← Chapters

Chapter 48

Vol. 4 Ch. 48

Chapter 48

Vol. 4 Ch. 48

သူ(မ)က ဒူးတစ်ဖက်ထောက်ချလိုက်ပြီး လက်ချောင်းသေးသေးလေးကို မရဲတရဲ ဆန့်ထုတ်လိုက်သည်။

"ရှဉ့်လေး အဆင်ပြေရဲ့လား"

ဝေ့ချောင်ကမူ ထိုအကောင်လေးက ရှဉ့်မဟုတ်ဘဲ အစင်းကြားရှဉ့်ဖြစ်ကြောင်း အမှန်ပြန်ပြင်ပေးရန် ဟန်ပြင်လိုက်သော်ငြား ထိုအချိန်မှာပင် မြေပြင်ပေါ်တွင် သေချင်ယောင်ဆောင်နေသော ရှဉ့်လေးက ရုတ်တရက်လှုပ်လိုက်သည်။

သူ၏ မက်မွန်စေ့သဏ္ဌာန် မျက်ဝန်းများမှာ ပြူးကျယ်သွားရပြီး လုထောင်ကို အလျင်အမြန်ဆွဲထားလိုက်သည်။

"သတိထား"

အစင်းကြားရှဉ့်လေးက သူထင်ထားသလို လုထောင်ကို အန္တရာယ်မပေးဘဲ အနက်ရောင်ပဲစေ့နှင့် အလားသဏ္ဌာန်တူသော မျက်ဝန်းတစ်စုံဖြင့် သူ(မ)ကို တိတ်တိတ်လေးစိုက်ကြည့်နေသည်။ လုထောင်၏ လက်ချောင်းလေးက သူ့ခေါင်းထိပ်ရှိ အမွေးနုနုလေးများကို ထိလိုက်တာတောင် သူက မလှုပ်ပါဘဲ အမွေးဖွာဖွာအမြီးလေးကိုပင် ယမ်းပြနေသေးသည်။

ကလေးမလေးလည်း အံ့အားသင့်ဟန်ဖြင့် မျက်လုံးအဝိုင်းသားဖြစ်သွားပြီး ဝေချောင်ကို ပြန်လှည့်ကြည့်လိုက်သည်။

"သူက ထောင်ထောင်ကို သဘောကျနေတာပဲ"

ဝေချောင်လည်း အနည်းငယ်အံ့သြသွားသည်။

သို့သော် အကောင်ပေါက်လေးက အန္တရာယ်မပေးဘဲ နူးနူးညံ့ညံ့ပြုမူနေသည်မှာ သူ့ကိုကယ်တင်ပေးခဲ့သူကို သိနေသည့်အလားပင်။

လုထောင်ကလည်း သူ့ကို နှစ်ကြိမ်မျှ ညင်ညင်သာသာထိတွေ့လိုက်ပြီးနောက် အစင်းကြားရှဉ့်လေးညဒဏ်ရာရနေသည်ကို သတိရလိုက်မိသဖြင့် အကောင်ပေါက်လေးကို ကုသပေးရန် အိမ်ခေါ်သွားဖို့ စီစဉ်တော့သည်။

သူ(မ)က လက်မောင်းကြားထဲရှိ ခေါင်းအုံးသေးသေးလေးကိုကြည့်ပြီး ဝေချောင်ကို လှည့်မေးလိုက်သည်။

"ကိုကိုဝေချောင်.. ထောင်ထောင့်ကို ခေါင်းအုံးလေးသယ်ပေးပါ့လား"

ဝေချောင်က အစောပိုင်းတုန်းက ကောင်လေး၏ လက်ပေါ်ရှိ ဒဏ်ရာအကြောင်း တွေးနေဆဲဖြစ်သည်။ ထိုစကားကိုကြားသောအခါ သူ ပြောလိုက်သည်။

"မင်း ခေါင်းအုံးကို ကိုင်ထားလိုက်။ ငါက ဒီကောင်လေးကိုသယ်ပေးမယ်"

