← Chapters

Chapter 34

Vol. 3 Ch. 34

Chapter 34

Vol. 3 Ch. 34

ချန်မိသားစုတွင် ကြည့်ကောင်းသည့်လူမှာ ချန်ဖန်းရှုပြီးလျှင် ချန်ပေါင်ခဲ့ဖြစ်သည်။

လုထောင်၏ မျက်လုံးကြီးကြီးတွေဟာ သူ့အမေနှင့်တူကာ ချန်ပေါင်ခဲ့၏ မျက်ခုံးနှင့်မျက်လုံးတွေဟာလည်း သူ့အစ်မနှင့်တူသည်။ ဒါ့အပြင်၊ သူ့အရပ်ဟာ 1.8မီတာကျော်ကာ၊ အချိုးအစားကောင်းကောင်းနှင့် ကိစ္စရပ်တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိသည့် ယောက်ျားတစ်ယောက်ဖြစ်သည်။ သူသည် အသင်းထဲမှကောင်မလေးတွေကြားတွင် အမြဲတမ်းနာမည်ကြီးသည်။

ဒါကိုကြားတဲ့အခါ ချန်ပေါင်ခဲ့ ခေါင်းကုတ်လိုက်သည်။ သူ၏ကြည့်ကောင်းသည့် မျက်နှာဟာ တောင့်တင်းသွားကာ အနည်းငယ်နီသွားသည်။ " အစ်မ၊ အမြင်မှားတာနေမယ်"

"မဟုတ်ဘူးနော်" ချန်ဖန်းရှု အသံတိုးလိုက်သည်။ "နင်လဲ ကလေး မဟုတ်တော့ဘူး။ နင့်အတွက် လက်တွဲဖော်ရှာဖို့အချိန်ရောက်နေပြီ။ အဲ့ဒီကောင်မလေးကို ကြည့်ရတာ ကောင်းမယ့်ပုံဘဲ၊ ပြောကြည့်၊ သူ့ကိုဘယ်လိုထင်လဲ?"

ချန်ပေါင်ခဲ့ ပခုံးတွန့်ပြလိုက်သည်။ "ဘယ်လိုထင်ရမှာလဲ? သူက မြို့ကလာတဲ့ပညာတတ်လူငယ်လေ။ ကျွန်တော့်လို ရွာကလူကို သူဘယ်လိုလုပ် စိတ်ဝင်စားမှာလဲ? အသင်းထဲက တခြားပညာတတ်လူငယ်တွေက တခြားပညာတတ်လူငယ်တွေကိုပဲ ရွေးကြတာ၊ မဟုတ်ရင်လဲ သူတို့က လက်မထပ်ဘဲ ပေါ်လစီပြောင်းမှာကို စောင့်ရင်း မြို့ကိုပြန်ကြမှာလေ"

ဒါဟာအမှန်ပင်။ ချန်ဖန်းရှူ တစ်ခဏလောက်တိတ်သွားသည်။ ကောင်မလေးနှစ်ယောက်ဟာ ဒီဘက်ကို ကြည့်ဘဲကြည့်နေကာ အဝတ်ကို အချိန်ယူလျှော်နေသည့်အတွက် သူမ သူတို့အချိန်ကို မဖြုန်းစေချင်‌တော့ပေ။ "ပြန်ရအောင်၊ အဖေလဲ နှဲမှုတ်တာပြီးလောက်ပြီ"

ချန်ကွမ်ဖာ့ဟာ ညနေတွင် လယ်ထဲပြန်သွားရမည့်အတွက် သေချာပေါက် နှဲမမှုတ်နိုင်တော့ပေ။

သို့ပေမယ့် သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် အိမ်ပြန်ရောက်လာသည့်အခါ မြေးအဘိုးနှစ်ယောက်ဟာ အမွှေလွှဲပေးတာပြီးသွားပြီဖြစ်ကာ နှဲကိုကိုင်ရင်း အဆုတ်အားကောင်းစေရန် လေ့ကျင့်နေသည်။

သူမသည် နှဲလောက်မမြင့်သော်လည်း ချန်ပေါင်ခဲ့မနေနိုင်ဘဲ သူမရဲ့မျက်နှာလေးကိုညှစ်လိုက်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ? သီချင်းမှုတ်ခဲ့တာလား?"

