← Chapters

Chapter 33

Vol. 3 Ch. 33

Chapter 33

Vol. 3 Ch. 33

(souna - နှဲ)

ချန်ကွမ်ဖာ့သည် သူ၏ရတနာကြီးကိုဂရုစိုက်ကာ သူထုတ်သည့်အခါတိုင်း အမြဲတမ်း လက်နှစ်ဖက်ဖြင့်သာကိုင်၏။

သူ့ရဲ့ရိုရိုသေသေ အမူအရာကိုမြင်တော့ ရှောင်လုထောင်လည်း မသိလိုက်ဘာသာနှင့် အသက်ရှူသံကို ဖြေးလိုက်ကာ သူ့လှုပ်ရှားမှုတွေကို ကြည့်နေသည်။

ဒီနှဲဟာ အရမ်းအံ့ဩဖို့ကောင်းကာ ဝါသွပ်တာထက်ပိုအံ့ဩဖို့ကောင်းသည်။

ကလေးမလေးရဲ့မျက်လုံးတွေထဲ တောင့်တမှုတွေတဖြည်းဖြည်း ပေါ်ထွက်လာပေမယ့် အာ့ဝူလင်ကတော့ ရူးသွပ်လာသည်။ [မြောင် မြောင် မြောင်! ဘာလို့နှဲ....]

သူပြောလို့မပြီးသေးခင် ချန်ကွမ်ဖာ့က နှဲကိုအဝတ်အနီရောင်ဖြင့်ပတ်ကာ သူ့နှုတ်ခမ်းနားပို့လိုက်ပြီး အားအပြည့်စုစည်းလိုက်သည်။

နောက်တစ်စက္ကန့်မှာဘဲ ကျယ်လောင်ပြီး ကြီးကျယ်သည့် သီချင်းသံက လေထဲတွင်ပျံ့လွှင့်လာကာ အာ့ဝူလင်၏ ကျန်တဲ့စကားလုံးတွေကို လုံးဝဖုံးလွှမ်းသွားတော့သည်။

အဲ့ဒီအချိန် လုထောင်တစ်ယောက် အရမ်းလန့်သွားကာ ပါးစပ်ဟနေပြီး အတော်ကြာတဲ့အထိ သတိပြန်မဝင်လာနိုင်ပေ။

သူ့သခင်က အမြန်ထွက်သွားတာကြောင့် ဟန်ဟန်တစ်ယောက် အိမ်ထဲတွင် အမေ့ခံလိုက်ရသည်။ သူတံခါးထစ်နှင့်ခလုတ်တိုက်မိကာ အနောက်ကတံခါးနှင့်ရိုက်မိပြီး တုန်ရီသွားတော့သည်။

ကောင်းရှန်း တစ်ခုခုကိုသတိရသွားကာ သူ့အမေရဲ့လက်မောင်းထဲကိုကြည့်လိုက်သည်။ "သား ဟန်ဟန်ကိုကျန်ခဲ့ပြီ"

"လာပြီ လာပြီ"

ဟူချူရှန်း သူ့နားကိုအမြန်အုပ်လိုက်ပေမယ့် ခြေလှမ်းနောက်ကျသွားသည်။ ဝိညာဉ်လွင့်မတတ်အသံက အနောက်ကနေ လိုက်လာသည်။

အဲ့ဒီအချိန်ဟာ ခေါင်းကနေခြေဖျားအထိ ရေအေးအေးလောင်းချလိုက်သလိုမျိုး သူမကို လုံးဝနေလို့မကောင်းအောင်ဖြစ်လာစေသည်။

ဒုက္ခရောက်တာ ဟူချူရှန်း တစ်ယောက်ထဲမဟုတ်ပေ။

ချန်ကွမ်ဖာ့ဟာ မြောက်ဘက်ဒေသတွင် တွေ့ရလေ့ရှိသည့် ဝါးလုံးအကြီးကို သုံးတာဖြစ်သည်။ ထိုဝါးလုံးသည် ၅၀စင်တီမီတာရှည်ကာ အသံအား တော်တော်ဝေးဝေးအထိ ထုတ်လွှတ်နိုင်သည်။

သူ နှဲစမှုတ်လိုက်သည်နှင့် အိမ်အနီးနားရှိ နေ့လည်စာစားနေကြသူတွေမှာ သူတို့လက်တွေပါ တုန်လာကာ အစားအသောက်တွေ ပြုတ်ကျကြတော့သည်။

