← Chapters

Chapter 45

Vol. 4 Ch. 45

Chapter 45

Vol. 4 Ch. 45

သုံးနှစ်အရွယ်ကလေးတစ်ယောက်မှာ လျှပ်စီးထိခံရဖို့မပြောနဲ့ သေဆုံးခြင်းဆိုသည့် အတွေးအမြင်လည်း မရှိပါချေ။

မသိနားမလည်ခြင်းဟာ ကြောက်ရွံ့မှုကင်းသည်။ ရှောင်လုထောင်မှာ အာ့ဝူလင်ပြောခဲ့သည့် လူကြီးတွေတောင်ကြောက်လန့်ရသည့် အပြစ်ပေးမှုကို မကြောက်ပါချေ။ သို့ပေမယ့် ပန်းအနီရောင်တွေကို လျှော့လိုက်မယ်လို့ပြောလာတော့ သူမတစ်ကိုယ်လုံးဟာ တောင့်တင်းသွားကာ အရမ်းထိတ်လန့်သွားသည်။

ကမ္ဘာပေါ်ရှိ ကလေးတိုင်းဟာ သေချာပေါက် အတူတူပင်ဖြစ်ကာ ကြယ်လေးတွေ ပန်းအနီလေးတွေကို ပေးရမည်ဆိုပါက ဗီဇအရ ခုခံတတ်ကြသည်။

ဒါ့အပြင်၊ ကလေးမလေးမှာ အခု တစ်ယောက်ယောက်ကို သဘောကျနေရင်တောင်မှ Peppa Pig အတွက် ခံစားချက်ရှိဆဲဖြစ်ကာ အချိန်နှင့်အမျှ ကြည့်နေတတ်သည်။

'ပန်းအနီလေးတွေ အားလုံးမရှိတော့ရင် အနာဂတ်မှာ ဘာနဲ့သွားလဲရတော့မှာလဲ?'

လုထောင် Peppa Pig အကြောင်း တွေးမိလိုက်တော့ နောက်တစ်စက္ကန့်မှာဘဲ သူမနားထဲတွင် ဝိညာဉ်လွင့်မတတ် ရယ်သံကို ကြားလိုက်ရသည်။

[ဟားဟားဟား၊ အခုတော့ကြောက်နေပြီမလား? ဖေဖေက သမီးရဲ့ပန်းအနီလေးတွေကို လျှော့ပစ်လိုက်ရုံတင်မကဘူး အရင်က ရထားတဲ့ ဆုတွေကိုလည်း ပြန်သိမ်းပစ်မှာ]

သူပြောပြီးသည်နှင့် အရင်က သူမကြည့်ခဲ့သည့် ကာတွန်းငါးပိုင်းဟာ လုထောင်ရဲ့မျက်စိ‌ရှေ့တွင် ပေါ်လာတော့သည်။

[သတိမပေးဘူးလို့ အပြစ်လာမတင်နဲ့နော်။ အရင်တစ်ခေါက် ဆုအတွက် သုံးလိုက်ပြီးတော့ အခုပန်းနှစ်ပွင့်ဘဲကျန်တော့တာ။ တာဝန်တွေထပ်မလုပ်ဘဲ ငြင်းလိုက်မယ်ဆိုရင် ပန်းတစ်ပွင့် နုတ်ရလိမ့်မယ်။ ပန်းတစ်ပွင့်မှ မကျန်တော့ရင် သမီးရဲ့Peppa Pig ကိုပါ နုတ်ယူလိုက်မှာ]

အာ့ဝူလင်၏ အသံနှင့်အတူ ရှောင်လုထောင်အရှေ့မှ ကာတွန်းတွေဟာ တစ်ခုချင်းစီ ပျောက်သွားပြီး နောက်ဆုံး ဘောင်ကွက်အလွတ်သာ ကျန်ခဲ့တော့သည်။

သူမရဲ့နှဲလေးကိုရင်ခွင်ထဲ တင်းတင်းဖက်ထားကာ မနေနိုင်ဘဲ နှုတ်ခမ်းစူမိသည်။ "ဟင့်အင်း! အဲ့ဒါ ထောင်ထောင့်ဟာ!"

