Chapter 25
Vol. 3 Ch. 25
"သမီးကိုဝယ်ပါ" လို့ရှောင်လုထောင် ပြောပြီးပြီးချင်းမှာဘဲ၊ သူမနားထဲက အာ့ဝူလင်အသံဟာ ဒေါသစွက်လာသည်။
[မင်းကို ပစ္စည်းတွေဘဲ ရောင်းခိုင်းတာ ကိုယ့်ကိုယ်ကိုယ်ဘယ်သူက ရောင်းခိုင်းနေလို့လဲ? လာနောက်နေတာလား?]
သူမ တစ်ခုခုမှားသွားမှန်း ကလေးမလေးသဘေယပေါက်သွားကာ သူမရဲ့လက်ချောင်းလေးကိုကိုက်လိုက်ရင်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
အဲ့ဒီအချိန်၊ ဝေချောင်လည်း သတိပြန်ဝင်လာကာ သူမကိုမေးလိုက်သည်။ "ဘယ်လောက်လဲ?"
ကလေးမလေးမှာ ကြက်သေသေသွားသည်။ "ဘာပြောလိုက်တာလဲဟင်?"
ကောင်လေး၏ မျက်တောင်ရှည်ရှည်တွေဟာ အသာနီးကပ်သွားကာ သူ၏လှပတဲ့ မျက်မွန်ပွင့်မျက်လုံးတွေဟာ သူမကိုအလေးအနက်ကြည့်လိုက်ပြီး မျက်နှာထားတင်းတင်းဖြင့် ထပ်ပြောလိုက်သည်။ "ဘယ်လောက်လဲလို့ မေးနေတာ"
ဘယ်လောက်လဲ? အဲ့ဒါက.....
လုထောင် သူမ၏ မစ်ရှင်အကြောင်းတွေးလိုက်ကာ ဘယ်ကမှ လက်ချောင်းနှစ်ချောင်းထောင်လိုက်ပြီး ညာလက်မှနေ အတော်ကြာမှ လက်ချောင်းလေးချောင်းထောင်လိုက်သည်။ "နှစ်ဆယ့်ငါး"
ဝေချောင် သူမ၏ ချောင်းဖောင်းဖောင်းလေးချောင်းကိုကြည့်ကာ တစ်ခဏလောက် ဆွံ့အသွားပြီး မျက်မှောင်ကြုတ်ကာ ပြောလာသည်။ "အခု ကိုကို့မှာ အဲ့ဒီလောက်ပိုက်ဆံမရှိသေးဘူး"
သူ့မှာ အဲ့ဒီလောက်မရှိဘူးဟု ပြောတာကြားသည့်အခါ ကလေးမလေးမှာ စိတ်ရှုပ်သွားတော့သည်။ "ဒါဆို....ဒါဆို ကိုကို့ကို လျှော့ဈေးပေးရမလားဟင်?"
ဒီအချိန် အာ့ဝူလင်တစ်ယောက် စိတ်တိုလာတော့သည်။ [သူက ဈေးလျှော့ခိုင်းနေတာလား? မင်းက သူ့ကိုလျှော့ဈေးနဲ့တောင် ကမ်းလှမ်းလိုက်သေးတယ်? လူတိုင်းစီးပွါးရေးကို ဒီလိုသာလုပ်နေရင် အကုန်ရှုံးမှာဘဲ! မရဘူး၊ ငါ့ကို ဒေါသထွက်အောင်လုပ်နေတာဘဲ။ ကိုယ့်ပစ္စည်းကိုယ် ရောင်းနေတာ မဟုတ်ဘူးလား၊ ဘာလို့ဈေးခေါ်နေတာလဲ?]
ဝေချောင်လည်း သိသိသာသာကို အံ့အားသင့်သွားသည်။ "ကိုကို ဒီလိုပြောချင်တာမဟုတ်ဘူး။ ပိုက်ဆံမလောက်ရင် ကိုကို့အမေကို တောင်းလို့ရတယ်"
"ကောင်းတာပေါ့" ကလေးမလေးမှာ စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။ "ဒီလိုဆို ထောင်ထောင်လဲ ဒုတိယတစ်ခါ မရောင်းရတော့ဘူးပေါ့"
ဝေချောင် - "...."
