← Chapters

Chapter 14

Vol. 2 Ch. 14

Chapter 14

Vol. 2 Ch. 14

လင်းချောင် ရွှီလိီကို ပထမဆုံးစတွေ့တော့ သူမတွေးထားသည်ထက် ပို၍အသက်ငယ်မည်ထင်ခဲ့ပြီး တကယ်လည်း မမှားခဲ့ပေ။

ရွှီလီက မစ္စတာကျိထက် ဆယ်နှစ်နီးပါးငယ်သည်။ ပထမဇနီး ဆုံးပါးသွားပြီးနောက် သူမက သူတို့၏ ခေါင်းဆောင်များ တွဲဖက်ပေးမှုကြောင့် ဒုတိယဇနီး ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် မစ္စတာကျိသည် အဆင့်တစ်ခုသို့ရောက်ရှိနေပြီဖြစ်ပြီး ဒဏ်ရာပြန်လည်ကုသနေချိန်ဖြစ်သည်။ ရွှီလီက ဆေးဘက်ဆိုင်ရာဝန်ထမ်း မလုံလောက်သောအခါတွင် သူ့ကိုကူညီ ပြုစုပေးခဲ့သော ဒေသခံအလယ်တန်း ကျောင်းဆရာမတစ်ဦးဖြစ်ပြီး သူတို့ကြားသံယောဇဉ်တွယ်သွားခဲ့ကြခြင်းဖြစ်သည်။

ထိုအချိန်က မစ္စတာကျိ၏ ဇနီးသည် ကွယ်လွန်ခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီး ကျိကျွင်းနှင့် သူ၏သက်ကြီး ရွယ်အိုမိခင်တို့ကိုလည်း ပြုစုစောင့်ရှောက်ရန် လိုအပ်နေသဖြင့် သူ၏စိတ်ဝင်စားမှုကို တိုက်ရိုက်ဖော်ပြခဲ့သည်။ သူတို့၏ခေါင်းဆောင်က အောင်သွယ်ပေးခဲ့ပြီး ရွှီလီကလည်း မကန့်ကွက်ခဲ့သည့်အတွက် လက်ထပ်ပွဲဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။

မစ္စတာကျိဒဏ်ရာမှ ပြန်လည်သက်သာလာပြီး ရှေ့တန်းသို့ပြန်သွားချိန်တွင် ရွှီလီက မိသားစုကို ပြုစု စောင့်ရှောက်ရန် အိမ်တွင်နေခဲ့သည်။ ထိုအချိန်၌ ကျိကျွင်း မတော်တဆမှုတစ်ခုဖြစ်ခဲ့၏။ အန္တရာယ်ရှိသောအခြေအနေကြောင့် ရွှီလီသည် အချိန်အတော်ကြာကလေးမမွေးနိုင်ခဲ့ဘဲ အသက်သုံးဆယ်ကျော်အရွယ်မှသာ ကျိသော်ကို ကိုယ်ဝန်ဆောင်နိုင်ခဲ့သည်။

ကျိကျွင်းက ဤကိစ္စအတွက် အပြစ်ရှိသလို ခံစားခဲ့ရပြီး ရွှိလီကို လူအများရှေ့တွင်ဖြစ်စေ သီးသန့်ရှိနေချိန်ဖြစ်စေ လေးစားမှုအပြည့်နှင့် အမြဲဆက်ဆံခဲ့သည်။ မသိသူများအတွက်တော့ သူက သူမ၏သားအရင်းမဟုတ် ကြောင်း ပြောနိုင်ရန်ခက်သည်။ သူက သူ့သားထက် သူနှင့်ဆယ်နှစ်ကျော် အသက်ကွာသော သူ့ညီလေးကျိသော်ကို ပို၍ကောင်းကောင်းဆက်ဆံခဲ့သဖြင့် ယဲ့မင်ရှူးကို မကြာခဏစိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ကျိကျွင်းက ရွှီလီကြောင့် သူမကိုရိုက်တော့မည်ကိုမြင်တော့ ယဲ့မင်ရှူးလည်း သူမမျက်နှာကိုဖုံးကာ သူ့ရှေ့တိုးသွားလိုက်၏။

