Chapter 18
Vol. 2 Ch. 18
ကျိသော်နှင့် လင်းချောင်ထွက်သွားသည်နှင့် ကျိကျွင်းက တူကိုချပြီးထလိုက်၏။
သူ၏သားကြီးဖြစ်သူတွင် ပြောစရာရှိနေပြီး အစားစားချင်စိတ်လည်း မရှိနေသည်ကို မစ္စတာကျိ သိသည်။သူက ကျိကျွင်းကို ကြည့်လိုက်သည်။
"မင်း အားလုံးသိပြီးပြီလား။"
"ဟုတ်ကဲ့။"
ကျိကျွင်း၏ အသံက တိုးနေပြီး ခေါင်းလည်းငုံ့ထားသေးကာ အဖိုးကျိကို မကြည့်ရဲပေ။
သူက ငယ်ငယ်တည်းက ထိုအတိုင်းပင်။ အခြားကလေးများက ငိုယို၍ခွင့်လွှတ်ပေးရန် ပြောကြသော်လည်း သူကတော့ အမှားလုပ်ထားလျှင် နေရာတွင်သာထိုင်ကာ အပြစ်ပေးခံရန် တိတ်တဆိတ် စောင့်နေတတ်၏။ ရွှီလီသာ သတိမပေးလျှင် သားဖြစ်သူ ရပ်နေသေးသည်ကို မစ္စတာကျိ သတိထားမိမည်ပင် မဟုတ်ပေ။ သူက အရွယ်ရောက်လာသည်နှင့်အမျှ ဇနီးဖြစ်သူ၏ အမှားများကို ကာကွယ်ပြောဆိုတတ်လာသည်က မစ္စတာကျိကို စိတ်ဆိုးရစေသည်။
မစ္စတာကျိက သက်ပြင်းချလိုက်သည်။
"မင်းမိန်းမက အရမ်းလွန်လာပြီ။ မင်း သူ့ကို လွှတ်မထားဘဲ သေချာစောင့်ကြည့်သင့်တယ်။ ငါ မင်းကိုအများကြီးပြောပြီးလို့ မင်းလည်းကြားရတာ ငြီးငွေ့နေလောက်ရောပေါ့။ မင်းသာ ပါးစပ်ပိတ်နေမယ်ဆိုရင် ဒုတိယသားက ဘာမှမဟုတ်ဘဲ မင်းတို့အရှုပ်တွေကို ရှင်းပေးရသလိုဖြစ်သွားလိမ့်မယ်။"
ကျိကျွင်းလည်း ရှက်စိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။
“အရာရာအားလုံးကို စနစ်တကျ မကိုင်တွယ်မိလို့ မိသားစုကို ဒုက္ခရောက်စေရတာ အားလုံးက ကျွန်တော့်အပြစ်ပါ"
"မင်းမှားမှန်းသိရုံနဲ့ ဘာအကျိုးရှိမှာလဲ၊ နောက်တစ်ခါ သူငိုရင် မင်းဘာမှမလုပ်ဘဲ နေဦးမှာမလား။"
မစ္စတာကျိက သူ့ကိုလေးလေးနက်နက် ကြည့်လိုက်၏။
"မင်းလည်း အသက်လေးဆယ်ကျော်နေပြီ၊ မင်းမှာ နောက်ခံတစ်ခုခုရှိသင့်တယ်။ နောက်ထပ်ဘယ်နှစ်နှစ်လောက် ငါစောင့်ကြည့်နေနိုင်မလဲဆိုတာ မသိနိုင်ဘူး။"
ကျိကျွင်းက ထိတ်လန့်သွားသည်။ "အဖေက ကျန်းမာရေးကောင်းပါတယ်။ အသက်တစ်ရာကျော် နေနိုင်မှာပါ။"
ဒီအဖြစ်အပျက်က ကျိဇယ်အတွက်သာမက ကျိကျွင်းအတွက်လည်း သင်ခန်းစာတစ်ခုပင်။ သူသာ အလွယ်တကူ လွှမ်းမိုးခခံရဘဲ သူ့ဇနီးကို အမြဲကာကွယ်မပေးခဲ့ဘူးဆိုလျှင် ယဲ့မင်ရှူးက သူမလုပ်ချင်သည်ကိုလုပ်ရအောင် အတင့်ရဲလာမည် မဟုတ်ပေ။ ပထမအိမ်ထောင်ကျစတုန်းကတော့ သူမက ယောက္ခမများ သဘောမကျမည်ကိုစိုးသည်။
မစ္စတာကျိက ကျိကျွင်းကို ပြင်းထန်သည့် သင်ခန်းစာပေးချင်သည့်အတွက် လက်ထပ်ဖို့စီစဉ်သည့်အကြောင်းပင် ကြိုတင်မကြားခဲ့ပေ။ ကျိကျွင်း အလွယ်တကူလွှမ်းမိုးခံရခြင်းက အရေးမကြီးပေမဲ့ ညီဖြစ်သူက သူ့အနာဂတ်အတွက် အရှုပ်များကို ရှင်းပစ်ပေးသည်ကတော့ လက်ခံနိုင်စရာမရှိပေ။ ကျိကျွင်းက လင်းချောင်ကိုမြင် နေသရွေ့ ဒါကိုမေ့မည်မဟုတ်။ သူ မှတ်မိနေသ၍ အနာဂတ်တွင် ယဲ့မင်ရှူးထင်တိုင်းကြဲရန် မလွယ်ကူပေ။