လျှော့ဈေးချပေးလို့ သူ သဘောမတူလိုက်မိတာကို ဘာလို့ရုတ်တရက်အရမ်း ဝမ်းသာမိသွားပါလိမ့်?
ကလေးနှစ်ယောက်မှာ တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောကြရင်း ဈေးနှုန်းကိုအမြန်သဘောတူလိုက်ကြသည်။
ဝေချောင်က ပြောလိုက်သည်။ "အခု ကိုကို့အမေကိုသွားရှာလိုက်အုံးမယ်၊ အထဲဝင်ပြီး စောင့်နေပေး"
ရှောင်လုထောင်မှာ ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ၊ ကောင်းပြီ" သူမသည် ကျောနောက်တွင် ကောက်ရိုးဦးထုပ်နှင့်အတူ လိုက်သွားလိုက်သည်။
ကလေးမလေးမှာ သူမ မစောင့်နိုင်ပါက ပိုက်ဆံနှင့်ပစ္စည်းကို မလဲနိုင်မှာစိုးသလိုမျိုး အရမ်းစိတ်ရှည်နေသလိုပင်။
အာ့ဝူလင် - [သမီးကိုအချစ်ဆုံး- အဖေအိုကြီး- ဘဝဟာသုံးကြိမ်ခါးသက်တယ်- ဒါပေမဲ့လဲ ဆယ်ကြိမ်လောက်ခံစားရတယ်-]
အာ့ဝူလင်၏ ဝမ်းနည်းစရာသီချင်းနှင့်အတူ ဝေချောင်က သူ့ခြံတံခါးကိုဖွင့်လိုက်သည်။
မမျှော်လင့်ထားစွာနှင့် သူ့အမေ ယန်ဖုချင်ဟာ တံမျက်စည်းလှည်းတော့မယောင်နှင့် လက်ထဲတွင်တံမျက်စည်းကိုင်ရင်း တံခါးအနောက်တွင်ရပ်နေသည်။
ဝေချောင်မှာ အံ့ဩသွားသည်။ "မား?"
ယန်ဖုချင် ပြုံးကာပြောလိုက်သည်။ "သား မားကိုရှာချင်နေတာ ကြားလိုက်တယ်။ မားဆီကဘာလိုချင်လို့လဲ? ကလေးသတို့သမီးဝယ်ဖို့ ပိုက်ဆံချေးမလို့လား?"
ဝေချောင်မှာ မေးခွန်းကြောင့်နင်သွားရကာ အမြန်ငြင်းလိုက်သည်။ "မဟုတ်ပါဘူး"
"ဒါပေမယ့် မားကတော့ဘာလို့ အဲ့ဒီလိုခံစားနေရတာပါလိမ့်? အခုလေးတင် သားအပြင်မှာ ကလေးမလေးကို ဘယ်လောက်လဲလို့ မေးလိုက်တာ မားကြားလိုက်တယ်လေ"
"ဒါက သားညီမလေး" ဝေချောင်က အလေးပေးပြောလိုက်သည်။
အဲ့ဒီအချိန် လုထောင်သည် သူ့အနောက်မှနေ ခေါင်းပြူထွက်ကာ သူမ၏မျက်လုံးကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဒေါ်ဒေါ်၊ ကလေးသတို့သမီးဆိုတာဘာလဲဟင်?"
ဝေချောင်ရဲ့ စိတ်အိုက်နေသည့် အေးစက်စက်မျက်နှာနှင့်အတူ နားရွက်တွေနီရဲလာသည်။
ယန်ဖုချင်မှာ ရွှင်မြူးလာကာ "ကလေးသတို့သမီးဆိုတာက ကလေးကတည်းက ဒေါ်ဒေါ်တို့အိမ်မှာ ကြီးလာပြီး နောင်ကျရင် သမီးကိုကိုဝေချောင်ရဲ့ဇနီးဖြစ်လာမှာကိုပြောတာ...."
