← Chapters

Chapter 47

Vol. 4 Ch. 47

Chapter 47

Vol. 4 Ch. 47

လာနေသောပုဂ္ဂိုလ်၏ ခိုးကြောင်ခိုးဝှက်အမူအရာကို မြင်လိုက်ရသောအခါ အာ့ဝူလင်က ချက်ချင်းဆိုသလို အချက်ပေးသံ ထုတ်လိုက်သည်။

[Host.. သတိထားနော်။ ဒီလူရဲ့အပြုံးက အမြီးရှည်ဝံပုလွေတစ်ကောင်လိုပဲ။ သူက လူကုန်ကူးသူတစ်ယောက်ဖြစ်လောက်တယ်]

လူကုန်ကူးသူလား?

လုထောင်က သူ(မ)၏အမေက အဖွဲ့အစည်း၏ အစည်းအဝေးကိုသွားကြောင်း ပြောတော့မည်ဟန်ပြင်လိုက်သော်လည်း ထိုစကားကို ကြားလိုက်ရသောအခါ သူ(မ) ပါးစပ်ပိတ်ထားလိုက်ပြီး မျက်လုံးပေကလတ်ကလတ်လုပ်၍ စိတ်ထဲက မေးလိုက်မိသည်။

"ဖေဖေ.. လူကုန်ကူးသူဆိုတာက ဘာလဲဟင်"

[လူကုန်ကူးသူဆိုတာက ကလေးတွေကို ပြန်ပေးဆွဲပြီး ဝေးလံခေါင်ဖျားတဲ့နေရာတွေကို ရောင်းစားတဲ့လူကိုပြောတာ]

"ဒါပေမဲ့ တောင်ပေါ်ကလူတွေက ငတ်ပြတ်နေတာပဲလို့ သမီးကြားဖူးတယ်။ ဒါဆို ဘယ်သူက ကလေးတွေကိုဝယ်မှာလဲဟင်"

လုထောင် နားမလည်နိုင်ဖြစ်သွားရသည်။

တစ်နပ်လျှင် နှစ်ထောင့်ငါးရာကျသင့်ပေသည်။

[သတိထားလို့ပြောရင် သတိထားလိုက်ပေါ့။ ဘာတွေစကားများနေတာလဲ။ သူက သမီးကို သကြားလုံးတွေပေးတာပဲဖြစ်ဖြစ် ရွှေငါးလေး သွားဖမ်းရအောင်လို့ပြောလာတာပဲဖြစ်ဖြစ်လုပ်ရင် မြန်မြန်သာထွက်ပြေးပေတော့။ သူသာ သမီးကိုမိသွားရင် သမီးမေမေနဲ့ ကိုကို့ကို ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး]

သူ(မ)၏ မေမေနှင့် ကိုကိုတို့ကို ထပ်မတွေ့ရတော့ဘူးဆိုသည့်စကားကို ကြားလိုက်ရသောအခါ လုထောင်လေးခမျာ ကြောက်လန့်သွားလေတော့သည်။

သူ(မ)က ခေါင်းအုံးသေးသေးလေးကို အမှုမဲ့အမှတ်မဲ့ ခပ်တင်းတင်း ဖက်ထားလိုက်ပြီး နောက်ကို ခြေတစ်လှမ်းပြန်ဆုတ်ကာ ဝိုင်းစက်စက် မျက်ဝန်းတစ်စုံကိုသာ ဖော်ထားရင်း တိတ်တဆိတ်စောင့်ကြည့်ကာ အလွန်အမင်း သတိထားနေချေသည်။

သူ(မ) ဘာစကားမှမပြောသလို သူ့ကိုလည်း လူဆိုးတစ်ယောက်အလား ကြည့်နေသည်ကို မြင်သောအခါ ထိုလူလည်း အနည်းငယ်ရှက်သွားရသည်။

"ထောင်ထောင်.. ဦးဦးကို မမှတ်မိဘူးလား။ ဦးဦးရှုလေ။ ဦးဦးတို့အိမ်က နှစ်အိမ်ပဲခြားတာလေ"