“လုပ်လေ၊ ရိုက်လိုက်စမ်းပါ၊ ရှင် ကျွန်မကို လိုက်ခဲ့တုန်းက ပြဇာတ်ရုံမှာ ပြောခဲ့တာကိုမေ့သွားပြီလား"

အကသမားဟောင်း ယဲ့မင်ရှူးက စီမံခန့်ခွဲရေးသို့ ပြောင်းရွှေ့ပြီးသည့်တိုင် သူမ၏ သွယ်လျသော အသွင်အပြင်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သူမ တွန်းလိုက်သည့်အားက မပြင်းထန်သော်လည်း သူမမျက်ရည်များက ကျိကျွင်း၏ ဒေါသကို ရေအေးဖြင့်ပတ်လိုက်သလိုဖြစ်နေသဖြင့် မရိုက်ရက်တော့ပေ။

ငယ်ရွယ်ချိန်မှာ ဘယ်သူက စိတ်အားထက်သန်မှူက်ိုမကြုံဖူးလို့လဲ။ ယဲ့မင်ရှူးက မိသားစုဖိအားများကြားမှ သူကြိုးစား၍ အတင်းလက်ထပ်ခဲ့ရသူတစ်ဦးပင်။

ထိုအချိန်တွင် မစ္စတာကျိက ယဲ့မင်ရှူးကို ရည်မှန်းချက်ကြီးလွန်းသည်ဟု ထင်ကာ သဘောမတူဘဲ ရွှီလီကို သူ့အတွက် ကျောင်းဆရာမတစ်ဦး ရှာပေးစေလိုခဲ့သည်။

အိမ်ထောင်သက် နှစ်ဆယ်ကျော်ကြာပြီးနောက် ယဲ့မင်ရှုးသည် သူမ၏ခင်ပွန်းကို ဘယ်လိုကိုင်တွယ်ရမည်ကို အတိအကျသိခဲ့၏။

“ကျွန်မသိပါတယ်၊ အဖေက ကျွန်မကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး၊ အနုပညာအဖွဲ့ထဲက ကျွန်မတို့က သူ့အတွက်တော့ သရုပ်ဆောင်တွေလိုပဲ၊ ကျွန်မက ရှင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ပြီး ဒီနှစ်တွေမှာ ရှင့်ကိုဘာမှမကူညီနိုင်ခဲ့ဘူး။ ကျွန်မတို့လို မဖြစ်ရအောင် ရှောင်ဇယ်အတွက် တွဲဖက် ကောင်း ရှာပေးချင်တာပါ။"

သူမ၏စကားကြောင့် ကျိကျွင်းက သူမကို ရိုက်ရန်ပိုခက်သွားတော့သည်။ သူက သက်ပြင်းချလိုက်ပြီး ဆိုဖာပေါ်ပြန်ထိုင်လိုက်သည်။

သူ စိတ်သက်သာရာရရန် လိုအပ်မှန်းသိသဖြင့် ယဲ့မင်ရှူးက သူ့ဘေးတွင်ထိုင်ကာ သူမအပြစ်ကိုဝန်ခံလိုက် သည်။

"ကျွန်မ မှားခဲ့ပါတယ်၊ ဒါပေမဲ့ ဒုတိယသားကို သူမဆီတွန်းပို့ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး၊ သူမနဲ့ဒုတိယသားအကြောင်း ကောလာဟလတွေ ပြန့်နှံ့သွားခဲ့ရင် ရှောင်ဇယ်နဲ့လက်ထပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ပဲထင်ခဲ့တာ။ ဒါတွေအားလုံးက ရှင်လုပ်ခဲ့တဲ့ကိစ္စမဟုတ်ပါဘူး ကျွန်မအမှားတွေပါပဲ။ အဖေ စိတ်ငြိမ်သွားတဲ့အခါ သူ့ကို တောင်းပန်လိုက်ပါ့မယ်။"

.......