သို့သော် သူ လက်ဆန့်ထုတ်လိုက်ချိန်မှာပင် အစင်းကြားရှဉ့်လေးက သွားဖြဲပြလာသည့်အပြင် ခြေသည်းများကိုပါ ထုတ်ပြလာပြီး သူ့ကို ထိခွင့်မပေးချေ။

ဝေချောင်က အကြိမ်ကြိမ် ကြိုးစားပါသော်ငြား မအောင်မြင်ပေ။ အဆုံးမှာတော့ လုထောင်ကပင် အကောင်ပေါက်လေးကို ဂရုတစိုက်ကောက်ချီလိုက်ရသည်။

နှစ်ယောက်သားဟာ ချန်မိသားစုအိမ်ဆီသို့ လျှောက်လာခဲ့လိုက်ကြသည်။ လမ်းတစ်လျှောက်တွင် လုထောင်လေးက ကျည်ကျည်ကျာကျာ အော်မြည်လျက် အလွန်ပျော်ရွှင်နေလေသည်။

ဝေချောင်က သူ(မ)၏ခေါင်းအုံးကို ကိုင်ထားပြီး လမ်းလျှောက်ရင်း သူ(မ)၏စကားများကို နားထောင်နေခဲ့သည်။ ထို့နောက် ရုတ်တရက်ဆိုသလို စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။

"ထောင်ထောင်... ခေါင်းအုံးကြီးကို ဘာလို့ယူလာတာလဲ"

"ဟုတ်သားပဲ"

လုထောင်လေးခမျာ တုံ့ခနဲရပ်တန့်သွားပြီး စိတ်ရှုပ်ထွေးနေပုံရသည်။

"ထောင်ထောင်.. ခေါင်းအုံးကိုဘာလုပ်မလို့လဲ"

လုထောင်သည် သူ(မ) အိမ်ကထွက်ပြေးတော့မည့်အချက်ကို အကြာကြီး မေ့လျော့နေခဲ့ပြီး အာ့ဝူလင်က သတိပေးလိုက်မှသာ ပြန်အမှတ်ရသွားသည်။

သို့သော် ယခုတော့ အစင်းကြားရှဉ့်လေးက သူ(မ)ရင်ခွင်ထဲတွင် အသိုက်ဖွဲ့နေပြီး နွေးထွေးအိစက်လေသော သားမွေးလုံးလေးအလား ဖြစ်နေလေရာ သူ(မ) ဤအကောင်ပေါက်လေးကို အိမ်ကို မြန်မြန်ခေါ်သွားချင်မိသည်။

ထို့ကြောင့် ကလေးမလေးက မျက်မှောင်ကြုတ်၍ နှစ်စက္ကန့်မျှ တွေဝေနေပြီးမှ အတိတ်မေ့ချင်ယောင်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။

"ဒီနေ့ ရာသီဥတုသာယာတယ်လေ။ ထောင်ထောင်က ခေါင်းအုံးတွေကို နေလှန်းဖို့ အပြင်ထုတ်လာတာ။ ဟုတ်တယ် ။ ခေါင်းအုံးတွေကို နေလှန်းဖို့"

'ရာသီဥတု သာယာတယ်တဲ့လား'

ဝေချောင်က နေရောင်တစ်စွန်းတစ်စမရှိပါဘဲ မိုးတိမ်ထူထပ်နေသော ကောင်းကင်ကြီးကို ကြည့်လိုက်ပြီးနောက် ကလေးမလေး၏ တဖျပ်ဖျပ်လှုပ်ခါနေသော မျက်တောင်လေးများကို ပြန်ကြည့်ကာ ဘာမှမပြောလိုက်တော့ပေ။

ကလေးနှစ်ယောက်သား ချန်အိမ်သို့ ရောက်လာသောအခါ လုဟွေ့က သူ့သူငယ်ချင်း လျူရှောင်ဝေ့ကို ခေါ်လာခဲ့ပြီးဖြစ်၏။ ကောင်လေးနှစ်ယောက်က ချန်ပေါင်ကိုခေါ်ပြီး သူတို့ ကျောက်ဒိုးကစားခဲ့သည့် ခြံဝင်းတံခါးဝတွင် နေရာတစ်ခုသတ်မှတ်လိုက်သည်။

