Chapter 20
Vol. 2 Ch. 20
မတော်တဆအနည်းငယ် ရှိခဲ့သော်လည်း၊ လုထောင်အောင်မြင်စွာပင် ဆန့်ကျင်ဘက်သို့ ပြေးနိုင်ခဲ့လေသည်။
အာ့ဝူလင်(၂၅၀) ပြောလိုက်သည်။ "ကဲ၊ အခုသစ်ပင်ကြီးကြီးတစ်ပင်ကိုရှာပြီး အဲ့ဘေးမှာရပ်နေ။ ယုန်လေးကို ဖေဖေက သစ်ပင်ထဲကို ထည့်လိုက်မယ်။ သမီးတွေ့တာနဲ့၊ ဖမ်းလိုက်။ ဟုတ်ပြီလား?"
ရှောင်လုထောင် ခေါင်းညိမ့်လေသည်။ "ဟုတ်။"
ထိုနေရာတွင်၊ မြက်ခင်းပြင်နှင့် သစ်ပင်များအပြင် ဘာမျှသိပ်၍မရှိချေ။
ကလေးမလေး အတန်ကြာရှာပြီးနောက်၊ သူမထက်သိပ်၍ မမြင့်သည့် သစ်ပင်လေးတစ်ပင်ကိုသာ တွေ့လေသည်။
သူမလက်သေးသေးလေးများဖြင့် သူမအရပ်နှင့် သစ်ပင်ကိုတိုင်းကာ၊ ခေါင်းညိမ့်လိုက်သည်။ "ထောင်ထောင်မမှီဘူး၊ ဒါသစ်ပင်ကြီးကြီးပဲ။"
၂၅၀ - [……]
အာ့ဝူလင် အချိန်ခရီးသွားလာရခြင်းကြောင့် မျက်ရည်များပင် ကျလာလေသည်။
ယနေ့တွင်၊ အာ့ဝူလင် အေးအေးဆေးဆေး သာမန်နေ့များအတိုင်း နေချင်ခဲ့ခြင်းဖြစ်သည်။
သူမအဖေထံမှ ဘာမျှမကြားသော်၊ လုထောင် မေးလိုက်လေသည်။ "ဖေဖေ၊ ရှိသေးလား?"
၂၅၀ - [...ဖေဖေရှိပါတယ်၊ ဝေးဝေးမသွားပါဘူး။]
အချိန်ကုန်တော့မည့်အတွက် သူ၏လက်ခံသူအား ဆုပေးလိုက်လေတော့သည်။
ခဏအကြာတွင်၊ တစ်နေရာမှ မီးခိုးရောင်ယုန်လေးထွက်လာပြီး သူမနားရှိသစ်ပင်ပေါ် လာထိုင်လေရာ လုထောင်လှမ်းပိုက်လိုက်လေသည်။
ယုန်သည် အလွန်လေးသဖြင့် လုထောင်အတွက် ရင်ဘတ်တွင် လေးလံသည့် ခဲလုံးကြီးတစ်လုံးအား ပိုက်ထားရသကဲ့သို့ မြေကြီးပေါ်သို့ပင် လဲကျသွားလေသည်။
သို့သော် သူမအဖေ မှာထားသည်ကို သတိရသဖြင့် မလွတ်စေရန် တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။ "ဘယ်ပြေးမလို့လဲ!"
ထိုယုန်သည် ယုန်ရိုင်းတစ်ကောင်ဖြစ်ရာ၊ ခဏအတွင်းတွင်ပင်၊ သူမရင်ဘတ်အား ကန်ကာ ထွက်ပြေးသွားလေသည်။
ကလေးမလေး ထိုအချိန်တွင် ဘာလုပ်ရမည်မှန်းမသိ ဖြစ်သွားလေသည်။
အဲ့တာက ပြေးနိုင်တယ်ပေါ့?
၂၅၉ - [ထောင်ထောင်၊ မြန်မြန်လိုက်ဖမ်းချည်။ သူ့ဘာသာသူပြေးသွားတာကို ဖေဖေပြန်လာအောင်လုပ်ပေးလို့မရဘူး။]
လုထောင်ကြားသော်၊ အမြန်လိုက်ဖမ်းလေသည်။ "ရပ်! အဲ့တာရပ်!"