"အသံထွက်တယ်"

ကလေးမလေးက အလေးအနက်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး နှဲကိုမလိုက်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အတွက် ဖျော်ဖြေပြလာသည်။

"ဘူ!"

အသံဟာ ခပ်တိုးတိုး တိုတိုတုတ်တုတ်ဆိုပေမယ့် ချန်ပေါင်ခဲ့ရဲ့မျက်နှာပေါ်က အပြုံးဟာ အေးခဲသွားတော့သည်။ "သမီးသင်တာအရမ်းမြန်တာဘဲ"

သူ အေးအေးဆေးဆေး‌နေရမယ့် ရက်တွေ ခက်ခဲလာ‌တော့မယ်လို့ ခံစားရလိုက်သည်။

ချန်ကွမ်ဖာ့ ထွက်သွားသည်နှင့် အိမ်တိုင်းမှ ထွက်ပြေးသွားကြသည့်သူတွေဟာ အိမ်ပြန်လာကြတော့သည်။

အမျိုးသမီးရှုမှာ နာကျင်မှုကိုအံတုကာ နောက်ဆုံး ရှုပ်ပွနေသည့် သူမရဲ့ဆံပင်တွေကို ဖီးသင်လိုက်ပြီး သူမမျက်နှာပေါ်ရှိ အနာကိုဆေးလိမ်းလိုက်သည်။ ဆေးကြောသန့်စင်ပြီးနောက်၊ သွေးခဲနေသည့် မီးခိုးရောင်ဆံပင်တချို့ဟာ ကျွတ်နေ၏။

သူမချက်ချင်းဘဲ ကြက်ကိုရော ဘေးအိမ်မှ အန်တီကျန်းကိုရော၊ ချန်ကွမ်ဖာ့နှင့် အိမ်မှအသစ်ရောက်လာသည့် ဂြိုလ်ဆိုးကို ဆဲရေးလိုက်သည်။

သူမကြက်ဥသွား‌ကောက်ဖို့သွားပေမဲ့ ကြက်ကပျံသွားကာ ကြက်ဥတွေလဲ ကွဲသွားပြီး သူမကိုယ်တိုင်လည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသည်။

ကမ္ဘာပေါ်မှာ သူမလောက် ကံဆိုးတဲ့သူရှိပါ့တော့မလား?

အမျိုးသမီးရှုသည် ဒေါသထွက်ကာ သူမဆံပင်ကိုလွှင့်ပစ်လိုက်ပြီး သူမ၏တတိယချွေးမကို ဆူပူရန်ပြင်တော့သည်။

အမျိုးသမီးအိုကြီးရှု၏ ဆယ့်ခြောက်နှစ်အရွယ် လိုင်ရှီဟာ အပြင်မှပြန်လာသည်။ အမျိုးသမီးရှုအား သူမမြင်သည့်အခါ ကုန်းလိုက်ပြီး အပြင်ထပ်ထွက်လိုက်သည်။

အမျိုးသမီးရှုရဲ့အမြင်ဟာ အရမ်းစူးရှလွန်းကာ ချက်ချင်း သူမကိုတားလိုက်သည်။ "ဘယ်ကိုပြေးမလို့လဲ? ငါက နင့်ကို ဝါးစားမှာမို့လို့လား?"

လိုင်ရှီမှာ ရွေးချယ်စရာမရှိတော့ဘဲ တံခါးဝမှခေါင်းပြူကာ အားတင်းပြုံးလိုက်သည်။ "အဘွား အိမ်မှာရှိနေတာလား?"

"နင့်ရဲ့တတိယအဒေါ် မီးဖွားထားတာ။ ငါကအိမ်မှာမရှိလို့ ဘယ်မှာရှိနေရမှာလဲ?" အမျိုးသမီးရှုက မျက်လုံးလှိမ့်လိုက်သည်။ "နင့်လက်ထဲက ဘာလဲ?"