"မား!" ဝေချောင်မှာ အနည်းငယ်စိုးရွံ့မိသွားသည်။
ယန်ဖုချင်ပြုံးကာ ပြောလိုက်သည်။ "ရပါတယ်၊ မားဘာမှထပ်မပြောပါဘူး။ သားတစ်ယောက်ယောက်ကို အိမ်ထဲ ဖိတ်လာမှတော့ ဝင်လာလေ"
ဝေချောင်၏ မိဘနှစ်ပါးစလုံးဟာ အစောပိုင်းနှစ်တွေတွင် ကျေးလက်ဒေသသို့ လာရောက်ခဲ့ကြသည့် ပညာတတ်လူငယ်တွေဖြစ်ကြသည်။ သူတို့သည့် နှစ်အတော်ကြာ တခြားပညာတတ်လူငယ်တွေနှင့်အတူ နေထိုင်ခဲ့ကြသည့်အတွက် သူတို့၏နေထိုင်မှုအခြေအနေဟာ ဒေသခံရွာသားတွေလောက် မကောင်းပါချေ။
အိမ်လေးဟာ အနည်းငယ်သေးသော်လည်း သန့်ရှင်းနွေးထွေးလှသည်။ နေထွက်ရာသို့မျက်နှာမူထားသည့် ပြတင်းပေါက်ဘောင်ပေါ်တွင် သစ်သားပန်းအိုးတချို့ရှိကာ ၎င်းတို့ထဲမှတစ်အိုးဟာ အဖူးဖူးနေကာ အဝါဖျော့ဖျော့လေးသန်းနေသည်။
ယနေ့ခေတ်တွင် ဘဝဟာ ခက်ခဲလှသည်။ လူတိုင်းဟာ အသက်ရှင်နေထိုင်ရန်အတွက် အလုပ်ကြိုးစားလုပ်ကြရသည်။ ဘယ်သူကများ ပန်းစိုက်ဖို့အချိန်ရှိမှာတဲ့လဲ?
ရှောင်လုထောင်ဟာ ပန်းစိုက်တာကို တခါမှမမြင်ဖူးပါချေ။ သူမ ဝေချောင်အနောက်လိုက်လာသည့်အခါ ပန်းတွေဆီကနေ ဆွဲဆောင်ခံလိုက်ရသည်။ "ကိုကိုဝေချောင်၊ ဒါက ဟွားဟွားလားဟင်?"
"အဲ့ဒါက ပန်း" ဝေချောင်ပြောလိုက်သည်။
"ဒီဟာကရော?" ကလေးမလေးသည် နံရံပေါ်ရှိ ပုံဆွဲထားတာကို ညွှန်ပြလိုက်သည်။ "ဒီတစ်ခုက ဒေါ်ဒေါ်နဲ့တူလိုက်တာ"
ပုံထဲရှိ အမျိုးသမီးတွင် ကျစ်ဆံမြှီးအကြီးနှစ်ခုနှင့် ပိုငယ်ရွယ်သော်လည်း သူမ၏မျက်နှာပုံပန်းသွင်ပြင်ဟာ ယန်ဖုချင်နှင့် လုံးဝကိုတူသည်။
ဝေချောင် ခေါင်းညိတ်လိုက်သည်။ "ဒါက ကိုကို့အမေ။ ကိုကို့အဖေ ငယ်ငယ်တုန်းက ဆွဲထားပေးတာ"
"ကိုကို့ရဲ့ဖေဖေဆွဲထားတာပေါ့လေ?" ရှောင်လုထောင်အံ့ဩသွားသည်။ "ကိုကိုဝေချောင်၊ ကိုကို့ရဲ့ဖေဖေက အရမ်းအံ့ဩဖို့ကောင်းတာပဲ"
သူ့အဖေကို သူမချီးကျူးနေသော်လည်း သူမ၏ကလေးအသံလေးနှင့် ဝေချောင်ကို "ကိုကို" ဟု တစ်ချိန်လုံးခေါ်နေသည်မှာ ဝေချောင်ကို မနေနိုင်ဘဲ နားရွက်တွေပွတ်မိစေတော့သည်။
"အရင်ထိုင်လိုက်အုံး။ ပိုက်ဆံရှာလိုက်အုံးမယ်" သူကျောင်းလွယ်အိတ်ကို စားပွဲပေါ်တင်လိုက်ကာ သူ့ရဲ့ကိုယ်ပိုင်ရတနာလေးကိုရှာရန် အံဆွဲဆီသွားလိုက်သည်။
ယန်ဖုချင် တံမျက်စည်းကိုအဝေးပို့လိုက်သည် အပြင်မှနေ အိမ်ထဲဝင်လာသည်။ သူမက လုထောင်အတွက် ရေတစ်ခွက်ထည့်ပေးကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး မေးလိုက်သည်။ "သမီးနာမည်ဘယ်လိုခေါ်လဲ?"