ကျောင်းမှပြန်လာသည့် ကလေးများ ယုန်လေးပြေးလာသည်ကိုမြင်သော် လိုက်ဖမ်းကြလေသည်။
လုထောင်၏ ခြေထောက်တိုလေးများကြောင့် နောက်တွင် ကျန်ခဲ့သော်လည်း၊ ခုန်ဆွခုန်ဆွဖြင့် လှမ်းအော်လေသည်။ "ထောင်ထောင့်ယုန်! အဲ့တာထောင်ထောင့်ယုန်!"
မည်သူမျှ သူမအား အရေးမပေးခဲ့ချေ။
ယုန်သည် ပြေးသွားပြီး ဖြစ်သည်။ အရင်ဖမ်းမိသည့် မည်သူမဆို ယနေ့ည အသားစားနိုင်မည်ဖြစ်သည်။
ကလေးတစ်စု ထိုယုန်အားဖမ်းရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေကြလေသည်။
လုဟွေ့နှင့် ချန်ပေါင်တို့ အနည်းငယ်နောက်ကျ၍ ပေါ်လာကြရာ၊ သူတို့လာချိန်တွင် ကလေးများ အလုပ်ရှုပ်နေကြလေသည်။
ထိုကလေးများနောက်တွင် သူတို့၏ညီမလေးရပ်၍ ငိုနေကည သူမ၏ ယုန်ဟုပြောသောကြောင့် ညီအစ်ကိုနှစ်ဦး ဘာမျှမစဉ်းစားဘဲ ဝင်ဖမ်းကြလေသည်။
အဆုံးတွင် မည်သူမျှ မဖမ်းနိုင်ကြချေ။ ယုန်သည် သူတို့ခြေထောက်ပေါ်မှဖြတ်၍ သူတို့နောက်ရှိ ဆံပင်ကောက်ကောက်နဲ့ ကောင်လေးအား ဝင်တိုက်ပြီး ခုန်ကာအောက်သို့ ပြန်ပြုတက်ကျသွားပြီး လှုပ်ရှားမှု ရပ်သွားလေသည်။
ဒါ...သတိလစ်သွားတာလား?
လုဟွေ့နှင့် ချန်ပေါင် မတုံ့ပြန်နိုင်ခင်တွင်ပင်၊ ပုံရိပ်သေးသေးလေးမှ "ရားးးး" ဆိုသည့်အော်သံလေးဖြင့် အပြေးသွားဖမ်းလေသည်။ သူမ အရှိန်မထိန်းနိုင်ဘဲ ယုန်အားဖက်ကာ လဲပြီး လှိမ့်သွားလေသည်။
ဝေချောင် အလျင်အမြန် အနောက်ဆုတ်လိုက်သော်လည်း၊ ကလေးမလေး "အားး" ဟူသည့်အသံဖြင့် သူ၏ခြေထောက်ပေါ်သို့ ပြုတ်ကျသွားကာ အတန်ကြာသည်အထိ ပြန်၍ မထပေ။
လုဟွေ့နှင့် ချန်ပေါင်မြင်သော်၊ သူမအား ထူရန်ပြေးလာကြလေသည်။ "ထောင်ထောင်၊ ထောင်ထောင် ခိုက်မိသွားသေးလား?"
"မလှုပ်နဲ့!"
ကလေးမလေး၏ အော်သံကြောင့် လုဟွေ့နှင့် ချန်ပေါင်လည်း ရပ်တန့်သွားလေသည်။
ထို့နောက်၊ သူမတင်ပါးအနည်းငယ်ကြွကာ ယုန်ပေါ်တက်၍ စီးလေတော့သည်။ "ဝူး...ဝူး... ဘယ်သွားနေတာလဲ!"
လုဟွေ့ ငိုရမည်မှန်းမသိ၊ ရယ်ရမည်မှန်းမသိ၊ ဝေချောင်ပင် သူ၏ခြေထောက်နားရှိ ညစ်ပတ်သည့်ကလေးမလေးအားကြည့်ပြီး စွံ့အသွားလေသည်။
သူအရင်တစ်ခါ သူမအားတွေ့ခဲ့တုန်းက၊ သူမ သန့်သန့်ပြန့်ပြန့်ရှိလေသည်။ ယခုတော့ သူမကိုယ်တွင် ဖုန်အပြည့်ဖြင့်၊ ဆံပင်သည်လည်း ဖရိုဖရဲဖြစ်နေလေသည်။
ဝေချောင်သည် အသန့်ကြိုက်သူဖြစ်သည်။ သူမပုံစံအားကြည့်ပြီး သူအတော်ပင် သည်းခံနေရလေသည်။ သူမနေနိုင်တော့ဘဲ ပြောလိုက်လေသည်။ "မင်းခေါင်းပေါ်မှာ မြက်တွေနဲ့။"
ခေါင်း၊ ခေါင်းပေါ်မှာ?