သူ(မ)၏အစ်ကိုကို မြင်လိုက်ရသောအခါ လုထောင်လေးက ချက်ချင်းပြေးသွားလိုက်သည်။

"ကိုကို.. ကိုကို သမီးဘာတွေ့ထားလဲကြည့်လိုက်ဦး"

ဝိုင်းစက်ပြူးကျယ်နေသော သူ(မ)၏မျက်ဝန်းများက တောက်ပနေပြီး သူ(မ) အိမ်က ထွက်ပြေးလာသည့် အကြောင်းအရင်းမှာ သူ(မ)၏အစ်ကိုက သူ(မ)၏ ရတနာကို ဝှက်ထားသောကြောင့်ဟူသောအချက်ကိုမူ မေ့လျော့သွားပြီဖြစ်၏။

ဤတစ်ခေါက်မှာ လုဟွေ့၏အလှည့်ဖြစ်သည်။

ထိုစကားကိုကြားသောအခါ သူက သူ(မ)ကို သာမန်ကာလျှံကာကြည့်လိုက်ပြီးနောက် သူ့အကြည့်များက တုံ့ခနဲရပ်တန့်သွားသည်။ သူ့ပါးစပ်ဖျားက ပြောမည့်စကားများကလည်း "မင်း ဘာလို့ ဒီကိုထပ်ရောက်လာတာလဲ"ဟူသော စကားအဖြစ် ပြောင်းလဲသွားသည်။

ထိုစကားလုံးများသည် ဝေချောင်ကို တိတိကျကျညွှန်းဆိုနေခြင်းဖြစ်လေရာ ဝေချောင်ကလည်း ခွန်းတုံ့ပြန်လိုက်သည်။

လူငယ်လေး၏ အမူအရာကား အနည်းငယ်မှ ပြောင်းလဲမသွားပေ။

"ငါ့အရိုးတွေကလည်း ဒီမှာပဲလေ"  

လုဟွေ့ - "……"

သူက "ထပ်"ဟုသာ ပြောလိုက်ခြင်းဖြစ်သည်။ "အသား"ဟု ပြောလိုက်ခြင်းမဟုတ်ပေ။

လုဟွေ့နှင့် ဝေချောင်တို့ တွေ့ဆုံလိုက်သည်နှင့် လေထုအခြေအနေက စကားအနည်းငယ်မျှ ပြောလိုက်ရုံဖြင့် ကိုးရိုးကားရားနိုင်သွားပေသည်။

လုထောင်လေးခမျာ ဘေးဖယ်ခံထားရသဖြင့် နှုတ်ခမ်းလေးက ဆူသည်ထက် ဆူပုတ်လာပြီး အဆုံးမှာတော့ ဒေါသတကြီးဖြင့် တစ်ဖက်ကို လှည့်ထွက်သွားလိုက်သည်။

ဝေချောင်က သူ(မ)၏ခေါင်းအုံးကို သယ်လာပြီး ဘာတစ်ခွန်းမှမပြောဘဲ တာဝန်ကျေသည့် ကိုယ်ရံတော်တစ်ယောက်အလား ပြုမူနေသည်။

ထိုအခြင်းအရာကို မြင်သောအခါ လုဟွေ့လည်း လိုက်သွားချင်သော်ငြား သူက သူ့သူငယ်ချင်းများနှင့် ကစားနေသောကြောင့် သူတို့ကို ထားပစ်ခဲ့ရန် မသင့်တော်ပေ။

ထို့ကြောင့် သူ နှစ်စက္ကန့်မျှ တွေဝေရုန်းကန်နေရပြီးနောက် လျူရှောင်ဝေ့က သူ့ကို ပြန်ဆွဲခေါ်သွားသည်။

"ခုနတုန်းက ဆံပင်ကောက်ကောက်လေးနဲ့ ကောင်မလေးက ဘယ်သူလဲ။ မင်းဦးလေးရဲ့သမီးလား"

လုဟွေ့လည်း ထိုမေးခွန်းကြောင့် အံ့ဩမှင်တက်သွားရပြီး သူ့မျက်ဝန်းထဲရှိ အမူအရာမှာ ထူးဆန်းနေလေတော့သည်။