ဘေးအိမ်မှ အမျိုးသမီးကျိုးဟာ ရေသောက်နေရင်း သီးလို့ ရေတွေဟာနှာခေါင်းကနေပြန်ထွက်ကာ မြစ်ရေလိုပြန်စီးဆင်းလာသည်။

အမျိုးသမီးကျိုး သတိပြန်ဝင်လာကာ သူ့ကျောသူပြန်ပုတ်လိုက်သည်။ "လူအိုကြီးချန် ဘာဖြစ်တာလဲ? နေ့ခင်းကြောင်တောင်ကြီး ဘာလို့ နှဲတွေမှုတ်နေရတာလဲ?"

အမျိုးသမီးကျိုးမှာ လန့်နေသည့်အကြည့်ဖြင့် သူမရင်ဘက်ကိုထိလိုက်သည်။ "ဘုရားရေ၊ ဒီဆူညံသံကို နှစ်တွေတော်တော်ကြာ ငါ မကြားခဲ့ရတာ။ ငါ့နှလုံးတော့ မခံနိုင်တော့ဘူး"

သူမသားရဲ့မိန်းမက အခုထိမတုံ့ပြန်သေးတာကိုမြင်တော့ သူမသားက ကလေးကိုချီကာ ထွက်သွားတော့သည်။ "ကျွန်တော် ရှောင်ဝမ်ကို သွားပုန်းဖို့ခေါ်သွားတော့မယ်"

သနားစရာအကောင်းဆုံးလူကတော့ အမျိုးသမီးရှုပင် ဖြစ်လိမ့်မည်။

အမျိုးသမီးရှု အမြန်စားလိုက်သည်။ သူမစားပြီးနောက် ခြံအနောက်ဘက်မှ ကြက်အော်သံတွေကိုကြားကာ ကြက်ဥသွားကောက်သည်။

နှဲ အသံထွက်လာသည့်အချိန် သူမမှာ အခုလေးတင်ဥထားသည့် ကြက်ဥပူပူနွေးနွေးကို လက်လှမ်းနေတာဖြစ်သည်။ "ကြက်ဝဝလေး မွေးမယ်ဆိုရင် ကြက်ဥကိုထားလိုက်ပါ့မယ်လေ။ ကြက်အိုစွပ်ပြုတ်ချက်ရမှာပျော်စရာ‌ကြီး။ ငါ့အစာအိမ်က သိပ်မကောင်းဘူး ပြီးတော့ ချန်အိမ်က ကောင်မလေးက လက်ထပ်ပြီးတာနဲ့ သားတစ်ယောက်မွေးတာဘဲ"

ထိုအသံက သူမကိုလန့်သွားစေကာ လက်ပါတုန်လာစေပြီး ကြက်ဥတွေမြေပြင်ပေါ်ကျကာ ကွဲသွားတော့သည်။

အဲ့ဒါအကုန်မဟုတ်သေးပေ။

ကြက်တွေလည်း ထိတ်လန့်သွားသည်။ ကြက်တွေက တောင်ပံတွေကို ခတ်ကာ သူမဆီပျံလာကြပြီး သူမရဲ့မျက်နှာအိုကြီးဆီ အော်ဟစ်ကာ ထိုးဆိတ်လာကြသည်။

အမျိုးသမီးရှုမှာ သူမ၏ညာဘက်မျက်နှာတစ်ခြမ်းတွင် နာကျင်မှုကို ခံစားလိုက်ရသည်။ သူမထိကြည့်လိုက်တဲ့အခါ သွေး‌ကိုမြင်လိုက်ရသည်။

သူမဒေါသထွက်လာကာ တုတ်တစ်ချောင်းရှာပြီး ကြက်ကိုရိုက်ရန်လိုက်တော့သည်။ "နေ့ခင်းကြောင်တောင်မှာ ဘာလို့နှဲလာမှုတ်နေတာလဲ? နင်တို့အိမ်မှာ တစ်ယောက်ယောက်သေသွားလို့လား?"

