← Chapters

Chapter 42

Vol. 4 Ch. 42

Chapter 42

Vol. 4 Ch. 42

အမျိုးသမီးအဖွဲ့ချုပ်ဘက်မှ ဦးထုပ်ရက်လုပ်သည့်ကိစ္စဟာ အတည်တကျ ဖြစ်လာလိမ့်မည်ဟု သူမသိထားပါက သူမ၏ယောင်းမအား လူတစ်ယောက်နှင့် မိတ်ဆက်ပေးမိမှာမဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် သူမ၏ ယောင်းမအနေဖြင့် တခြားမိသားစုနှင့် လက်ထပ်လိုက်ပါက အကျိုးအမြတ်တွေဟာ ထိုမိသားစုနှင့်သာ သက်ဆိုင်တော့မည်ဖြစ်ကာ သူမတို့တွေ အနေနဲ့ ဘယ်လိုလုပ် ခွဲဝေမှုတွေရတော့မှာတဲ့လဲ?

အခုတော့ သူမသည် တစ်စုံတစ်ယောက်အား စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ကာ မိသားစုပစ္စည်းတွေကို ခွဲဝေပေးသည့် သူမ၏ယောက္ခမကိုလည်း ဒေါသထွက်စေမိခဲ့သည်။ သူမ၏ ယောက္ခမအား စကားကောင်းကောင်းတွေ အနည်းငယ်ပြောကာ သူမရဲ့ယောင်းမအား သူမကိုပါ သင်ပေးပါရန် တောင်းဆိုတာတောင်မှ သူမရဲ့ယောက္ခမသည် သဘောမတူခဲ့ပါချေ။

ဟူချူရှန်းမှာ နောင်တရတာကော စိုးရိမ်တာကော နှစ်ခုလုံးခံစားနေရကာ အရမ်းစိုးရိမ်စိတ်များလာသည်ကြောင့် သူမ၏နှုတ်ခမ်းထောင့်တွင် ပါးစပ်ဖွင့်တာတောင်နာကျင်ရသည့် အနာတွေပေါက်လာတော့သည်။

ညဘက်တွင် နွေးထွေးသည့်ခန်အပေါ်၌လှဲရင်း သူမသည် ဟိုဘက်ဒီဘက်လူးလိမ့်နေကာ အိပ်မပျော်ပေ။ ဦးထုပ်ရောင်းပါက သူမပိုက်ဆံ‌တွေ ဘယ်လောက်တောင် ရှာနိုင်မလဲဆိုတာကို တွေးမိပါက သူမရင်တွေနာမိသည်။

ချန်ပေါင်ကောင်းကတော့ အိပ်ငိုက်နေပြီဖြစ်ကာ သူမရဲ့ ဆူဆူညံညံဖြစ်နေမှုကို အနည်းငယ်စိတ်ညစ်နေမိသည်။ "မင်း ဘာလို့ မအိပ်သေးတာလဲ? ဖင်မှာဆူး စူးနေလို့လား?"

"ရှင်ပဲ ဆူး စူးနေ!"

ဟူချူရှန်း သူ့ကိုစိုက်ကြည့်လိုက်ကာ ဒေါသတကြီးဖြင့်ပြောလိုက်သည်။ "ဒီလောက်ပိုက်ဆံပမာဏအများကြီး ကျွန်မရှေ့မှာ ရှိနေတာတောင်၊ မရနိုင်ဘူးဖြစ်နေတာ။ ကျွန်မ အိပ်ပျော်နိုင်မှဘဲ ထူး‌ဆန်းနေမှာ"

"မင်းမရဘူးဆိုမှတော့ အဲ့ဒါက မင်းနဲ့မဆိုင်လို့ပေါ့။ အဲ့ဒါနဲ့ပတ်သတ်ပြီး ဘာမှဒေါသထွက်နေစရာမလိုဘူ"

ချန်ပေါင်ကောင်း မျက်လုံးတွေကိုမှိတ်ကာ သမ်းလိုက်သည်။ "အိပ်တော့မယ်" လို့ သူပြောဖို့ဘဲရှိသေးသည် သူ့မိန်းမဆီကနေ အတွန်းခံလိုက်ရသည်။

"ပိုက်ဆံတွေက ကျွန်မဟာ မဟုတ်ဘူးလို့ ဘယ်သူပြောလဲ? ကျွန်မ လက်လှမ်းလိုက်ရုံနဲ့ ကျွန်မဟာတွေဖြစ်လာမှာ"

