Chapter 21
Vol. 2 Ch. 21
ထိုယုန်မည်ကဲ့သို့ ပြန်လာသည်ကို၊ မည်သူမျှမသိကြပေ။
အခုပြန်လာပြီဆိုတော့၊ သေချာပေါက် ပြန်မလွှတ်တော့ဘူးပေါ့။
လုကွေ့ရင်းနှင့် သူမသမီး ချန်ဖန်းရှုတို့ တိုင်ပင်ကာ ထိုယုန်အား ယနေ့ညမမှောင်ခင် စားရန်ဆုံးဖြတ်လိုက်ကြလေသည်။
စားပြီးလို့ ဘယ်သူ့မှမပြောဘဲ အရိုးတွေသေချာ သိမ်းပြီးပစ်ရင် ဒီညဘာစားခဲ့လဲ ဘယ်သူသိမှာလဲ။
ဆုံးဖြတ်ချက်ချပြီးနောက်၊ လုကွေ့ရင်း အိမ်ထဲသို့အမြန်ဝင်ကာ၊ စောင်အချို့ယူလျက် မီးဖိုချောင်ပြတင်းပေါက်များကို ကာထားလိုက်လေသည်။ ချန်ကွမ်ဖာ့နှင့် ချန်ပေါင်ခဲ့မှာတော့ တစ်ဦးသည် ဖယောင်းတိုင်ကိုင်ထားပြီး၊ နောက်တစ်ဦးမှာတော့ မီးဖိုချောင်သုံးဓားကို ကိုင်ထားပြီး၊ ထိုးသွင်းချက် အနည်းငယ်ဖြင့် ယုန်အား သတ်လိုက်လေသည်။
အရင်အကြိမ်များတွင်တော့၊ အိမ်တွင် အသားချက်လျှင် ဟင်းသီးဟင်းရွက် အများအပြားထည့်၍ ချက်ပြုတ်လေ့ရှိသော်လည်း ယနေ့အလျင်အမြန် ချက်ပြုတ်ရသည်ဖြစ်၍ ဘာမျှမထည့်ဘဲ အသားတို့ကိုလှီးကာ၊ ဟင်းအိုးထဲသို့ တိုက်ရိုက်ထည့်လိုက်လေသည်။
နာရီဝက်အတွင်းတွင်ပင်၊ မွှေးကြိုင်သော အသား၏အနံ့ ပျံ့နှံ့လာရာ လုဟွေ့နှင့် လုထောင်တို့ပင် အနံ့လားရာအတိုင်း ကြည့်ရာ ရှူရှိုက်နေလေသည်။
အသားကျက်တော့မည်ကိုသိသော လုကွေ့ရင်း အိုးထဲမှ အသားနှစ်ဖက်ခန့်ယူကာ၊ ပြောလေသည်။ "လာ၊ ကျက်မကျက် ဘွားဘွားကို ကူမြည်းပေးပါဦး။"
လုထောင်ချက်ချင်းပင် ပြေးလာပြီး၊ သူမ အဘွားနားတွင် ရပ်လိုက်လေသည်။ "ထောင်ထောင် လာပြီ၊ ထောင်ထောင်၊ ဘွားဘွားကို ကူမြည်းပေးမယ်။"
လုကွေ့ရင်း အသားတစ်ဖက်အား အေးစေရန်မှုတ်ပေးကာ၊ သူမမြေးအား ကျွေးလိုက်လေသည်။ "ဖြည်းဖြည်းစားနော်၊ ပူသေးတယ်။"
"ဟုတ်ကဲ့။" ကလေးမလေး ခေါင်းညိမ့်ကာ စားရန်မစောင့်နိုင်ဘဲ ရှိလေသည်။
အသားမှာ ပူသေးသဖြင့် သူမလန့်သွားသော်လည်း ထွေးမထုတ်နိုင်ဘဲ ဝါးရင်းပြောလိုက်သည်။ "စားလို့ကောင်းတယ်..."