ကလေးမလေး လန့်ဖျပ်သွားပြီး သူမ ဆံပင်အားကိုင်ကာ မေးလေသည်။ "ဘယ်မှာလဲ?"
သူမလက်လွှတ်လိုက်သည်နှင့် ယုန်သည် ပြန်၍ လှုပ်ရှားလာသဖြင့် ပြန်ကိုင်ထားလိုက်ရလေသည်။ "မလှုပ်နဲ့!"
တစ်ဖက်တွင် ခေါင်းပေါ်ရှိ မြက်များ၊ တစ်ဖက်တွင် လွတ်သည်နှင့် ပြေးရန်ကြံနေသောယုန်။ လုထောင် သည်းမခံနိုင်တော့ပေ။
သူမငိုတော့မည်ကိုမြင်သော်၊ လုဟွေ့နှင့် ချန်ပေါင် ယုန်အား ကိုင်ကာ သူမအား ထူပေးလိုက်လေသည်။
ကလေးမလေး မျက်ရည်ဝဲကာ သူမဆံပင်ကောက်ကောက်လေးများအားကိုင်ရင်း မေးခဲ့သည်။ "ထောင်ထောင်၊ ထောင်ထောင့်ဆံပင်မှာ မြက်တွေရှိသေးလား?"
သူမနှုတ်ခမ်းထော်ကာ ခေါင်းရှိမြက်များအား ဖယ်ရှားသော်လည်း ထပ်၍ ရှာမတွေ့တော့သဖြင့်၊ လုဟွေ့အား မေးလေသည်။ "ကိုကို၊ ထောင်ထောင့် ခေါင်းပေါ်မှာ ရှိသေးလား?"
"မရှိတော့ဘူး။" လုဟွေ့နှင့် ချန်ပေါင်တို့နှစ်ဦးလုံး ခေါင်းခါပြလေသည်။
ကလေးမလေး မယုံဘဲ၊ သူမအား သတိပေးသည့် ဆံပင်ကောက်ကောက်နှင့် ကောင်လေးအား မေးလေသည်။ "တကယ်မရှိတော့ဘူးလား?"
ဝေချောင် အမှန်အတိုင်းပြောလေသည်။ "အနောက်မှာ နည်းနည်းရှိသေးတယ်။"
ကလေးမလေး တစ်ခေါင်းလုံးအနှံ့ သူမလက်လေးများဖြင့်ပွတ်လေသည်။ နဂိုကောက်နေသည့် သူမဆံပင်များ ပိုမိုရှုပ်ထွေးကာ ဌက်သိုက်နှင့်ပင် တူသွားလေသည်။
ဝေချောင် ကြည့်မနေနိုင်တော့ဘဲ၊ ကျန်ရှိသည်များကို ကူ၍ဖယ်ပေးလိုက်လေသည်။ "အဲ့တာအကုန်ပဲ။"
ကလေးမလေး စိတ်သက်သာရာရသွားကာ သူ့အား ကျေးဇူးတင်လေသည်။ "ကျေးဇူးတင်ပါတယ်၊ကိုကို။"
"ရပါတယ်။"
သူမဆံပင်များ သန့်ရှင်းသွားသော်၊ လုထောင်ပြန်၍ရှင်းလင်းကာ သူမ၏ ယုန်အား သွားတွေ့လေသည်။
လုဟွေ့ ဝေချောင်အားတွေ့သည်မှာ ဒုတိယအကြိမ်ရှိပြီဖြစ်သည်။ ဝေချောင် ထွက်သွားသော်၊ သူချန်ပေါင်အား မေးလိုက်လေသည်။ "အဲ့အသားဖြူဖြူ ဆံပင်ကောက်ကောက်နဲ့ကောင်လေးက ချင်းရှန်းရွာကလား?"