[ဒါဆို မဟုတ်တာတွေ ပြောနေတာရပ်ပြီး တာဝန်ကိုမြန်မြန်လုပ်။ လာ၊ ဒီ‌တစ်ခေါက် တာဝန်က ဘာလဲဆိုတာ ဖေဖေကူကြည့်ပေးမယ်]

လုထောင်ရှေ့မှ ဘောင်ကွက်ပေါ်တွင် စကားလုံးထပ်ပေါ်လာသည်။

[ကိုယ့်အလုပ်နဲ့ ရှုပ်နေရင်တောင် ကိုယ့်ကလေးကိုလျစ်လျူရှုလို့မရပါဘူး။ ကျေးဇေူးပြုပြီးတော့ အလုပ်ရှုပ်နေတဲ့ မေမေဆီကနေ စိုးရိမ်မှုတွေကို ခွဲဝေယူပြီး အောက်က တာဝန်နှစ်ထဲက တစ်ခုကို ပြီးမြောက်အောင်လုပ်ပါ။ တစ်၊ နေ့တိုင်း လုဟွေ့နဲ့အိမ်စာအတူတူလုပ်ပေးပြီး လုဟွေ့ရဲ့အိမ်စာကို သင်ပြပေးရန်...]

ထိုအချိန် အာ့ဝူလင်မှာ ရုတ်တရက် ရပ်သွားသည်။ [ထောင်ထောင်လေး၊ ဖေဖေ့ကိုပြောကြည့်၊ တစ်ကနေ တစ်ဆယ်အထိ ဘယ်လိုရေရမလဲဆိုတ သိပြီလား?]

"သမီး ရေဖူးပါတယ်" ကလေးမလေးရဲ့အသံဟာ သိပ်ပြီး မသေချာနေပေ။

[မေ့လိုက်တော့၊ ဒီတစ်ခုကို ကျော်လိုက်မယ်]

အာ့ဝူလင်က ဆက်ဖြတ်ပြသည်။ [နှစ်၊ နှဲမှုတ်တာကို အနည်းဆုံးအပိုင်းတိုသုံးပိုင်း မှုတ်တတ်ဖို့သင်ယူပြီး ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပြီးမြောက်အောင်မြင်စွာမှုတ်တတ်လာစေရန်]

"နှဲ" ဆိုသည့်စကားလုံးကို လုထောင်ကြားသည့်အခါ သူမရဲ့နားရွက်တွေ ချက်ချင်းထောင်လာသည်။

သို့ပေမယ့် သူမနားထဲက အသံက ထပ်ရပ်သွားပြီး ရုတ်တရက်ကျယ်လာသည်။ [သွားပြီ! ဘယ်လိုလုပ်ဒီလိုဖြစ်ရတာလဲ? ပုံဆွဲတာက ဘယ်မှာလဲ? ပုံဆွဲတာကဘယ်မှာလဲလို့?]

ယောက်ယက်ခတ်နေသည့်လှိုင်းလုံးတွေ ရိုက်ခတ်လာကာ စက်လိုအသံဖြင့် "ဝူး" ဆိုပြီးအော်ငိုလာသည်။

[သူ့ရဲ့ ပုံဆွဲတဲ့အရည်အချင်းက Aလေ၊ ဘာလို့ ပုံဆွဲရတာမပါတာလဲ? စီစဉ်သူရေ၊ ဒီမစ်ရှင်ကို ဘာလို့ ငါ့ကိုအစောတည်းက မပြောတာလဲ? စောစောကပြောခဲ့ရင် ငါ့အနေနဲ့မူလတန်းမှာ အဆင့်မြင့်အတွေ့အကြုံတွေကို ဘာလို့သွားသင်နေရအုံးမှာလဲ? host ကို ရှုံးခိုင်းလိုက်တာက ပိုမကောင်းဘူးလား?]

ငါးမိနစ်အကြာ၊ နောက်ဆုံးတော့ အာ့ဝူလင်တည်ငြိမ်သွားကာ ဖေဖေနေကြာပန်းလေးအတန်းကို ပြန်စသည်။

hostကို မစ်ရှင်လုပ်တာ လက်လျော့ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရှောင်လုထောင်က မလုပ်ချင်တာကိုမပြောနဲ့အုံး စည်းမျဉ်းတွေကလဲ ခွင့်မပြုဘူး။

ရှောင်လုထောင်ကို အရှုံးပေးလိုက်ဖို့ ဖျောင်း‌ဖျလို့ မရရုံသာမက လုထောင်ကို သူကိုယ်တိုင် နှဲမှုတ်တာသင်ခိုင်းတာက ပိုကောင်းသေးသည်။

ဒါကြောင့်၊ အာ့ဝူလင်သည် စီစဉ်သူအား သူ့ host အတွက် အွန်လိုင်းသင်တန်း ဘွတ်ကင်လုပ်ပေးရန် တောင်းဆိုလိုက်သည်။