"ဖြည်းဖြည်းစားပါ၊ သမီးဆီက ဘယ်သူမှ လုမစားပါဘူး။" လုကွေ့ရင်း လုဟွေ့အား တစ်ဖက်လှမ်းပေးရင်း ပြောလေသည်။
အာ့ဝူလင်ပေးသည့်ယုန်သည် ဝဖြိုးသောယုန်ဖြစ်သည်။ နာရီဝက်ကျော်သောအခါ၊ အသားသည်နပ်သွားပြီး ပိုမိုမွှေးကြိုင်သည် ရနံ့များထွက်လာလေသည်။
လုဟွေ့ အမြန်စားလိုက်ကာ ရုတ်တရပ် ရပ်တန့်သွားလေသည်။
လုကွေ့ရင်းမြင်သော်၊ "ဘာလို့လဲ? အရသာမရှိဘူးလား?" ဟုမေးလေသည်။
လုဟွေ့ ဘာမျှမပြောဘဲ၊ ပါးစပ်ထဲမှ အရာကိုထွေးထုတ်လိုက်သည်။ ထိုအရာမှာ သွားတစ်ချောင်းဖြစ်လေသည်။
လုထောင် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ "သွားပါပြီ၊ ကိုကို့သွားကြီးပြုတ်ကျသွားပြီ။" သူမထိတ်လန့်သွားပြီး အလွန်စိုးရိမ်ကာ မေးလေသည်။ "ဘွားဘွား၊ ကိုကို့ သွားကြီးပြုတ်ကျသွားပြီ။ ကိုကိုသွားမရှိတဲ့သူ ဖြစ်သွားတော့မှာလား?"
အခြားလမ်းမှ သွားမရှိတော့သည့် အဘွားအိုကြီးအား သူမ မြင်ဖူးသည်။ သွားမရှိသည့်အတွက် ကြည့်ရဆိုးပြီး ဘာမျှမစားနိုင်ပေ။
"သွားမရှိတော့ဘူးလို့ ဘယ်သူပြောလဲ?" လုဟွေ့ ပြောလေသည်။ "ဒါသွားလဲတာလို့ခေါ်တယ်။ ပြီးရင်ပြန်ပေါက်မှာပဲ။"
ကလေးမလေးမယုံဘဲ ပိုမိုသိလောက်မည့် သူမအဘွားကိုထပ်၍ မေးလေသည်။ "တကယ်လား?"
လုကွေ့ရင်း ခေါင်းညိမ့်လေသည်။ "တကယ်ပေါ့။ ကျိုးသွားတဲ့သွားကို မြေမြုပ်လိုက်ရင် သွားအသစ်ပေါက်လာမှာ။"
ထိုမှ လုထောင်ယုံသွားပြီး၊ လုဟွေ့အား မေးခဲ့သည်။ "ကိုကို၊ အဲ့တာနာလား?"
"မနာပါဘူး။"
လုဟွေ့ လူကြီးတစ်ယောက်ကဲ့သို့ ပြုမူကာ ငြင်းလိုက်လေသည်။
လုထောင် သူမအစ်ကိုအား အတန်ကြာစိုက်ကြည့်ပြီးနောက်၊ ရုတ်တရပ် လန့်သွားကာ ပြောခဲ့သည်။ "ကိုကို၊ ကိုကို အခုရုပ်တအားဆိုးသွားပြီ။"
လုဟွေ့ - "..."
ရှောင်လုထောင်သည် အလှအပ နှစ်သက်သူဖြစ်သည့်အတွက် သူမထံမှရုပ်ဆိုးသည်ဟု အပြောခံရလျှင်ပင် ထိုသူ့အတွက် အရှုံးသာဖြစ်သည်။
လုဟွေ့ ရင်ဘတ်တည့်တည့်သို့ မြှားနှင့်ပစ်ခံလိုက်ရသကဲ့သို့ပင် ဖြစ်သည်။ အတန်ကြာသော်၊ "အဲ့တာဘာမှမဖြစ်ပါဘူး။ ထောင်ထောင်လည်း ကြီးလာရင် သွားကျိုးပြီး ကိုကို့ထက်ပိုရုပ်ဆိုးမှာ။"
"ကိုကို့ထက် ပိုရုပ်ဆိုးမှာ?"