ကြက်က အော်ဟစ်ရင်းပိုပြီးထိတ်ထိတ်ပျာပျာဖြစ်ကာ နေရာပေါင်းစုံဆီပြေးတော့ တခြားကြက်တွေကိုပါ လိုက်ပြေးအောင်လုပ်တော့သည်။ တစ်ခဏလောက် ခြံအနောက်ဘက်တွင် ကြက်မွှေးပျံတွေ၊ အမျိုးသမီးရှု၏ ဆဲဆိုသံတွေနှင့် ကြက်ဖကြက်မတွေ၏ အော်ဟစ်ပြေးနေသံတွေဖြင့် ပြည့်နှက်သွားသည်။

အသံဟာမရပ်ခင်အထိ အဓိကပြဿနာရှာသည့်တရားခံမှာ ကြက်ခြံထိပ်တွင် နားလိုက်ပြီး မရပ်မနား ရှေ့‌ရွှေ့နောက်ရွှေ့လုပ်နေ၏။

ဟောဟဲလိုက်နေသည့် အမျိုးသမီးရှုမှာ အသက်ပြင်းပြင်းနှစ်ကြိမ်ရှူလိုက်ပြီး အင်္ကျီလက်ကို လိပ်တင်ကာ ထိုကြက်အား ဖမ်းရန်သွားလိုက်သည်။ "ငါနင့်ကိုဒီနေ့ နုပ်နုပ်မစဉ်းနိုင်ရင်၊ ငါ့နာမည်က ဝမ်မဟုတ်တော့ဘူး!"

သူမ လက်လှမ်းလိုက်သည်နှင့် စူးရှသည့်အသံကျယ်ကျယ်က ချန်မိသားစုအိမ်ကနေ ရုတ်တရက်ထွက်လာပြန်သည်။

အခုလေးတင် တည်ငြိမ်သွားကြသည့်ကြက်ဟာ ရုတ်တရက် တောင်ပံတွေဖြန့်လိုက်ပြီး သူမလက်ပေါ်နင်းကာ သူမဆီပျံလာပြီး လက်မောင်းကိုကုတ်ထည့်လိုက်သည်။

အမျိုးသမီးရှု၏ အဝတ်အစားတွေဟာ ကုတ်ရာအနည်းငယ်ကြောင့် ပြဲသွားကာ သူမလက်မောင်းကိုလွှဲယမ်းရင်း ကြက်ကိုရိုက်နေသည်။ "ဆင်းစမ်း! အခုဆင်းစမ်း!"

ရလဒ်အနေဖြင့် ကြက်ဟာ ပတ်ပျံလိုက်ပြီး သူမခေါင်းတည့်တည့်ခုန်တက်လိုက်ကာ မလှုပ်မယှက်ရပ်နေ၏။

အမျိုးသမီးရှု ဖမ်းဖို့လုပ်သည့်အခါတိုင်း ကြက်ဟာအော်ဟစ်ကာ သူမကိုကုတ်နေသည့်အတွက် သူမဆံပင်တွေရှုပ်ပွလာကာ ဦးရေခွံဟာလည်း နာကျင်လာသည်။

ထိုအချိန် တစ်ဖက်မှ ရယ်သံထွက်လာသည်။ "အမျိုးသမီးရှု၊ နင့်ရဲ့ဆံပင်ပုံစံက တကယ်ဆန်းလိုက်တာ"

အမျိုးသမီးရှုသည် သူမခေါင်းပေါ်မှကြက်ကိုထိန်းရင်း ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်သည့်အခါ ဘေးကျန်းအိမ်မှ တစ်ယောက်က သူမကိုစိတ်ဝင်တစားဖြင့်ကြည့်နေတာ တွေ့လိုက်ရသည်။ သူမမျက်နှာ ရုတ်တရက်မည်းမှောင်လာသည်။ "ငါ့ဘာသာဆံပင်ပုံစံဘယ်လိုဖြစ်ဖြစ်နင်နဲ့မဆိုင်ဘူး"

သူမပြောပြီးသည်နှင့် အခွင့်အရေးယူကာ ကြက်ခြေထောက်ကိုဆွဲလိုက်သည်။

ကြက်မှာ လန့်သွားပြီးခပ်မြင့်မြင်ပျံကာ ခြံစည်းရိုးကိုခုန်ကျော်လိုက်ပြီး ဘေးမှကျန်းခြံထဲသို့ ခုန်ဝင်သွားသည်။

