသားစု၏ ဒုတိယမြောက်သားဖြစ်သည့် ချန်ပေါင်မင်းက ထလာကာ၊ "အလာတုန်းက ဒီတူယူခဲ့လို့ တော်သေးတာပေါ့။" ဟုပြောလေသည်။
သူလက်သီးလက်မောင်းသန်းကာ၊ တူကိုကိုင်၍ ချန်ဖန်းရှုအား မေးလေသည်။ "ဘယ်နေရာ အရင်ဖြိုရမလဲ?"
အမျိုးသမီးလု ကြားသော် ငိုလုမတတ်ပင်ဖြစ်သည်။
ဘယ်နေရာ အရင်ဖြိုရမလဲ?
ဒီအန္တရာယ်များတဲ့ဟာကို ယူလာတယ်? ဒီကို အမွေခွဲဖို့ရောက်လာတာလား၊ လူသတ်ဖို့လာတာလား?
ချန်ဖန်းရှုကြားသော် လုမိသားစုကို လှမ်း၍ ကြည့်လိုက်လေသည်။
ယခုထိတိုင် ပိုက်ဆံပေးရန်ငြင်းဆိုနေသဖြင့် ချန်ဖန်းရှုမှ "ဖြိုလိုက်။" ဟုပြောလိုက်လေသည်။
ချွန်းလန်တို့အတွဲ လန့်သွားပြီး အမျိုးသမီးလု အလွန်ဒေါသထွက်သွားကာ ထ၍ခုန်လေသည်။ "ဒါတော့လွန်လွန်းသွားပြီ! ငါ့အိမ်ကို ဖြိုရဲတယ်ပေါ့? နင်တို့ကိုငါရဲတိုင်ပြီး ထောင်ချလိုက်မှာ မကြောက်ဘူးလား? နင်တို့ကို ငါတရားစွဲမယ်!"
ချန်ပေါင်ခဲ့မှ ပြောလိုက်သည်။ "ခင်ဗျားပိုက်ဆံမပေးရင်၊ အိမ်က ကျွန်တော့်အစ်မပိုင်တာပဲလေ။ ကျွန်တော့်အစ်မက ဖြိုချင်တယ်ဆိုရင် ဖြိုရမှာပေါ့? ဘာဖြစ်လို့လဲ?"
"မှန်တယ်။" နံရံကိုမှီကာ ပွဲကြည့်နေသည့် အမျိုးသမီးဝမ်မှ ပြောလိုက်ခြင်းဖြစ်သည်။ "ဒါ ဖန်းရှုပိုင်တဲ့ အိမ်ပဲလေ။ သူ ဖြိုချင်ရင် သေချာပေါက်ဖြိုလို့ရတာပေါ့။ အဘွားကြီး၊ နင် သတိမေ့သွားတာလား? နင်ဟိုနေ့ကမှ တင်ပြချက် ပို့ချထားရတာမဟုတ်ဘူးလား?"
အမျိုးသမီးလု နောက်သို့လှည့်ကာ အော်လိုက်လေသည်။ "ပါးစပ်ပိတ်ထား! နင်က ဘာလို့ နေရာတိုင်း ဝင်ပါနေရတာလဲ?" သူမအဆုတ်များ ပေါက်ထွက်သွားတော့မတတ် ဖြစ်နေလေသည်။
ထိုအချိန်တွင်၊ ချန်ဖန်းရှု စိတ်ပိုင်းဖြတ်ကာ၊ လုကောဖုတို့အခန်းအား ညွှန်ပြလိုက်လေသည်။ "ဒီအခန်းနှစ်ခုကိုဖျက်ရအောင်။ အမေ့အိမ်က အရင်အိမ်အဟောင်းကိုပဲ ပြန်ပြင်ထားတော့ ငွေလည်းသိပ်မကုန်ခဲ့တာမလို့ အဲ့တာကိုတော့ မထိတော့ဘူး။"
လုကောဖုနှင့် လီချွန်းလန်တို့ မျက်နှာထားများ ချက်ချင်းပြောင်းသွားပြီး သူ့အားတားရန် အမြန်ပြေးလာလေသည်။ "မလုပ်နဲ့!"