"သမီးနာမည်က လုထောင်၊ လှိုင်းရဲ့ ထောင်ပါ။ သမီးက ဒီနှစ်သုံးနှစ်ရှိပါပြီ"
ကလေးမလေးက သူမရဲ့လက်ချောင်းဖောင်းဖောင်း သုံးချောင်းကို ထောင်ပြလာသည်။ တော်တယ်၊ နောက်ဆုံးသူမ မှန်အောင်ရေတွက်နိုင်လိုက်ပြီ။
သူမလေးက အရမ်းချစ်စရာကောင်းတာကြောင့် ယန်ဖုချင် မနေနိုင်ဘဲ သူမ၏ ဆံပင်ကောက်ကောက်ပျော့ပျော့လေးကို ထိလိုက်သည်။ "လုထောင်တဲ့ နာမည်ကောင်းလေးပဲ။ ရှောင်ထောင် ဒေါ်ဒေါ့်ကိုမှတ်မိသေးလား? ဒေါ်ဒေါ်တို့ စတိုးဆိုင်မှာတွေ့ဖူးတယ်လေ"
ရိုးရိုးသားသားပြောရလျှင်၊ သူမသားက တစ်ယောက်ယောက်ကို ခေါ်လာတာကြောင့် သူမအရမ်းအံ့ဩခဲ့မိသည်။
သူ့သားဝေချောင်ဟာ ကလေးကတည်းက အရွယ်နှင့်မလိုက်ငြိမ်လွန်းလှသည်။
တခြားကလေးတွေ ငိုယိုကာမွှေနေသည့်အချိန် သူကတော့အမြဲတမ်း သူ့ဘာသာသူ တိတ်တိတ်လေး ကစားနေတတ်ပြီး သူမောလာသည့်အခါ အိပ်ပျော်သွားတတ်သည်။
သူကြီးလာသည့်အခါ တခြားသူ့အရွယ်ကလေးတွေက အပြင်တွင်ကစားကြ ရွံ့တွေထဲ လူးနေကြချိန်တွင် သူကတော့ သူ့အဖေ သူ့အတွက်လုပ်ထားပေးသည့် အရုပ်ဆက်တာတွေ အိမ်ဆောက်တဲ့အတုံးတွေဖြင့် ထပ်စီလိုက် ဖြိုချလိုက် နောက်ထပ်ပြန်စီလိုက်နှင့်သာ တစ်နေ့လုံးကစားနေတတ်သည်။
ဝေချောင် အသက်သုံးနှစ်ကျော်လာသည့်အခါ သူသည် အရွယ်နှင့်မလိုက် ငြိမ်လွန်းသည်သာမက အထူးသဖြင့်သင်္ချာဘာသာတွင် အရွယ်နှင့်မလိုက် တော်လွန်းကြောင်း သူ့မိဘနှစ်ပါးဟာ သိခဲ့ရသည်။
သူတို့မှာ ပျော်ရမလား စိုးရိမ်ရမလားမသိဖြစ်ခဲ့ရသည်။ ဘာဘဲဖြစ်ဖြစ် ကောလိပ်ဝင်ခွင့်စာမေးပွဲကို နှစ်အတော်ကြာ ရပ်ဆိုင်းထားခဲ့သည်။ သူတို့တွေ ဘယ်လောက်ဘဲ ကောင်းကောင်းစာလေ့လာပါစေ ဘာအနာဂတ်မှမရှိပါချေ။ ပြီးတော့ ဝေချောင်ရဲ့လူမှုဆက်ဆံရေးဟာ သိသိသာသာကို မကောင်းတာကြောင့် တခြားသူအနေဖြင့် သူ့အနာဂတ်ကို မစိုးရိမ်ဘဲနေဖို့ဆိုတာ ခက်ခဲလှသည်။
အရင်တစ်ခေါက်က အဲ့ဒီကလေးမလေးနှင့် ဘာလို့စကားပြောခဲ့လဲလို့ သူမ သူ့ကိုမေးခဲ့သေးသည်။
ကလေးမလေး ရေတွက်နေတာ မှားနေတာကြောင့်ဟု ဝေချောင်က ပြောပြလာသည်။