"ဟင့်အင်း ဘာမှမရှိပါဘူး" လိုင်ရှီလက်တစ်ဖက်ကို အနောက်ပို့လိုက်ကာ မသိလိုက်ဘာသာနှင့် နောက်ဆုတ်လိုက်သည်။

သူမနောက်ဆုတ်လိုက်တဲ့အခါ အမျိုးသမီးရှုဟာ ပိုလို့သံသယဝင်လာပြီး အပြေးအလွှား‌ လှမ်းလာသည်။

လိုင်ရှီအရမ်းလန့်သွားကာ လှည့်ပြေးပေမယ့် အမျိုးသမီးရှုက သူ့ကိုမှီလာကာ သူမလက်ထဲမှပစ္စည်းကိုလှမ်းဆွဲလိုက်သည်။

"ဘာလဲဆိုတာ ငါကြည့်ချင်ရုံဘဲလေ၊ ဒါပေမဲ့ နင်က ငါမြင်မှာကိုကြောက်နေတယ်...."

အမျိုးသမီးရှုခေါင်းငုံ့ကာ သူမလက်ကိုလှမ်းကြည့်လိုက်ပြီး ရုတ်တရက်စကားပြောနေတာ ရပ်သွားသည်။ "ဒါက....ချန်မိသားစုက ရက်ထားတဲ့ ဦးထုပ်မဟုတ်ဘူးလား?"

လိုင်ရှီမှာ ညာမှမပြောရဲပေ။ သူမ၏ အဘွားရုတ်တရက်နာကျင်အောင်လုပ်မည်စိုးကာ သူမသတိရှိရှိဖြင့် ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။

သေချာပေါက်ကို နောက်တစ်စက္ကန့်မှာဘဲ အမျိုးသမီးရှုသည် ဦးထုပ်အားယူကာ သူမဆီ ပစ်ပေါက်လိုက်သည်။ "ဒီလိုဟာတွေမလုပ်နဲ့လို့ ငါပြောတယ်လေ! မစဉ်းစားဘဲမလုပ်နဲ့လို့ ငါပြောတယ်လေ! ငါတို့မိသားစုနဲ့ သူတို့ကမတည့်ကြဘူးဆိုတာ မသိဘူးလား? နင်က သူတို့ဆီကနေ ပစ္စည်းတွေ ဝယ်လိုက်သေးတယ်!"

လိူင်ရှီမှာ အရမ်းကိုနစ်နာသည်ဟု ခံစားရကာထွက်ပြေးတော့သည်။ "တတိယဦးလေးက လက်ထပ်သွားတာပဲ နှစ်တွေကြာနေပြီကို၊ ဘာမတည့်စရာတွေရှိလို့လဲ?"

"နင်ဘယ်လိုတောင် ပြန်ပြောရဲရတာလဲ! ငါ့ကိုပြော! ဒါကို နင် ဘယ်ကဝယ်ခဲ့လဲ? ငါ့ကိုအခုပြန်ပေးစမ်း!"

"မပေးဘူး" လိုင်ရှီပြောလိုက်သည်။ "ကြယ်နီအသင်းကတစ်ယောက်ကို ဒါဝယ်ခိုင်းထားရတာ သူတို့က ရောင်းပေးချင်တာမဟုတ်ဘူး"

သူမပြန်မပေးဘူးဆိုတာကိုကြား‌တော့ အမျိုးသမီးရှုဟာ ပိုလို့တောင် ဒေါသထွက်လာသည်။ "နင် ဒါကိုဝယ်ဖို့ ဘာလို့ကြယ်နီအသင်းကို သွားတာလဲ? နင် ဒါကိုအရမ်းလိုချင်နေတာလား?"

"သူတို့မိသားစုကို အရမ်းမကောင်းမြင်ဖို့ အဘွားကိုဘယ်သူပြောခဲ့လဲ? မဟုတ်လို့ရှိရင် သမီးက တစ်ယောက်ယောက်ကိုရှာပြီး ဘယ်လိုလုပ် တစ်ယွမ်အကုန်ခံလာရမှာလဲ...."

"နင် တစ်ယွမ်တောင် သုံးလိုက်တယ်! နင့်ဘဝမှာ ကောက်ရိုးဦးထုတ်တွေကို မမြင်ဖူးဘူးလား?"