"ဦးဦးရှုလား"

"ဟုတ်တယ်။ ဦးဦးရှု"

"မဟုတ်ဘူး"

ယခုမူ ရှုလောင်ဆန်း ပို၍ပင် ရှက်သွားရသည်။

သူ ယခုလေးတင် လမ်းမပေါ်၌ လုထောင် မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ဘာကြောင့်ရယ်မှန်းမသိပါဘဲ အကြောင်းပြချက်တစ်ခုကြောင့် ပြန်လှည့်လာခဲ့လိုက်သည်။

ယခုမူ ကလေးမလေးက စကားအနည်းငယ်မျှသာပြောပြီး စကားဝိုင်းကို အပြတ်ဖြတ်လိုက်သဖြင့် ထိုတဒင်္ဂလေးမှာ သူ ဘာပြောရမှန်း မသိတော့ချေ။

ခဏအကြာဝယ် ရှုလောင်ဆန်းက ညင်သာကြင်နာတတ်သော ဦးလေးတစ်ယောက်လိုပုံစံ ပြန်ဖြစ်သွားသည်။

"သမီးက တအားငယ်သေးလို့ မမှတ်မိတာနေမှာပေါ့"

သူက အတင်းလုပ်ပြုံး၍ လုထောင်ကို မေးလိုက်သည်။

"ထောင်ထောင်.. သမီးရဲ့အဖေက အခုတလော သမီးဆီကို စာပို့သေးလား"

ထိုလူက ဘာသကြားလုံးမှ ပေးမည့်ပုံမပေါ်သလို သူ(မ)ကိုလည်း ရွှေငါးဖမ်းဖို့ ခေါ်သွားမည့်ပုံမပေါက်သဖြင့် လုထောင်လည်း အနည်းငယ် စိတ်သက်သာရာရသွားပြီး ခေါင်းခါပြလျက် ငြင်းလိုက်ချေသည်။

ရှုလောင်ဆန်း၏ မျက်ဝန်းများမှာ လင်းလက်သွားရချေသည်။

"တကယ်လား"

"ဟင့်အင်း"

'ဖေဖေက ပြောစရာရှိရင် ထောင်ထောင့်ကို တိုက်ရိုက်စကားပြောလိုက်လို့ရတာပဲ။ ဘာလို့ စာပို့နေရမှာလဲ။'

ရှုလောင်ဆန်းကတော့ နားလည်မှုလွဲသွားခဲ့သည်။

"သမီး လူမှားနေတယ်ထင်တယ်။ သူသာ မသေဘူးဆိုရင် ဘာလို့ပြန်မလာဘဲ စာတစ်စောင်တောင်မပို့ဘဲနေတာလဲ။ လုကောပင်းက အပြင်မှာတစ်ယောက်ယောက်နဲ့အတူနေနေပြီး ပြန်မလာချင်တာမဟုတ်ဘူးဆိုရင်..."

သူ့စကားမဆုံးခင်မှာပင် စူးရှလှေသော မိန်းမသံတစ်သံကြောင့် ရုတ်တရက် စကားစပြတ်သွားလေသည်။

"ရှင် ဘာတွေပြောနေတာလဲ။ ရှင်ကမှ သေတာ။ ရှင်ကမှ သူများနဲ့နေတာ"

လီချွန်းလန်က ကပျာကယာရောက်ချလာပြီး ရှုလောင်ဆန်းကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်သည်။

"စကားမပြောတတ်ရင်လည်း မပြောနဲ့လေ။ ပေါက်တတ်ကရတွေတော့ လာမပြောနဲ့နော်"

သူ(မ)က အလုပ်မပြီးခဲ့ရုံသာမက အဝတ်အစားကူပွန်ပေါင်းများစွာလည်း ဆုံးရှုံးလိုက်ရသည်။ ပြီးခဲ့သည့်တစ်ခေါက် သူ(မ)ပြန်သွားခဲ့စဉ်က အမျိုးသမီးကြီးလုက လီချွန်းလန်ကို ရက်ပေါင်းတော်တော်ကြာအောင် ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ပေ။