ကလေးမလေး သူမသွားမရှိတော့မည့်ပုံစံအား စိတ်ကူးကြည့်ရင်း၊ အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်လေသည်။ ရုတ်တရပ် သူမပါးစပ်အတွင်းရှိ အသားသည် အရသာမရှိတော့သည်ကို ခံစားမိလိုက်လေသည်။
ယုန်သားကျက်သွားသောအခါ၊ လုကွေ့ရင်း အသားတို့ကို အိုးထဲမှထုတ်ပြီး၊ ချန်ဖန်းရှု အခန်းတွင်းသို့ သယ်သွားလေသည်။
ချန်ကွမ်ဖာ့နှင့် ချန်ပေါင်ခဲ့တို့က ကလေးနှစ်ဦးနှင့်အတူ ကုတင်ပေါ်တွင်ထိုင်ပြီး၊ ပန်းကန်နှင့် တူတို့ကိုကိုင်ထားကာ စောင့်နေသည်မှာ အတန်ကြာပြီဖြစ်လေသည်။
လုကွေ့ရင်း အသားကောင်းကောင်းအားရွေးကာ လုဟွေ့နှင့် လုထောင်တို့၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထို့နောက် အချို့ကို နှစ်ပိုင်းခွဲကာ၊ သူမသားနှင့် ယောင်္ကျားတို့နှစ်ဦးအား ပေးလိုက်လေသည်။
အိမ်ခန်းထဲတွင်တော့ ကလေးများ အိပ်မောကျနေကြလေသည်။ ထို့နောက် အကြီးဆုံးသားဖြစ်သည့် ချန်ပေါင်ကောင်းတို့၏ အခန်းသို့ သူမဝင်လာသည်ကိုမြင်သော် ချန်ပေါင်ကောင်းမှ မေးလေသည်။ "ဘာကြီးလဲ?"
လုကွေ့ရင်း ဘာမျှမပြောဘဲ ပန်းကန်အဖုံးကိုသာ ဟလိုက်လေသည်။
အသား၏ မွှေးကြိုင်သော ရနံ့ကို ချန်ပေါင်ကောင်း ရှူရှိုက်မိလိုက်လေသည်။ ထိုပန်းကန်ထဲတွင် ရှိသည့်အရာကို သူကြည့်ရန်ပင်မလိုဘဲ အလိုလိုသိလိုက်လေသည်။
သူလန့်သွားကာ မေးလေသည်။ "အဲ့တာဘယ်ကနေရတာလဲ?"
"ဘယ်ကရတယ်ဆိုတာကို မပူဘဲ၊ စားသာစားပါ။" လုကွေ့ရင်း အဖုံးပြန်အုပ်ကာ သူ၏လက်ထဲသို့ ပန်းကန်တစ်လုံး ထည့်ပေးလိုက်လေသည်။ "မြန်မြန်စား၊ ဒီညကုန်အောင်စားမှဖြစ်မယ်။ မင်းမိန်းမကို သေချာစောင့်ကြည့်ပြီး ဘာမှဖွက်မထားစေနဲ့။ ငါ ခနနေ အရိုးတွေလာသိမ်းလိုက်မယ်။"
သူမပြောပြီးသော်၊ သူမ ဒုတိယသား၏ အခန်းသို့ သွားလေသည်။
သူမထွက်သွားသော်၊ ဟူချူရှန်း ကုတင်ပေါ်မှ ထာလာပြီး မေးလေသည်။ "ဘာအနံ့လဲ? ကျွန်မ အနံ့တစ်ခုရနေတယ်။"
"အဲ့တာ ယုန်သားအနံ့ပဲ။" ချန်ပေါင်ကောင်း အသံတိုးတိုးဖြင့် ပြောလေသည်။
"ယုန်သား!" ဟူချူရှန်းအသံ ရုတ်တရပ် မြင့်လာလေသည်။
သူမထပ်၍မပြောခင် အခြားသူများ မသိသည်မှာ ပိုကောင်းသည်ကို သတိရ၍ ပါးစပ်ကိုလက်ဖြင့် အုပ်ကာ ပြောလေသည်။ "ဘာပြောလိုက်တယ်? ယုန်သား? ဘယ်ကယုန်လဲ? အတွင်းရေးမှူးလျို ကျွန်မတို့ ယုန်ကို မလွှတ်ဘဲ ပြန်လာပေးတာလား?"