အမျိုးသမီးအိုကြီးရှုမှာ အရမ်းဒေါသထွက်ရလွန်းလို့ သူမ၏ ပုံရိပ်ကိုလည်းဂရုမစိုက်တော့ကာ လမ်းတစ်လျှောက် သူမမြေးနောက်ကို လိုက်တော့သည်။

လိုင်ရှီမှာ သူ့ဦးထုပ်ဘယ်တော့မှ ပြန်ရလိမ့်မှာမဟုတ်ဘူးဆိုတာ သိသည်ကြောင့် ဘာအရိပ်အယောက်မှမကျန်အောင် အဝေးကိုပြေးတော့သည်။

အမျိုးသမီးရှုဟာ ချန်မိသားစုအိမ်ရှေ့အထိလိုက်ခဲ့ပေမယ့် သူ့ကို ထပ်မလိုက်နိုင်တော့ကာ မောပမ်းစွာဖြင့် ခါးထောက်လိုက်သည်။

ရုတ်တရက် သူမလက်ထဲက ဦးထုပ်ကိုကြည့်ရင်း သူမရင်ထဲ လှုပ်ရှားသွားသည်။

ချန်မိသားစုတောင် ဦးထုပ်ရောင်းနိုင်သေးတာဘဲ၊ သူမကရော ဘာလို့မရောင်းနိုင်ရမှာလဲ? သူမမှာ ချွေးမသုံးယောက်တောင်ရှိတာ။

ဒီပျက်စီးနေတဲ့ဦးထုပ်ဟာ ပုံစံဖော်ကြည့်ဖို့ သျပ်မခက်ပါချေ။ သူမပြန်ပြီး လေ့လာကြည့်ရမည်။ နောက်ဆုံးမှာ သူမ ပုံဖော်နိုင်လိမ့်မည်။

သူမ၏ အကြီးဆုံးသားမက်ဟာ ဘုံအဖွဲ့တွင် အရာရှိဖြစ်သည်။ အချိန်ကျလာပါက သူ့အားကူညီကာ ဈေးကွက်ရှာခိုင်းလို့ရသည်။ သူမအနေနဲ့ ချန်မိသားစုထက်တောင် ပိုက်ဆံပိုရလာလိမ့်မည်။

အမျိုးသမီးရှုဟာ အဲ့ဒီအကြောင်းတွေးလေ ပိုပြီးယုံကြည်ချက်ရှိလာလေပင်။ သူမ ချန်မိသားစုအိမ်၏ ခြံဝန်းအား နှာမှုတ်လိုက်ကာ လှည့်ထွက်သွားလိုက်သည်။

ရုတ်တရက်၊ အနောက်မှ နှဲအသံထွက်လာသည်။

အမျိုးသမီးရှုမှာ ကြက်တွေဆီမှ အကုတ်ခံရမည်စိုးတာကြောင့် သူမလက်ထဲမှ ပစ္စည်းကို လွှင့်ပစ်လိုက်မိတော့သည်။

နောက်တော့၊ သူမလက်ထဲ ဗလာကျင်းသွားသည်။

သူမမြေး တစ်ယွမ်နှင့်ဝယ်ခဲ့သည့် ဦးထုပ်၊ သူမ အမြင့်ကြီး မျှော်မှန်းထားသည့်ဦးထုပ်ဟာ လတ်လတ်ဆတ်ဆတ် နွားချေးပုံထဲကျသွားပြီး မစင်ဝါရောင် ပြောင်းသွားတော့သည် = =

မည်သို့ပင်ဆိုစေကာမူ၊ ဒီဦးထုပ်ကို တစ်ယွမ်ပေး၍ ဝယ်ခဲ့ရတာဖြစ်တဲ့အတွက် အမျိုးသမီးရှုဟာ သေချာပေါက် ဒီလိုမျိုး မပစ်လိုက်ချင်ပေ။