အွန်တိုင်းသင်တန်းတွေဟာ အရမ်းသင့်တော်ပြီး သင်ကြားရေးပုံစံကိုလည်း လုထောင်၏ စိတ်ဝင်စားမှုအပေါ်လိုက်ကာ လှုပ်ရှားနေသည့်ရုပ်ပုံတွေဖြင့် ပြင်ဆင်ပေးထားကာ ဆရာကတော့ Peppa Pig ဘဲဖြစ်သည်။

လုထောင်မှာ တစ်ချက်ကြည့်လိုက်ရုံနှင့် နှဲမှုတ်နေသည့် Peppa Pigဆီကနေ ဆွဲဆောင်ခံလိုက်ရပြီး အမြန်ဘဲ စိတ်ပါဝင်စားလာသည်။ သူမ မသိလိုက်ခင်မှာဘဲ အတန်းပြီးသွားကာ သူမသည် နှဲသံစဉ်အနည်းငယ်ကို မှန်မှန်ကန်ကန် မှုတ်တတ်လာပြီး သူမဘာသာလေ့ကျင့်တော့သည်။

သူမ စိတ်အားထက်သန်စွာဖြင့် လေ့ကျင့်နေတုန်းမှာ ဟူချူရှန်းက အပြင်မှနေ ပြန်လာသည်။ "ထောင်ထောင် ထန်ရှောင်ယွဲ့က သမီးနဲ့ကစားဖို့ရောက်နေတယ်"

‌လုထောင်မှာ အနည်းငယ်ကြာမှ မျက်တောင်ခတ်လိုက်ကာ နောက်တစ်စက္ကန့်မှာဘဲ သူမမြင်ကွင်းထဲသို့ ကျစ်ဆံမြီးနှစ်ခုက ခုန်ဝင်လာသည်။

ထန်ရှောင်ယွဲ့ရဲ့မျက်နှာဟာ ပြေးလာသည်ကြောင့် နီမြန်းနေ၏။ သူမဝင်လာသည်နှင့် လုထောင်ကို ဖက်လိုက်သည်။ "ထောင်ထောင်၊ အပြင်ထွက်သွားကစားချင်လား?"

လုထောင်မှာ သူမရဲ့ကလေးလေးကို အမြန်ကာကွယ်လိုက်သည်။ "ဟင့်အင်း၊ မသွားချင်ဘူး"

ထန်ရှောင်ယွဲ့မှာ သူမရင်ခွင်ထဲမှ နှဲကိုတွေ့သွားပြီး မျက်လုံးတွေ တောက်ပလာသည်။ "ဒါက....ဒါကဘာလေးလဲ...."

"နှဲလေ"

"ဟုတ်တယ်၊ဒါက နှဲပဲ" ထန်ရှောင်ယွဲ့ ရုတ်တရက် သဘောပေါက်သွားသည်။ "လွန်ခဲ့တဲ့ရက်နည်းနည်းလောက်က အစ်မတို့အိမ်ဘေးက အဖိုးကောဆုံးသွားတော့ တစ်ယောက်ယောက်က အဲ့ဒါကိုမှုတ်နေတာ။ အသံက အရမ်းကျယ်လွန်းလို့ အဝေးကနေတောင် ကြားရတယ်"

ဒါကိုလုထောင်ကြားတော့ မျက်လုံးတွေတောက်ပသွားသည်။ "တကယ်လား?"

ထန်ရှောင်ယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ "တကယ်" နောက်တော့ သူမက စူးစမ်းလိုစိတ်နဲ့မေးလိုက်သည်။ "ထောင်ထောင်၊ ညီမလေး ဒါကိုမှုတ်တတ်တာလား?"

"ဒါပေါ့၊ ထောင်ထောင်မှုတ်တတ်တယ်!" လုထောင်က သူမရဲ့မျက်နှာလေးကို ဂုဏ်ယူသလိုမော့လိုက်သည်။ "အစ်မဆုံးသွားတဲ့အခါကျရင် ထောင်ထောင် အစ်မအတွက်မှုတ်ပေးမယ်လေ"

အပြင်ထွက်သွားဖို့ပြင်နေတဲ့ ဟူချူရှန်းမှာ ဒါကိုကြားတော့ ဒယီးဒယိုင်ဖြစ်သွားပြီး ခေါင်းနဲ့တံခါး‌

ဘောင်နဲ့ တိုက်မိလုနီးနီးပင်။

ထန်ရှောင်ယွဲ့မှာ စဉ်းတောင်မစဉ်းစားဘဲ သဘောတူလိုက်သည်။ "ကောင်းပြီ၊ အစ်မဆုံးသွားတဲ့အခါကျရင် အစ်မအတွက် မှုတ်ပေးဖို့ ညီမလေးကိုလာရှာမယ်"