ပျော်စရာတွေကြည့်နေရင်း ကြက်က သူမခြံထဲသို့ ဝင်လာလိမ့်မည်ဟု အန်တီကျန်းဟာ မထင်ထားပါချေ။ သူမပျော်သွားကာပြောလိုက်သည်။ "ကံကောင်းလို့ သူပြေးလို့မရတော့ဘူး။ ဒါပေမယ့် မကောင်းတာတစ်ခုခုတော့ဖြစ်တော့မှာဘဲ။ နောက်ကျ ဦးလေးချန်ကိုကျေးဇူးတင်ရမယ်။ အိုး ချိန်ကြည့်လိုက်တော့ ဒီကြက်က တော်တော်လေးတာဘဲ"

အမျိုးသမီးရှုမှာ ဆံပင်ရှုပ်ပွပွဖြင့် ခြံစည်းရိုးနား အပြေးအလွှားသွားလိုက်သည်။ "ကြက်‌ပြန်ပေးစမ်း! အဲ့ဒါ ငါတို့ကြက်ဟဲ့!"

"သူပျံလာဝင်လာတဲ့အိမ်က ပိုင်မှာဘဲ။ ဒါ နင်ပြောခဲ့တာမဟုတ်ဘူးလား?"

အန်တီကျန်းသည် မတုံ့ဆိုင်းနေဘဲ ကြက်ကိုဖမ်းလိုက်ကာ သူမအသီးအရွက်တွေ လှီးလေ့ရှိသည့်ဓားနှင့် ကြက်လည်ပင်းကို လှီးလိုက်သည်။

အမျိုးသမီးရှု ဒါကိုမြင်တဲ့အခါ မူးမေ့လဲသွားမတတ်ပင်။ သူမခြံစည်းရိုးကို ကျော်တက်လိုက်ချင်ပေမယ့် မတက်နိုင်သည့်အတွက် ခြံထဲကနေ ပြေးထွက်လာလိုက်သည်။

ကံမကောင်းစွာနှင့်၊ သူမဘေးအိမ်သို့ ရောက်သွားတဲ့အချိန် ကျန်းမိသားစုဟာ အထဲမှနေ တံခါးသော့ခတ်လိုက်ပြီး သူမဘယ်လောက်ဘဲ တံခါးခေါက်နေပါစေ ဘယ်သူမှ ဂရုမစိုက်ကြပေ။

မည်သို့ပင်ဆိုဆို နှဲသံဖုံးနေသည်ကြောင့် အန်တီကျန်းဟာ မကြားဟန်ဆောင်ကာ ပျော်ပျော်ရွှင်ရွှင်နှင့် ကြက်မွှေးနှုတ်ရန် ရေနွေးတည်ဖို့ မီးဖိုချောင်ဆီ သွားလိုက်သည်။

သူမရဲ့အစောပိုင်းက လှုပ်ရှားမှုကြောင့် သူမတို့အိမ်နှင့် အမျိုးသမီးရှုတို့အိမ်ကြားရှိ ခြံစည်းရိုးဟာ အရင်ကလောက် သိပ်မမြင့်တော့ပေ။

အရင်က သူမတို့အိမ်မှ ကြက်တစ်ကောင်သည် အမျိုးသမီးရှုတို့ခြံထဲ ပျံဝင်သွားသည်။ သူမ သွားရှာသည့်အခါ အမျိုးသမီးရှုက ပြန်ပေးရန် ငြင်းဆန်ခဲ့သည်။ ကြက်ကို သူပျံဝင်လာတဲ့အိမ်က ပိုင်တယ်ဟု ယုံကြည်ချက်ရှိရှိဖြင့် ပြောလာသည့်အတွက် သူတို့တွေကြက်ကို မရလိုက်ပေ။

သူမတွင် အခုမှရောက်လာသည့် ချွေးမအငယ်ရှိနေသည့်အတွက် အဆုံးတွင် အရှုံးခံခဲ့ရသည်။

မမျှော်လင့်ထားစွာနှင့်၊ အခုတော့ အခြေအနေတွေပြောင်းသွားကာ တကယ်ကို ပြန်လည်ဆန်းသစ်လာသည်။

နှဲသံကို အန်တီကျန်းထပ်ကြားရသည့်အခါ သူမထပ်ပြီးမလန့်နေတော့ပေ။ ညနေကျလျှင် ကျေးဇူးတင်သည့်အနေဖြင့် ချန်ကွမ်ဖာ့အား ကြက်သားနည်းနည်းပို့ပေးရန် သူမတွေးလိုက်သေးသည်။

ချန်ကွမ်ဖာ့ နှဲ မှုတ်တာပြီးသွားသည့်နောက် သူဟာ နည်းနည်း စိတ်မကျေမနပ်ဖြစ်နေသေးကာ သူ့မျက်လုံးကိုဖြည်းဖြည်းချင်း ဖွင့်လာသည်။

သူက ရှောင်လုထောင်ကို မေးလိုက်သည်။ "ဘယ်လိုနေလဲ? အသံက စွဲကျန်ခဲ့ပြီးတော့ တခြားဘာအသံကိုမှ မကြားရတော့ဘူးမလား?"