မမျှော်လင့်ထားစွာနှင့် ယနေ့တွင် ကလေးနှစ်ယောက်ကိုအတူတူ သူမထပ်တွေ့ခဲ့ရသည်။ အမြဲတမ်းတစ်ယောက်တည်းနေတန်သည့် သူမသားဟာ ကလေးမလေးကိုဝယ်ဖို့ ပိုက်ဆံတောင် သုံးခဲ့သေးသည်။
ယန်ဖုချင်မှာ အံ့ဩဝမ်းသာဖြစ်ရသည်။ ရှောင်လုထာင်မှာတော့ သူမအပေါ် ဘာအမြင်မှမရှိပါချေ။ ဒါကိုကြားတဲ့အခါ သူမပုံကအရမ်းကိုရှုပ်နေသည့်ပုံပင်။ "ဟင့်အင်း၊ သမီးမမှတ်မိဘူး"
"သမီး မမှတ်မိလဲကိစ္စမရှိပါဘူး" ယန်ဖုချင်ပြောလိုက်သည်။ "ရှောင်ထောင်ဇီ၊ ဒေါ်ဒေါ့်ကိုပြော၊ သမီး ဒေါ်ဒေါ်တို့ဝေချောင်နဲ့ သူငယ်ချင်းဖြစ်ချင်ရဲ့လား?"
"ကိုကိုဝေချောင်လား?" ကလေးမလေးကခေါင်းညိတ်လိုက်သည်။ "ထောင်ထောင်က သူငယ်ချင်းဖြစ်ချင်ပါတယ်၊ ကိုကိုက ချောတယ်လေ"
ဒီလိုမရှက်မကြောက် အမှန်တရားကိုပြောလာတော့ ယန်ဖုချင်မှာ ထပ်ရယ်မိတော့သည်။ 'ဒီတော့ သမီးလေးတစ်ယောက်ရှိတာ ကောင်းလိုက်တာ။ ကလေးမလေးကအရမ်းချစ်စရာကောင်းတာပဲ'
သူမတို့မိသားစုက သူမကို အမေတစ်ယောက်အနေနဲ့ စိတ်ကျေနပ်အောင် မလုပ်ပေးတဲ့ အမြဲတမ်းလူကြီးလေးလိုနေတတ်တဲ့ ကောင်ဆိုးလေးနဲ့မတူပေ။
ဒီအချိန် ဝေချောင်မှာ နှစ်တွေတစ်လျှောက် သူစုထားသည့် မုန့်ဖိုးတွေကို တွက်ကြည့်ပြီးသွားကာ လုထောင်ဆီပေးလာသည်။ "အားလုံးပေါင်း ဆယ့်သုံးယွမ်နဲ့ ခြောက်ဆယ့်ရှစ်ဆင့်"
ကလေးမလေးမှာ ဆယ့်သုံးယွမ်နဲ့ ခြောက်ဆယ့်ရှစ်ဆင့် ကြားကွာခြားချက်ကို ဘယ်လိုလုပ်သိမှာတဲ့လဲ?
ဝေချောင် သူမကိုပိုက်ဆံပေးလာတာမြင်တော့ ပိုက်ဆံတွေကို ရေတောင်မရေဘဲ သူမရဲ့အိတ်ကပ်ထဲထည့်လိုက်ကာ သူမရဲ့နောက်ကျောက ကောက်ရိုးဦးထုပ်ကို ချွတ်ဖို့လုပ်လိုက်သည်။
ကလေးမလေးက ချည်ထားတာကို ဖြည်ဖို့ကြိုးစားသော်လည်း ဖြည်မရဖြစ်နေတာကိုမြင်တော့ ယန်ဖုချင်လည်း သူမကိုကူဖြည်ပေးလိုက်သည်။
ကလေးမလေးက ချိုချိုသာသာနှင့်ကျေးဇူးတင်လိုက်ကာ နောက်တစ်စက္ကန့်မှာဘဲ ကောက်ရိုးဦးထုပ်ကို ဝေချောင်လက်ထဲ ထိုးထည့်ပေးလိုက်သည်။ "အရောင်းအဝယ်ဖြစ်ပြီ"
ဆံပင်ကောက်ကောက်နဲ့ကောင်လေးမှာ နားမလည်ဖြစ်သွားတော့သည်။ "ဘာလို့ဒါကိုပေးတာလဲ?"