"ကိုယ်လည်းမသိဘူး။" ချန်ပေါင်ကောင်း တစ်ဖက်ယူကာ စားရင်းပြောလေသည်။ "အဖေအရင်တစ်ခါက တောင်ပေါ်ကဖမ်းလာတဲ့ ယုန်ထက် ပိုအရသာရှိတယ်။ ပိုပြီးတော့လည်း ဝတယ်။"
ဟူချူရှန်း မျက်နှာမဲ့ကာ ပန်းကန်အား ဆွဲယူကာပြောလေသည်။ "အကုန်မစားလိုက်နဲ့။ ရှင့်သားနှစ်ယောက်အတွက် ချန်ဦး။"
သူမပြောရင်း ချန်ပေါင်နှင့် ကောင်းရှန်းအား တစ်ယောက်ချင်း နှိုးလိုက်လေသည်။ "ထဦး။ အရသာရှိတာလေး စားရမယ့်အချိန်ရောက်ပဲ။ မြန်မြန်ထ။"
ညအမှောင်ထုထဲတွင်၊ အမျိုးသမီးလု သူမဘောင်းဘီအားပင့်တင်ပြီး ခြေထောက်ပေါ်ရှိ ပတ်တီးများအား ကြည့်ရင်း ဆဲဆိုနေလေသည်။
သူမတို့နှစ်အိမ်ကျော်တွင်ရှိသည့် ချန်မိသားစုမှာတော့ အမှောင်ထဲတွင် အသားကို ဝှက်ကာ ပျော်ရွှင်စွာ စားသုံးနေကြသည်။
လုကွေ့ရင်း အရိုးများသိမ်းရန်ပြန်လာသည့်အခါ၊ လုထောင်မှာ ဗိုက်ပူပြီး စတင်အိပ်ငိုက်နေပြီဖြစ်သည်။
ချန်ပေါင်ခဲ့ မြင်သော်၊သူမဆံပင်ကောက်များအား ကိုင်ရင်း စ လေတော့သည်။ "ယုန်လေးက ချစ်စရာလေးလို့ဘယ်သူပြောခဲ့တာလဲ? အဲ့လိုပြောပြီးတော့တောင် ဘယ်လိုလုပ် အဲ့ယုန်သား စားနိုင်သေးတာလဲ?"
ကလေးမလေးနှုတ်ခမ်းထော်ကာ၊ သူ၏လက်အား ဖယ်လိုက်လေသည်။ "မဆွဲနဲ့၊ ထောင်ထောင့် ဆံပင်ပွသွားလိမ့်မယ်။"
"အဲ့တာဆို၊ ဦးဦးကိုပြော၊ ဘယ်သူပြောတာလဲ၊ အဲ့တာ?"
"မသိဘူး။ မသိဘူး။ ထောင်ထောင် ပြောတာတော့ မဟုတ်ဘူး။ မဟုတ်ဘူး!"