ဒီတစ်ခါတော့ ဟူချူရှန်းမှာ တကယ်ဘဲ တံခါးဘောင်နဲ့ တိုက်မိသွားပြီး ကြယ်တွေလတွေမြင်သွားသည်။

တိုက်မိသံက အရမ်းကျယ်တာကြောင့် အတွင်းခန်းထဲတွင် စကားပြောနေကြသည့် ကလေးမလေးနှစ်ယောက်မှာ လှည့်ကြည့်လာကြသည်။

ဟူချူရှန်းမှာ မျက်လုံးနက်နက်လေးလုံးကို လန့်သွားကာ နာကျင်မှုကိုတောင် ဂရုမစိုက်တော့ဘဲ အမြန်လျစ်ခနဲထွက်သွားတော့သည်။

သူမထွက်သွားသည်နှင့် ထန်ရှောင်ယွဲ့အသံတိုးကာ ‌လုထောင်ကို မေးလာသည်။ "ခုနကတည်းက မေးချင်နေတာ။ ညီမလေးဒေါ်ဒေါ်ရဲ့ဆံပင်ကရော ဘာလို့ကောက်နေတာလဲ?"

‌ထန်ရှောင်ယွဲ့၏ ဆံပင်ကောက်ကောက်တွေကို သဘောကျမှုမှာ ခိုင်မာလှသည်။ သူမသည် အိမ်ပြန်ကာအလုပ်လုပ်ခဲ့ရသော်လည်း "အထိမ်းအမှတ်သစ်ပင်"သို့သွားကာ အမြဲတမ်းဆုတောင်းနေဆဲဖြစ်ပြီး သူမရဲ့ကြိုးစားလုပ်ဆောင်မှုကြောင့် သူမရဲ့ဆုတောင်းတွေအမှန်တကယ်ဖြစ်လာစေရန် မျှော်လင့်နေမိသည်။

ကံမကောင်းစွာဖြင့် သူမအလုပ်တွေ အများကြီးလုပ်ခဲ့သော်လည်း ချင့်ချိန်တတ်သည့်အတွက် ချီးကျူးခံရတာကလွဲလျှင် သူမမျှော်လင့်ထားတာတွေ ဘာမှမဖြစ်လာပါချေ။

ရှောင်ယွဲ့က မကျေနပ်သလိုပြောလာသည်။ "ညီမလေးဒေါ်ဒေါ်ရဲ့ဆံပင်ကျကောက်နေပြီး အစ်မကကျ ဘာလို့ဖြောင့်နေသေးတာလဲ?"

အာ့ဝူလင် - [……]

[ကလေးမလေး၊ မင်းကိုယ်မင်း ဘာပြောနေလဲဆိုတာ သိရဲ့လား? စကားပြောင်းပြောဖို့ အကြံပေးချင်တယ် အချစ်လေး]

လုထောင်ကတော့ သူမအဖေ ဘာကိုဆိုလိုလဲဆိုတာ နားမလည်သော်လည်း ကိစ္စမရှိပါချေ။ သူမကတော့ သူမရဲ့သူငယ်ချင်းလေးကို ကူညီချင်တာဘဲသိသည်။

အာ့ဝူလင်ရဲ့အသံကိုကြားတော့ သူမစိတ်ထဲကနေ မေးလိုက်သည်။ "ဖေဖေ၊ အစ်မရှောင်ယွဲ့ကိုရော ဆံပင်ကောက်ပေးလို့မရဘူးလား?"

အာ့ဝူလင်မှာ နှစ်စက္ကန့်လောက်တိတ်သွားပြီး သူ့အသံက ရုတ်တရက် ဒေါသချောင်းချောင်း ထွက်လာသည်။

[ငါ ဆံပင်ကောက်ပေးတာ မဟုတ်ပါဘူးလို့ ဘယ်နှခေါက်ပြောရမလဲ? ငါ ဆံပင်မကောက်ပေးဘူး! မှတ်မိလား?]

ရှောင်လုထောင်မှာ ရွေးချယ်စရာမရှိတော့ဘဲ သူမရဲ့အဒေါ်ဘယ်လိုဆံပင်ကောက်သွားလဲဆိုတာကို ခက်ခက်ခဲခဲ စဉ်းစားလိုက်ပြီး ထန်ရှောင်ယွဲ့ကို ရှင်းပြလိုက်သည်။

ညီမလေး နှဲမှုတ်နေတုန်း ညီမလေးရဲ့ဒေါ်ဒေါ်က အခန်းထဲဝင်လာပြီး အတူကစားချင်တာလေ။ နောက်တော့၊ သူ့ဆံပင်ကောက်သွားတာဘဲ၊ ညီမလေးအတွက်တောင် ကပြသေးတယ်....."