ဟူချူရှန်းသည် စကားလုံးအနည်းငယ်ရေရွတ်လိုက်ပြီးနောက် သူမရဲ့ယောက်ျားနဲ့ ဆွေးနွေးလိုက်သည်။ "ပေါင်ကောင်း၊ ရှင့်အမေကို သက်ညှာပေးဖို့ ဘာလို့သွားမတောင်းဆိုတာလဲ? ကျွန်မတို့တွေကို ကူညီပေးဖို့ တောင်းဆိုကြည့်လေ"

"ငါတို့ကိုကူညီပေးဖို့? ဘာကိုကူညီပေးရမှာလဲ? အမေ ငါတို့ကိုပေးထားတဲ့ စားစရာတွေက မလောက်သေးဘူးလား?"

"ဦးထုပ် ဘယ်လိုရက်ရမလဲဆိုတာ ရှုအာဆီကနေ ကျွန်မသင်ချင်လို့လေ။ ရှောင်မိန် ညတိုင်း ဦးထုပ်ရက်တာသင်ဖို့ အိမ်ကိုလာတာ ရှင် မတွေ့ဘူးလား? ပြီးတော့ အရမ်းလဲတော်တာ။ သူသာ တတ်သွားရင် အနာဂတ်ကျ ကျွန်မတို့တွေဘဲ အဆင်းရဲဆုံးမဖြစ်သွားဘူးလား? ရှင် မစိုးရိမ်ဘူးလား?"

"မင်း သင်ချင်တယ်ဆိုလဲ မင်းဘာသာသွားသင်ပေါ့။ ဘယ်သူမှ မင်းကို အတန်းထဲဝင်ဖို့ မပိတ်ပင်နေဘူး"

"အဲ့ဒါက ဘယ်လိုလုပ်တူမှာလဲ? ရှောင်မိန် တတ်တာအရမ်းမြန်တာ ဘာကြောင့်လို့ရှင်ထင်လဲ? သူက ယောင်းမလေ ပြီးတော့ ရှုအာကိုလဲ အချိန်မရွေး မေးလို့ရနေလို့လေ"

ထိုအကြောင်းအား ဟူချူရှန်း တွေးကြည့်လေလေ ပိုပြီး စိတ်ညစ်လာလေပင်။ သူမသည် သူမယောက်ျားအား သူမ၏ ယောက္ခမဆီ သက်ညှာပေးရန် သွားပြောဖို့ တိုက်တွန်းတော့သည်။ "ကျွန်မတို့အမေရဲ့ စကားကသက်ရောက်မှုရှိတယ်။ သူ သာပြောလိုက်ရင် ရှုအာ လက်မခံချင်ရင်တောင်မှ လက်ခံမှာဘဲ။ ဒါဆို ကျွန်မလဲ သူနဲ့စကားမပြောရတော့ဘူး"

အခု‌တော့ ချန်ပေါင်ကောင်း သဘောပေါက်သွားကာ သူ့မျက်လုံးတွေကိုဖွင့်လိုက်သည်။ "မင်းက ရှုအာဆီကနေ သီးသန့်သင်ချင်တယ်၊ ဒါပေမဲ့ သူ့ကို မတောင်းပန်ချင်ဘူး။ ငါတို့ အမေကနေတစ်ဆင့် သူ့ကိုဖျောင်းဖျစေချင်တယ် ဟုတ်တယ်မလား?"

ဟူချူရှန်း ကိုးရိုးကားယားနိုင်စွာဖြင့် ပြုံးလိုက်သည်။ "ဘာဘဲဖြစ်ဖြစ် ကျွန်မက သူ့ရဲ့ယောင်းမပဲလေ...."

"မင်းဘာသာ အဲ့ဒါကို မလုပ်နိုင်လို့ အမေ့ကို လုပ်ခိုင်းမယ်ပေါ့? မင်းဘာလို့ အဲ့ဒီလိုလုပ်တာလဲ?"