လုကွေ့ရင်း အခန်းထဲဝင်လာပြီး ထိုအဖြစ်ကိုတွေ့သော် အရိုးပန်းကန်များအား ချထားလိုက်ပြီး ကလေးမလေးကို ချီလိုက်လေသည်။ "ကဲ၊ ကလေးကို စ မနေနဲ့တော့၊ သူအိပ်ရမယ့်ချိန်ရောက်ပြီ။"
ချန်ပေါင်ခဲ့ ပြုံးကာ မစတော့ဘဲ၊ အပြင်မှပြန်လာသော လုဟွေ့အား မေးလေသည်။ "အခန်းထဲမှာ ဆီးအိုးရှိတာကို ဘာလို့အပြင်ထွက်ပြီး ပေါက်တာလဲ?"
"ရှူးသွားပေါက်တာ မဟုတ်ပါဘူး။" လုဟွေ့ ခေါင်းခါကာ ပြောလိုက်သည်။ "ရှေ့သွားကျိုးသွားလို့ အပြင်မှာ မြေသွားမြုပ်ခဲ့တာ။"
"မင်း ဒီနေ့ဖြည်းဖြည်းပဲစားနိုင်တာ အဲ့တာကြောင့်ကိုး။"
ချန်ပေါင်ခဲ့ ပြောရင်း ရုတ်တရပ် တစ်စုံတစ်ခုအား သတိရသွားပြီး အရိုးများကို ထုပ်ကာ၊ "အမေ၊ ကျွန်တော် အပြင်ခနသွားလိုက်ဦးမယ်။" ဟုပြောလေသည်။
"ဒီလောက်နောက်ကျနေပြီ၊ အပြင်ဘာသွားလုပ်ဦးမလို့လဲ?"
ချန်ပေါင်ခဲ့ ရယ်ကာပြောလေသည်။ "ဟိုမိန်းမကြီး ကျွန်တော်တို့ကို တိုင်တယ်မလား? မနက်ဖြန် ကျွန်တော် သူ့ကိုပြန်တိုင်မယ်။"
လုထောင် အစားများသွားသည့်အတွက် အိပ်ချင်နေသော်လည်း အိပ်၍မပျော်နိုင်ဘဲ၊ သူမ ဗိုက်ထဲနေလို့မကောင်းကြောင်းပြောကာ ညည်းနေသည်။
ချန်ဖန်းရှု သူမအား ဖက်ကာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်အထိ စိတ်ရှည်စွာ သူမဗိုက်အား ပွတ်ပေးလေသည်။
မနက်ခင်းနိုးသောအခါ၊ ချန်မိသားစုသည် တက်ကြွနေကြပြီး တစ်ဦးနှင့်တစ်ဦး ပြုံးကာ နှုတ်ဆက်ကြလေသည်။
ချန်ပေါင် လုဟွေ့အား ဆွဲကာ ခပ်တိုးတိုး မေးလေသည်။ "မနေ့ညက ယုန်ဘယ်ကရတာလဲ? ထောင်ထောင် ရွာထိပ်သွားပြီး ထပ်ဖမ်းခဲ့တာလား?"
"ဘယ်ယုန်လဲ?" လုဟွေ့ မသိချင်ယောင်ဆောင်လေသည်။ "ဘယ်မှာလဲ၊ ယုန်? မမြင်မိပါဘူး။"
"တော်လောက်ပြီ။ ဘယ်သူမှမကြားဘူး။" ချန်ပေါင် လုဟွေ့ပုခုံးပေါ်တွင် လက်တင်ကာ ပြောလေသည်။ "ဘယ်လိုဖြစ်တာလဲ ငါ့ကိုပြောပြ။"
လုဟွေ့ သူ၏ တစ်ချောင်းကျိုးနေသည့်ရှေ့သွားပေါ်အာင် ရယ်လိုက်ပြီး၊ "ထောင်ထောင်ဖမ်းတာ၊ သူ ဘယ်လိုဖမ်းလာတာလဲတော့ မသိဘူး။"
လုထောင်အိမ်ထဲမှ ခြေတံတိုတိုလေးများဖြင့် ထွက်လာကာ သူမအဘွားအား သူမကို မျက်နှာသစ်ပေးရန်ပြောနေစဉ် သူမ၏ အကြီးဆုံးဝမ်းကွဲအစ်ကိုမှ ထူးဆန်းစွာကြည့်နေသည်ကို တွေ့လေသည်။ "ထောင်ထောင်၊ မင်းက ယုန်ဝင်စားတာလား?"