"မင်း ထောင်ထောင်ကို မမှတ်မိဘူးလား"

"ထောင်ထောင်လား"

လျူရှောင်ဝေ့က ခြံဝင်းဆီသို့ တအံ့တဩလှမ်းကြည့်လိုက်သည်။

"အဲ့ဒါက ထောင်ထောင်လို့ မင်းပြောလိုက်တာလား။ ထောင်ထောင်က ဒီလောက်တောင်ချစ်စရာကောင်းတာလား"  

လျူရှောင်ဝေ့ သူ(မ)ကို မမှတ်မိတာလည်း ဆန်းတော့မဆန်းပေ။ သူ ထောင်ထောင့်ကို မတွေ့ရသည်မှာ သုံးလကျော်သွားလေပြီ။

သူ့စိတ်ထဲတွင် လုထောင်က ပိန်လှီပြီး မျက်လုံးပြူးပြူးလေးနှင့် မုန်လာဥနီသဏ္ဌာန်ရှိသော ဦးခေါင်းပိုင်ရှင် မိန်းကလေးတစ်ယောက်သာ ဖြစ်၏။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ(မ)က အရပ်ပိုရှည်လာပြီး ဝလည်းဝလာသည့်အပြင် ဖက်ထုပ်လေးအလား ချစ်စရာကောင်းလာသဖြင့် သူ(မ)ကို တိတ်တိတ်လေး အိမ်ကိုခေါ်သွားချင်စိတ်များ ဖြစ်ပေါ်စေသည်။

ထိုစကားကိုကြားသော် လုဟွေ့၏ အမူအရာသည် မည်းခနဲဖြစ်သွားရသည်။

"ထောင်ထောင်က ချစ်ဖို့မကောင်းဘူးလို့ မင်းပြောလိုက်တာလား"

"မဟုတ်ဘူးလေ။ မဟုတ်ပါဘူး"

လျူရှောင်ဝေ့လည်း ခေါင်းကို ခါယမ်းပြလိုက်သည်။

"သူက အရင်ကထက် ပိုချစ်စရာကောင်းလာတယ်လို့ပြောတာပါကွ"

ထိုအခါမှသာ လုဟွေ့၏ အမူအရာက အနည်းငယ်ပြေလျော့သွားသည်။

ကံဆိုးချင်တော့ သူ စိတ်အခြေအနေ ကောင်းမလာသေးခင်မှာပင် လျူရှောင်ဝေ့က ပြောလာချေသည်။

"ငါတို့ စကားများနေတာရပ်ပြီး ထောင်ထောင်နဲ့အတူ သွားကစားရအောင်လေ"

လုဟွေ့ - "…."

သူ့သူငယ်ချင်းများ၏ အပြုအမူက လုဟွေ့ကို သတိပေးလိုက်သလိုဖြစ်သွားလေရာ သူလည်း ကျောက်ဒိုးထပ်ကစားမနေတော့ဘဲ သူ့အခန်းသို့ပြန်ကာ ကတ်ကစားရင်း သူ့ညီမကို အနီးကပ်စောင့်ကြည့်နေရန် ဆုံးဖြတ်လိုက်သည်။ သို့မှသာ ဝေ့မျိုးရိုးကောင်က သူ့ညီမကို ပိုက်ဆံပေး၍ ကလေးသတို့သမီးအဖြစ် လာဝယ်မှာကို တားဆီးရန်အတွက်ပင်။

လူတစ်စု အထဲဝင်သွားချိန်မှာ ကောရှန်လည်း ရောက်နှင့်နေပြီး မီးဖိုနားတွင်ရပ်ကာ ထိုမီးဖိုအထက်နားရှိ အစင်းကြားရှဉ့်လေးကို ကြည့်နေလေသည်။

အကောင်ပေါက်လေး၏ အမြီးအကြီးကြီးက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပြီး လက်ဖဝါးအရွယ်ခန့်ရှိသော ဘောလုံးလေးတစ်လုံးအဖြစ် လိပ်တက်နေကာ နူးညံ့လှသော သူ့ရွှေရောင်သားမွေးလေးများကလည်း အသက်ရှူလိုက်တိုင်း နိမ့်ချည်မြင့်ချည်ဖြစ်နေလေသည်။