သို့သော် အမျိုးသမီးလုက ချန်ဖန်းရှုကို ဆိုးဆိုးဝါးဝါးစော်ကားထားသည့်အတွက် ခဲအိုဖြစ်သူ လုကောဖုခမျာ သူ့ခယ်မအပေါ် ဂရုစိုက်ကြောင်း မပြသနိုင်ခဲ့ပေ။ တွက်ချက်မှု အားလုံးပြီးစီးသည့်နောက်တွင် သူ့အနေနှင့် ချန်ဖန်းရှုနှင့် သူ(မ)၏ ကလေးသုံးယောက်ကို ပြန်လာစေချင်ပါက ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်ဖြစ်သည့် လီချွန်းလန်က ပါဝင်ပတ်သက်ရပေလိမ့်မည်။

ဤတစ်ခေါက်တွင်မူ သူ(မ)က နည်းဗျူဟာပြောင်းပြီး လုထောင်ဆီကတစ်ဆင့် အစပြုချင်ခဲ့သည်။

ကလေးများက ချော့မော့ရလွယ်ကူပေသည်။ သူတို့ကို အရသာရှိသည့် အရာတစ်ခုခုပေးပြီး စကားကောင်းနည်းနည်းပါးပါးပြောလိုက်လျှင် သူတို့ကလည်း အဘွားအိမ်က ဘွားဘွားအိမ်ထက် ပိုကောင်းသည်ဟု ထင်သွားကြလိမ့်မည်။ အချိန်ကျလာလျှင် သူတို့ကိုချော့မော့ထားပြီး အိမ်မပြန်ချင်အောင် သိမ်းသွင်းထားနိုင်သည်။ ချန်ဖန်းရှုကလည်း သူ့ယောက်ျားနှင့် သမီးဖြစ်သူအတွက် တွေးပေးပြီး သူ(မ)ကိုယ်တိုင် မျက်နှာပျက်ခံပြီး ပြန်လာရပေလိမ့်မည်။

သို့သော် ကိစ္စမှာကား လုကောပင်းသည် တကယ်မသေသေးသည့်အပြင် ချန်ဖန်းရှုကလည်း သူတို့ကြားရှိ လင်မယားဆက်ဆံရေးကို အလေးထားနေဆဲပင်။

ထို့ကြောင့် ရှုလောင်ဆန်း၏ စကားကို ကြားလိုက်ရချိန်မှာ လုထောင်က ထိုစကားကိုကြားသွားပြီး ချန်ဖန်းရှုကိုပြောပြလိုက်မှာစိုးသဖြင့် လီချွန်းလန် ဒေါသထွက်သွားခဲ့ခြင်းပင်။

ရှုမိသားစုနှင့် ချန်မိသားစုတို့မှာ ဆက်ဆံရေးမပြေလည်ကြပေ။ ရှုလောင်ဆန်းအနေနှင့်လည်း အပြစ်ရှိသလိုခံစားရသည့်အတွက် သူ လုထောင်နှင့် စကားပြောနေတာကို အခြားသူများကို မြင်မသွားစေချင်ပေ။

လီချွန်းလန်၏ အော်ဟစ်သံက သူ့ကို ထိတ်လန့်တုန်လှုပ်သွားစေပြီး ရှက်ဒေါသဖြစ်သွားရလေသည်။

"နင့်ယောကျ်ားအကြောင်း ငါ ဘာမှမပြောမိပါဘူး။ ဒါက နင်နဲ့ဘာဆိုင်လို့လဲ"

"ကျွန်မ ခဲအိုအကြောင်းလည်း ရှင်ပြောလို့မရဘူး။ ကျွန်မတို့မိသားစုက ဘာဖြစ်နေလို့လဲ။ ရှင် ဟိုလိုဒီလိုပြောစရာလိုလို့လား"