သူမအသက်ရှုအောင့်ကာ ဦးထုပ်အနားအား လက်နှစ်ချောင်းဖြင့် ညှပ်ယူလိုက်ပြီး ဆေးရန် မြစ်ဆီယူသွားလိုက်သည်။ သူ ဦးထုပ်အား လေး ငါးကြိမ်လောက် ဆက်တိုက်လျှော်လိုက်ကာ အကွဲကြောင်းတွေတွင် နွားချေးမရှိတော့တာမြင်မှ သူမ မနှစ်မြို့စွာဖြင့် ပြန်ယူသွားသည်။

နေ့လယ်ခင်းတွင် သူမ သားနှင့်ချွေးမတို့ လယ်ထဲမှပြန်လာသည့်အချိန် သူမချွေးမရော သူမ မြေးမရောကိုခေါ်ကာ အစည်းအဝေးလုပ်သည်။

အစည်းအဝေးကို တတိယချွေးမ၏ အခန်းထဲတွင်လုပ်ကာ အစည်းအဝေး အကြောင်းအရာကတော့ ကောက်ရိုးဦးထုပ်ရက်ရန် ဘယ်လိုလေ့လာရမလဲနှင့် ချန်မိသားစု၏ စီးပွါးရေးကို သိမ်းယူရန်ဖြစ်သည်။

အမျိုးသမီးရှုသည် အရင်ဆုံး သူမ၏ တတိယချွေးမအား ‌ဦးထုပ်ကမ်းပေးလိုက်သည်။ "တတိယချွေးမ၊ နင်က အရမ်း‌အရည်အချင်းရှိတာပဲ။ ဒီဟာက လုပ်ရလွယ်လားဆိုတာ ကြည့်ကြည့်ပါအုံး"

ရှုလောင်စန်း၏ ဇနီးဟာ အနံ့ခံကောင်းသူဖြစ်ကာ သူမယောက္ခမဆီမှ ဦးထုပ်ကိုယူပြီးသည်နှင့် အနံ့တိုးခပ်ဖျော့ဖျော့ကို သူမရလိုက်သည်။

သို့ပေမယ့်၊ သူမ၏ ဒုတိယကလေးကိုမွေးပြီးကတည်းက သူမ၏ ယောက္ခမဆီကနေ အမြဲတမ်းအထင်သေးခံခဲ့ရသည်။ သူမမှာ ဘာမှမပြောရဲကာ ဦးထုပ်၏ ပုံစံနှင့် နမူနာကို သေချာကြည့်လိုက်သည်။ "ဒီဟာက ထိပ်ကနေ စရက်တဲ့နည်းကို သုံးထားတာထင်တယ်။ ကျန်တာတွေကိုတော့ ဘယ်လိုသုံးထားလဲဆိုတာ ကျွန်မလဲမသိဘူး"

"အဲ့ဒါက လေ့လာရတာ မခက်လောက်ဘူးမလား?" အမျိုးသမီးရှု မေးလိုက်သည်။

ရှုလောင်စန်း၏ ဇနီးက အမှန်တိုင်းပြောလိုက်သည်။ "ဒီကောက်ရိုး‌ဦးထုပ်က မတူညီတဲ့ ရက်လုပ်တဲ့နည်း လေး ငါးမျိုးကိုသုံးထားတာ။ ဘယ်သူကမှ မသင်ပေးရင်....."

သူမမှာ အမျိုးသမီးရှု မျက်မှောင်ကြုတ်‌လာသည်ကြောင့် ကျန်တဲ့စကားတွေကိုတောင် ဆုံးအောင်မပြောလိုက်ရပေ။ "နင် မရက်တတ်ရင်လဲ ဘာလုပ်နေသေးလဲ?"

အမျိုးသမီးရှုသည် ‌ဦးထုပ်အား သူမသဘောအကျဆုံးဒုတိယချွေးမဆီ ကမ်းပေးလိုက်သည်။ "ဒုတိယချွေးမ နင်က ဉာဏ်ထက်တာပဲ။ ဒါကိုတစ်ချက်ကြည့်ကြည့်ပါအုံး"

‌ရှုလောင်အာ၏ ဇနီးမှာ ဒါကိုဘာမှနားမလည်သော်လည်း သူမ၏ ယောက္ခမက မေးလာတဲ့အခါ စဉ်းစားလိုက်ပြီး ထပ်ခါထပ်ခါ ကြည့်လိုက်သည်။

"အမေ၊ ဒါက အရမ်းခက်တယ်လို့ ထင်တယ်။ ဒီတိုင်းကြည့်ရုံနဲ့ လုပ်တတ်မယ်ဆိုရင် လမ်းပေါ်ကနေရာတိုင်းမှာ တွေ့နေရတော့မှာပေါ့"

အမျိုးသမီးရှုလဲ တူညီစွာ ခံစားမိကာပြောလိုက်သည်။ "ဒါဆို ငါတို့ဘာလုပ်သင့်တယ်လို့ နင်ထင်လဲ?"