လုထောင်က သူ့နောက်ကျောလေးကို ဂရုတစိုက်ထိတွေ့လိုက်ပြီးနောက် သူ့ခြေလက်ကလေးများကို ထိကြည့်လိုက်သည်။

"ရှဉ့်လေးက ဘယ်နားမှာ ဒဏ်ရာရနေတာလဲ။ မင်း ဆေးထည့်ဖို့လိုသေးလား"

"ခြေထောက်က ကျိုးတော့မကျိုးဘူးထင်တယ်"

ဝေချောင်က ပြောလိုက်သည်။

ကောရှန်ကလည်း ခေါင်းညိတ်လေသည်။

"သွေးလည်းမထွက်ပါဘူး"

"သူ ဗိုက်ဆာလို့ မလှုပ်မယှက် လှဲနေတာလား"

အမှန်တရားကိုမသိသည့် လျူရှောင်ဝေ့က တံခါးအပြင်ဘက်မှ ခေါင်းပြူထုတ်လိုက်သည်။

သူ စကားဖြတ်ပြောလိုက်သည်နှင့် လုဟွေ့က သူ့ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။ သူ့သူငယ်ချင်း၏ မျက်လုံးများက ယနေ့မှ တောက်ပပြီး စိတ်အားထက်သန်နေကြောင်း သူ ခံစားလိုက်မိသည်။

သို့သော် လုထောင်ကတော့ ထိုစကားကို အတည်မှတ်ယူလိုက်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

"ရှဉ့်လေးက ဘာစားရတာကြိုက်တာလဲ"

"ထင်းရှူးစေ့လေ"

"ရွှေဖရုံစေ့ဆိုရင်လည်း ရပါတယ်။ သူတို့ကို စမ်းကျွေးကြည့်ရင်ရော"

ချန်မိသားစု၏ အိမ်ဘေးတွင် နေကြာပင်တန်းကြီးတစ်တန်း ရှိသည်။ ချန်ပေါင်က ခပ်မြန်မြန်ပြေးသွားလိုက်ပြီးနောက် သိပ်မကြာခင်မှာပင် သူ့မျက်နှာထက်ပိုကြီးသည့် နေကြာပန်းပွင့်ကြီးကို ယူလာလေသည်။

လုထောင်ကလည်း သူ့လက်ချောင်းသေးသေးလေးများဖြင့် ထိုအစေ့များကို ကြိုးစားပမ်းစားကောက်ယူလိုက်ပြီး အစင်းကြားရှဉ့်လေး၏ ပါးစပ်နားသို့ ထားလိုက်သည်။

အကောင်ငယ်လေးက သူ(မ)ရှေ့မှာဆိုလျှင် သတိကြီးကြီးမထားပေ။ သူက သူ့နှာခေါင်းလေးကို ရှုံ့ချည်နမ်းချည်လုပ်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ဝါးကြည့်လိုက်သည်။

လုထောင်သည် အစင်းကြားရှဉ့်လေး အစာစားသည့်ပုံစံကို ယခင်က မမြင်ဖူးသောကြောင့် အံ့အားသင့်သွားဟန်ဖြင့် မျက်လုံးပြူးသွားချေသည်။

"သူ စားလိုက်တယ်။ သူ စားလိုက်တယ်"

"ငါလည်း ကျွေးကြည့်မယ်"

လျူရှောင်ဝေ့က အနားကိုရောက်လာပြီး နေကြာစေ့များကို နှုတ်ယူကာ အစင်ကြားရှဉ့်လေးကို ကျွေးလိုက်သည်။

သို့တိုင် အကောင်ပေါက်လေးကတော့ သူ့ကို အနည်းငယ်မျှ မျက်နှာသာမပေးချေ။ သူက လုထောင်ပေးသည့်စားစရာကိုသာ စားလိုက်ပြီး သူ့ကိုတော့ဖြင့် တစ်ချက်မျှပင် လှည့်မကြည့်ပေ။

လျူရှောင်ဝေ့ခမျာ နေကြာစေ့ကို ပြန်ချထားရုံသာတတ်နိုင်ပြီး ကိုးရိုးကားရားဟန်ဖြင့် ခေါင်းကုတ်လိုက်သည်။