သူတို့တွေ စပြီးခွဲနေရကတည်းက ချန်ပေါင်ကောင်းသည် သူ့မိသားစုနှင့် နေရာတိုင်းတွင် ဝေးကွာနေသလိုခံစားခဲ့ရကာ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။

လုကွေ့ရင်းသည် သူ့ကိုကောင်းမကောင်းမဆက်ဆံတော့သလို ဒုတိယညီငယ်ဟာလည်း သူ့ကိုဒေါသထွက်နေကာ သူနှင့်အတူ အလုပ်လုပ်ဖို့ ငြင်းဆန်ခဲ့သည်။ သူ့ရဲ့ညီမလေး ချန်ဖန်းရှုကတော့ ပုံမှန်အတိုင်း ဖြစ်ပေမယ့် သူမထိုသို့ပြုမူလေ ချန်ပေါင်ကောင်းမှာ ပိုပြီးရှက်မိလေပင်။

မမျှော်လင့်ထားစွာနဲ့၊ ဟူချူရှန်းဟာ သူမကိုယ်တိုင် ဘယ်လို ပြန်လည်သုံးသပ်ရမလဲဆို မသိသေးဘဲ ချန်ဖန်းရှုဆီကနေ အကျိုးအမြတ်တွေကိုတောင် ရချင်နေသေးသည်။ ချန်ပေါင်ကောင်း ဒေါသထွက်လာသည်။ "မင်းဒီလိုတွေ လုပ်ခဲ့တာတောင်မှ မင်းကိုယ်မင်း ယောင်းမဆိုပြီး ပြောရဲသေးတယ်လား? မင်းသာသင်ချင်တယ်ဆိုရင် မင်းက်ိုယ်တိုင်သွားတောင်းပန်၊ ငါ့ကိုလာဆွဲမထည့်နဲ့!"

ချန်ပေါင်ကောင်းဟာ အရမ်းရိုးသားတဲ့သူဖြစ်ကာ ဒေါသထွက်ခဲသည်။ သူပြောလိုက်သည့်စကားကြောင့် ဟူချူရှန်းအနည်းငယ် အံ့ဩသွားမိသည်။

တစ်ခဏလောက် အံ့ဩမိပြီးနောက် သူမထပ်ပြီးမှားနေသလို ခံစားလိုက်ရသည်။ "ဒါတွေအားလုံးကို ဘယ်သူ့အတွက် ကျွန်မ လုပ်ခဲ့တာလို့ ရှင်ထင်လဲ? ရှင်တို့သုံးယောက်အတွက်ပဲ!"

ကံမကောင်းစွာနှင့်၊ ဒီတစ်ခေါက်မှာ ချန်ပေါင်ကောင်းသည် သူမ၏အကြောင်းပြချက်တွေကို နားမထောင်နိုင်တောပေ။ သူ သူမအားကျောပေးလိုက်ကာ သူမပြောသမျှကို လျစ်လျူရှုထားလိုက်သည်။

ဟူချးရှန်းမှာ တစ်ညလုံး ဒေါသထွက်နေခဲ့ကာ နောက်တစ်နေ့မနက် သူမနိုးလာသည့်အခါ ခေါင်းကိုက်တော့သည်။ တကယ်နာကျင်ရသည်။

သူမသည် ခေါင်းကိုက်တာကိုသည်းခံကာ ချက်ပြုတ်ဖို့ထလိုက်သည်။ သူမစားသောက်ပြီး ပန်းကန်တွေဆေးပြီးနောက် ခန်ပေါ်ပြန်လှဲတော့မည့်အချိန် အပြင်ဘက်မှနေ နှဲအသံကို ရုတ်တရက်ကြားလိုက်ရသည်။

အသံဟာ တစ်ခါတစ်ခါကျ ကျယ်သလို တစ်ခါတစ်ခါကျ တိုးပြီး၊ အကြာကြီး ထွက်လာလိုက် ခဏလေးထွက်လာလိုက်နှင့် သူမရဲ့ခေါင်းကိုက်တာကို ပိုဆိုးလာစေတော့သည်။

ဟူချူရှန်းမှာ သည်းခံဖို့ကြိုးစားခဲ့ပေမယ့် မနေနိုင်တော့သည့်အတွက် မည်းမှောင်နေသည့်မျက်နှာဖြင့် ထရပ်ကာ လုထောင်ကို ရှာလိုက်သည်။

သူမနှင့်ယှဉ်ပါက အာ့ဝူလင်ကတော့ အဆင်ပြေနေ၏။

အခုလေးတင် စီစဉ်သူက တာဝန်အသစ်တစ်ခုကိုပို့လိုက်သည်။

[ထောင်ထောင်လေး လာ၊ ဖေဖေ့မှာ သမီးကို ပန်းအနီလေးတစ်ပွင့်ပေးဖို့ရှိတယ်]