"ဒီကောလာဟလတွေကြောင့် ချောင်ချောင်နဲ့ ရှောင်ဇယ်တို့ရဲ့ စေ့စပ်ပွဲက မဖြစ်နိုင်လောက်တော့ဘူး။”

သားနှင့်ချွေးမ ထွက်သွားကတည်းက တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သော မစ္စတာကျိက နောက်ဆုံးတော့ စကားပြောလိုက်၏။

ကျိဇယ်သာ လင်းချောင်ကို တကယ်လက်ထပ်ခဲ့လျှင် တူဖြစ်သူက ဦးလေးထံမှ ခိုးယူသွားခြင်း သို့မဟုတ် ဦးလေးက တူထံမှခိုးယူခြင်းလားဟု လူပြောစရာဖြစ်လာလိမ့်မည်။

ယဲ့မင်ရှူး၏ လှုပ်ရှားမှုသည် မပါးနပ်သော်လည်း ထိရောက်မှုရှိသည်။ မစ္စတာကျိ ဒေါသထွက်နေလျှင်တောင်မှ အိမ်ထောင်ရေးနှင့်ပတ်သက်ပြီး ဘာမှလုပ်၍မရပေ။

မစ္စတာကျိက လက်ဖက်ရည်ခွက်ကို မော့သောက်ရန် လုပ်လိုက်သော်လည်း လက်ဖက်ရည်များ အေးသွားခဲ့လေပြီ။ ထို့ကြောင့် ခွက်ကိုစားပွဲပေါ်ပြန်တင်လိုက်၏။

“ သူမက အကြံဥာဏ်ကောင်းလွန်းပြီး အကြီးဆုံးသားက သူမကိုမ ထိန်းနိုင်ဘူးလို့ ငါအမြဲပြောခဲ့ပေမဲ့ သူက နားမထောင်ခဲ့ဘူး။ သူမက နှစ်တွေအကြာကြီး သူ့ကိုချုပ်က်ိုင်ထားတာ။"

ကျိသော်နှင့်မတူဘဲ ကျိကျွင်း နူးညံ့သိမ်မွေ့သည် ပြတ်ပြတ်သားသား ပြောရလျှင် အလွယ်တကူ လွှမ်းမိုးခံရနိုင်သည်။

မစ္စတာကျိသည် သူ့သားသန်မာသော အမျိုးသမီးနှင့်လက်ထပ်သည်ကို စိတ်မဝင်စားသော်လည်း သူမက မိသားစုနှင့် လိုက်လျောညီထွေရှိပြီး စိတ်သဘောထားကြီး၍ အသိပညာရှိရန်တော့ လိုအပ်သည်။

“အကြီးဆုံးချွေးမရဲ့ ရည်မှန်းချက်တွေက ကြီးထွားလာပြီ။ အကြီးဆုံးသားကို မထိန်းနိုင်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ သူမက အခုဒုတိယသားကို ဆန့်ကျင်ဖို့တောင် ကြံစည်နေပြီ”

သူ့စကားများကို ပြန်ဖြေသူတော့မရှိခဲ့ပေ။

မစ္စတာကျိသည် ရွှီလီကိုကြည့်ရုံမှတစ်ပါး မနေနိုင်တော့ပေ။

ရွှီလီက တိတ်ဆိတ်နေပြီး သူ့လက်ဖက်ရည်ခွက်ကို ကောက်ယူကာ သူ့အတွက် ပို၍စိတ်သက်သာစေသော လက်ဖက်ရည်တစ်ခွက်ကို ထပ်ဖျော်ပေးလိုက်သည်။ သူမလည်း ဒေါသထွက်နေပုံပေါ်သည်။

ပြီးတော့ သူမဒေါသထွက်ရခြင်းမှာလည်း မှန်၏။ သူမတွင် ဘာအမှားမှမလုပ်ဖူးဘဲ အကြီးဆုံးသား မိသားစုအတွက် ပြဿနာများစွာကို ဖယ်ရှားပေးနေခဲ့သည့် ကျိသော်သာရှိသည်။ ဒါတောင်မှ သူတို့က ကျေးဇူးကန်းကြသေးသည်။ စိတ်အရှည်ဆုံးသူတောင်မှ ဒေါသဖြစ်မ်ိလိမ့်မည်။