"ဒီဟာကိုဖြည်ပြီး ကြည့်ကြည့်ရင်ရော?"

‌လိုင်ရှီဒါကိုကြားတဲ့အခါ ငြင်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒါဟာ သူမ၏ကိုယ်ပိုင်ပိုက်ဆံနှင့် ဝယ်ခဲ့တာဖြစ်သည်။

သို့ပေမယ့် အမျိုးသမီးရှုက သူမပြောတာကိုနားထောင်မယ်တဲ့လား? ရှုမိသားစုရှိ အကြီးဆုံးချွေးမမှာ သူမ၏ ယောက္ခမကို မဖြောင်းဖျနိုင်သည့်အတွက် သူမ၏သမီးကိုသာထိန်းကာ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ရသည်။

အဆုံးတွင်၊ ကောက်ရိုးဦးထုပ်ဟာ အဖြည်ခံလိုက်ရကာ အမျိုးသမီးရှု ကိုယ်တိုင်လုပ်ခဲ့သည်။

ရှုလောင်အာဇနီး၏ စကားအရ "အမေ၊ အမေ့မှာအမြင်နဲ့အတွေ့အကြုံကောင်းရှိတာဘဲ။ အမေလုပ်ရင် ကျွန်မတို့တွေ မတော်တဆ မဖျက်စီးမိတော့ဘူးပေါ့"

ရလဒ်အနေဖြင့် ဦးထုပ်နှုတ်ခမ်းမှ ကောက်ရိုးတွေကိုဖြည်လိုက်တဲ့အခါ ၎င်းကို ဘယ်လိုရက်ထားသလဲဆိုတာ မကြည့်ရသေးခင် အသာဆွဲလိုက်ရုံနှင့် ဦးထုပ်နှုတ်ခမ်းတစ်ဝက်လောက်ဟာ ပြုတ်သွားတော့သည်။

အမျိုးသမီးရှုဟာ အနည်းငယ်ရှက်ရွံ့သွားကာ ပြောလိုက်သည်။ "ငါသေချာဂရုမစိုက်မိလိုက်လို့ ပြီးတော့ အားအရမ်းသုံးမိသွားတာ။ ဒီတစ်ခေါက် ဖြည်းဖြည်းလေးလုပ်မှာပါ"

သို့ပေမယ့် ဒီတစ်ကြိမ် သူမအောက်ခြေမှ ဖြည်လိုက်တဲ့အခါ ၎င်းကို ဘယ်လိုရက်ထားသလဲဆိုတာ သူမ နားမလည်သေးပါချေ။

"နင်တို့ နားလည်လား?" သူမ၏ ချွေးမနှင့် မြေးကိုမေးလိုက်သည်။

"ဟင့်အင်း" လူတိုင်း ခေါင်းခါလိုက်ကြသည်။

အမျိုးသမီးရှုမှာ ရွေးချယ်စရာမရှိတော့ဘဲ ဆက်ပြီးဖြည်လိုက်သည်။

သို့ပေမယ့်၊ ဦးထုပ်နှုတ်ခမ်းတွေကို ဖယ်ရှားပြီးနောက်မှာ ဘယ်သူမှ နားမလည်ကြသေးပါချေ။ ဦးထုပ်ကိုယ်ထည်ကို ဖယ်ရှားပြီး‌နောက်တွင်လည်း လူတိုင်းမှာ နားမလည်ကြသေးပါချေ။

ဦးထုပ်ထိပ်ဟာ ကြက်ဥအရွယ်လောက်သာရှိတော့သာမြင်တော့ အမျိုးသမီးရှုဟာ ခန်အပြည့်ကောက်ရိုးတွေကိုကြည့်ရင်း သူမ မျက်နှာဟာ လုံးဝမည်း‌မှောင်သွားတော့သည်။

အိမ်ထဲရှိ လေထုအခြေအနေမကောင်းတော့တာကိုမြင်တော့ ရှုလောင်စန်း၏ဇနီးက မသက်မသာဖြင့် လှုပ်ရှားလာသည်။ "အမေ နောက်ထပ်နှစ်လုံးလောက်ဝယ်ပြီး ကြိုးစားကြည့်ရင်ရော?"