"နှဲမှုတ်ရုံနဲ့ ဆံပင်ကောက်အောင် လုပ်လို့ရတယ်လို့ပြောတာလား?"

ထန်ရှောင်ယွဲ့မှာ သံသယဝင်မိပေမယ့် လုထောင်ရဲ့ဆံပင်ကောက်ကောက်လှလှလေးကိုမြင်တော့ သူမစိတ်ပိုင်းဖြတ်လိုက်သည်။ "အိမ်ရောက်ရင် အစ်မရဲ့မေမေကို အစ်မလဲ နှဲမှုတ်တာ သင်ချင်တယ်လို့ ပြောလိုက်မယ်။ ပြီးရင် အစ်မတို့ တူတူမှုတ်လို့ရပြီ"

သူမသည် သူမစကားကိုတည်ကာ အိမ်ပြန်ရောက်သည်နှင့် ဆုအနေနဲ့ နှဲမှုတ်သင်ချင်ကြောင်း သူ့အမေကို ချက်ချင်းပြောတော့သည်။

ဒီတစ်လော သူမသမီးဂာ လိမ်လိမ်မာမာနှင့် ချင့်ချိန်တတ်နေသည်။ မေမေထန်မှာ အစက သူမလိုချင်နေသည့် ဘီးကုပ် ဒါမှမဟုတ် ကလစ်လေးကို ဝယ်ပေးချင်ခဲ့တာဖြစ်သည်။

ရလဒ်အနေဖြင့်၊ ထန်ရှောင်ယွဲ့မှာ နှဲမှုတ်ချင်ကြောင်းပြောလာသည်။ မေမေထန်မှာ ဒါကိုကြားတော့ နှုတ်ခမ်းမဲ့သွားသည်။ သူမရဲ့သမီး ဒီတလော အရမ်းလိမ်လိမ်မာမာပြုမူနေတာကို အမြဲတမ်း သံသယဖြစ်နေခဲ့တာဖြစ်သည်။

ထန်ရှောင်ယွဲ့က နှဲမှုတ်တာ သင်ချင်တယ်တဲ့လား?

သေချာပေါက် သူမ သင်လို့မရပါချေ။

ထန်မိသားစုဝင်တွေဟာ လုံလုံလောက်လောက် အဆင်ပြေသော်လည်း ဤခေတ်၌ ဂီတတူရီယာတွေကို ဝယ်ဖို့ခက်ခဲကာ သူမအတွက် နှဲကို ဘယ်နေရာမှာ ဝယ်ပေးရမလဲဆိုတာကိုလဲ သူတို့မသိပါချေ။

သို့ပေမဲ့၊ သူ့ရဲ့‌ မြေးမလေးဟာ စိတ်ပျက်အားငယ်နေတာကိုမြင်တော့ အဖိုးထန်လည်း စိတ်မကောင်းဖြစ်ကာ သူမအတွက် တစ်ခုလုပ်ပေးရန် ကြိုးစားလိုက်သည်။

ရက်အနည်းငယ်အကြာ ထန်ရှောင်ယွဲ့သည် အနီရောင်ကြိုးလေးနှင့် လင်ကွင်းအသေးလေးတစ်စုံနှင့်အတူ လုထောင်ဆီ ရောက်လာသည်ကာ ပြောလာသည်။ "ထောင်ထောင်၊ ဒါကို သင်ရင်ရောရလား? ဒါလဲ ဂီတတူရိယာဘဲ။ အစ်မ နှဲ ကိုရှာလို့မရလို့"

အာ့ဝူလင် - [……]

[ကောင်းတယ်၊ အခု‌တော့ လင်ကွင်းအသေးလေးပါရောက်လာပြီ။ ဗုံအကြီးတစ်ခုနဲ့ဆို 'မိုင်ထောင်ချီကွာဝေးနာရေးသီချင်းတီးအဖွဲ့' အနေနဲ့ပွဲဦးထွက်လို့ရပြီ]

မျှော်လင့်ချက်ကြယ်ပွင့် ပရောဂျက်ရဲ့ အွန်လိုင်းသင်တန်းတွေဂာ အရမ်းကိုယုံကြည်စိတ်ချရသည်။ ရက်အနည်းငယ်အတွင်းမှာဘဲ လုထောင်သည် "အလုပ်ဟာဂုဏ်အရှိဆုံး" ဆိုသည့်သီချင်း၏ စာသားနှစ်ကြောင်းကို အောင်အောင်မြင်မြင်နဲ့ တီးနိုင်ခဲ့သည်။