မစ္စတာကျိက စကားလျှော့ပြောချင်သော်လည်း နောက်ကျောကို ဓားနှင့်ထိုးသလို ခံစားရသောကြောင့် သူ၏စကားများက ခက်ထန်နေခဲ့သည်။

ယခုအချိန်က ဤအရာကို အချိန်ဆွဲထားရမည့်အချိန်မဟုတ်ပေ။ မစ္စတာကျိက ပြောလိုက်သည်။

"ချောင်ချောင်က ရှောင်ဇယ်နဲ့ စေ့စပ်ထားတာကို သိတယ်လို့ထင်လား"

နှစ်အတော်ကြာအိမ်ထောင်ကျပြီးနောက် ရွှီလီက သူ၏ စိတ်ကို သ်ိနိုင်ခဲ့သည်။ သူမကသူ့ကို အံ့ဩစွာကြည့်လိုက်၏။

"ရှင်ပြောချင်တာက..."

"သူမသိသည်ဖြစ်စေ မသိသည်ဖြစ်စေအခု ဒုတိယသားနဲ့ပဲ အတူရှိနေရတော့မှာ။ အိမ်ထောင်ရေးပျက်သွားရင် သည် ငါတို့အိမ်မှာနေပြီး မိသားစုနဲ့ စေ့စပ်ခဲ့တဲ့သူက ငါတို့ကို ရှောင်သွားလိမ့်မယ်။ သူမက ယန်ဒူနဲ့ မရင်းနှီးသေးဘူး။ သူမဘယ်မှာ သွားနေရမှာလဲ။ ဒါက ကျေးဇူးဆပ်တာမဟုတ်ဘဲ ကလဲ့စားချေတာဖြစ်နေပြီ။"

မစ္စတာကျ်ိလည်း သက်ပြင်းချပြီး နေရာမှ ထကာ ကျိသော် ပြန်ပေးထားသည့် စာချုပ်ကိုယူလိုက်သည်။

"သူတို့နာမည်တွေက ဆင်တူနေတော့ ဘာမှပြောင်းစရာမလိုဘူး"

"တကယ်လို့ ငယ်ငယ်က လလက်ထပ်သဘောတူညီမှုမျိုးသာ မရှိခဲ့ဘူးဆိုရင်၊ ဒီနေ့ရောက်လာမယ်ဆိုတာ ကြိုသိထားလို့ ရှောင်ဇယ်လို့ နာမည်ပေးထားတာလားလို့တောင် အကြီးဆုံးချွေးမကို ငါ သံသယဖြစ်မိလိမ့်မယ်။"

ပုံမှန်အားဖြင့် ဖခင်၏မျိုးဆက်တွင် အက္ခရာနှစ်လုံးပါသော နာမည်များရှိပြီး သားသမီးမျိုးဆက်တွင် စာလုံး သုံးလုံးပါသော နာမည်များရှိသည်။ ကျိဇယ်၏နာမည်က ကျိသော်နှင့် အတော်တူသည်။

ရွှီလီက သူ့အကြံအစည်ကို တွေးကြည့်နေပြီး ဘာမှပြန်မပြောခဲ့ပေ။

မစ္စတာကျိက သူမကိုသတိထားကြည့်နေခဲ့သည်။

" ချောင်ချောင်က နယ်ကလာတာကို မင်းစိတ်ထဲမထားဘူးမလား။"

"ရှင်ကိုယ်တိုင်ကရော နယ်ကမဟုတ်လို့လား" ရွှီလီက မျက်လုံးများကို မှိတ်ထားပြီး အသက်ရှူသွင်းလိုက်သည်။