ရှောင်လုထောင်မှာ အနည်းငယ် မိန်းမောနေဆဲဖြစ်ကာ ဗလာဖြစ်စွာဖြင့် မျက်တောင်ခတ်လိုက်ပြီး ခန်အစွန်းကိုကိုင်ထားမိသည်။

ချန်ကွမ်ဖာ့၏ မျက်နှာအိုကြီးမှာ ပိုလို့တောင်ဂုဏ်ယူဝံ့ကြွားလာသည်။ "အရင်တုန်းကဆို၊ သမီး ဘွားဘွားရဲ့ရွာမှာ မြေပိုင်ရှင်ကြီးတစ်ယောက်ရှိတာ။ သူ့သား မင်္ဂလာဆောင်တော့ သူက သတို့သမီးကို ကြိုဖို့အတွက် သီချင်းတီးတဲ့အဖွဲ့ကို ဖိတ်ခဲ့လေ။ သီချင်းတွေ ဗုံတွေတီးတဲ့သူက တစ်ဒါဇင်ကျော်လောက်ရှိတာ။ သမီးရဲ့အဘွားက အဘိုးကို မြင်မြင်ချင်း သတိထားမိသွားတာလေ"

[ဟုတ်တာပေါ့၊ ခင်ဗျားရဲ့အရည်အချင်းနဲ့ဆို ပျော်ပွဲရွှင်ပွဲက နာရေးဖြစ်သွားမှာ။ ဒါက ဘယ်လိုလုပ် မဆွဲဆောင်နိုင်ဘဲနေမလဲ?]

အာ့ဝူလင် နောက်ဆုံးတော့ ရဲရဲဝံ့ဝံ့နှင့် ခေါင်းထောင်လာသည်။ [Host၊ အဆင်ပြေရဲ့လား? မကြောက်နဲ့၊ ဖေဖေရှိ....]

သူပြောမပြီးသေးခင် လုထောင်က ရုတ်တရက်လက်ခုပ်တီးလာကာ သူမမျက်လုံးတွေထဲ ကြက်တွေတောက်လာသည်။ "ဘိုးဘိုးက အရမ်း‌မိုက်တာပဲ!"

အာ့ဝူလင် - [...ဒါကိုသင်ချင်တယ်လို့တော့ ဖေဖေ့ကိုလာမပြောနဲ့နော်၊ ဖေဖေ စိတ်ညစ်မိလိမ့်မယ်]

ကလေးမလေးက တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်ပြလာသည်။ "ဘိုးဘိုးက မိုက်တယ်၊ ထောင်ထောင် ဘိုးဘိုးဆီကနေ သင်ချင်တယ်"

ချန်ကွမ်ဖာ့မှာ သူ့ကိုအခိုင်အမာအားပေးသည့်သူကို အတော်ကြာသည့်အထိ မတွေ့ဖူးခဲ့ပါချေ။ သူ့မြေးမလေးဆီကနေ ချီးကျူးခံရသည့်အခါ သူတစ်ခဏလောက်အံ့ဩသွားသည်။

လုထောင်ဆီက သင်ချင်တယ်လို့ ပြောတာကြားတဲ့အခါ သူ့မျက်လုံးတွေထဲ ချက်ချင်းမျက်ရည်တွေပြည့်လာသည်။ "ကောင်းပြီ၊ ကောင်းပြီ၊ ဘိုးဘိုးက သမီးဒီလိုပြောလာမှာကို စောင့်နေတာ"

ချန်ကွမ်ဖာ့ နှဲကိုသုတ်လိုက်ကာ သူ့မြေးဆီ ကမ်းပေးလိုက်သည်။ "လာ စမ်းမှုတ်ကြည့်"

လုထောင်က သူမရဲ့လက်လေးနှင့် နှဲကိုဖက်ထားတော့ နှဲရဲ့အောက်ခြေဟာ သူမရဲ့ဒူးခေါင်း‌ကိုကျော်သွားကာ ခြေသလုံးအထိ ရောက်နေ၏။