သို့ပေမယ့် ရှောင်လုထောင်ကတော့ နှဲကိုဘဲ ကြိုးစားပမ်းစားမှုတ်နေ၏။ သူမဖေဖေရဲ့စကားသံဟာ အရမ်းတိုးတာကြောင့် ထောင်ထောင်မကြားပါချေ။

အာ့ဝူလင်မှာ ထပ်ပြီးအသံမြှင့်ပြောရတော့သည်။ [မစ်ရှင်ရလာတယ်လို့၊ အခုပြောနေတာ ကြားရပြီလား?]

ဒီတစ်ကြိမ်တော့ လုထောင်ရပ်လိုက်ကာ သူမနားရွက်ကိုပိတ်လိုက်သည်။ "ဖေဖေ၊ ဖေဖေကအရမ်းဆူညံနေတာပဲ"

[ငါ မင်းနဲ့ ဘယ်လိုလုပ် ထပ်ပြီးငြင်းခုံနိုင်အုံးမှာလဲ? လုပ်မှာလား မလုပ်ဘူးလားဆိုတာသာ ပြော‌တော့။ မလုပ်ဘူးဆိုရင် ငါ မင်းကိုသတ်မယ်]

"မလုပ်ဘူး" ကလေးမလေးက ခိုင်ခိုင်မာမာပြန်ဖြေလိုက်သည်။

[ ဒါကမင်းဘာသာမင်းပြောတာနော်။ မင်းကို သတိမပေးဘူးဆိုပြီး ငါ့ကိုအပြစ်လာမတင်နဲ့။ ငါလဲ မင်းကို အပြစ်ပေးချင်နေတာ တော်တော်ကြာပြီ]

"မလုပ်ဘူး၊ မလုပ်ဘူး၊ ထောင်ထောင် နှဲပဲ မှုတ်ချင်တာ"

လုထောင်မှာ ပလုတ်တုတ်လေးလို ခေါင်းခါလိုက်ပြီး နှဲကိုယူကာ အားထုတ်၍စမှုတ်တော့သည်။

ထိုအချိန် ဟူချူရှန်းဝင်လာသည်။

သူမအခန်းထဲဝင်လာသည်နှင့် နီးနီးကပ်ကပ်ကြားလိုက်ရသည့်အသံကြောင့် သူမမှာ လိပ်ပြာပါလွင့်မတတ်ပင်။ သူမနှဖူးမှ သွေးကြောတွေဟာ တဒိတ်ဒိတ်ခုန်နေ၏။ သူမသည် လုထောင်လက်ထဲမှ နှဲကိုလှမ်းဆွဲယူလိုက်သည်။ "နင် မှုတ်ချင်တယ်ဆိုရင်လဲ အပြင်ကိုသွားလေ။ တခြားသူတွေကို မနှောင့်ယှက်နေနဲ့....."

ရလဒ်အနေဖြင့်၊ သူမလက် လုထောင်ကို ထိမိသွားချင်းချင်းမှာဘဲ ကလေးမလေးကို သူမလက်ထိလိုက်တဲ့နေရာကနေ သူမတစ်ကိုယ်လုံး ကျင်တက်သွားတော့သည်။

နောက်တစ်စက္ကန့်မှာဘဲ သူမဆံပင်တွေထောင်လာကာ ချက်ချင်း အရူးလိုမျိုး ဒစ္စကိုအက က တော့သည်။

လုထောင်မှာ သူမမျက်စိကို ပိတ်ရင်းလည်ပတ်ခုန်ပေါက်နေတာကို ကြည့်ရင်း လုံးဝကိုကြောင်အနေတော့သည်။

အာ့ဝူလင်လည်း အံ့ဩသွားရသည်။

[မြောင် မြောင် မြောင်! host အပြစ်ပေးခံရတဲ့အချိန်တိုင်း တစ်ယောက်ယောက်ကပါ ဘာလို့အမြဲတမ်း ဝင်ပါမိနေတာလဲ? နောက်ထပ် နှစ်မိနစ်လောက်နေမှ သူဝင်လာလို့ မရဘူးလား?]