ချန်ပေါင် ခေါင်းညိမ့်ကာ ဖြေလိုက်သည်။ "သူ့မိဘတွေကဒီရွာမှာ ပညာတတ်တွေပဲ။ သူတို့ကမြို့ကြီးကနေ ပြောင်းလာတာတဲ့။ သူ့မိဘတွေက ကောလိပ်ကျောင်းသားတွေလို့ ကြားတယ်။"
"ကောလိပ်ကျောင်းသား?" လုထောင် စကားလုံးအသစ်ကြား၍ မေးလေသည်။ "ကောလိပ်ကျောင်းသားကဘာလဲ?"
ချန်ပေါင်ခေါင်းကုတ်ကာ ဖြေလိုက်လေသည်။ "ကောလိပ်ကျောင်းသားဆိုတာက... မူလတန်း၊ အလယ်တန်း၊ အထက်တန်းထက်မြင့်တဲ့ အတန်းကိုတက်ဖူးတဲ့ သူတွေကိုပြောတာ။"
"မူလတန်း၊ အလယ်တန်း၊ အထက်တန်းထက်ပိုမြင့်တယ်..." ကလေးမလေး အားကျသည့်မျက်လုံးများဖြင့် ပြောလေသည်။ "မိုက်လိုက်တာ၊ မူကြိုထက်မြင့်တာရော ရှိသေးလားသိချင်လိုက်တာ။"
ချန်ပေါင် - "..."
ချန်ပေါင် ယုန်အားပိုက်ကာ၊ လုဟွေ့၊ လုထောင်တို့ မောင်နှမသုံးယောက် အိမ်သို့ပျော်ရွှင်စွာ ပြန်ကြလေသည်။
ယုန်လိုက်ဖမ်းခဲ့ကြသည့် ကောင်လေးများသည်တော့ မဖမ်းမိသည့်အတွက် စိတ်ညစ်နေကြသည်။
ရုတ်တရပ်၊ ကောင်လေးတစ်ယောက်မှ တွေဝေစွာဖြင့်၊ "ယုန်ပေါ်မလာခင် အဲ့ကောင်မလေး အော်နေတာ ငါမှတ်မိသေးတယ်။" ဟုပြောလေသည်။
"ငါလည်းမှတ်မိတယ်။ သူပြောနေတာ၊ "ဖေဖေ၊ ဒီမှာရှိသေးလား?" ဆိုပြီး။"
ကောင်လေးအချို့ လုထောင်ရပ်နေခဲ့သည့် သစ်ပင်လေးအား လှည့်ကြည့်လိုက်ကြလေသည်။
"ရွာထိပ်မှာ ယုန်တစ်ခါမှ မတွေ့ဖူးဘူး။ သူခေါ်လိုက်လို့ ရောက်လာတာများလား?"
"အဖေကို ခေါ်ရုံနဲ့ ယုန်ရတယ်ပေါ့? ငါ နေ့တိုင်းခေါ်နေတာ ဘာလို့ ယုန်မွေးတစ်မွေးတောင်မတွေ့တာလဲ?"
ခနမျှ ဆွေးနွေးပြီးသော်၊ အမှန်ပင် ယုန်ပေါ်လာမလာ စမ်းသပ်ရန် ဆုံးဖြတ်လိုက်ကြလေသည်။
ရဲရင့်သည့်တစ်ယောက်မှ အရှေ့ရှိ သစ်ပင်နားသို့ထွက်ကာ လုထောင်အား အတုခိုးပြောဆိုလေသည်။ "ဖေဖေ၊ အဲ့မှာရှိသေးလား?"
ဘာတုံ့ပြန်မှုမျှမရှိပေ။
သူနှစ်ကြိမ်မျှ ပြောကာ အံ့ဩနေလေသည်။ "ငါညအရပ်များရှည်နေလို့လား? ထိုင်ပြီး အော်ကြည့်ရမလား?"