ချန်ကွမ်ဖာ့ တန့်သွားသည်။ "ဒီတစ်ခုက ကြီးနေတဲ့ပုံဘဲ။ သမီးသင်ချင်တယ်ဆိုရင်၊ အဘိုးအချိန်ရရင် အသေးလေးတစ်ခု လုပ်ပေးမယ်"

လုထောင် ပန်းအနီလေးအကြောင်း တွေးမိတဲ့အတွက် သူမအကြာကြီး မစောင့်နိုင်တော့ပေ။ သူမအဘိုးအတိုင်း တုပကာ နှဲကိုမလိုက်ပြီး မှုတ်လိုက်သည်။

နှဲက တိတ်နေကာ ဘာအသံမှ မထွက်လာပေ။

ကလေးမလေးမှာ တစ်ခဏလောက် ကြောင်သွားပြီး သူမအဘိုးသည် အသက်ပြင်းပြင်းရှူ၍ မှုတ်လိုက်သည်ကို တွေးမိကာ သူမလည်း အသက်ပြင်းပြင်းရှူလိုက်သည်။

ဒီတစ်ခေါက်မှာ နှဲဆီမှ လေမှုတ်သလိုအသံထွက်လာကာ ဘာသီချင်းသံမှ မထွက်လာပေ။

သူမ တကယ်သင်ချင်ကြောင်းမြင်တော့ ချန်ကွမ်ဖာ့က သူမရဲ့အနေအထားကို ကူပြင်ပေးလိုက်သည်။ "သမီးရဲ့ ဘယ်လက်ကို အပေါ်ဘက်လက်ကိုင်မှာထား၊ ညာလက်ကို အောက်ကလက်ကိုင်မှာထား.... ဟုတ်တယ်၊ အပေါ်ကို မ ပြီးတော့ ဒီအပေါက်တွေကိုဖိလိုက်၊ အမ်...."

လူအိုကြီးမှာ သူ့မြေး၏ ပုပုလုံးလုံးလက်ချောင်းလေးတွေကိုကြည့်ရင်း ပြောလိုက်သည်။ "သမီးမမီဘူးဆိုတော့ ဖိနိုင်သလောက်သာဖိထား"

ကလေးမလေးရဲ့ လက်ဖောင်းဖောင်းလေးဟာ နှဲအပေါက်တစ်ဝိုက် စမ်းတဝါးဝါးထားလိုက်ကာ သုံးလေးပေါက်လောက်သာ ဖိနိုင်သည်။ "ဒီလိုလားဟင်?"

ချန်ကွမ်ဖာ့၏ အမူအရာမှာ အင်တင်တင်ဖြစ်နေသည်။ "မဆိုးပါဘူး၊ တူလုနီးပါးဘဲ"

အာ့ဝူလင် [ သမီးအဘိုးရဲ့ အမူအရာကိုမြင်တော့ ဖေဖေစိတ်အေးသွားတယ်။ သမီးမှာ နှဲမှုတ်နိုင်တဲ့ အရည်အချင်း သေချာပေါက်မရှိ ....]

သူ့စကားမဆုံးခင်မှာလဲ၊ ကလေးမလေးမှာ ထပ်မစောင့်နိုင်တော့ဘဲ နှဲကိုထပ်မှုတ်လိုက်သည်။

ကြက်ကန်းဆန်အိုးတိုးတာလားတော့ မသိပေ၊ နှဲကနေ တကယ်ဘဲ အသံတိုးတိုးထွက်လာသည်။

အာ့ဝူလင်ရဲ့အသံရပ်သွားကာ ရုတ်တရက် အေးစက်စက် စက်အသံထွက်လာသည်။ [စစ်ဆေးမှုအပြီး၊ Hostရဲ့ နှဲ မှုတ်တဲ့အရည်အချင်းဟာ သတ်မှတ်စံနှုန်းနဲ့ ကိုက်ညီတဲ့ B လယ်ဗယ်ဖြစ်ပါတယ်]