ထိန်းမနိုင်သိမ်းမရ လှုပ်လှုပ်ရှားရှား အထိအတွေ့ပျောက်သွားသည်နှင့် တစ်ပြိုင်နက် ဟူချူရှန်းမှာ မြေပြင်ပေါ် လဲကျသွားတော့သည်။

သူမပတ်ပတ်လည်တွင် မီးကျွမ်းသည့် အနံ့ဖျော့ဖျော့ရနေကာ သူမရဲ့ခြေတွေလက်တွေဟာလည်း တောင့်နေပြီး သူမတစ်ကိုယ်လုံး သစ်သားတစ်တုံးလို ခံစားလိုက်ရသည်။

ဒါကိုမြင်တော့ လုထောင်သည် စူးစမ်းစွာဖြင့် ခြေနှစ်လှမ်း ရှေ့တိုးလိုက်သည်။ "ဒေါ်ဒေါ်၊ ဘာလို့ မကတော့တာလဲ?"

နူးညံ့သည့်အသံသေးသေးလေးထဲ နားမလည်နိုင်ခြင်းတွေ ပြည့်နှက်နေကာ တဖျပ်ဖျပ်ခတ်နေတဲ့ သူမမျက်လုံးတွေထဲ၌လည်း ချစ်စရာကောင်းမှုတွေဖြင့် ပြည့်နှက်နေသည်။ သို့ပေမယ့် ဒါကို ဟူချူရှန်းကြားသည့်အခါ ထိတ်လန့်သွားပြီး သူမရဲ့ခြေတွေလက်တွေကိုသုံးကာ နောက်ဆုတ်သွားသည်။ "ဒီကိုမလာနဲ့! မလာနဲ့!"

သူမရဲ့အမူအရာဟာ သရဲကိုတွေ့လိုက်ရသလိုမျိုးဖြစ်နေကာ ရှောင်လုထောင်ကို ပိုပြီးတော့တောင် နားမလည်ဖြစ်သွားစေသည်။

ဒီနေ့ ဒေါ်ဒေါ်က အရမ်းထူးဆန်းတာပဲ။

သူ ဝင်လာတုန်းကတင်းမာနေပေမယ့် အခန်းထဲဝင်လာတာနဲ့ ထောင်ထောင်အတွက် ကပြနေပြီးတော့ မြေပြင်မှာ‌ထိုင်နေရင်းတောင် တွန့်လိမ်နေသေးသည်။

တွန့်လိမ်နေတာက သိပ်ကြည့်မကောင်းပေမဲ့လို့ပေါ့ = =

ကလေးမလေး မျက်မှောင်ကြုတ်လိုက်သည်။ "ဒေါ်ဒေါ်က ထောင်ထောင်နဲ့ ကစားနည်းအသစ်ကစားမလို့လား?"

သူမသည် အလေးအနက်ဖြင့် ငြင်းလိုက်သည်။ "မြေပြင်ပေါ်မှာ ပိုးမွှားတွေရှိတယ်၊ တုံးအတဲ့ကလေးတွေဘဲ မြေပြင်ပေါ်မှာထိုင်ပြီး ကစားကြတာတဲ့ မေမေပြောတယ်"

တုံးအတဲ့ကလေး ဟူချူရှန်း - "....."

အမှန်တော့၊ ဟူချူရှန်းမှာ အခုလေးတင် အနည်းငယ်တုံးအ‌ကာ ကြောက်လန့်နေမိသည်။

အခုလေးတင် ဖြစ်ပျက်ခဲ့တာတွေဟာ အရမ်းထူးဆန်းလွန်းသည်။ ဒါကို တစ်ယောက်ယောက်သာ ကြုံရပါက သိပ်မကောင်းလောက်ဘူးဟု ခန့်မှန်းရသည်။

ဟူချူရှန်း အသက်ပြင်းပြင်း နှစ်ကြိမ်လောက်ရှူလိုက်ကာ ဆင်ခြင်ကြည့်လိုက်သည်။ သို့ပေမယ့် ဒါဟာ မတော်တဆဟု သူမဘာသာသူမ မဖြေသိမ့်ရသေးခင် ထောင်ထောင်ရဲ့မျက်လုံးတွေက ရုတ်တရက် တောက်ပလာကာ ခုန်ပေါက်လိုက်ပြီး သူမခေါင်းကိုညွှန်ပြလိုက်သည်။ "ကောက်~ကောက်နေတယ်~"

သူမရဲ့ဦးရေပြားတွေ စပ်ဖျင်းဖျင်းဖြစ်သလို ခံစားလိုက်ရပြီး နှစ်အတော်ကြာ ကိန်းအောင်းနေခဲ့သည့် သူမရဲ့စိတ်ကူးနိုင်စွမ်းတွေဟာ ရုတ်တရက်‌မီးတောက်လာသည်။

'ကောက်နေတယ်? ဘာကောက်တာလဲ?'