"ကောက်ရိုးဦးထုပ်ရောင်းတာလေ" ကလေးမလေးမျက်လုံးတွေမှာ ပျော်ရွှင်မှုကြောင့် တလက်လက်တောက်နေသည်။ "ထောင်ထောင်က မေမေ့ရဲ့ကောက်ရိုးဦးထုပ်တွေကို ကူရောင်းပေးနေတာ။ ထောင်ထောင်က တကယ်မိုက်တာပဲ"
ကောက်ရိုးဦးထုပ်တွေကိုရောင်းတာ?
ဝေချောင်မှာ သူ့လက်ထဲက လက်ရာမြောက်လှသည့် အမျိုးသမီးဆောင်းကောက်ရိုးဦးထုပ်ကို ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး စကားပြောနေတာရပ်လိုက်သည်။
ယန်ဖုချင်က ဖြစ်စဉ်တစ်ခုလုံးကို ဘေးကနေကြည့်နေကာ မနေနိုင်ဘဲ အော်ရယ်မိတော့သည်။
သူမရယ်နေတာကိုမြင်တော့ ရှောင်လုထောင်မှာ နားမလည်ဖြစ်သွားတော့သည်။ " ဒေါ်ဒေါ် ဘာကိုရယ်နေတာလဲဟင်?"
"ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း ဦးထုပ်လေးက လှတယ်လို့ တွေးမိလို့ပါ။ ဒါကိုအရင်က မတွေ့ဖူးဘူးလို့ထင်တယ်"
ဝေချောင်ရဲ့ ချောမောတဲ့မျက်နှာလေးဟာ တင်းမာနေကာ မည်းမှောင်လာတော့မှာကိုမြင်တော့ ယန်ဖုချင် ရယ်နေတာကို ရပ်လိုက်ပေမယ့် သူမမျက်နှာပေါ်တွင် အပြုံးကတော့ကျန်နေသေးသည်။
ဒါပေမယ့် သူမ ပြောတာမမှားပါချေ။ ဦးထုပ်ဟာ တကယ်လှသည်။
ရက်လုပ်သည့်အချိန် ရောင်စုံချည်များကို ဦးထုပ်ထဲတွင် ရောထည့်ထားကာ အဝါရောင် နေကြာပန်းတစ်ပွင့်အား ရိုးရိုးရှင်းရှင်း ကြိုးတစ်ချောင်းဖြင့် ကွပ်ထားသည်။ နေကြာပန်းအလယ်တွင် တရုတ်ကြိုးထုံးရှိကာ အနီရောင်နှင့်ပန်းရောင်ပိုးကြိုးဖြင့် ရိုးရိုးရှင်းရှင်းချည်ထားတာတွေထက် ပိုလှသည်။
ဒီလိုဦးထုပ်ကို အပြင်တွင် တကယ်ရောင်းပါက မသိလျှင် သူမလည်းသေချာပေါက်ဝယ်မိမှာပင်။
သူမအမေလုပ်ထားသည့် ဦးထုပ်ကိုချီးကျူးနေတာ ရှောင်လုထောင်ကြားတဲ့အခါ ပြုံးပြီး ပြောလာသည်။ "ဒေါ်ဒေါ်က တကယ်အမြင်ကောင်းရှိတာပဲ"
ယန်ဖုချင် ကြောင်အသွားကာ ရယ်လိုက်မိသည်။ "ဒေါ်ဒေါ့်ကို ချီးကျူးနေတာလား? ဒါမှမဟုတ် သမီးရဲ့ဦးထုပ်ကိုချီးကျူးနေတာလား?"