နောက်တစ်စက္ကန့်မှာဘဲ လုထောင်ရဲ့မျက်လုံးရှေ့တွင် စကားလုံးအတွဲလိုက် ပေါ်လာသည်။

[မြောင် မြောင် မြောင်.... ဘယ်လိုလုပ် B ဖြစ်သွားတာလဲ? စီစဉ်သူရေ၊ ဘာလို့ B ဖြစ်ရတာလဲ ပြောပါအုံး? တခြားHostတွေကျ ကုချန်တို့ စန္ဒရားတို့ တီးတတ်ပြီး သူတို့အပြင်ထွက်တဲ့အခါကျ နတ်သူငယ်တွေဆီကနေ ဝန်းရံခံရပေမယ့် ငါ့ရဲ့Hostကျတော့ ဘာလို့နှဲမှုတ်တာလဲ? အနာဂတ်ကျရင် စနစ်ကမ္ဘာထဲမှာ ငါအသက်ရှင်နိုင်ပါ့ဦးမလား?]

သူမ၏ သမီးဟာ သူမထက် ထက်ကာအနာဂတ်တွင် မင်္ဂလာဆောင်နှင့် နာရေးများတွင် အလယ်နေရာအနေနှင့် ပွဲဦးထွက်ဖို့ ပြင်ဆင်နေမှန်း ချန်ဖန်းရှုမသိပါချေ။

ချန်ပေါင်ခဲ့လည်း မြန်သည်။ လူအိုကြီး နှဲစမှုတ်သည်နှင့် သူ့အစ်မနှင့်အတူ အမြန်ထွက်လာလိုက်သည်။

သူ့အစ်မ ဆောင့်တိုက်မိရာမှ ကာကွယ်နိုင်ရန် သူလမ်းအကောင်းကနေ စက်ဘီးနင်းလာရင်း မေးလိုက်သည်။ "အစ်မ၊ ဘယ်သွားကြမလဲ?"

"ဘယ်ပဲဖြစ်ဖြစ်၊ ငါတို့အိမ်နဲ့ ဝေးရင်ရပြီ"

"ဒါဆို မြစ်ကမ်းနားသွားရအောင်။ အဲ့ဒီမှာ ကျောက်တုံးကြီးတွေ အများကြီးရှိတယ်။ အစ်မထိုင်လို့ရအောင် တစ်တုံးရွှေ့ပေးမယ်"

ချန်ဖန်းရှုလည်း မငြင်းတဲ့အတွက် ချန်ပေါင်ခဲ့သည့် မြစ်ကမ်းနားဆီ နင်းသွားကာ သန့်ရှင်းသည့် ကျောက်တစ်တုံးကိုရွှေ့လာပြီး သူ့အစ်မကို ဂရုတစိုက်ဖြင့် ကူတွဲပေးသည်။

ချင်းရှန်ရွာသို့ ပြန်ရောက်ကတည်းက ချန်ဖန်းရှုမှာ တစ်ခါမှ အပြင်မထွက်ဖြစ်ဘဲ၊ အများဆုံးအနေဖြင့် ခြံထဲတွင်သာ နေဆာလှုံသည်။

မြက်နှင့်မြစ်နားရှိသစ်ပင်တွေမှ ရနံ့အပြည့်နှင့်လေကို ရှူရှိုက်ရင်း သူမ အသက်ပြင်းပြင်းရှူလိုက်ကာ မျက်လုံးတွေကို အသာကျဉ်းမြောင်းလိုက်သည်။

ချန်ပေ့င်ခဲ့လည်း ကျောက်တုံးတစ်တုံးမလာကာ သူမဘေးတွင်ထိုင်လိုက်သည်။ "အစ်မ၊ ထောင်ထောင်တစ်ယောက် ကျွန်တော်တို့အဖေရဲ့ နှဲမှုတ်သံကြားရင် လန့်သွားလောက်မလား? အဲ့ဒါကို ကျွန်တော်ငယ်ငယ်တုန်းကဆို အကြောက်ဆုံးပဲ။ ကျွန်တော့်အသက် ခုနစ်နှစ် ရှစ်နှစ်လောက်အထိ လူတွေ ယန်ကော ကတာကို ကြည့်တောင်မကြည့်ရဲခဲ့ဘူး"

သူ့တူမလေးအကြောင်းပြောလာတော့ ချန်ဖန်းရှုပြုံးလိုက်သည်။ "ထောင်ထောင်တစ်ယောက် ရုပ်ဆိုးရလောက်အောင် လန့်သွားမယ်လို့ထင်လား?"