"ယုန်ဝင်စားတယ်?" ကလေးမလေး နားမလည်ပေ။ "အဲ့တာဘာလဲ?"
"ယုန်ဝင်စားတာ၊ အဲ့တာ၊ အဲ့တာ..."
ချန်ပေါင် သူ၏အဘွား ပြောပြဖူးသည့် ပုံပြင်များမှတစ်ဆင့် သိခြင်းဖြစ်သည်။ သို့သော် သူရှင်းမပြတတ်သဖြင့်၊ "ဘာပဲဖြစ်ဖြစ်၊ မင်းက ယုန်ဝင်စားတာ ဖြစ်ရမယ်။ မဟုတ်ရင် မင်းဘယ်လိုလုပ် အမြဲတမ်း ယုန်တွေ ဖမ်းနေနိုင်မှာလဲ?" ဟုပြောလေသည်။
လုထောင် ကြားသော်၊ "ထောင်ထောင်က ယုန်မဟုတ်ဘူး။ ယုန်တွေက မြက်စားတယ်။ ထောင်ထောင်ကအသားစားတယ်!" ဟုပြန်၍ ဖြေရှင်းလေသည်။
ချန်ပေါင်တွင်လည်း တူညီသော အတွေးရှိလေသည်။ ထောင်ထောင်သာ ယုန်ပြန်ဝင်စားသည်ဆိုလျှင် သူမ မျိုးနွယ်ကို သူမမည်ကဲ့သို့ ပြန်စားနိုင်မည်နည်း?
ယုန်ပြန်ဝင်စားတာ မဟုတ်ဘူးဆိုရင်လည်း၊ ဘာလို့ သူများတွေမဖမ်းနိုင်တဲ့ ယုန်တွေ တစ်ကောင်ပြီးတစ်ကောင် သူရှေ့ရောက်ရောက်လာကြတာလဲ?
ကျောင်းသွားသည်အထိ၊ ချန်ပေါင် ထိုပြဿနာအား အဖြေရှာ၍မရပေ။
သို့သော် သူအဖြေရှာမရသည့် ပြဿနာများ အများအပြားရှိသေးလေသည်။
ဥပမာ
ဘာလို့ ကလေးတစ်အုပ်က နေ့ခင်းကြောင်တောင်ကြီး သစ်ပင်တစ်ပင်ကို "အဖေ" လို့ခေါ်နေကြတာလဲ?
ချင်းရှန်းရွာက ကလေးတွေအကုန် စိတ်ကျန်းမာရေးမကောင်းကြတာနေမယ်။ ဟုတ်တယ်။ အဲ့တာပဲဖြစ်နိုင်တယ်!