"ချောင်ချောင်က လူကောင်းတစ်ယောက်ဖြစ်ပြီး ပညာမတတ်သူလည်း မဟုတ်ဘူး။ သဘောမကျစရာမရှိပါဘူး။ ဒုတိယသားက သဘောမတူမှာကိုပဲ စိုးရိမ်တာ၊ ပြီးတော့ချောင်ချောင်က ဘယ်သူနဲ့ စေ့စပ်ထားတာလည်း သိလားမသိလားပဲသိချင်တာ။ ကလေးတွေက အဲ့တုန်းက ငယ်သေးသလို စာထဲမှာလည်းသေချာမပြောထားဘူးလေ။ ဒါပေမဲ့ သူမ သိနေရင်ရော။ သူနဲ့ ဒုတိယသားကြားမှာ မျိုးဆက်ကွာခြားမှုလည်းရှိသေးတယ်။"

"ငါတို့၏မိသားစုတွေက အမှန်တကယ် ဆက်စပ်မှုမရှိတာကြောင့် မျိုးဆက်ကွာတာက ပြဿနာတော့ မဟုတ်ဘူး။ ဒုတိယသားကပဲ...."

သို့သော် အဲ့ဒါက တကယ့်ပြဿနာဖြစ်သည်။ ကျိသော်က ခေါင်းမာသူဖြစ်ပြီး သူ့အားမိတ်ဆက်ပေးသည့်တွဲဖက်တိုင်းကို လုံးဝစိတ်မဝင်စားသလို အမြဲတမ်းတစ်ကိုယ်တည်းနေရန် ရည်ရွယ်ထားသကဲ့သို့ ဖြစ်နေသည်။

မစ္စတာကျိလည်း စိတ်ပျက်လက်ပျက်ဖြင့် နဖူးကိုပွတ်လိုက်၏။

"ဒုတိယသား ပြန်လာရင် ငါပြောကြည့်လိုက်မယ်။"

ကျိသော်အကြောင်းကို ပြောနေစဉ်မှာပဲ ခြံတံခါးပွင့်လာပြီး ကျိသော်က ခပ်သွက်သွက် လမ်းလျှောက်ဝင်လာခဲ့သည်။

"ကိစ္စတွေ ပြီးသွားပြီလား။"

သူ့တွင် ဒီနေ့လုပ်စရာကိစ္စရှိသည့်အတွက် သူတို့ကို လာမကြိုနိုင်ခဲ့ပေ။ ဒီရောဂါအသေးအမွှားက ကိစ္စကြီးမဟုတ်ဟု မစ္စတာကျိ တွေးခဲ့သော်လည်း သူကပြန်လာခဲ့သေးသည်။

မစ္စတာကျိက သူ့သားကိုသေချာကြည့်လိုက်သည်။

ယဲ့မင်ရှူးက တစ်ချိန်တုန်းက အနုပညာအဖွဲ့တွင် ထိပ်တန်းအလှမယ်တစ်ဦးဖြစ်ခဲ့သည့်အတွက် ကျိကျွင်းက သူမအား အလွန်သဘောကျခဲ့သည်။ ကျိဇယ်က သူမနှင့်တူ၍ ချောမောသော်လည်း မစ္စတာကျိအတွက်တော့ အနည်းငယ် သန်မာမှုမရှိဟုခံစားရသည်။

တစ်ဖက်တွင် ကျိသော်သည် အရပ်ရှည်၊ ချောမောပြီး စစ်သားတစ်ဦး၏ အမူအရာသွင်ပြင်ပေါ်လွင်သည်။

ချောင်ချောင်ကို သူတို့သဘောမကျဘူးဆိုလျှင် လက်ထပ်ရန်မလိုအပ်ပေ။

မစ္စတာကျိက စိတ်ထဲမှတွေးလိုက်ပြီး သူ့သားကို တာဝန်များစတင်ပေးလိုက်တော့သည်။

"မင်းကို လုပ်ခိုင်းစရာတစ်ခုရှိတယ်၊ ဒီအနားက အထက်တန်းကျောင်းကိုသွားပြီး ချောင်ချောင်ကို ပြန်ခေါ်ခဲ့လိုက်ပါလား။"