ဒါကိုကြားတဲ့အခါ ချန်ပေါင်ခဲ့ရွှင်မြူးသွားသည်။ "အမှန်ဘဲ၊ ကလေးကတည်းက သူ့လောက်အလှကြိုက်တဲ့ကလေးမျိုး ကျွန်တော်တစ်ခါမှ မမြင်ဖူးဘူး"

နှစ်ယောက်သား တစ်ခဏလောက် စကားပြောနေကြကာ ချန်ပေါင်ခဲ့က ရုတ်တရက် မေးလာသည်။ "အစ်မ၊ အနာဂတ်အတွက် ဘယ်လိုစီစဉ်ထားလဲ?"

"ဘာကိုစီစဉ်ရမှာလဲ?"

"ယောက်ဖလေ....တစ်ကယ်လို့၊ ယောက်ဖ...အစ်မဘာလုပ်မှာလဲ?"

ချန်ဖန်းရှု တန့်သွားသည်။ "ငါဘာလုပ်နိုင်မှာလဲ? ထောင်ထောင်နဲ့ ရှောင်ဟွေ့တို့နဲ့ပဲ ကောင်းကောင်းနေသွားရုံပေါ့"

"အစ်မက အခုထိသုံးဆယ်‌တောင် မပြည့်သေးဘူးလေ၊ နောက်တစ်ယောက် ထပ်ရှာဖို့ မစဉ်းစားမိဘူးလား?"

ချန်ဖန်းရှု ခေါင်းခါလိုက်သည်။ "ငါ့ယောက္ခမက ကလေးတွေရဲ့အဘွားအရင်း။ ငါ နေမကောင်းတုန်းကဆို ရှောင်ဟွေ့ကို ရောင်းဖို့လုပ်ခဲ့တာ။ ငါဘယ်သူ့ကိုမှ မယုံတော့ဘူး။ ကလေးကို တခြားသူလက်ထဲ ထည့်ပေးရမှာထက် ပင်ပင်ပန်းပန်းနဲ့ဘဲ အလုပ်လုပ်‌လိုက်တော့မယ်"

ချန်ပေါင်ခဲ့ ပါးစပ်ဟကာ တစ်ခုခုပြောချင်နေတာကိုမြင်‌တော့ သူမအကြည့်ပြောင်းလိုက်သည်။ "ဟိုက ကောင်မလေးနှစ်ယောက် နင့်ကို‌ ကြည့်နေကြတာလား?"

ချန်ပေါင်ခဲ့လည်း သူမအကြည့်နောက်လိုက်ကာ ကြည့်လိုက်တော့ မြစ်နားတွင် အဝတ်လျှော်နေသည့် ကောင်မလေးနှစ်ယောက်ဟာ ဒီဘက်ကို တိတ်တိတ်လေးကြည့်နေကြတာကို တွေ့လိုက်ရသည်။

တစ်ယောက်မှာ အသားဖြူဖြူ၊ မျက်လုံးကြီးကြီးနှင့် အရမ်းလှသည့် မျက်နှာလေးရှိသည်။ သူမသည် သူတို့ ပထမဆုံးရောင်းခဲ့သည့် နေကြာပန်းကောက်ရိုးဦးထုပ်ကိုဆောင်းထားသည်။

သူလှမ်းကြည့်လာတာကိုမြင်တော့ ကောင်မလေးက ရှက်သွေးဖြာသွားပြီး ကျောပေးလိုက်ကာ အဝတ်လျှော်နေဟန်ဆောင်လိုက်သည်။

ချန်ဖန်းရှုကြည့်လိုက်ပြီး သူ့မောင်ကို‌ အပြုံးနှင့်အတူမေးလိုက်သည်။ "ဦးထုပ်ဆောင်းထားတဲ့ တစ်ယောက်ကို နင်သိလား?"

"သိမယ်ထင်တယ်" ချန်ပေါင်ခဲ့ပြောလိုက်သည်။ " ဒီနှစ်ကျေးလက်ဆီပို့လာတဲ့ ပညာတတ်လူငယ်အသစ်တွေအနေနဲ့ ထုတ်လုပ်ရေးအသင်းမှာ အကြိမ်နည်းနည်းလောက်တွေ့ဖူးတယ်"

"အဲ့ဒီကောင်မလေး နင့်အပေါ် အမြင်ကောင်းရှိနေတယ်လို့ ဘာလို့များ ငါမြင်နေရတာပါလိမ့်?" ချန်ဖန်းရှုအပြုံးနှင့်အတူ မေးလိုက်သည်။

All Chapters