ရောက်လာသူမှာ လုမိသားစုက ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ရှုလောင်ဆန်း၏ မျက်ဝန်းအစုံမှာ အနည်းငယ် ဂနာမငြိမ်ဖြစ်သွားလေသည်။

သို့သော် ချန်ဖန်းရှုက လုမိသားစုဟောင်းနှင့် မည်သို့နှယ်စကားများခဲ့လေကြောင်း တွေးလိုက်မိချိန်မှာတော့ သူက ပိုယုံကြည်မှုရှိသွားပြီး ပြောလိုက်လေသည်။

"နင်တို့မိသားစုက ဘာဖြစ်လို့လဲဟုတ်လား။ နင်တို့ လုမိသားစုထဲမှာ လူကောင်းတစ်ယောက်တောင်မရှိဘူး။ ငါမသိဘူးများ ထင်နေလား"

သူတို့နှစ်ယောက်သားက သဘောထားကွဲလွဲကြရာမှ လမ်းဘေးမှာ စကားများကြတော့သည်။ ကလေးမလေး၏ မျက်ဝန်းကို အခြားအရာများက ဆွဲဆောင်ထားသည်ကိုတော့ သူတို့သတိမထားမိကြချေ။

သူ(မ)က သူ(မ)၏ခြေထောက်သေးသေးလေးများကို လှုပ်ရှားလိုက်ပြီး မလှမ်းမကမ်းရှိ ပြေးလွှားပြီး စကားများနေကြသော ကောင်လေးများနောက်သို့ ပြေးလိုက်သွားလေသည်။

လုထောင် ရှဉ့်လေးတစ်ကောင်ကို တွေ့လိုက်ရသည်။

တိတိကျကျပြောရပါလျှင် ကလေးဆိုးတစ်သိုက်ထံမှ လိုက်ဖမ်းခံနေရသော ရွှေရောင်ရှဉ့်လေးတစ်ကောင်ပင်။

ထိုရှဉ့်လေးခမျာ ဒဏ်ရာရထားဟန်တူ၏။ အကောင်ပေါက်လေးခမျာ ယခင်ကဲ့သို့ လျင်မြန်ဖျတ်လတ်မနေပါဘဲ သစ်စေးနှင့် မြက်ခြောက်များကြားသို့ ထွက်ပြေးနေပေသည်။

သူ့အနောက်တွင်မူ အသက်ရှစ်နှစ်ကိုးနှစ်အရွယ်ရှိသော ကောင်လေး အများအပြားက စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် ကျောက်ခဲနှင့် လှမ်းထုသူကထု၊ တုတ်နှင့်ယမ်းသူက ယမ်းနေကြချေသည်။

"ဟိုမှာဟေ့ ဟိုမှာ"

"အဲ့ဒီကောင်ကို ဖမ်းမိတဲ့လူက အပိုင်ပဲလို့ ငါတို့သဘောတူထားပြီးသားနော်။ ဒီတော့ မညစ်ပတ်ကြနဲ့"

ရှဉ့်လေးခမျာ အသားမည်းမည်းကောင်လေးတစ်ယောက်ကြောင့် အငိုက်မိသွားလေသည်။

"မိပြီ"

သူက ထိုရှဉ့်လေးကိုဖမ်းပြီး သူ့သူငယ်ချင်းများကို ကြွားတော့မည့်ဆဲဆဲမှာပင် ရှဉ့်လေးကလည်း ခြေလက်များကို ယမ်းခါလျက် ခေါင်းလှည့်ကာ သူ့လက်ဖနောင့်ကိုကိုက်ချလိုက်သည်။

ကောင်လေး၏ လက်ဖနောင့်မှာ အကိုက်ခံလိုက်ရသဖြင့် ချက်ချင်းသွေးထွက်လာသည်။ သူက နာကျင်စွာ ဟစ်အော်လိုက်ပြီး ရှဉ့်လေးကို မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။