"သူ အခုထိ စားလို့မပြီးသေးဘူး"

သူက စကားလမ်းကြောင်းပြောင်းရန် ကြိုးစားလိုက်သည်။

"ထောင်ထောင်.. လှောင်အိမ်တစ်လုံးလောက်လိုချင်လား။ ငါ့အဘိုးက အစင်းကြားရှဉ့်လေး ပတ်ပြေးလို့ရတဲ့ ဘီးတပ်လှောင်အိမ်တစ်ခု လုပ်တတ်တယ်" 

သူက စကားပြောနေရင်းဖြင့် အကောင်ပေါက်လေး ပြေးနေသည့်ပုံစံကို သူ့လက်ဖဝါးလေးနှင့် လုပ်ပြလိုက်သည်။

လုထောင်သည် ဘီးတပ်လှောင်အိမ်လေးက ဘယ်လိုပုံစံရှိသလဲဆိုသည်ကို သိချင်နေသော်လည်း သနားစရာကောင်းသော အစင်းကြားရှဉ့်လေးကို သူ(မ) ကြည့်လိုက်မိချိန်မှာ ခေါင်းခါယမ်း၍ ပြောလိုက်လေသည်။

"သူက လှောင်အိမ်ထဲမှာမနေဘူး"

"သူထွက်ပြေးသွားမှာ မကြောက်ဘူးလား"

"သူတို့ပြေးနိုင်တော့လည်း‌ ပြေးပေါ့။ ဒီတိရစ္ဆာန်လေးတွေက တောင်တန်းပေါ်မှာပဲ ကြီးပြင်းသင့်တယ်လို့ မေမေက ပြောဖူးတယ်"

ယခုတော့ လျူရှောင်ဝေ့လည်း ဘာပြောရမှန်း မသိတော့သဖြင့် ခေါင်းတကုတ်ကုတ်ဖြင့် တခြားအကြောင်းအရာတစ်ခုကိုသာ ရှာလိုက်သည်။

ဤအခြင်းအရာကိုမြင်သော် လုဟွေ့က သူ့ကို တိတ်တိတ်လေးဘေးတွန်းပြီး ပြောလိုက်သည်။

"ထောင်ထောင်.. သူ့ကို နာမည်တစ်ခုပေးရအောင်လေ"

လုထောင်က နာမည်ပေးရတာကို အလွန်သဘောကျသည်။

ယခင်က သူ(မ) ပုရွက်ဆိတ်လေးများနှင့် ကစားခဲ့စဉ်တုန်းကလည်း သူတို့ကို တာ့ဟယ်၊ အာ့ဟယ်၊ ရှောင်ဟယ် စသဖြင့် နာမည်ပေးခဲ့သည်။ တစ်ခါတစ်ရံတွင် အတောင်ပံပါသော အကောင်လေးများနှင့် တွေ့ရပါက "ဖေးဖေး"ဟုခေါ်သော ထူးခြားလှသည့် နာမည်မျိုးပေးတတ်သည်။

ကံဆိုးချင်တော့ မျက်စိတစ်မှိတ်အတွင်းမှာပင် မည်သူက တာ့ဟယ်၊ မည်သူက အာ့ဟယ်ဆိုသည်ကို သူ(မ) မမှတ်မိတော့ပေ။ သူ့ခေါင်းထဲရှိ ဗဟုသုတက တစ်မိသားစုလုံးကို ထောက်ပံ့ပေးရန်အတွက် မလုံလောက်ချေ။

လုဟွေ့က အကောင်ပေါက်လေးကို နာမည်ပေးရန် ပြောလာသည့်အခါ သူ(မ) ချက်ချင်းစဉ်းစားကြည့်လိုက်သည်။

လျူရှောင်ဝေ့ကလည်း သက်ဝင်လှုပ်ရှားလာသည်။

"ရှောင်ဟွမ်းလို့ခေါ်ပါ့လား။ ကြည့်လိုက်လေ။ သူက ဝါထိန်နေတာပဲ"

လုဟွေ့နှင့် ဝေချောင် - "….."