"အဒေါ်ကျန်း အိမ်မှာမရှိဘူးလား" ဒီတစ်ကြိမ်မှာတော့ ကျိသော်က ချက်ချင်းသဘောမတူခဲ့တော့ပေ။

" ငါက မင်းကို သွားခိုင်းတာကို မင်းမသွားချင်လို့လား။"

မစ္စတာကျိက သူ့ကို စိုက်ကြည့်နေလိုက်သည်။

"အဒေါ်ကျန်းက ထမင်းချက်ရဦးမယ်၊ အချိန်သိပ်မရှိဘူး"

ကျိသော်က မသွားချင်သည်တော့ မဟုတ်၊ လွန်ခဲ့သည့်ရက်အနည်းငယ်တည်းက သူ လင်းချောင်ကို ရှောင်နေခဲ့သည်။

လင်းချောင်က ရှောင်ဇယ်နှင့် စေ့စပ်ထားသူဖြစ်သည်။ ယခင်က သူမအား မွေးရပ်မြေသို့ လိုက်ပို့ရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့သလို သူမကို ကောင်းကောင်း ဂရုမစိုက်န်ိုင်ခဲ့သည့်အတွက်လည်း နေမကောင်းဖြစ်ခဲ့ရသည်။ အခုကတော့ မတူတော့ပေ။ ထိုညအဖြစ်အပျက်က မတော်တဆဖြစ်ပေမဲ့ သူတို့ကို လူအများသံသယမဖြစ်အောင် သတိထားရန်လိုသည်။ သို့သော်လည်း မစ္စတာကျိကအခုမှ ဆေးရုံကဆင်းစဖြစ်သလို တစ်ယောက်ယောက်ကို ရှာရသည်ကလည်း ကိစ္စကြီး မဟုတ်သည့်အတွက် သူသွားလိုက်၏။

သိပ်မဝေးတာမလို့ ကျိသော်က ရှောင်ဖန်းကိုမခေါ်ဘဲ သူကိုယ်တိုင် လမ်းလျှောက်သွားလိုက်သည်။ လှည့်ပတ်ကြည့်ပြီးနောက်မှာတော့ သူမကိုရှာမတွေ့ခဲ့ပေ။

အထက်တန်းကျောင်းက မပိတ်သေးဘဲ ဂိတ်တံခါးကိုပိတ်ထားပြီး အစောင့်တဲထဲမှ ထရန်စစ္စတာရေဒီယိုအသံသာ ထွက်ပေါ်နေခဲ့သည်။ သူက လမ်းလျှောက်သွားလိုက်ပြီး ပြတင်းတံခါးကိုခေါက်လိုက်သည်။

“ဘဲဥပုံမျက်နှာ၊ ဇာမဏီမျက်လုံးမျိုးနဲ့ မျက်လုံးထောင့်မှာမှဲ့ရှိတဲ့ အရပ် ၁၆၅ စင်တီမီတာလောက်မိန်းကလေးကို တွေ့လိုက်မိလား။"

သူက မျက်နှာထားတည်တည်ဖြင့် သူမအကြောင်း အသေးစိတ် ပြောပြလိုက်သည်။ အစောင့်ကလည်း တစ်စုံတစ်ယောက်ကိုဖမ်းရန် တာဝန်ရှိနေသည်အထင်နှင့် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"အင်း၊ တွေ့မိတယ်။ သူမက စောစောက ဒီကျောင်းမှာ အစားထိုးဆရာတွေခေါ်နေလား၊ ဘာအရည်အချင်းတွေ လိုအပ်လဲ၊ ဒေသခံအိမ်ထောင်စုစာရင်းလိုအပ်လားလို့ မေးသွားတယ်။ ပြီးတော့ အနားက အဟောင်းဆိုင်က်ိုသွားတယ်။ မင်းကို ခေါ်သွားပေးရမလား။"

"မလိုပါဘူး၊ ဘယ်လိုသွားရမလဲပဲ ပြောပါ"