သို့သော် သူတို့သည် ချန်ပေါင်မင်းလောက်တော့မမြန်သဖြင့်၊ ချန်ပေါင်မင်းမှ၊ "ဟုတ်ပြီ" ဟုဆိုကာ တူကိုရမ်းရင်း နံရံဆီသို့ လျှောက်သွားလေသည်။
"ဒုန်း--"
တူတစ်ချက်ကြောင့်၊ တစ်အိမ်လုံးတင်မက မြေကြီးပါ တုန်ခါသွားလေသည်။
၎င်းတို့အား တုံ့ပြန်ချိန်ပင် မပေးဘဲ၊ ချန်ပေါင်မင်း ထပ်ထုလေသည်။
ယခု၊ နံရံတွင် အက်ကွဲကြောင်းများပေါ်လာပြီး၊ ခဏခဏအထုခံရသည့်နေရာများမှ အသံများထွက်နေကာ၊ အုတ်ခဲတချို့ပင် အောက်သို့ ပြုတ်ကျလာလေသည်။
လီချွန်းလန် ဗိုက်နာသည်ဟု ဆက်၍ ဟန်မဆောင်နိုင်တော့ဘဲ၊ ငိုပြီး အမျိုးသမီးလုဆီသို့ ပြေးသွားလေသည်။ "အမေ၊ သူတို့ကိုပေးလိုက်ပါ! သူတို့ဆက်ဖြိုနေမယ်ဆိုရင် ကောဖုနဲ့ ကျွန်မ နေစရာနေရာမရှိတော့ဘဲနေလိမ့်မယ်၊ အမေ! အမေ! ကျွန်မတောင်းပန်ပါတယ်!"
အမျိုးသမီးလုလည်း တုန်လှုပ်နေကာ၊ လီချွန်းလန်ဆွဲလိုက်သောအခါ လဲကျမလိုပင် ဖြစ်သွားလေသည်။
လီချွန်းလန် ဤသည်ကို သတိမထားမိဘဲ၊ "အမေ! အမေ၊ ကျေးဇူးပြုပြီး တစ်ခုခုပြောပါဦး။" ဟူ၍ ဆက်တိုက် ပြောလေသည်။
လုကောဖုလည်း သူ့အမေအား၊ "ဘာလို့ ပိုက်ဆံပဲ မပေးလိုက်တာလဲ? မပေးရင်၊ ကျွန်တော်တို့ အိမ်တော့ သွားပြီနော်။" ဟုပြောလိုက်လေသည်။
အမျိုးသမီးလု ဘာမျှမပြောဘဲ၊ အံကြိတ်ကာ အဝေးတွင် ထိုင်နေသည့် ချန်ဖန်းရှုအား စိုက်ကြည့်နေလေသည်။
အမြဲတမ်း နူးညံ့ပြီးရိုသေခဲ့သော ချန်ဖန်းရှု မျက်စိတစ်မှိတ်အတွင်း ဤကဲ့သို့ ပြောင်းလဲသွားလေသည်။
ထိုအချိန်တွင်၊ ချန်ပေါင်မင်း တတိယအချက်ကို လွှဲရမ်းမည်ပြုလိုက်လေသည်။
လီချွန်းလန် အခြားဘာမျှဂရုမစိုက်နိုင်ဘဲ အော်လေတော့သည်။ "အမေ၊ အမေ၊ ကျွန်မဒူးထောက်ပြီးဖြစ်ဖြစ် တောင်းပန်ပါတယ်။"
သူမချွေးမ လူအများရှေ့တွင် ဒူးထောက်သည်ကိုမြင်သော်၊ အမျိုးသမီးလု မျက်လုံးမှိတ်ကာ၊ "မဖြိုနဲ့တော့၊ ငါပိုက်ဆံပေးမယ်!" ဟုပြောလိုက်လေသည်။
"တကယ်လား၊ အမေ?" လီချွန်းလန် မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နေလေသည်။ သူမ အမြန်ထ၍ ချန်ပေါင်မင်းဆီသို့ ပြေးသွားလိုက်သည်။ "ကြားတယ်မလား? အမေက ပိုက်ဆံပေးမယ်တဲ့၊ မဖြိုနဲ့တော့၊ မဖြိုနဲ့တော့နော်!"
ချန်ပေါင်မင်းလည်း ရပ်လိုက်ပြီး သူ့ညီမအား လှမ်းကြည့်လိုက်လေသည်။
ချန်ဖန်းရှု သူ့အား ခေါင်းညိမ့်ပြကာ၊ အမျိုးသမီးလုအား ပြောလိုက်လေသည်။ "ကျွန်မကို အခုပေးပါ၊ ရှေ့လျှောက်မရှုပ်တော့အောင်လို့။"
အမျိုးသမီးလု ဈေးဆစ်ရန် ကြိုးပမ်းလေသည်။ "အခုငါ့လက်ထဲတော့ အဲ့လောက်အများကြီး ဘယ်ရှိဦးမလဲ၊ နှစ်ရက်လောက် စောင့်မပေးနိုင်ဘူးလား?"