မဟုတ်ပေ။ ထိုမျှဆန်းကြယ်သောနာမည်မျိုး မလိုအပ်ပေ။

ရှောင်ဟွမ်းဟူသော နာမည်မှာ ချက်ချင်းပယ်ချခံလိုက်ရသဖြင့် ကောရှန်ကလည်း ဖြည်းဖြည်းချင်းအကြံဝင်ပေးလာသည်။

"သူ့ကို ကျီကျီလို့ခေါ်ရအောင်"

ယခုကစပြီး သူက ဟုန်ဟုန်၏ ညီလေးဖြစ်သည်။ ဟုန်ဟုန်၏ ညီလေးကို ကျီကျီဟုခေါ်သည်မှာ သင့်တော်ပေသည်။

သို့သော် ထိုနေရာရှိ ကျန်ကောင်လေးများ၏ မျက်နှာထက်ရှိအမူအရာမှာ ထူးဆန်းသွားပြီး လျူရှောင်ဝေ့ကပင် ခေါင်းခါယမ်းလာသည်။

"မဟုတ်ဘူး။ မဟုတ်ဘူး။ ထောင်ထောင်က မိန်းကလေးလေ"

"သူ့ကို စုန်းကျီ(ထင်းရှူးစေ့)လို့ခေါ်ရင်ရော ဘယ်လိုလဲ"

အခြားနာမည်များက သိပ်စိတ်မချရကြောင်း မြင်လိုက်ရသောအခါ ဝေချောင်က ဝင်ပြောလာသည်။

ချန်ပေါင်ကလည်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းသားပဲ။ သူက ထင်းရှူးစေ့တွေ စားတာပဲလေ"

ထင်မှတ်မထားပါဘဲ တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော လုထောင်လေးက ရုတ်တရက်ကန့်ကွက်လိုက်ချေသည်။

"မဟုတ်ဘူး။ သူ့နာမည်က ပီကာချူး။ ပီကာ ပီကာချူး"

လုဟွေ့ - "…."

ထိုကောင်လေးပေးသော နာမည်ကို မသုံးခြင်းမှာ အကြံကောင်းတစ်ခုဖြစ်သော်လည်း ပီကာချူးဆိုသည့်နာမည်က ဘာကြီးလဲ။

လုထောင်၏ ဇွဲကောင်းမှုကြောင့် အစင်းကြားရှဉ့်လေးခမျာ သူ့အိပ်မက်များကို သယ်ပိုးပေးထားသည့် နာမည်တစ်ခုကို ရသွားလေသည်။

သနားစရာအကောင်ပေါက်လေးခမျာ သူ့အပေါ်သို့ မျှော်လင့်ချက် အကြီးကြီးအထားခံလိုက်ရပြီဖြစ်ကြောင်း မသိရှာလေဘဲ နေကြာစေ့များစားပြီးနောက် အိပ်မောကျသွားလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝေချောင်ကလည်း ပြန်ကြရန် အကြံပြုလိုက်သည်။

သူ့အနေနှင့် သူ့အမေဆီသို့ သူ့အမေပို့လိုက်သည့် အမှာစကားကို သွားပါးပေးရမည်ဖြစ်လေရာ အပြင်မှာ အကြာကြီးနေလို့မရပေ။

ဝေချောင် ထွက်သွားသည်နှင့် လုဟွေ့ကလည်း စိတ်ပြောင်းသွားပြီး လျူရှောင်ဝေ့ကို ကစားဖို့ အပြင်ခေါ်ထုတ်သွားကာ သူ့ကို သူ့ညီမနားသို့ အကပ်မခံတော့ချေ။

မကြာခင်မှာပင် လုထောင်လေးတစ်ယောက်တည်းသာ အိပ်မောကျနေသော အစင်းကြားရှဉ့်လေးနှင့်အတူ ကျန်ရစ်နေခဲ့သည်။

အနားမှာ ဘယ်သူမှမရှိတာကို မြင်သောအခါ ဟူချူရှန်းက အိမ်ကို အမြန်ပြန်လာလိုက်ပြီးနောက် ကလေးမလေးအတွက် သူ(မ) ချုပ်ပေးထားသည့် အဝတ်အစားအသစ်များကိုထုတ်ကာ အဝတ်လဲပေးရန် ထွက်လာခဲ့လိုက်သည်။