ကျိသော်က အစောင့်၏ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့သည့်အတွက် အစောင့်က အနည်းငယ်စိတ်ပျက်သွားပုံရသည်။

"ဒီလမ်းအတိုင်းသွားပြီး ဒုတိယလမ်းဆုံမှာ မြောက်ဘက်ကိုသွားလိုက်ပါ။"

အဟောင်းဆိုင်ဟုဆိုသော ခြံဝင်းသည် ပြန်လည်အသုံးပြု၍ရသော ပစ္စည်းဟောင်းမျိုးစုံဖြင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သည်။ ကျိသော်ရောက်သွားသောအခါ လင်းချောင်က ပိုင်ရှင်နှင့်အချေအတင်စကားပြောနေခဲ့သည်။

"ရှင် ဈေးလျော့ပေးပါဦး။ တစ်ပေါင်ကို ဆင့်နည်းနည်းနဲ့ ဝယ်ခဲ့တာကို ဘာလို့ ဒီလောက်ဈေးကြီးတောင်းပြီးရောင်းနေတာလဲ။"

"ငါဝယ်ခဲ့တာ မင်းသိတယ်မလား။" ပိုင်ရှင်က ပြောစရာစကားမရှိတော့ပေ။

“စာအုပ်တွေဝယ်ဖို့ အဟောင်းဆိုင်ကိုလာတဲ့သူ ဘယ်သူမှမတွေ့ဖူးဘူး။"

“အဲဒါက ကျွန်မ ဒီမှာမရှိလို့ပါ။ ကျွန်မ ရှိနေခဲ့ရင် ရှင်ကျွန်မကို တွေ့ဖူးတာကြာရောပေါ့။"

လင်းချောင်၏ ခြေရင်းတွင် ပြန်လည် အသုံးပြု၍ရသောပစ္စည်းများထားဝည့်နေရာမှ သူမရွေးထားခဲ့သော အထက်တန်းကျောင်းဖတ်စာအုပ်များ အားလုံး အစုလိုက်အပုံလိုက် ရှိနေခဲ့သည်။

ကျိသော်က သူမ ပိုင်ရှင်နှင့်ရန်ဖြစ်နေသည်ကို ကြည့်ပြီး နောက်ဆုံးတွင် သူတို့က်ိုစျေးညှိပေးခဲ့ရသည်။ သူက ထိုစာအုပ်များကို နှစ်ခုခွဲပြီး ကြိုးဖြင့်ချည်ကာ တစ်ခုကို ကူသယ်ပေးခဲ့သည်။

“စာအုပ်တွေ လိုအပ်ရင် အိမ်ကလူတွေကို ဘာလို့မပြောတာလဲ”

လင်းချောင်က သူ့ကိုဒီမှာတွေ့ရသည့်အတွက် အံ့ဩနေခဲ့သည်။

“ကျွန်မ လမ်းလျှောက်ထွက်လာရင်း အဲ့နေရာကို ရှာတွေ့ခဲ့တာ။"

လွန်ခဲ့သည့်ရက်အနည်းငယ်က သူမအများကြီးတွေးခဲ့ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ကြိုးစားနေစဉ်တွင် လွယ်ကူသောအလုပ်တစ်ခုကို ရှာဖွေရန်ဆုံးဖြတ်ခဲ့သည်။

၁၉၈၀ တွင် ပညာရေးက လူတစ်ဦး၏ ကံကြမ္မာကိုပြောင်းလဲနိုင်သေးသည်။ ကောလိပ်ဘွဲ့ရရှိထားခြင်းသည် အထက်တန်းကျောင်းဘွဲ့တစ်ခုထက် ပို၍အခွင့်အလမ်းများသည်။ မူလပိုင်ရှင်၏ မှတ်ဉာဏ်များရှိသေးသော်လည်း မှေးမှိန်နေသည့်အတွက် သူမ၏ အထက်တန်းကျောင်းပညာရေးကိုတော့ အတော်ကိုမေ့နေခဲ့ပြီဖြစ်သည်။ သူမက စာပြန်လေ့လာရန် လိုအပ်သည်။

ဘာကြောင့်ပြောမပြတာလဲ ဆိုတာကတော့...