အမျိုးသမီးရှု - "...."

နောက်ထပ်နှစ်လုံးဝယ်ရင် နောက်ထပ်နှစ်ယွမ်ပဲလေ။ ဒါက ချန်မိသားစုကို ပိုက်ဆံပေးနေတာဘဲ မဟုတ်ဘူးလား?

လုထောင်မှာ နှဲရလိုက်တာကို မစင်ပုံတွေ့တဲ့ ယင်ကောင်လို၊ ပျားရည်တွေ့တဲ့ ပျားလို၊ လူအိုကြီးက ငယ်ငယ်ချောချောကောင်မလေးကို ရလိုက်သလိုဖြစ်နေ၏။

တစ်ရေးအိပ်တာတောင်မှ နှဲကိုဖက်ထားကာ အိပ်နေတုန်းတွင် ပစ္စည်းရှိနေသေးလားဆိုတာသိရင် မျက်စိတစ်ဖက်သာပိတ်အိပ်သည်။

သူမ၏သမီး အလုပ်တွေကို တစ်ယောက်ထဲ မကိုင်တွယ်နိုင်မှာစိုးကာ လုကွေ့ရင်း အိမ်အလုပ်တွေကို အမြန်အပြီးသတ်ပြီး ချန်ဖန်းရှုအား လာကူသည်။

သူမရဲ့ မြေးလေးကို ဒီလိုမျိုးမြင်လိုက်ရတော့ အမျိုးသမီးအိုကြီးမှာ ရယ်လိုက်မိသည်။ "နင့်အဖေ ဒီဟာနဲ့ ‌သုံးလေးနှစ်လောက် မကလိခဲ့ရပေမယ့် ထောင်ထောင်ကတော့ ဒါကိုလုပ်ဖို့ သူ့ကိုလှုံ့ဆော်လိုက်တော့ သူထပ်ပြီးစိတ်လှုပ်ရှားနေပြီ။ အခု‌တော့သွားပြီ၊ ဆယ်ရက် ဒါမှမဟုတ် လ‌ဝက်လောက် ရပ်တော့မယ့်ပုံမပေါ်ဘူး"

ချန်ဖန်းရှုက အမြန်ရွှေ့လိုက်ကာ ပြောလိုက်သည်။ "ထောင်ထောင် ဒါနဲ့တခါတလေ ကစားတာတော့ ကောင်းပါတယ်။ သမီးက ဒါတွေကို အမြန်အပြီးသတ်ရမှာဆို‌တော့ သူနဲ့အတူတူရှိဖို့ အချိန်မပေးနိုင်ဘူးလေ"

ကလေးမလေးဟာ ညနေသုံးနာရီအထိ အိပ်မောကျနေခဲ့သည်။ သူမနိုးလာတော့ မျက်လုံးတွေကိုပွတ်ကာ သူမ ပထမဆုံးလုပ်တာကတော့ ရတနာကြီးကိုမှုတ်တာပင်။

အာ့ဝူလင် - [ ထောင်ထောင်လေး၊ ကမ္ဘာပေါ်မှာ အံ့ဩစရာတွေအများကြီးရှိတာ၊ တစ်ခုပြီးတစ်ခု မစမ်းကြည့်ချင်ဘူးလား?]