ဆောင့်ကြောင့်ထိုင်၍ စမ်းကြည့်သော်လည်း ယုန်မွေးပင်မတွေ့ရပေ။ ၎င်းအား တစ်စုံတစ်ယောက်မှ တင်ပါးနှင့်တိုက်ကာ တွန်းလိုက်လေသည်။ "ငါစမ်းကြည့်မယ်။"
သူ့အားတွန်းသွားသည့်ကောင်လေးမှ သူ၏ အနီရောင်မာဖလာအားပြင်ကာ၊ သစ်ပင်ရှိရာသို့ပြောလိုက်လေသည်။ "ဖေဖေ၊ ဖေဖေ၊ ဖေဖေ ဒီမှာရှိသေးလား? ကျွန်တော်ဖေဖေ့သား တန်ရှောင်မင်းပါ။"
တုံ့ပြန်မှုမရှိသဖြင့်၊ သူအသံကိုမြှင့်ကာ ထပ်၍ ပြောလေသည်။ "အဖေ၊ ကျွန်တော် ဒီတစ်ခါ စာမေးပွဲအောင်တယ်၊ အဲ့တာကြောင့် ကျွန်တော့်ကို ယုန်တစ်ကောင်လောက်ပေးပါ။"
သူပြောပြီးသည်နှင့် ကြမ်းတမ်းသည့် ယောင်္ကျားတစ်ဦး၏ အသံတစ်နေရာမှ ထွက်လာလေသည်။ "မင်းဘယ်တုန်းက စာမေးပွဲပြန်ဖြေလိုက်တာလဲ? ငါဘာလို့မသိရတာလဲ?"
ကောင်လေး မျက်နှာထားပြောင်းသွားကာ သူ၏သူငယ်ချင်းများနောက်တွင် ဝင်၍ပုန်းလေသည်။ "မြန်မြန်? ငါ့ကိုကွယ်ထားပေး၊ အဲ့တာငါ့အဖေပဲ။"
လုထောင် သူမ ချင်းရှန်းရွာတွင် "အဖေ" ဟုခေါ်ကာ တောင်းဆိုသည့် ဇာတ်လမ်းအား သူမ စတင်ခဲ့မှန်းမသိပေ။
သူမအခုတော့ သူမမိသားစု၏ အံ့ဩကာ အထင်ကြီးခြင်းကို ခံနေရလေသည်။
"ယုန်ကဝသားပဲ၊ ဆယ်ကီလိုတော့ ကျော်လောက်တယ်။ တောင်ပေါ်က ယုန်တွေ ဒီလောက်မဝပါဘူး။" ချန်ပေါင်မင်း ယုန်အား အလေးချိန်ချိန်ရင်း ချန်ပေါင်အား မေးလိုက်လေသည်။ "တကယ်ရွာထိပ်က ဖမ်းခဲ့တာလား?"
"ဟုတ်တယ်။ တကယ်တော့ ထောင်ထောင်ဖမ်းတာ၊ ကျွန်တော်တို့ပြန်လာတော့ သူဖမ်းနေတာတွေ့တာ။"
"ထောင်ထောင် ဖမ်းတာ?" ဟူချူရှန်း ကလေးမလေး မယုံကြည်နိုင်သည့် အကြည့်ဖြင့် ကြည့်လေသည်။ "ဒီယုန်က သမီးလောက်နီးပါး လေးတာကို၊ ဘယ်လိုဖမ်းခဲ့တာလဲ?"
လုထောင်ကြားသော်၊ "ထောင်ထောင် သစ်ပင်ဘေးနားမှာ စောင့်နေတာ၊ အဲ့တာယုန်က ပြေးလာတာ။ ထောင်ထောင်လိုက်ဖမ်းပြီးတော့ ကိုကိုတို့နဲ့တွေ့တာ၊ ကိုကိုတို့သယ်လာပေးတာ။" ဟူ၍ ပြောလေသည်။
ဟူချူရှန်းပို၍ပင် အံ့ဩသွားသည်။ "လူတွေဒီလောက်သွားလာနေကြတာကို၊ ရွာထဲမှာ ယုန်တွေရှိတယ်ပေါ့?"
ချန်ဖန်းရှုကြားသော်၊ သူမညသမီးအတွက် အစ်ကိုကောပင်း ဖမ်းပေးခြင်း ဖြစ်မည်ဟု ခန့်မှန်းမိလေသည်။
ချန်ပေါင်ခဲ့သည်တော့ ဘာမျှမသိဘဲ၊ "ဦးဦးတို့ထောင်ထောင်လေး ယုန်ရိုင်းဖမ်းနိုင်ရလောက်အောင် အားရှိမယ်လို့ မထင်ထားဘူး။" ဟုပြောလေသည်။
လုထောင် ခေါင်းညိမ့်ကာ ပြောလေသည်။ "ထောင်ထောင်ဖမ်းတာ။"
"ကဲ၊ ဒီယုန်ကိုသတ်ပြီး ဒီညအသားစားကြတာပေါ့၊ ဘယ်လိုလဲ?" ချန်ပေါင်ခဲ့ ပြောလေသည်။ "ဦးဦးတို့ အသားမစားရတာ ကြာပြီ။"
ဒါ.......