မစ္စတာကျိက ဆေးရုံမှာရှိနေပြီး ရွှီလီကလည်း ဆေးရုံတွင်အချိန်ကုန်နေကာ ကျိသော်ကလည်း အိမ်ပြန်နောက်ကျတာကြောင့် လင်းချောင်က သူတို့ကို အနှောက်အယှက်မပေးချင်ခဲ့။ သူမက သူတို့ကို ဒုက္ခမပေးချင်ပေ။ ဖတ်စာအုပ်အသစ်များသည် တစ်အုပ်လျှင် ယွမ်များစွာကုန်ကျပြီး လေးနှစ်စာအတွက်ဆိုလျှင် သူမလည်းငွေကြေး မတတ်နိုင်ပေ။ သို့သော်လည်း စာအုပ်ဟောင်းများဆိုလျှင်တော့ ပြဿနာမရှိနိုင်။ ဒီခေတ်တွင် လူအများချွေတာတတ်ပြီး ဘွဲ့ရပြီးလျှင် စာအုပ်များကို ဖြဲမပစ်တတ်သည့်အတွက် သူမအလွယ်တကူ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

လင်းချောင်က ပြုံးပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"စာအုပ်တွေ ရှာနေရတာ အရမ်းအလုပ်ရှုပ်နေတော့ အချိန်တွေကုန်သွားတယ်။ အဖိုးကျိဆေးရုံက ဆင်းပြီလား။"

"အင်း၊ သူက မင်းကိုရှာခိုင်းလိုက်တာ။"

“ဒါဆို ကျွန်မတို့ အမြန်ပြန်ရအောင်။ သူ့ကို စောင့်ရအောင် မလုပ်ချင်ဘူး။"

သူတို့က ကျိအိမ်သို့ အတူတူပြန်လာခဲ့ကြသည်။ လင်းချောင်က ခြံနောက်ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။

“ဒါတွေကို ထားလိုက်ပြီး လက်ဆေးလိုက်ပြီးမှလာခဲ့မယ်။"

ကျိသော်က ဘာမှပြန်မပြောဘဲ စာအုပ်များကို သူမအခန်းသို့ ကူသယ်ပေးပြီး တံခါးဝတွင်ထားခဲ့လိုက်၏။

လင်းချောင်က လက်ဆေးပြီး ခြံရှေ့သို့သွားရန်လုပ်လိုက်စဉ် ရွှီလီရောက်လာပြီး ကျိသော်ကို လှမ်းကြည့်လိုက်၏။

“မင်းအဖေက မင်းကိုတွေ့ချင်နေတယ်။"

လင်းချောင်ရော ကျိသော်ပါ ပုံမှန်မဟုတ်သည့်အရာတစ်ခုခုကိုခံစားမိခဲ့သည်။

ရွှီလီက ထွက်မသွားဘဲ အခန်းတံခါးပိတ်ကာ လင်းချောင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။ သူမက ဘယ်လိုစပြောရမည်မသိဘဲ စကားစပြောရန်သင့်တော်သည့်စကားရှာနေရင်း လင်းချောင်ကို ကြည့်နေခဲ့သည်။ လင်းချောင်ကလည်း အလျင်မလိုဘဲ သူမကိုရေတစ်ခွက်ထည့်ပေးလိုက်သည်။

သူမ၏ တည်ငြိမ်ရင့်ကျက်မှုကြောင့် ရွှီလီက သူမ၏ အသက်အရွယ်များကို အချည်းနှီးကုန်ဆုံးခဲ့သလိုပင် ခံစားမိလာတော့သည်။

ရွှီလီက လင်းချောင်၏ မျက်လုံးများကိုစိုက်ကြည့်၍ပြောလိုက်သည်။

"မင်းလည်း ဒီမှာနေတာကြာပြီ။ ငါ့ရဲ့ ဒုတိယသားကို ဘယ်လိုမြင်လဲ။"

All Chapters