ဤကဲ့သို့ ရုတ်တရက်ဆန်လှသော အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မည်ဟု မည်သူကမှ ထင်မထားပေ။ ကောင်လေးတော်တော်များများကလည်း ဒဏ်ရာရသွားသော သူတို့ သူငယ်ချင်းအနားကို ဝိုင်းထားလိုက်ကြပြီး ကူကယ်ရာမဲ့နေသလို ခံစားလိုက်ရသည်။

တုတ်ကိုင်ထားသည့်ကောင်လေးက စိုးရိမ်သောကရောက်နေဟန်ဖြင့် မြေပြင်ပေါ်သို့ ဟိုကြည့်သည်ကြည့်လုပ်လိုက်လေသည်။ ထို့နောက် လက်သည်တရားခံက မြေပြင်ပေါ်မှ ကုန်းရုန်းထနေသည်ကို မြင်သွားပြီး သူ့မျက်လုံးထဲတွင် ကြမ်းကြုတ်ရက်စက်လိုဟန် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။

"မင်းက သူများကိုညကိုက်ရဲမှတော့ ငါလည်း မင်းကိုသေအောင်သတ်ပစ်မယ်"

ထိုအချိန်မှာပင် ရှောင်းလုထောင်လည်း သတိဝင်သွားချေသည်။

ထိုကောင်လေးက ရှဉ့်လေးဆီသို့ဦးတည်၍ တုတ်ကို အကြမ်းပတမ်းဝှေ့ယမ်းနေသည့်မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ(မ)လည်း ရှေ့တိုးသွားပြီး ကောင်လေး၏ ဘောင်းဘီကို ဆုပ်ကိုင်ထားလိုက်သည်။

"မရိုက်ပါနဲ့တော့"

ကောင်လေးဝတ်ထားသော ဘောင်းဘီမှာ သူ့အစ်ကို၏ အဝတ်ဟောင်းများဖြစ်သည်။ သို့ဖြစ်လေရာ ထိုအဝတ်များက သူနှင့်မတော်သောကြောင့် တစ်ချိန်လုံးပြေးလွှားနေသည့်အတွက် အစကတည်းက လျှောကျနေခဲ့သည်။

လုထောင်လေးက သူ့ကို ထိုကဲ့သို့ဆွဲထားလိုက်သောအခါ သူ့တင်ပါးကလည်း အေးခနဲဖြစ်သွားရသည်။ ထို့ကြောင့် သူ ဘောင်းဘီကို ခပ်မြန်မြန်ပြန်ဆွဲတင်လိုက်ရသည်။

"ငါ့ဘောင်းဘီကို ဘယ်သူဆွဲချွတ်တာလဲကွ။ လွှတ်စမ်း"

လုထောင်ကတော့ သူ့စကားကို နားမထောင်ပေ။

"နင် သူ့ကိုမရိုက်ဘူးလို့ ကတိပေးမှ လွှတ်ပေးမယ်"

သူတို့ စကားပြောနေချိန်မှာပင် လေအေးအေးလေးက ပိုပိုပြီးတိုက်ခတ်လာကာ ကောင်လေးများကလည်း သူတို့ရှိရာဘက်သို့ လှမ်းကြည့်လာသည်။

ကောင်လေးခမျာ လူမြင်သွားသည့်အတွက် ရှက်လည်းရှက် စိတ်အနှောင့်အယှက်လည်းဖြစ်သွားပြီး လုထောင်ကို တွန်းလွှတ်လိုက်သည်။

"လွှတ်စမ်း"

လုထောင်က လက်တစ်ဖက်ဖြင့် ခေါင်းအုံးကိုကိုင်ထားဆဲဖြစ်လေရာ ထိုပုံစံဖြင့် ဆက်ဆွဲထားရန်မှာ သူ(မ)အတွက် ခက်ခဲလှသည်။ ထိုကဲ့သို့ အတွန်းခံလိုက်ရသည့်နောက်တွင်မူ အနောက်ကို ခြေနှစ်လှမ်းစာမျှ ဆုတ်သွားရပြီး မြေကြီးပေါ် လဲကျလုမတတ်ဖြစ်သွားလေသည်။