"ထောင်ထောင်က ဒေါ်ဒေါ့်ကိုချီးကျူးနေတာပါ" ကလေးမလေးရဲ့ အမူအရာက အရမ်းကိုရိုးသားလှသည်။ "ဒေါ်ဒေါ်လဲလှတယ်"
လုဟွေ့ သူမကို မျက်နှာချိုသွေးတတ်တဲ့ အသေးလေးလို့ခေါ်တာ အံ့ဩစရာမရှိတော့ဘူး။ အကြီးတွေကို ချွဲတဲ့အခါကျ သူ့ပါးစပ်လေးက တကယ်ချိုနေရော။
သူမမျက်လုံးတွေက ကြည်လင်နေကာ ဘယ်လိုဘဲကြည့်ကြည့် ရိုးသားနေပြီး လူတွေရဲ့ နှလုံးသားကိုနူးညံ့လာစေသည်။
ယန်ဖုချင်ကပြုံးလိုက်ကာ "အဒေါ်တို့ရဲ့ ရှောင်ထောင်ဇီက စကားပြောတကယ်ကောင်းတာပဲ။ ကိုကိုဝေချောင်နဲ့ အရင်ထိုင်ကစားလိုက်အုံး။ ဒေါ်ဒေါ်သမီးအတွက် စားကောင်းတာလေးယူလာပေးမယ်" ထို့နောက် သူမဝေချောင်ကို ခေါ်လိုက်သည်။ "သားရဲ့ညီမလေးကစားဖို့ အိမ်ဆောက်တဲ့အတုံးလေးတွေ ထုတ်ပေးလိုက်လေ"
ဝေချောင်ရဲ့မျက်နှာက တင်းမာနေကာ မပျော်မရွှင်ဖြစ်နေပေမယ့် သူကစားခဲ့ဖူးသည့် အိမ်ဆောက်တဲ့အတုံးလေးတွေကို ထုတ်ပေးလိုက်ဆဲပင်။
အိမ်ဆောင်တဲ့အတုံးလေးတွေကို သူ့အဖေကိုယ်တိုင်လုပ်ပေးခဲ့ကာ သဘာဝပစ္စည်းတွေကိုဘဲသုံးပြီး အရောင်တင်ဆီအလွှာဖြင့် သုတ်ထားပေးသည်။ မြို့ကြီးတွေမှာရောင်းသည့်ဟာလိုမျိုးတော့ အရောင်မစုံပါချေ။
သို့ပေမယ့် ရှောင်လုထောင်အတွက်ကတော့ ဒါဟာအရမ်း ဆန်းသစ်ကာ မျက်တောင်တောင်မခတ်နိုင်တော့ပေ။
"ကိုကို၊ ဒါကဘာလဲဟင်?" သူမဝေချောင်ကိုမေးလိုက်သည်။
ဝေချောင်က ဘာမှမပြောဘဲ သစ်သားပိုင်းတချို့ကိုယူလိုက်ကာ ရိုးရိုးရှင်းရှင်း အိမ်အသေးလေးတစ်လုံး ဆောက်လိုက်သည်။
ကလေးမလေးရဲ့မျက်လုံးတွေက အံ့ဩတကြီးဖြင့် ပြူးကျယ်လာတော့သည်။ "ဒါက...ဒါကအိမ်လေးပဲ! ကိုကိုကအရမ်းမိုက်တာပဲ"
သူမရဲ့လက်လေးကိုထုတ်ကာ အိမ်လေးကို ထိဖို့လုပ်လိုက်ပေမယ့် အိမ်လေးဟာ ပြိုကျသွားတော့သည်။
လုထောင်မှာ ပြန့်ကျဲနေတဲ့သစ်သားတုံးတွေကိုငေးကြည့်ရင်း နှုတ်ခမ်းကိုဖိလိုက်ကာ တောင်းပန်လိုက်သည်။ "ထောင်ထောင် မရည်ရွယ်ပါဘူး"
"သိတယ်"
ဝေချောင်က အတုံးတချို့ဖြင့် အိမ်လေးကို ပြန်ဆောက်လိုက်သည်။ ဒီတစ်ခါတော့ ထောင်ထောင်မထိရဲတော့ပေ။ သူမက မျက်လုံးတောက်တောက်လေးတွေဖြင့် ကြည့်လိုက်သည်။ "အိမ်လေး၊ အိမ်သေးသေးလေး!"