ချန်ဖန်းရှု ဘာမျှပြန်မပြောဘဲ သူမ၏ ဒုတိအစ်ကိုအား ပြန်ကြည့်လိုက်လေသည်။
ချန်ပေါင်မင်း နားလည်လိုက်ကာ၊ တူအားထပ်လွှဲရန်ပြင်လိုက်လေသည်။
"ပေးမယ်၊ အခုပေးမယ်၊ အခုချက်ချင်း။" အမျိုးသမီးလုအော်ကာ သူမရင်ဘတ်ကိုဖိရင်း အိမ်ထဲသို့ ဝင်သွားလေသည်။
သူမတုန်လှုပ်ကာ အတန်ကြာသည်အထိ ရှာဖွေသော်လည်း၊ ယွမ် ၂၀၀ကျော်သာ ရှာတွေ့လေသည်။
သူမသားနှင့် ချွေးမ ဘာမျှမလုပ်ဘဲ ဘာမှဖြစ်မထားသကဲ့သို့ ရပ်နေသည်ကိုတွေ့သော် အမျိုးသမီးလု သူတို့အား စိုက်ကြည့်ကာ ပြောလိုက်လေသည်။ "ဘာလုပ်နေကြတာလဲ? ပိုက်ဆံသွားရှာကြလေ။ မင်းတို့တကယ်ပဲ ငါ့မှာအဲ့လောက်ရှိမယ်လို့ ထင်လို့လား?"
လီချွန်းလန် တွေဝေနေလေသည်။ "ကျွန်မ၊ ကျွန်မတို့မှာ ငွေအဲ့လောက်များများမရှိဘူး..."
အမျိုးသမီးလုစိတ်တိုကာ၊ "ပိုက်ဆံမရှိရင်၊ နင်တို့အိမ်လည်းမယူနဲ့ပေါ့။ ငါ့မှာနေစရာရှိတာပဲ။" ဟုပြန်ပြောလိုက်လေသည်။
လီချွန်းလန် သူတို့အခန်းထဲဝင်ကာ ငွေရှာလာသော်ပြီး စုစုပေါင်းမှာ ယွမ် ၉၀ ကျော်ရှိပေမည်။ "ဒါကျွန်မတို့ရှိတာအကုန်ပဲ။" ဟုပြောလေသည်။
ချန်ပေါင်ခဲ့ ယူကာရေတွက်လေသည်။ ထို့နောက် စုစုပေါင်း ၃၀၇ ယွမ်နှင့် ၂ပြားကို ချန်ဖန်းရှုအား လှမ်းပေးလိုက်လေသည်။
ချန်ဖန်းရှု ၇ယွမ်နှင့် ၂ပြားကိုဖယ်ကာ ပြန်ပေးလိုက်လေသည်။
ဒါက... ကျန်တဲ့ ယွမ်၂၀၀ ပေးစရာမလိုတော့ဘူးလား?
လုကောဖု မယုံနိုင်ဘဲ ပြန်ပေးသည်ကို လက်နှစ်ဖက်ဖြင့်ယူကာ၊ ချန်ဖန်းရှုအား ကျေးဇူးတင်တော့မည့်အချိန်တွင် ချန်ဖန်းရှုမှ၊ "အဲ့တာပြန်ယူပြီး၊ ကျန်တဲ့ ယွမ်၂၀၀ကို အပြည့်ပြန်ပေးဖို့ စာချုပ်မှာလက်မှတ်ထိုးပါ။" ဟုပြောလိုက်လေသည်။
လုကောဖု မျက်နှာပျက်သွားသည်။ "မရီး၊ ကျွန်တော်တို့က မိသားစုတွေပဲလေ၊ အဲ့လောက်ထိလုပ်စရာမလိုဘူးမလား?"
"ဘာပြဿနာရှိလို့လဲ?" ချန်ပေါင်ခဲ့ပြောကာ အိတ်ကပ်ထဲမှ ဘူးလေးတစ်ဘူး ထုတ်လိုက်လေသည်။ "မှင်ဘူးယူလာခဲ့တယ်။ လာပါ။ စာချုပ်မှာ လက်ဗွေလာနှိပ်ကြပါ။ ဒီအကြွေးက ခင်ဗျားတို့သုံးယောက်လုံးတင်တာမလို့ သုံးယောက်လုံးရဲ့လက်ဗွေတွေပါရမယ်။"
ဘယ်လိုအလုပ်မရှိတဲ့သူက မှင်ဘူးကြီးသယ်ပြီး သွားလာနေတာလဲ?