ထိုအခိုက်အတန့်မှာပင် တစ်စုံတစ်ယောက်က သူ(မ)ကို အနောက်မှ ထိန်းပေးထားလာသည်။ ထိုလူမှာ အနားကဖြတ်သွားသည့် ဝေချောင်ပင်။

လူငယ်လေးက မျက်မှောင်ကြုတ်ပြီးနောက် လုထောင် သေချာပြန်ရပ်နိုင်အောင် ကူညီပေးလိုက်ပြီး ထိုကောင်လေးကို စိုက်ကြည့်လိုက်သည်။

"မင်း သူ့ကိုတွန်းလိုက်တာ"

သူတွန်းပစ်လိုက်သော ကောင်မလေးက ဆံပင်ကောက်ကောက်လေးနှင့် မိန်းမလှလေးတစ်ယောက် ဖြစ်နေတာကို သူသိလိုက်ရသည်။ သူ(မ)၏ မျက်ဝန်းလေးများက အနည်းငယ် တုန်လှုပ်နေသည်။

တည်ငြိမ်သော်ငြား ပြစ်တင်သံပါသော ဝေချောင်၏ စကားများကို ကြားသောအခါ သူလည်း လည်ဆန့်လျက် ပြောပစ်လိုက်သည်။

"သူကရော ငါ့ဘောင်းဘီကို ဘာလို့ချွတ်သေးလဲ"

"ရှဉ့်လေးကိုရော ဘယ်သူက နင့်ကိုဘရိုက်ခိုင်းလို့လဲ"

လုထောင်က ခေါင်းလေးစောင်းထားပြီး သူ(မ)ဖောင်းကစ်ကစ်မျက်နှာလေးမှာ တင်းမာခက်ထန်နေသည်မှာ "ငါအရမ်းစိတ်တိုနေတယ်"ဟု ရေးထားသည့်အလားပင်။

ကောင်လေးခမျာ သူ(မ)၏မျက်နှာကို ကြည့်လိုက်မိပြီး အကြည့်မလွှဲနိုင်အောင် ဖြစ်သွားရသည်။ သူ ထိုမျက်နှာဆီသို့ လက်ဆန့်ထုတ်၍ ဆွဲဆိတ်ပစ်လိုက်ချင်သည်။

ထိုအခြင်းအရာကိုမြင်သောအခါ ဝေချောင်က နှုတ်ခမ်းကိုစုရှုံ့လိုက်ပြီး ရှေ့တစ်လှမ်းတိုးကာ လုထောင်ကို သူ့အနောက်သို့ ပို့လိုက်သည်။

ကလေးမလေးကလည်း သူ့လက်မောင်းကိုဆုပ်ကိုင်ထားပြီး သူ့အနောက်မှ ခေါင်းပြူထွက်ကာ ကလေးသံလေးဖြင့် အထွန့်တက်ပါတော့သည်။

"အစ်ကိုဝေချောင် သူက အရမ်းဆိုးတာနော်။ သူက ရှဉ့်လေးကို အသေရိုက်သတ်ပစ်ချင်နေတာ။ ရှဉ့်လေးက အရမ်းသနားဖို့ကောင်းတာပဲ"

ဝေချောင်လည်း ထိန်းမထားနိုင်တော့ဘဲ သူ(မ)ကို အမှန်ပြန်ပြင်ပေးလိုက်သည်။

"အဲ့ဒါက ရှဉ့်မဟုတ်ဘူး။ အစင်းကြားရှဉ့်လေး"

လုထောင် အံ့သြမှင်တက်သွားရသည်။

"ဟင့်အင်း.. အဲ့ဒါ ရှဉ့်လေးမဟုတ်ဘူးလား"