လုထောင်မှာတော့ ထိုအဖြစ်ကို လုံးဝမသိချေ။
ဟန်ဟန်အား ခြံထဲသို့ခေါ်လာပြီး၊ သူမနှင့် ကောင်းရှန်းတို့၊ ခွေးလေးနှင့်ဆော့ကစားနေကြလေသည်။
လုထောင် အရိုးတစ်ခု ဟန်ဟန့်အားပြရင်း၊ "လာ၊လာ၊ ဟန်ဟန်၊ အသံထွက်ကြည့်။ ဟန်ဟန်လို့ သေချာပြောနိုင်ရင်၊ ထောင်ထောင်က အရိုးပေးမယ်။" ဟုပြောလေသည်။
ဟန်ဟန် အရိုးအနံ့ရသောအခါ၊ ပြေးလာပြီး အနံ့ခံကြည့်ကာ၊ အရိုးပင် ကိုက်ချင်နေလေသည်။
ကလေးမလေး အရိုးကိုမြင့်မြင့်ကိုင်ကာ၊ "မဟုတ်ဘူး၊ အရိုးကို လိုချင်ရင် သေချာအသံထွက်ပြရမယ်။" ဟုပြောလေသည်။
ခွေးကလေး အရိုးမရသဖြင့် လုထောင်အား မျက်ရည်ဝဲနေသည့် သနားကမားမျက်လုံးလေးများဖြင့် ကြည့်လေသည်။
ကောင်းရှန်းဆက်၍ မကြည့်နိုင်တော့ပေ။ "ဘာလို့ ဒီတိုင်း မပေးလိုက်တာလဲ? ဗိုက်ဝသွားရင် ပြောနိုင်ရင် ပြောနိုင်မှာပေါ့။"
"တကယ်လား?" လုထောင် အနည်းငယ်တွေဝေနေလေသည်။
ထိုအချိန်တွင်၊ သူမသတိမပြုမိသည်ကို အခွင့်ကောင်းယူကာ ဟန်ဟန် ခုန်၍ အရိုးကိုလုကာ ကိုက်ချီ၍ ပြေးလေတော့သည်။
ကလေးမလေး စိတ်တိုကာ၊ "ဟွန့်! မေမေက လူကြီးတွေမပေးတဲ့ဟာကို မယူရဘူးတဲ့၊ ပြန်ပေး!" ဟုပြောလေသည်။
ဟန်ဟန်မှာတော့ သူမအား လျစ်လျူရှုကာ၊ အရိုးကိုက်ပြေးရင်း စားရန်လုံခြုံမည့်နေရာကို ရှာဖွေနေလေသည်။
လုထောင် နောက်မှလိုက်သော်လည်း၊ သူမခြေတံတိုလေးနှစ်ချောင်းသည် ဟန်ဟန့်၏ ခြေလေးချောင်းနှင့် မယှဉ်နိုင်ဘဲ၊ သူမလဲကျလေသည်။
ခွေးကလေးမှာတော့၊ တတ်နိုင်သမျှ အရှိန်အမြင့်ဆုံးတင်ကာ ပြေးလေတော့သည်။
လုထောင်နှင့် ကောင်းရှန်း မှီတော့မည့် အချိန်တွင်၊ ဟန်ဟန်သည် အမျိုးသမီးရှု အိမ်ရှေ့သို့ ရောက်ခါနီးနေပြီဖြစ်သည်။
"ရပ်လိုက်! ဟေ့၊ အဲ့မှာရပ်!" ကလေးမလေး အော်လိုက်လေသည်။
မမျှော်လင့်စွာပင်၊ ခွေးလေးရုတ်တရပ် ရပ်သွားပြီး အမျိုးသမီးရှုအိမ်ရှေ့မှ မြေကြီးကို အနံ့ခံကြည့်နေလေသည်။
ခွေးကလေးရပ်သွားသည်နှင့်၊ လုထောင်ချက်ချင်း ပြေးလိုက်လာပြီး ဆူလေတော့သည်။ "ဟေ့၊ စကားနားမထောင်ရင်၊ အတူတူမဆော့ပေးတော့ဘူးနော်!"
ဟန်ဟန်ကြားသော်၊ ကိုက်ထားသောအရိုးအား လွှတ်လိုက်ပြီး သူ၏လက်ကလေးများဖြင့် မြေကြီးအားတူးကာ သူမအား အသာအယာဟောင်လေသည်။
"ကိုယ့်အမှားကိုယ် ဝန်ခံပြီလား? စကားနားထောင်မှာလား?"
လုထောင် လက်ဆန့်လိုက်ပြီး ဖက်ရန်ပြင်စဉ် ဟန်ဟန်မှာ မြေကြီးကိုဆက်တူးကာ ဟောင်လေတော့သည်။
ကလေးမလေးက နားမလည်ဟန်ဖြင့် မေးလေသည်။ "အရိုးကိုဖွက်မလို့ တူးနေတာလား?"