သူမစိတ်ဝင်စားနေတာကိုမြင်တော့ ဝေချောင်က ရိုးရိုးရှင်းရှင်း ကားတစ်စီးထပ်ဆောက်လိုက်သည်။
ကလေးမလေးမှာ သူ့ကိုပိုလို့တောင် လေးစားစိတ်ဖြင့် ကြည့်လာတော့သည်။ "ဒါကကားပဲ! ကိုကိုက အရမ်းမိုက်တာပဲ! အိမ်လေးရော ကားလေးရော ဆောက်တတ်တယ်!"
[အဲ့ဒါက မိုက်တယ်လား?] အာ့ဝူလင်က ရုတ်တရက်ထွက်လာသည်။ [ဖေဖေက သမီးကို အိမ်အကြီးကြီးမှာနေဖို့ရော ကားစီးနိုင်ဖို့ပါ လုပ်ပေးလို့ရတယ်]
ကံမကောင်းစွာနဲ့ ကလေးမလေးက သူ့ဆီအာရုံမရှိနေပါချေ။ ကလေးမလေးသည် ခန်ပေါ်ရှိ သစ်သားတုံးလေးတွေကိုငေးကြည့်ကာ ထိကြည့်ချင်နေသည်။ "ထောင်ထောင်ထိလို့ရမလားဟင်?"
ဝေချောင်က ဘာမှမပြောဘဲ အိမ်ဆောက်တဲ့အတုံးတွေကို သူမအရှေ့ဆီ တွန်းလိုက်ကာ ကစားခွင့်ပေးလိုက်သည်။
ရှောင်လုထောင်ရဲ့ မျက်လုံးတွေဟာ အပြုံးနဲ့အတူ ကွေးညွတ်သွားကြတော့သည်။ သူမ တစ်တုံးစီ အမြန်ဆွဲယူလိုက်ကာ ခန်အစွန်းနားတွင်ရပ်ရင်း ဟိုရွှေ့ဒီရွေ့ကစားတော့သည်။
ဒါကိုမြင်တော့ ယန်ဖုချင်ရောက်လာကာ သူမကိုခန်ပေါ် တင်ပေးလိုက်သည်။ "ခန်ပေါ်မှာထိုင်ပြီး သမီးရဲ့ကိုကိုဝေချောင်နဲ့ကစားလေ" သူမကို တင်ပေးပြီးသွားတော့ ပန်းကန်လုံးအသေးလေးတစ်လုံးကို ကမ်းပေးလိုက်သည်။ "မြည်းကြည့်၊ ဒါက သမီးကိုကိုတို့အိမ်က ဖွက်ထားတဲ့ရတနာဘဲ။ သာမာန်လူတွေ စားဖူးတာမဟုတ်ဘူး"
ချိုမွှေးသည့်နို့အနံ့ကိုရတော့ ကလေးမလေးက အနံ့ခံလိုက်ကာ သူမအကြည့်တွေက ယန်ဖုချင်လက်ထဲရှိ ပန်းကန်လုံးဆီရောက်သွားကာ အကြည့်မလွှဲနိုင်တော့ပေ။
ပန်းကန်လုံးလေးထဲတွင် ရေနွေးဖြင့်ရောထားသည့် နီညိုရောင်အရည်ရှိနေသည်။ ကြည့်ရတာ အရမ်းကိုစားချင်စဖွယ်ကောင်းလှသည်။
သို့ပေမယ့် သူမအမေအနားမှာရှိတဲ့အတွက် ခဏသာ ငေးကြည့်လိုက်ကာ ခေါင်းငုံ့လိုက်ပြီးသူမလက်ထဲက အတုံးလေးကိုဘဲ ကစားနေလိုက်ကာ ပန်းကန်လုံးကိုတော့ မယူရဲပါချေ။
ယန်ဖုချင်က သူမလက်ထဲ ထိုးထည့်ပေးလိုက်ကာ ပြောလိုက်သည်။ " မြန်မြန်သောက်လိုက်။ သမီးရဲ့ ကိုကိုဝေချောင်မှာလဲရှိတယ်"
သူမလှည့်လိုက်ကာ သူမသားအတွက် ပန်းကန်လုံးကိုထုတ်ပေးလိုက်သည်။ ၎င်းကို လုထောင်မြင်တဲ့အခါ တွန့်ဆုတ်စွာဖြင့် ကျေးဇူးတင်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။