ရှဉ့်လား၊ အစင်းကြားရှဉ့်လားဆိုသည်မှာ တကယ်တမ်းတော့ အရေးမကြီးပေ။

အရေးကြီးဆုံးအရာမှာ အကောင်ပေါက်လေးက တစ်စုံတစ်ယောက်ကို ကိုက်ထားသဖြင့် ကောင်လေးတစ်သိုက်က သူ့ကို သည်အတိုင်းမလွှတ်ပေးနိုင်ချေ။

ဝေချောင်က အဓိကအချက်ကို သဘောပေါက်လိုက်သဖြင့် ခဏမျှတွေးကြည့်လိုက်ပြီး အကိုက်ခံလိုက်ရသော ကောင်လေးကို မေးလိုက်လေသည်။

"မင်း ဒီလက်နဲ့ စာရေးနိုင်သေးလား"

ထိုကောင်လေးခမျာ မျက်ရည်ရွှဲနေဆဲပင်။ သူက တဒင်္ဂမျှ ကြက်သေသေသွားရပြီးနောက် ပြောလိုက်သည်။

"မရေးနိုင်ဘူးထင်တယ်"

"ဒါဆို ဂုဏ်ယူပါတယ်ကွာ"

ကောင်လေးခမျာ တစ်ဖန်ကြက်သေသေသွားရပြန်သည်။ သူသည် လက်တစ်ဖက်က တုတ်ကိုကိုင်၍ ကျန်တစ်ဖက်က ဘောင်းဘီကို ကိုင်ထားရင်း မျက်ဝန်းထဲဝယ် မကျေနပ်မှုတို့က အထင်းသား။

"သူက ဆိုးဆိုးဝါးဝါး အကိုက်ခံထားရလို့ စာမရေးနိုင်ပါဘူးဆိုတာကို ဘာလို့ဂုဏ်ပြုနေတာလဲ။ ဘာအဓိပ္ပာယ်လဲ"

လူတွေအများကြီးထံမှ စိုက်ကြည့်ခံနေရသော်လည်း ဝေချောင်က ပျာယာခတ်မသွားဘဲ ပြောလိုက်သည်။

"ဂုဏ်ယူပါတယ်။ မင်း အိပ်စာလုပ်စရာလည်းမလိုတော့သလို အတန်းလည်း တက်စရာမလိုတော့ဘူးပေါ့"

ဟင်..

သူတို့ တုံ့ခနဲရပ်တန့်သွားကြပြီး ကောင်လေး၏ ဒဏ်ရာထားသော ညာဘက်လက်ကို ကြည့်လိုက်မိကြသည်။

လက်ဒဏ်ရာရလိုက်ရင် ကျောင်းသွားစရာမလိုတော့ဘူးဆိုတာ ဘာလို့မတွေးမိတာပါလိမ့်။

ကျောင်းကြောက်ရောဂါ နောက်ဆုံးအဆင့်ဖြစ်နေသော ကျောင်းသားတစ်ယောက်က မနာလိုအားကျဟန်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

"အဲ့ဒီလိုမှန်းသိရင် ငါ အကိုက်ခံလိုက်တာပေါ့"

ချွတ် ချွတ် ချွတ်...

တောက်လောင်ပြင်းပြနေသော အကြည့်ပေါင်းများစွာက အစင်းကြားရှဉ့်လေးဆီသို့ တစ်ဖန်ကျရောက်လာပြန်သည်။ ထွက်ပြေးရန်ဟန်ပြင်နေသော အကောင်ပေါက်လေးခမျာ ကြောက်အားလန့်အားဖြင့် ခြေထောက်ကိုဆန့်၍ မျက်လုံးမှိတ်ထားကာ သေချင်ယောင်ဆောင်နေလိုက်သည်။

အိမ်စာလုပ်စရာမလိုတော့ပါလျှင် သို့မဟုတ် ကျောင်းသွားစရာမလိုတော့ပါလျှင် အကိုက်ခံရတာကလည်း လက်မခံနိုင်စရာတော့မရှိပေ။