လုထောင် ဘာမှမပြောလာပေမယ့် "ဘီ" ဆိုတဲ့အသံထွက်အောင်သာ မှုတ်နေ၏။

အာ့ဝူလင် - [.....၁၀၈ကြိမ်လောက် ဖျောင်းဖျတာတောင် မသက်ရောက်ဘူး။ ဒီစနစ်တော့ ဝှက်ဖဲသုံးမှရတော့မယ်ထင်တယ်]

လုထောင်တစ်ယောက် နှဲကိုသာ အလေးအနက်မှုတ်နေချိန် သူမရဲ့ရှိရှေ့တွင် ပန်းရောင်ဝက်တစ်ကောင် ရုတ်တရက်ပေါ်လာသည်။

"ငါက Peppa Pig အွတ် - ဒါက ငါ့ညီဂျော်ဂျီ အွတ် -"

ကလေးမလေးဟာ ရုတ်တရက် ရပ်သွားကာ လေးထောင့်ကွက်ကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေတော့သည်။

အာ့ဝူလင် - [ ထောင်ထောင်၊ ဝက်လေးကိုထပ်မလိုချင်တော့ဘူးလား? နှဲဘယ်လိုမှုတ်ရမလဲဆိုတာ သိရုံနဲ့ ဝက်လေးကို မရဘူးနော်။ ဝက်လေးကို အိမ်ပြန်မခေါ်ခင် သမီးရဲ့ နောက်ထပ် အရည်အချင်းတွေကိုရှာပြီး ပန်းအနီတွေကို ယူရဦးမှာ]

"တကယ်လား?"

ဝက်ကလေး လုထောင်အရှေ့တွင် ဒီလိုမျိုးအကြာကြီးပေါ်လာတာ ပထမဆုံးအကြိမ်ပင်။ သူမ မနေနိုင်ဘဲ လက်လေးနှင့် တို့လိုက်သည်။

မမျှော်လင့်ထားစွာနဲ့ ပန်းရောင်ဝက်လေးရဲ့ကိုယ်ဟာ တွန့်လိမ်သွားကာ တခစ်ခစ်ရယ်ရင်း အဝေးကိုပြေးသွားတာက သူမမျက်လုံးတွေကို ပြူးကျယ်လာစေသည်။ "သူ လှုပ်နေတယ်"

[ဒါပေါ့] အာ့ဝူလင်က ပြောလိုက်သည်။ [ဖေဖေတို့ နှဲမှုတ်တာကို စစ်ပြီးသွားပြီ။ အခု၊ ဝက်လေးကိုရဖို့ သမီးက ပိုပြီးရှာဖွေရအုံးမယ်။ ဥပမာအနေနဲ့၊ လက်ရေးအလှရေးတာတို့၊ စစ်တုရင်တို့.... အမ်၊ ဒီနှစ်ကိုမေ့လိုက်။ သမီးက ပုံဆွဲတာကိုသင်ရမယ်]

လုထောင်ရှေ့ရှိ မြင်ကွင်းဟာ ရုတ်တရက် အေးခဲသွားကာ အာ့ဝူလင်၏ အသံဟာ သူမကိုညို့ယူလိုက်သည်။ [ပုံဆွဲတာကိုသင်ရမယ်၊ ထောင်ထောင်က အနာဂတ်ကျရင် ကိုယ့်ဘာသာကိုယ် ပုံဆွဲတတ်လာလိမ့်မယ်။ ဖေဖေက အရမ်းအကူအညီဖြစ်တာ သမီးအတွက် ဆရာတစ်ယောက်ရှာပေးထားတယ်။ အရင်တစ်ခေါက်က ကိုကိုဝေချောင်ရဲ့ ဖေဖေက ပုံဆွဲအရမ်းတော်တာလေ]

စနစ်၏ မနားမနေ ကြိုးစားအားထုတ်မှုကြောင့် ရှောင်လုထောင်ဟာ နောက်ဆုံးတော့ သူမ၏ ရတနာကြီးကို ခဏအောက်ချလိုက်သည်။

အရင်တစ်ခေါက်က သူမ ဝေချောင်အိမ်ကို ဘယ်လိုရောက်သွားလဲဆိုတာ မမှတ်မိတော့ပေမယ့် သူမရွာဝင်ပေါက်ဆီ ပြေးသွားကာ ကိုကိုဝေချောင် ကျောင်းပြန်မည့်အချိန်ကို စောင့်နေလိုက်သည်။

All Chapters