ချန်ဖန်းရှု၏ ကောက်ရိုးဦးထုပ်ရက်သည့်သင်တန်းဟာလည်း ‌ချောချောမွေ့မွေ့ဖြင့် သွားနေ၏။

ချန်ဖန်းရှုက အရင်ဆုံး ပိုက်ဆံရှာပြလာ‌တော့ ရွာသူတွေဟာ အရမ်းစိတ်အားတက်ကြွလာကြကာ သင်နိုင်သည့်လူတိုင်း လာသင်ယူကြသည်။

သင်ယူသည့်လုပ်ငန်းစဉ်ဟာ ကြမ်းသည်။ ပျင်းတဲ့သူတွေကတော့ တစ်ပတ်လောက်သင်ပြီးသည်နှင့် မစနိုင်တော့ပေမယ့် အခြေခံဟာကျယ်ပြန့်ကာ လဝက်အကြာ အသင်းမှ လူအများစုဟာ ရက်လုပ်ရာတွင် ဆရာကျလာသည်။

ဟွမ်ရှောင်မိန်ကဲ့သို့ လက်သွက်ကာ စိတ်ရှည်သည့်လူတွေကတော့ သူတို့ရက်လုပ်သည့် ပစ္စည်းတွေဟာ စံနှုန်းမီကာ ရောင်းလို့ရသည်။

ဒီနှစ်ရက်တွင် သူမသည် ချန်ဖန်းရှုအား ကူညီကာ တခြားသူတွေကို ဦးဆောင်သင်ပေးပြီး၊ ချန်ဖန်းရှုအတွက် စစ်ဆေးပေးသည့်အချိန်ရအောင် လုပ်ပေးသည်။

ချန်ဖန်းရှု၏ စစ်ဆေးမှုမှ အောင်မြင်သည့် ဦးထုပ်တွေကို ပို့ကုန်အတွက် ဘုံအဖွဲ့ဆီပို့သည်။

သူတို့တွေ ပထမဆုံး ငွေအရေအတွက်ကို မြင်သည့်အခါ ချင်းရှန်အသင်းမှ အမျိုးသမီးတွေဟာ ဝမ်းပန်းတသာဖြစ်ကြပြီး အထူးသဖြင့် ဟွမ်ရှောင်မိန်ဆိုလျှင် အရင်ကထက်တောင် ကျောမတ်လာနိုင်သည်။

ဟွမ်ရှောင်မိန်ဟာ ကလေးမမွေးနိုင်သည်ကြောင့် အမြဲတမ်း ယုံကြည်မှု ကင်းမဲ့နေခဲ့တာဖြစ်သည်။ ယခု သူမတွင် အရည်အချင်းတွေရှိကာ ပိုက်ဆံရှာနိုင်ကြောင်း သဘောပေါက်လာ‌တော့ သူမသည် တခြားသူတွေဆီကနေ လေးစားအားကျခံရတော့သည်။

သူမ၏ခင်ပွန်း ချန်ပေါင်မင်း၏ သူမအပေါ် သဘောထားတွေဟာလည်း ဒီတလောပြောင်းလဲလာသည်။

အရင်တုန်းက ချန်ပေါင်မင်းက သူမအား တစ်ခုခုလုပ်ရန်ပေးပြောပါက သူမအနေဖြင့် ချက်ချင်းလုပ်ပေးရသည်။ မဟုတ်ပါက သူ ဒေါသထွက်လိမ့်မည်။ အခု‌တော့ သူမသည် တူညီသည့်အရာတွေဖြင့် အလုပ်ရှုပ်နေတာကို ချန်ပေါင်မင်းမြင်သည့်အခါ သူသည် သဘောမကျသလို တတွတ်တွတ် ရွတ်နေတတ်သော်လည်း ဒေါသထွက်တာ ရှားလာသည်။

ချင်းရှန်အသင်း၏ အောင်မြင်မှုဟာ အရင်ကတည်းက စိတ်အားတက်ကြွနေခဲ့သည့် တခြားအသင်းတွေကို အောင်အောင်မြင်မြင်ဖြင့် နှိုးဆွလာနိုင်သည်။

နှစ်ရက်အတွင်းမှာပင် တခြားအသင်းမှ အတွင်းရေးမှူးတွေသည် သူတို့ရဲ့အသင်းတွေအနေဖြင့် နောက်လာမယ့်စစ်ဆေးမှုတွင် ပါဝင်ချင်ကြောင်း ဘုံအဖွဲ့သို့‌လာပြောကြသည်။ တချို့ဆိုလျှင် ချန်မိသားစုနှင့် ဆက်ဆံရေးကောင်းစေရန် ကြိုးစားကြကာ ချန်မိသားစုအနေဖြင့် သူတို့အတွက် စကားအနည်းငယ် ကူပြောပေးကာ သူတို့ကိုလည်း ဟင်းရည်သောက်ခွင့် ပေးစေချင်သည်။