အကိုက်ခံလိုက်ရသော ကောင်လေးကလည်း စိတ်အခြေအနေ ကောင်းသွားပြီး ဒဏ်ရာရထားသော သူ့လက်ဖြင့် ခွင့်တိုင်ရန်အတွက် အိမ်ပြန်သွားလေတော့သည်။

ကျန်လူများမှာ အားကျနေသော အကြည့်များဖြင့် ကြည့်ရင်း အကိုက်ခံချင်နေကြသည်။ သို့သော် အစင်းကြားရှဉ့်လေးက သေချင်ယောင်ဆောင်နေဆဲဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ပေးရန် ငြင်းဆန်နေပေသည်။

ကောင်လေးတစ်သိုက်က "ရှဉ့်အသေကောင်"လေးနားမှာ ဆောင့်ကြောင့်ထိုင်လိုက်ကြပြီး ၎င်းကို အချိန်အတော်ကြာအောင် လေ့လာနေကြသည်။ ရှဉ့်ကိုလှုပ်နှိုးနိုင်ဖို့အတွက် ခါယမ်းပစ်လိုက်ရမလားဟု သူတို့တွေးနေကြသည့်အချိန်မှာပင် ဝေချောင်က ဗုံးတစ်လုံးပစ်သွင်းလိုက်လေသည်။

"မင်းတို့ အိမ်စာလုပ်ပြီးပြီလား"

ကောင်လေးတစ်သိုက် - "..."

"ငါတော့သွားပြီ။ သင်္ချာပုဒ်စာ နည်းနည်းကျန်နေသေးတယ်"

သူ့စကားမဆုံးသေးခင်မှာပင် သူ့အတန်းထဲရှိ ကောင်လေးတစ်ယောက် ထခုန်လိုက်ပြီး ပြောလာသည်။

"အာ.. ငါ အိမ်စာမလုပ်ရသေးဘူး"ဟုဆိုကာ ပြေးထွက်သွားလေတော့သည်။

ဝေချောင်နှင့် ဘယ်သူကများ သင်္ချာပုဒ်စာအကြောင်း ဆွေးနွေးချင်မှာလဲ။

ပြီးခဲ့သည့်တစ်ခေါက်တုန်းက ဝေချောင်က မည်သည့်အတန်းကမှန်း မသိရသည့် မေးခွန်းတစ်ခုကို ဆရာ့အား မေးလိုက်သည်။ ဆရာခမျာ မေးခွန်းပေါင်းမြောက်များစွာအမေးခံလိုက်ရသဖြင့် မျက်နှာပျက်သွားခဲ့သေးသည်။ ယခုနေ ထွက်မပြေးသူက ငတုံးပင်။

ဦးဆောင်သူတစ်ယောက်ပေါ်လာသဖြင့် ကျန်ကောင်လေးတစ်သိုက်ကလည်း ငှက်များနှင့် တိရစ္ဆာန်များအလား ခပ်မြန်မြန်ထွက်သွားကြပြီး ခြေရာလက်ရာပင်မကျန်ဘဲ ပျောက်ကွယ်သွားကြတော့သည်။

လုထောင်ကလည်း ထိုမြင်ကွင်းကိုမြင်သောအခါ တောက်ပနေသောမျက်ဝန်းအစုံဖြင့် ဝေချောင်ကို ကြည့်လိုက်လေသည်။

"ကိုကိုဝေချောင်.. ကိုကိုက အရမ်းမိုက်တာပဲ"

ထိုချီးကျူးစကားကြောင့် ကောင်ငယ်လေးခမျာ အနည်းငယ်ရှက်သွားရသည်။ သူ့မျက်နှာက တင်းမာခက်ထန်နေသေးသော်ငြား သူ့နားရွက်များကမူ အနည်းငယ် နီမြန်းနေလေပြီ။

သို့သော် ကလေးမလေးက တစ်ခါသာချီးကျူးသွားပြီး ရှဉ့်လေးကို သွားကြည့်နေတော့သည်။

All Chapters