သူတို့ သေချာကို ကြိုတင်ပြင်ဆင်ထားကြတာပဲ၊ ဟုတ်တယ်မလား?
အမျိုးသမီးလုနှင့် အခြားသူများတွင် အမုန်းတရားများ တိုးပွားလာသော်လည်း၊ သူတို့ဘာမျှမတတ်နိုင်ပေ။ ထို့ကြောင့် သူတို့သုံးယောက်လုံး လက်ဗွေနှိပ်လိုက်ရလေသည်။
ထို့နောက်၊ ချန်ပေါင်ခဲ့မှ စစ်ဆေးကာ၊ ချန်ဖန်းရှုအား လှမ်းပေးလိုက်သည်။ "မမ၊ သိမ်းထားလိုက်။"
ထိုစာချုပ်အား ကိုင်ထားခြင်းသည် ၎င်းတို့သုံးယောက်လုံးအား ကြိုးကိုင်ထားနိုင်ခြင်းပင် ဖြစ်လေသည်။
အခုကနေစပြီး၊ ဘယ်လိုနေ့မှာပဲဖြစ်ဖြစ်၊ သူတို့တွေ သူ့အစ်မအိမ်လာပြီး ပြဿနာရှာမှာကိုမပူရတော့ဘူး။
ချန်ဖန်းရှု စာချုပ်အားမကြည့်ဘဲ သူမအိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ "ဒါဆိုရင် အကုန်ဖြေရှင်းပြီးသွားပြီ။ အခုကစပြီး၊ ကိုယ့်ဘာသာကိုယ် နေကြရအောင်။"
ချန်မိသားစု ချန်ဖန်းရှုတို့အိမ်ဘက်ပြန်ကာ ထွက်ခွာရန် ထုပ်ပိုးကြလေသည်။ လုကောဖု ပျက်စီးသွားသည့် နံရံကိုကြည့်ရင်း သက်ပြင်းချလေသည်၊ သူ၏အမေသည်တော့ သတိလစ်မတတ်ပင် ရှိလေသည်။
လီချွန်းလန် အမျိုးသမီးလုအား ဆေးရုံပြဖို့အတွက် အလုပ်ရှုပ်နေကာ ချန်ဖန်းရှုလည်း အလုပ်ရှုပ်နေလေသည်။
အိမ်ပြောင်းတော့မည်ဖြစ်သည့်အတွက်၊ ချန်ကွမ်ဖာ့လာစဉ်က အသင်းမှ နွားလှည်းဌားခဲ့လေသည်။
မနက်ထစဉ်က၊ လုကွေ့ရင်းနှင့် ချန်ဖန်းရှု အထုပ်အပိုးအချို့ ပြင်ပြီးသွားပြီဖြစ်သည်။ အမွေပြီးသည်နှင့် သူမတို့အထုပ်အပိုးများကို နွားလှည်းပေါ်သို့ တင်လေသည်။
စူးစမ်းချင်သည့် ဖြတ်သွားဖြတ်လာ ရွာသားတစ်ယောက်မှ သူတို့ကိုမြင်သော် မေးမြန်းလေသည်။ ချန်မိသားစုပင်မဖြေနိုင်ခင်၊ ဖရဲသီးစားနေသည့် အမျိုးသမီးဝမ်မှ လှမ်းရှင်းပြလေသည်။ "ဘာဖြစ်ရဦးမှာလဲ? အမွေခွဲလိုက်တာပေါ့။ ဒီတစ်ခါတော့ ဖန်းရှု မီးပုံထဲကနေ ရုန်းထွက်နိုင်သွားပြီ။"
အချိန်ခဏအတွင်းတွင်၊ အမျိုးသမီးလုနှင့် လုကောဖုမသိခင်ပင်၊ လုမိသားစု အမွေခွဲလိုက်သည့် သတင်းသည် နေရာအနှံ့ ပျံ့နှံ့သွားလေသည်။