သူ(မ)လက်ထဲရှိ အဝတ်အစားကူပွန်တချို့ကြောင့် ရတက်မအေးဖြစ်နေဆဲပင်။ ထို့ကြောင့် အံတင်းတင်းကြိတ်လျက် ပန်းပွင့်ရိုက် အဝတ်အစားများကို ဝယ်ယူရန်အတွက် ရွာခန်းမကို သွားလိုက်သည်။ အရောင်းဝန်ထမ်းက ထိုအထည်၏ တန်ဖိုးကို ပြောပြလာသည့်အချိန်တွင်မူ သူ(မ)၏နှလုံးသားထဲ သွေးအလိမ်လိမ်းဖြစ်သွားရသည်။

ဤသည်မှာ ကလေးကစားစရာမဟုတ်ပေ။

သူ(မ)က အပ်ချုပ်ရာတွင် ညံ့သောကြောင့် ပိတ်စများကိုဖြတ်ပြီးနောက်မှာပင် ကလေးမလေးအတွက် အဝတ်တစ်စုံချုပ်ပေးဖို့ သူများကိုသာ အကူအညီတောင်းခဲ့ရသည်။

သို့သော် ထိုအဝတ်အစားကူပွန်များအားလုံးကို ထောင်ထောင့်အတွက်သာ အသုံးပြုခဲ့ခြင်းပင်။ သူ(မ)၏ခဲအိုလည်း ဤအကြောင်းကို သိထားသည်ဖြစ်လေရာ သူ(မ)ကိုတော့ ပြဿနာထပ်မရှာလောက်ပေ။

ဟူချူရှန်းက တုန်ယင်နေသော လက်တစ်စုံဖြင့် ပန်းပွင့်ရိုက် အဝတ်အစားတစ်စုံကို လုထောင်လေးအား ဝတ်ပေးလိုက်သည်။ ထို့နောက် သူ(မ)အတွက် တစ်လက်မခန့်ရှည်ထွက်နေသော အင်္ကျီလက်အနားစများနှင့် ဘောင်းဘီအနားစများကို ခေါက်တင်ပေးလိုက်သည်။ သူ(မ)က စိတ်မပါလက်မပါဖြင့်ပင် ချီးကျူးလိုက်သေးသည်။

"ထောင်ထောင်လေးက ဒီအင်္ကျီလေးနဲ့ တကယ်ကြည့်ကောင်းတာပဲ။ နှစ်သစ်ကူးဓာတ်ပုံထဲက ကောင်မလေးလိုပဲ"

ထိုချီးကျူးမှုကြောင့် လုထောင်လေးခမျာ အနည်းငယ်ရှက်ရွံ့သွားသဖြင့် ခေါင်းငုံ့၍ အင်္ကျီအနားစများကို ထိလိုက်သည်။

"ဒီအင်္ကျီက တကယ် ထောင်ထောင့်ကိုပေးတာလား"

"သမီးက ငါတို့မိသားစုထဲက တစ်ဦးတည်းသောမိန်းကလေးလေ။ သမီးကိုမှမပေးရင် တခြားဘယ်သူ့ကိုသွားပေးရမှာလဲ။ သမီးအစ်ကို ရှောင်ပေါင်နဲ့ ကောရှန်းတို့လည်း ဝတ်လို့မှမရတာ။ ကြည့်လိုက်.. ဒီဝတ်စုံလေးကို သမီးရဲ့ဒေါ်လေးက သမီးအတွက် ခပ်ကြီးကြီးလေးလုပ်ပေးထားတာ။ သမီး အရပ်ရှည်လာရင်တောင် နောက်နှစ်အထိ ဒါကိုဝတ်လို့ရနေဦးမှာ"

သူတို့ စကားပြောနေချိန်ဝယ် အပြင်ဘက်မှ ဆူညံသံတစ်ခုထွက်ပေါ်လာခဲ့သည်။ ချန်ဖန်းရှုပြန်ရောက်လာခြင်းပင်။

All Chapters