ဒီအတွက် လုကောဖု၏ဇနီး လီချွန်းလန်သည် ဟူချူရှန်းနား ချဉ်းကပ်လာသည့်အခါ သူမတွင်လည်း တူညီသည့်ရည်ရွယ်ချက် ရှိလိမ့်မည်မှန်း ဟူချူရှန်းတွေးမိကာ စိတ်မရှည်သလို လက်ယမ်းပြလာသည်။ "ငါ့ကိုလာ‌မမေးနဲ့၊ ငါ့စကားတွေကို ထည့်တွက်လို့မရဘူး။ ပြီးတော့ ရှုအာရဲ့စကားလုံးတွေကိုလဲ ထည့်တွက်လို့မရဘူး"

"ငါက အဲ့ဒီလိုဆိုလိုတာမဟုတ်ပါဘူး"

လီချွန်းလန်က ပြုံးလိုက်ပြီး "ငါ့ယောင်းမနဲ့ ရှောင်ဟွေ့ ထောင်ထောင်တို့ ဘယ်လိုနေလဲဆိုတာ သိချင်လို့ပါ။ ဘာပဲဖြစ်ဖြစ် သူတို့တွေက မိသားစုဘဲလေ သူတို့အဆင်ပြေရဲ့လားဆိုတာ ငါတို့က သိချင်လို့ပါ"

ဒါကိုကြားတော့ ဟူချူရှန်း ထူးဆန်းသလိုကြည့်လိုက်သည်။ "နင်တို့အိမ်ထက် နေရာတိုင်းက ပိုကောင်းတယ်၊ ဘာတွေလာစိုးရိမ်နေတာလဲ?"

လီချွန်းလန်မှာ နင်သွားတော့သည်။ "ညီအစ်မ၊ နင်က ငါတို့ကို အပြစ်လာတင်နေတာလား? တချို့‌နေရာမှာ ငါမှားခဲ့ပေမဲ့ ငါဘာမှ လုပ်လို့မရဘူးလေ။ သူ့ဆီကနေ ဘာသတင်းမှမရတော့ ငါတို့ယောက္ခမက စိုးရိမ်နေတာ။ တစ်ခါတစ်ခါကျ သူစိတ်အခြေအနေ မကောင်းဘူး"

လီချွန်းလန်သည် အဝတ်အစား ကူပွန်အနည်းငယ်အား ဟူချူရှန်းရဲ့လက်ထဲ ထိုးထည့်ပေးလိုက်သည်။ "ငါ့ယောင်းမ ထွက်သွားတော့၊ ငါတို့ယောက္ခမက အများကြီးနောင်တရခဲ့တာ။ သူက ရှောင်ဟွေ့နဲ့ ထောင်ထောင်တို့အကြောင်း နေ့တိုင်းပြောနေပြီး‌တော့ ငါတို့ကို ပြန်ခေါ်လာဖို့ ဆောအော်နေတာ။ ညီအစ်မ၊ ငါတို့ယောင်းမကို ကူပြီးဖျောင်းဖျပေးပါအုံး။ ငါတို့တွေက မိသားစုတွေဘဲလေ၊ ဘာပြဿနာရှိလို့လဲ? နင် မြန်မြန်လှုပ်ရှားသင့်တယ်။ နင်တို့အိမ်မှာက လူအများကြီးလေ သူတို့တွေ ဒီမှာနေနေတော့ လူကြပ်တာပေါ့"

'ဘာလို့ အလုပ်ရှုပ်ခံပြီး ကောက်ရိုးဦးထုပ်ရက်တာ သင်ရမှာလဲ? အဲ့ဒါက ကိုယ့်လက်ထဲမှာ ပိုက်ဆံထုတ်ပေးတဲ့နွားရှိတာလောက် မထိရောက်ဘူး။'

အများကြီးဆွေးနွေးပြီးနောက် လုမိသားစုသည် ချန်ဖန်းရှုနှင့် သူ့ကလေးနှစ်ယောက်ကို သူတို့အိမ်ပြန်ခေါ်ရန် နည်းလမ်းရှာသင့်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

သို့ပေမယ့် ချန်ဖန်းရှုဟာ လုမိသားစုနှင့် အဆက်ဖြတ်ခဲ့ပြီးပြီဖြစ်ကာ ချန်မိသားစုရှိ လူအိုကြီးနှစ်ယောက်နှင့် ချန်ပေါင်ခဲ့တို့ညီအစ်ကိုဟာ သူမဘက်တွင်သာ ရှိသည်။ သူတို့ရဲ့ပန်းတိုင်ဆီ အောင်အောင်မြင်မြင်ရောက်ချင်ပါက ချန်ဖန်းရှု၏ ယောင်းမနှစ်ယောက်နှင့် စသင့်သည်။