လူအများအပြား လာရောက်ကြည့်ရှုကြကာ၊ အချို့သည် အထုပ်အပိုးများပင် ကူညီ၍ သယ်ပေးကြလေသည်။ "အိုးးး၊ ဖန်းရှု သတိကပ်သွားပြီပဲ။ သူအရင်တည်းက ဒီလိုလုပ်ခဲ့ရင် ပိုကောင်းမှာ။ ဒီလောက်နှစ်တွေ အကြာကြီး သူမ ဘယ်လောက်တောင်ခံစားခဲ့ရလဲ။ ငါတို့သူ့အတွက် စိတ်မကောင်းလိုက်တာ။"
လုထောင်သည်လည်း သူမအစ်ကိုနှင့်အတူ လိုက်လံသိမ်းဆည်းနေလေသည်။
သူမနားတွင် ကြားရသည့် ၂၅၀ ၏အသံသည် မရပ်တော့ပေ။ နွားလှည်းပေါ်သို့ အထုပ်အပိုးတစ်ခုရောက်လာသည်နှင့် ၂၅၀ မှတ်တမ်းတင်လေတော့သည်။
[ယွမ် ၁၆၀တန် အိပ်ရာခင်းနှစ်စုံ ပြန်ရပြီ။ ယခုလက်ရှိစုစုပေါင်းတန်ဖိုး - ၈၆၅ယွမ်နှင့် ၄၄ပြား။]
သို့သော်၊ စနစ်သည် ယွမ် ၂၀၀ ရရန် ကျန်သေးသည့် စာချုပ်ကို ထည့်မတွက်ပုံရလေသည်။ အိမ်ထဲတွင်ဘာမျှမကျန်တော့သော်လည်း လုထောင် မစ်ရှစ်မှာ မပြီးမြှောက်သေးသဖြင့် သူမစိတ်လှုပ်ရှားနေလေသည်။
သူမလှည်းပေါ် မတက်သေးသည်ကိုတွေ့သော်၊ လုဟွေ့မှ လှမ်းခေါ်လေသည်။ "ထောင်ထောင်၊ ဘာလုပ်နေတာလဲ?"
"အိုး၊ ဟုတ်သားပဲ။" ကလေးမလေး မျက်လုံးများတောက်ပသွားကာ "ပြီးတော့ ကိုကိုရောပဲ။ ထောင်ထောင် ကိုကို့ကိုလည်း ပြန်ခေါ်ခဲ့နိုင်တယ်။ ကိုကို့ကိုလည်း ပိုက်ဆံလိုရေလို့ရတယ်။"
၂၅၀ - [……]
သူမအဖေ ဘာမျှပြန်မပြောသဖြင့် သူမအထင်ကို ပြောလိုက်လေသည်။ "ဘွားဘွားက ကိုကို့ကို ရောင်းဖူးတယ်၊ အဲ့တော့ ကိုကို့မှာလည်း တန်ဖိုးရှိတယ်။"
၂၅၀ ခဏမျှ တိတ်ဆိတ်ကာ၊ [ဟုတ်ပြီ။ ယွမ် ၁၀၀တန်တဲ့ အစ်ကိုကို ပြန်ခေါ်လာခဲ့တယ်၊ စုစုပေါင်း - ၉၈၃ယွမ်နဲ့ ၅၁ပြား။] ဟုပြန်ပြင်ပြောလေသည်။
ကလေးမလေး ယခုမှ နွားလှည်းပေါ်တက်ချင်လာလေသည်။ "ဖေဖေ၊ ဖေဖေ၊ သမီး ဝက်လေးရတော့မှာလား?"
[မစ်ရှင်မပြီးမြောက်သေးပါ... လက်ခံသူက ယွမ် ၅၀၀ကျော် စည်းစိမ်တွေ ပြန်ယူခဲ့နိုင်ပေမယ့် ယွမ် ၁၀၀၀ မကျော်လျှင်၊ တိုးမြှင့်ဆုဖြစ်သည့် တောယုန်ကိုသာရပါမည်။ ဆုကိုရက်ပိုင်းအတွင်း ပေးသွားမည်ဖြစ်သည့်အတွက် ပြင်ဆင်ထားပါ။]
အာ့ဝူလင်မှ သူမနားမလည်မည်ကိုစိုစ၍ ပြန်ရှင်းပြလေသည်။ "ထောင်ထောင်၊ သမီးလေး၊ ယွမ် ၁၀၀၀ မပြည့်လို့၊ ဖေဖေက သမီးကို တောယုန်လေးတစ်ကောင်ပဲ ပေးနိုင်မယ်။"
ကိုကိုရောပါတာတောင် မလောက်သေးဘူးလား?
ကလေးမလေးအလွန် အံ့ဩသွားလေသည်။