ကလေးမလေး ယုန်အားကြည့်ရင်း ပြောလေသည်။ "ယုန်လေးက ချစ်စရာလေး..."
"ဦးဦးလည်း ချစ်စရာကောင်းပါတယ်။ ဦးဦး အသားမစားရတာ ကြာလှပြီ။ ထောင်ထောင် ဦးဦးကိုရော မသနားဘူးလား?"
ကလေးမလေး သူမဦးလေးကိုတစ်လှည့် ယုန်အားတစ်လှည့်ကြည့်ကာ၊ ဝေခွဲမရဖြစ်နေလေသည်။
လုကွေ့ရင်း သူမအငယ်ဆုံးသား၏ခေါင်းအား ပုတ်ရင်း ပြောလေသည်။ "မင်းအသက်အရွယ်နဲ့များ ချစ်စရာကောင်းတယ်တဲ့၊ ဘယ်လိုတောင် အရှက်မရှိတာလဲ။"
သူမကြိုးတစ်ချောင်းယူကာ ယုန်၏ခြေထောက်အား မီးဖိုချောင်တွင် ချည်လိုက်လေသည်။ "ထောင်ထောင်ကြိုက်လို့ နှစ်ရက်လောက် ကစားချင်သေးတယ်။"
ကလေးမလေး ပျော်ရွှင်စွာ ယုန်နားတွင် ဆောင့်ကြောင့်ထိုင်၍ ဆော့ကစားနေလေသည်။
ကောင်းရှန်းလည်း ရောက်လာလေသည်။ "ထောင်ထောင်၊ ကိုကိုထိကြည့်လို့ရမလ? ကိုကို့ခွေးလေး ညီမလေးကို ကိုင်ခိုင်းတယ်လေ။"
"ရတာပေါ့။" လုထောင်သည် ရက်ရောလေသည်။ "ဒါပေမယ့် ကိုကို နာမည်ပေးလို့မရဘူး။ ထောင်ထောင်ပေးမှာ။"
သူမပြောပြီးသည်နှင့်၊ တစ်စုံတစ်ခုအား သတိရကာ၊ ယုန်အား မေးလေသည်။ "ဟမ့်ဟမ့် လို့လုပ်တတ်လား?"
အားနည်းပြီး ကူကယ်ရာမဲ့နေသည့် သနားကမားယုန်လေး - "..."
ထိုအချိန်တွင် အနီရောင်လက်ပတ်ပတ်ထားသည့် လူတစ်စု ချန်မိသားစုအိမ်ဝင်းထဲသို့ ဝင်လာကြလေသည်။ "ချန်ကွမ်ဖာ့ ရှိလားဗျ? ခင်ဗျားတို့မိသားစု ယုန်ရိုင်းတွေ ဖမ်းနေတယ်လို့ တိုင်စာရထားလို့ လာစစ်ဆေးတာပါ။"
ရွာရှိ မြက်ခင်းပြင်တိုင်း၊ သစ်ပင်တိုင်း နိုင်ငံတော်ပိုင်ဖြစ်လေသည်။
သို့သော်၊ လူတို့သည် တောင်တန်းဒေသများတွင် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ယခင်နှစ်များတွင် လူတို့သည် သစ်ဥသစ်ဖုများ၊မှိုများ ကိုတူးကာ စားသုံးကြလေသည်။ အသင်းသည် မသိချင်ယောင်ဆောင်နေခဲ့လေသည်။ ဥပမာ၊ တောင်ပေါ်ရှိ ဆေးဖက်ဝင်အပင်များအား တူးဖော်ပြီး ဈေးတွင် ပြန်ရောင်းနိုင်လေသည်။
ဒီနှစ်တွေအတွင်း အကုန်အဆင်ပြေခဲ့တာကို၊ ယုန်လေးတစ်ကောင် ဖမ်းမိတာနဲ့ ဘယ်သူက သွားတိုင်လိုက်တာလဲ?
ချန်မိသားစုဝင်များ မျက်နှာမကောင်းပေ၊ သို့သော် ရပ်ရွာ အတွင်းရေးမှူးရောက်ရှိနေသည့်အတွက် သူတို့ကိုအထဲတော့ဝင်ခိုင်းရမည်။
လုကွေ့ရင်း၊ လက်ပတ်နီများထဲမှ သူမနှင့်ရင်းနှီးသော လီအား မေးလေသည်။ "ဘာဖြစ်တာလဲ?"