ထိုအကြောင်းဆွေးနွေးပြီးနောက် သူတို့သည် ဟူချူရှန်းမှ စရန်ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ်၊ ဟူချူရှန်းသည် ကပ်စေးနဲသည်ကြောင့်နာမည်ကြီးသည်။ သူမအား စကားလုံးအနည်းငယ်ဖြင့် ဆွပြီး ချန်ဖန်းရှု၏ လက်ရှိတည်ရှိနေမှုဟာ သူမကိုအန္တရာယ်ပြုနိုင်ကြောင်း ခံစားမိအောင်လုပ်ပြီး သူမအား ပစ္စည်းကောင်းတွေပေးပြီး ချန်ဖန်းရှုတို့သုံးယောက်အား မောင်းထုတ်နိုင်အောင် လုပ်နိုင်သည်။

အချိန်ကျလာပါက ချန်ဖန်းရှုအနေဖြင့် သွားစရာနေရာမရှိသည့်အတွက် သူမအား လက်ဆောင်တချို့တွေပေးကာ စကားကောင်းတွေပြောလိုက်ပါက ထိုကိစ္စဟာ အတည်ဖြစ်လာလိမ့်မည်ပင်။

လီချွန်းလန်သည် စကားပြောနေရင်း ဟူချူရှန်း၏ အမူအရာကို စစ်ဆေးအကဲဖြတ်နေ၏။

အဝတ်အစားကူပွန်တွေကို ရပြီးနောက် ပျော်ရွှင်လာသည့် ဟူချူရှန်းကိုကြည့်ရင်း သူမရင်ထဲကနေ မနေနိုင်ဘဲ နှာမှုတ်လိုက်သည်။

'မျှော်လင့်ထားသလိုဘဲ၊ သူမအမေ ဟူချူရှန်းကို အမြင်ကျဉ်းတယ်လို့ပြောတာ လုံးဝအမှန်ဘဲ။'

ဒီတစ်ယောက်ရဲ့ စိတ်ထဲမှာတွက်ချက်ထားတာတွေအများကြီးဘဲ။ နှမ်းချွေဖို့ ဖရဲသီးတွေကို အမြဲတမ်း ဆုံးရှုံးခံပြီး သူ့ကိုယ်သူ ဈေးကောင်းရလိုက်တယ်လို့ထင်နေတာပဲ။

ဟူချူရှန်းက‌တော့ လီချွန်းလန် တွေးနေတာကိုမသိဘဲ သူမမျက်လုံးတွေထဲ ရှင်းရှင်းလင်းလင်းကို စိတ်လှုပ်ရှားမှုတွေဖြင့် ပြည့်နေ၏။ "နင်တို့ သူ့ကိုတကယ်ပြန်ခေါ်ချင်တာလား?"

"ဒါပေါ့၊ ငါ့ယောက္ခမက ယောင်းမခြေထောက်ဒဏ်ရာရထားတာကိုစိုးရိမ်နေတာ။ အဲ့ဒါကြောင့် သူ့ဒဏ်ရာသက်သာလာအောင် ကြက်ဥအလုံး၂၀ ပေးခိုင်းလိုက်သေးတယ်"

လီချွန်းလန်သည် ပိုပြီး လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်ကာ ဟူချူရှန်း၏ သဘောထားကို အကဲဖြတ်ကြည့်လိုက်ပြီး ကိစ္စဟာပိုပြီးအခြေကျပြီဖြစ်ကြောင်း ခံစားလိုက်မိသည်။

မမျှော်လင့်ထားစွာနှင့် ဟူချူရှန်းသည် မျက်နှာပေါ်တွင် ဒုက္ခရောက်နေသည့်အကြည့်ဖြင့် ကြက်ဥခြင်းကို ယူလိုက်သည်။ သူမ တစ်ခုခုပြောဖို့လုပ်လိုက်ပေမယ့် သူမ၏ အမူအရာဟာ ရုတ်တရက်ပြောင်းလဲသွားတော့သည်။

"ရှုအာနဲ့ ထောင်ထောင်တို့တွေက နောက်ဆုံးမှာ နင်တို့လိုမီးတောက်နေတဲ့ အိမ်ကနေ ထွက်လာနိုင်တာကို နင်က သူတို့ကို ပြန်တွန်းပို့ခိုင်းစေချင်နေတာပဲ။ နင် ငါ့ကို ဘယ်သူများ ထင်နေလဲ?"

All Chapters