'တီကောင်လား၊ ကြိုးလား ဒါမှမဟုတ် သူမရဲ့လည်ပင်းကိုညစ်တော့မယ့် ကံကြမ္မာချိန်းကြိုးကောက်ကောက်လား?'

ဟူချူရှန်းမှာ လုံးဝလှည့်မကြည့်ရဲပေ။ သူမသည် ဖြူဖတ်ဖြူရော်မျက်နှာဖြင့် ခုန်ထလိုက်သည်။ သူမထွက်လိုက်တဲ့အချိန် သူမရဲ့ပခုံးက တံခါးဘောင်နဲ့ သွားတိုက်မိတော့သည်။

သူမကို နိုးအောင်လုပ်လိုက်တဲ့ ဆူညံသံတွေ‌ကိုရော ခေါင်းကိုက်တာကိုရော သူမ ဂရုမစိုက်နိုင်တော့ပေ။ ဒီအန္တရာယ်များတဲ့ နေရာကနေ တတ်နိုင်သမျှ မြန်မြန်သာ သူမထွက်သွားချင်တော့သည်။

ရှောင်လုထောင်မှာ သူမဒေါ်ဒေါ် အမြန်ပြေးဝင်လိုက်ထွက်လိုက်လုပ်နေတာကို ကြည့်နေပြီး သူမရဲ့နှုတ်ခမ်းလေးဟာ ဖြည်းဖြည်းချင်း O သဏ္ဍာန်ပွင့်ဟလာသည်။ "ဒေါ်ဒေါ်က ရှောင်ရှောင်နဲ့ ကစားချင်လို့ မဟုတ်ဘူးလား? ဘာလို့ထွက်ပြေးသွားတာလဲ?"

သူမ မျက်မှောင်ကြုတ်ကာ နားမလည်နိုင်စွာဖြင့် နှဲကိုကိုင်လိုက်သည်။

ထိုအချိန် နောက်ဆုံးတော့ အာ့ဝူလင်ရဲ့အသံလည်း ပြန်တည်ငြိမ်သွားသည်။ [အဟမ်း၊ ပြောတာမလုပ်ရင်ဘယ်လိုဖြစ်မလဲဆိုတာတွေ့ပြီလား? နောက်တစ်ခေါက် မစ်ရှင်မပြီးရင် ထိမယ့်သူက သမီးဘဲ....]

ကလေးမလေးမှာ စောစောက သူမဒေါ်ဒေါ်ဒစ္စကိုအက ကခဲ့တာကို သတိရသွားပြီး သူမဖေဖေက သူမကိုအပြစ်ပေးမည်ဟု ပြောခဲ့သည့်ပုံပင်။

သူခေါင်းစောင်းကာ စဉ်းစားကြည့်လိုက်ပြီး ရုတ်တရက် ပျော်ပျော်ရွှင်ရွှင်ဖြင့် ထရပ်ကာ စားပွဲခုံဆီ ပြေးသွားလိုက်သည်။

"ဖေဖေ၊ ဖေဖေပြောတဲ့ အပြစ်ပေးတယ်ဆိုတာ ထောင်ထောင်ကို ဆံပင်ကောက်အောင်လုပ်ပေးတာကို ပြောတာလား?"

ကလေးမလေးမှာ ခြေဖျားထောက်ရပ်လိုက်ပြီး မှန်ကြည့်လိုက်သည်။ သူမရဲ့မျက်လုံးကြီးတွေဟာ ချက်ချင်းဘဲ လခြမ်းကွေးလေးလို ‌ကွေးတက်သွားသည်။ "တကယ်ကောက်သွားပြီ။ ဖေဖေက အရမ်းမိုက်တာပဲ~"

သူပြောလို့ပြီးပြီးချင်းဘဲ ခြံထဲမှနေ ဘုန်းခနဲအသံကို ကြားလိုက်ရသည်။ သိပ်မဝေးသည့်နေရာတွင် ဒယိမ်းဒယိုင်သွားနေသည့် ဟူချူရှန်းမှာ ဒါကိုကြားတော့ လဲကျသွားတော့သည်။