ထိုလူမှ တည်ငြိမ်စွာ ပြန်၍ဖြေကြားလေသည်။ "ခင်ဗျားတို့ အိမ်နီးချင်း အမျိုးသမီးရှုလေ။ သူ့သားမက်ကအခုတလော ရာထူးတိုးသွားတာ။ သူကတိုင်တော့ အတွင်းရေးမှူးလျိုက မတတ်နိုင်ဘဲ လာစစ်ဆေးရတာပါ။"
"ထပ်ပြီး အဲ့မိန်းမကြီးပဲ။" လုကွေ့ရင်း မျက်နှာဖြူဖျော့သွားလေသည်။ "သူ့သား ရှုအာကို မရတာနဲ့ပဲ သူငါတို့မိသားစုကိုတစ်နေကုန် စောင့်ကြည့်နေတာလား? နှစ်တောင်ချီနေပြီ၊ သူ ဒီတစ်သက်ရပ်ဦးမှာလား?"
ထိုအချိန်တွင် ချန်မိသားစု မီးဖိုချောင်ထဲရှိယုန်အား အတွင်းရေးမှူးမှ ရှာတွေ့သွားလေသည်။
"အသင်းထဲမှာလည်း ဝါရင့်ဖြစ်ရဲ့သားနဲ့၊ ဘယ်လိုလုပ် ဒီလိုအမှားမျိုးလုပ်ရတာလဲ..."
အတွင်းရေးမှူးလျို ချန်မိသားစုဝင်များအား ပညာပေးဟောပြောကာ၊ သူမအဖွဲ့သားများအား ယုန်ကိုကြိုးဖြေ၍ သယ်ခဲ့ရန်ပြောလေသည်။ "အများပိုင်တာကို ဒီလို ဖမ်းလာတာမျိုးက လက်မခံနိုင်ဘူး။ ဒီယုန်ကို သူ့နေရာနဲ့သူထားရမယ်၊ အခုချက်ချင်း ပြန်ထားရမယ်။"
လုထောင်ကြားသော် ငိုလေသည်။ "ပြန်ထားလို့မရဘူး! အဲ့တာထောင်ထောင့်ယုန်၊ ထောင်ထောင့်ကို ဖေဖေပေးထားတာ!"
ချန်မိသားစုဝင်များ မျက်နှာမကောင်းကြပေ။ "အတွင်းရေးမှူးလျို၊ ကလေးက ဆော့ချင်လို့ ယုန်ကိုဖမ်းလိုက်မိတာပါ၊ စားဖို့မဟုတ်ပါဘူး။ သူ ပျော်အောင် ရက်နည်းနည်းလောက် ခေါ်ထားပြီးမှ ပြန်လွှတ်ပေးလို့မရနိုင်ဘူးလား?"
အနောက်တွင် ရပ်ကြည့်နေသော အမျိုးသမီးရှုကြားသော်၊ အတွင်းရေးမှူးလျိုပင် ဘာမျှမပြောနိုင်ခင်၊ "ဘယ်နှရက်လဲ? ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ? ငါ့အထင်တော့ မနက်ဖြန်ထိတောင် စောင့်ကြည့်စရာမလိုဘူး။ အတွင်းရေးမှူးလျို ပြန်သွားတာနဲ့၊ နင်တို့ယုန်ကိုသတ်ပြီး အသားစားပစ်မှာပဲ။" ဟုပြောလေသည်။
"ရှင် လွန်မလာနဲ့နော်။" လုကွေ့ရင်းစိုက်ကြည့်ရင်း ပြောလိုက်လေသည်။
အမျိုးသမီးရှု နည်းနည်းမျှ ဂရုမစိုက်ပေ။ "ဘာလို့ လာစိုက်ကြည့်နေတာလဲ?"