သူမပြော၍မပြီးခင်ပင်၊ ဟန်ဟန် မြေကြီးထဲမှ ပိုမိုကြီးမားသည့် အရိုးအား ဆွဲထုတ်လိုက်လေသည်။
လုထောင်လန့်သွားလေသည်။ "အရိုးတွေ! ဒီမှာ အရိုးတွေ!"
ကောင်းရှန်းကြားသော် လာကြည့်လေသည်။ "တကယ်လား? ဒီမှာဘယ်လိုလုပ် အရိုးရှိနေတာလဲ?"
ကလေးမလေး အော်သံအား အပင်ရေလောင်းရန် ထွက်လာသည့် အန်တီကျန်း ကြားသွားလေသည်။ "အရိုး? ဘာအရိုးလဲ?"
"သမီးမသိဘူး။" လုထောင် ဟန်ဟန်တူးထားသောမြေကြီးအား ညွှန်ပြလိုက်လေသည်။ "ဟန်ဟန်ရှာတွေ့တာ။"
ထိုအချိန်တွင်၊ ခွေးကလေးမှာ အခြားအရိုးများသာမက ဦးခေါင်းခွံပါရှာတွေ့လေသည်။
အန်တီကျန်းတစ်ချက်ကြည့်ကာ ပြောလေသည်။ "အဲ့တာယုန်အရိုးတွေပဲ။" သူမအတွက် တွေးစရာဖြစ်နေလေသည်။ "ဘာလို့ဒီမှာ ယုန်အရိုးတွေရှိနေတာလဲ? အဲ့တာဆိုရင်..."
သူမအမျိုးသမီးရှုအိမ်အား သံသယရှိစွာဖြင့် လှမ်းကြည့်လိုက်လေသည်။ ထိုအချိန်တွင် အမျိုးသမီးရှု အမှိုက်ပစ်ရန် အိမ်အတွင်းမှ ထွက်လာလေသည်။ လုထောင်နှင့် ကောင်းရှန်းအား သူမအိမ်နားတွင် တွေ့သော် ချက်ချင်းနှင်ထုတ်လေတော့သည်။ "ဝေးဝေးသွားကြ၊ ကိုယ့်အိမ်ကိုယ်ပြန်ပြီးဆော့! ငါ့အိမ်နားမှာ လာမရှုပ်နဲ့!"
သူအနားသို့ကပ်လာသောအခါ မြေပြင်ပေါ်မှ အရိုးများအား ရှင်းလင်းစွာ မြင်လိုက်ရလေသည်။ "ဒါတွေဘယ်ကရောက်လာတာလဲ?"
"ဘယ်က ရောက်လာတာဖြစ်မလဲ? ရှင့်အိမ်ရှေ့က မြေကြီးထဲက ထွက်လာတာပေါ့။" အန်တီကျန်း ပြုံးကာပြောလိုက်သည်။
"ငါ့အိမ်ရှေ့ကနေ တူးတယ်?" အမျိုးသမီးရှု အနားကပ်လာကာ ခြေထောက်နဲ့ မြေကြီးများကို ဖွရင်းပြောလေသည်။ "ဒါတွေက ငါ့အိမ်ရှေ့ ဘယ်လိုလုပ်ရောက်လာတာလဲ..."
ထိုအချိန်တွင်ပင်၊ အနီးအနားသို့ လူများရောက်လာကြလေသည်။
ထိုသူများထဲတွင် ရင်းနှီးနေသောမျက်နှာနှင့် သူတစ်ယောက်လည်းပါလေသည်။ အတွင်းရေးမှူးလျိုဖြစ်လေသည်။ "ဝမ်မာဟွာ့၊ ရှင်တို့မိသားစု ယုန်တွေကို အသားအတွက် ထောင်ဖမ်းနေကြတယ်လို့ တိုင်စာရထားတာကြောင့် ကျွန်မတို့အခု စစ်ဆေးဖို့လာတာပါ။" ဟူ၍ အတွင်းရေးမှူးလျိုမှ ပြောလိုက်လေသည်။