သူမကျသွားတာ တော်တော်ပြင်းသည့်ပုံပင်။ အသံကြားရုံနှင့် ကိုယ်ပါ နာသလိုခံစားလိုက်ရသည်။

အာ့ဝူလင်မှာ နှစ်စက္ကန့်လောက် တိတ်သွားပြီးနောက် ကူကယ်ရာမဲ့သည့် အီမိုကွန်တစ်ခုကို ဖြည်းဖြည်းချင်းပို့လိုက်သည်။

ရှောင်လုထောင်မှာ သူမအရှေ့ရှိ အားနည်း၊ သနားစရာကောင်းကာ ကူကယ်ရာမဲ့နေသည့် ပန်းပင်ပိုးကောင်ဆီကနေ ဆွဲဆောင်ခံလိုက်ရပြီး သူမရဲ့လက်လေးနဲ့ တို့လိုက်သည်။ "ဖေဖေ၊ ဒါကဘာလဲဟင်?"

အာ့ဝူလင် - [ဖေဖေ့ရဲ့ အိမ်မက်တွေ ငယ်ရွယ်မှုတွေ တဖြည်းဖြည်း အဝေးကိုလွင့်မြောသွားတာ]

အသစ်ထပ်ထွက်လာသည့် ဆံပင်အဖြောင့်တွေဟာ ထပ်ပြီးကောက်သွားတော့သည်။ လုထောင် သူမရဲ့ ပြန်ကောက်သွားတဲ့ ဆံပင်တွေကိုကြည့်လိုက်ပြီး လှသလိုခံစားလိုက်ရသည်။

သူမ စိတ်အခြေအနေ ကောင်းနေတာကြောင့် ကလေးမလေးရဲ့ နှဲမှုတ်တဲ့ အရည်အချင်းဟာလည်း အများကြီးတိုးတက်လာကာ သီချင်းနုတ်တချို့ကိုပင် မှုတ်နိုင်လုနီးနီးပင်။

အတန်းပြီစလို့ ချန်ဖန်းရှု အသင်းကနေပြန်လာတဲ့အခါ သူမရဲ့အမေကို အမြန်ဆွဲလိုက်ပြီး သူမရဲ့ရတနာကိုပြလိုက်သည်။ သူမသည် သူမရဲ့ရင်ဘက်ကိုတောင် ပုတ်ပြလိုက်ကာ သူမတတ်သွားပြီဖြစ်ကြောင်း ပြောလာပြီး သူမရဲ့မေမေလည်း ဂီတတူရိယာတွေကို တီးမှုတ်တတ်စေရန် သူမကိုပါ သင်ပေးမည်ဖြစ်ကြောင်း ပြောလာသည်။

ချန်ဖန်းရှုမှာ ရယ်ရမလား ငိုရမလားမသိတော့ပေ။

လူကြီးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့သမီးနဲ့ ကတိပေးရမည်ဆိုပါက သူမအနေဖြင့် ကလေးအား သာမာန်ကာလျှံကာ ကတိမပေးလိုပါချေ။ သူမအနေဖြင့် ကတိပေးပြီးပါက တည်ရမည်ပင်။

သူမသာ လက်မခံပါက ကလေးမလေးဟာ သူမရဲ့နှလုံးကို ပျော့ပြောင်းသွားစေကာ ဘယ်လိုငြင်းရမလဲဆိုတာ လုံးဝမသိနိုင်လောက်မည့် သူမရဲ့တလက်လက်တောက်နေသည့်မျက်လုံးတွေနှင့် ကြည့်လာလိမ့်မည်ပင်။

နောက်ဆုံး၊ ချန်ဖန်းရှုသည် ကလေးမလေးရဲ့ ဆံပင်ကောက်ကောက်အသစ်လေးဆီ စကားလွှဲလိုက်ကာ ‌အကြောင်းအရာကို အောင်အောင်မြင်မြင်နှင့် ပြောင်းနိုင်လိုက်သည်။

လုထောင်နှင့် ယှဉ်ပါက ဟူချူရှန်းမှာတော့ ညှော်နံ့ထွက်နေသည့် သူမရဲ့ဆံပင်ကောက်ကောက်တွေကိုမြင်တော့ လည်ချောင်းထဲကနေ နှလုံးခုန်ထွက်လာမတတ်ပင်။

All Chapters