ချန်မိသားစု ဘယ်လိုပင် တောင်းဆိုပါစေ၊ ယုန်အားခေါ်ထားခွင့်မရဘဲ အတွင်းရေးမှူးလျိုမှ ခေါ်သွားကာ အကုန်လုံးရှေ့တွင် တောင်ပေါ်သို့ ပြန်လွှတ်လိုက်လေသည်။
အတွင်းရေးမှူးလျိူနှင့် အခြားသူများပြန်သွားသော် လုထောင်၏ ငိုသံအား ရှည်လျားသော အကွာအဝေးမှပင် ကြားနိုင်လေသည်။
အချို့သူများ မနေနိုင်တော့ဘဲ၊ "သူဘာလုပ်နေတယ်ထင်လဲ? ကလေးက ဖမ်းတာကိုတောင် တိုင်လိုက်သေးတယ်။" ဟုပြောကြလေသည်။
"ဘာလုပ်နေတာဖြစ်ရမလဲ? သူများကောင်းစားနေတာကို မနာလိုတာပဲပေါ့။ ကြည့်ပါဦး၊ ပျော်လွန်းလို့ ပျံတက်သွားတော့မယ့်အတိုင်းပဲ။"
အမျိုးသမီးရှု သေချာပေါက် ဂုဏ်ယူနေလေသည်။
လုကွေ့ရင်း မျက်နှာကိုမြင်သော် ပီတိဖြစ်နေလေသည်။ ထို့အပြင် သူမတိုင်ကြားခဲ့သည်မှာ၊ ပျော်ရွှင်မှုအတွက် သက်သက်မဟုတ်ပေ။
ယုန်ကိုလွှတ်စေချင်သူမှာ သူမဖြစ်သည်။ သူမ၏ဒုတိယသားသည် ထောက်ချောက်လုပ်ရာမှာ ကျွမ်းကျင်ပြီး တောင်အနောက်ဘက်တွင် သူမတို့ထောင်ချောက်များ ဆင်ပြီးသားဖြစ်လေသည်။ အတွင်းရေးမှူးတို့ ယုန်အားလွှတ်လိုက်သည်နှင့် သူမတို့ဖမ်း၍ မမှောင် အိမ်ပြန်ယူခဲ့နိုင်ပေမည်။
ချန်အိမ်က အသားစားချင်တယ်? နေစမ်းပါ! ငါတို့ပဲစားမှာပေါ့။
အတွင်းရေးမှူး ယုန်အားလွှတ်ပြီးနောက်၊ အမျိုးသမီးရှု ထောက်ချောက်များသွား၍ ဆင်ပြီး မည်သူမျှမသိခင် တိတ်တဆိတ်ပြန်လာခဲ့လေသည်။
၎င်းတို့မိသားစု မမှောင်ခင် ထောင်ချောက်များဆီသို့သွား၍ စစ်ဆေးသော် ယုန်၏ အရိပ်အယောင်ပင် မတွေ့ရချေ။
"နင် ထောက်ချောက်ကို သေချာမလုပ်ထားဘူးလား?" သူမဒုတိယသားအား မေးလေသည်။
"သေချာလုပ်ထားပါတယ်။ တခြားပြေးနိုင်မယ့်နေရာတွေမှာလည်း ထောင်ချောက်ဆင်ထားတယ်၊ အဲ့တော့ ဖမ်းမိသင့်ပြီ..."
သူပြော၍မပြီးခင်ပင် မလှမ်းမကမ်းရှိ အမျိုးသမီးရှုအော်လေသည်။ "အဲ့တာငါ့ခြေထောက်မှာ! အား၊ ဘာလို့ဒီလောက်တောင် ကျပ်တာလဲ? လာကြည့်ပေးဦး!"
ထိုအချိန်တွင် လုကွေ့ရင်း သူမသမီးနှင့် စကားပြောနေလေသည်။ "အဲ့မိန်းမကြီးက အဲ့လိုပဲ။ ရှုအာ၊ စိတ်ထဲထားမနေနဲ့။ ဒီတိုင်း တိုင်စာတစ်ခုပါပဲ၊ ဟုတ်တယ်မလား? သူ့ဘယ်သူကကြောက်ရမှာလဲ? သူတို့မိသားစုကျ သိပ်ပြီး သန့်ရှင်းတာကျနေတာပဲ။"
ရုတ်တရပ် တံခါးပွင့်သွားပြီး၊ အပြင်ဘက်မှ လုထောင် ဝင်လာလေသည်။
"ဘွားဘွား။" ကလေးမလေး ခိုးကြောင်ခိုးဝှက်ဖြင့်၊ အမွှေးပွပွ အရာတစ်ခုသယ်လာလေသည်။ "ဘွားဘွား၊ ယုန်၊ ယုန်က တောင်ကိုမကြိုက်ဘူး၊ အဲ့တာကြောင့် သူပြန်ပြေးလာတာ။”