မစ္စတာကျိသည် အသက်ကြီးလာပြီဖြစ်ပြီး ရွှီလီသည်လည်း ယဲ့မင်ရှူးကို လိုက်မစစ်ဆေးနေနိုင်ပေ။ မစ္စတာကျိ မရှိတော့သည့်နောက်တွင် အကြီးဆုံးသားရဲ့အရှုပ်အထွေးများကို ဒုတိယသား လိုက်ရှင်းပေးနေရမည်ကို သူတို့မလိုလားပါ။ ဒုတိယသားက စိတ်ထားကောင်းသည့်တိုင် အမြဲတမ်း မနူးညံ့နေနိုင်ပေ။
ကျိသော်က ယခုအချိန်တွင် သိပ်တော့မတည်ငြိမ်နေပေ။ အနည်းဆုံးတော့ လမ်းသွားနေချိန်အတွင်း လင်းချောင်က သူပုံမှန်လောက်မတည်ငြိမ်ဘူးလို့ ခံစားနေရသည်။ သူက အမြဲလိုလို မျက်နှာတည်ထားတတ်သဖြင့် သူစိတ်ငြိမ်နေသလား မငြိမ်သလားကတော့ ပြောရန်ခက်သည်။
သူတို့က လမ်းတွင်လည်း စကားသိပ်မပြောဖြစ်ကြပေ။ ကျိသော်က မနက်ခင်းစျေးကိုရောက်တော့ မေးလိုက်သည်။
"မင်းဘာစားချင်လဲ"
ဈေးအဝင်ဝတွင် အစားအသောက်ဆိုင်များဖြင့် တန်းစီနေသည်။ အေးမြသောနံနက်ခင်းလေနှင့် ရောနှောနေသည့်မုန့်မျိုးစုံ၏ ရနံ့သည် အသက်ဝင်ပြီး စစ်မှန်သော လေထုကိုဖန်တီးပေး၏။ လင်းချောင်က မြို့၏ နံနက်ခင်းနှင့် ညဈေးများသည် ဒေသခံပြည်သူများ၏ ဘဝကို အကောင်းဆုံးကိုယ်စားပြုပြီး သူတို့၏ အစားအစာ၊ အဝတ်အစားနှင့် နေ့စဉ်လိုအပ်ချက်များကိုပြသနေသည်ဟု အမြဲလိုလိုခံစားရသည်။ လူစည်ကားသော အစားအသောက်ဆိုင်များကြားတွင် ရပ်နေသည့် ကျိသော်ပင်လျှင် သာမန်ဒေသခံတစ်ဦးကဲ့သို့ဖြစ်နေ၏။
သူမက သူ့ကိုတိုက်ရိုက်မေးလိုက်၏။ "အကြံပေးချင်တာရှိလား”
ထို့နောက် ခပ်မြန်မြန် ဆက်ပြောလိုက်သည်။
"အချဉ်ဖောက်ထားတဲ့ ပဲရည်တော့မဟုတ်ဘူး။"
"အဲ့အကြောင်းလည်း မင်းသိတာလား" သူက သူမကိုကြည့်လိုက်သည်။
လင်းချောင်က နှာခေါင်းရှုံ့လိုက်သည်။
“အဒေါ်ကျန်းက လွန်ခဲ့တဲ့နှစ်ရက်လောက်က စမ်းကြည့်ဖို့ဝယ်ခဲ့တာ။ အရသာက….”
သူမက စားပွဲပေါ်တွင် မတွေ့ရတော့ရန် တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။
သူမ၏ ဆုတောင်းများ ပြည့်သွားသည့်အတိုင်း ကျိသော်က ထိုအရာကိုဝယ်ရန် သို့မဟုတ်သောက်ရန် ရည်ရွယ်ချက်ရှ်ိပုံ မပေါ်နေပေ။ သူက မုန့်ချောင်းကြော်၊ နှမ်းကိတ်မုန့်နှင့် ကိတ်မုန့်ကြော်များကို ဝယ်ပြီးနောက်တွင် ပြုတ်ထားသော အစားအသောက်များရောင်းသည့်ဆိုင်တွင် ရပ်လိုက်သည်။
"သူဌေး၊ ဟင်းပြုတ်ရည်တစ်ပွဲပေးပါ။"
ရေနွေးငွေ့ဖြင့်ဖုံးနေသော မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် စျေးဆိုင်ပိုင်ရှင်က သူ၏မျက်မှန်ဘောင် များအောက်မှကြည့်နေလိုက်သည်။
"မင်း တူမနဲ့အတူ အစားအသောက် လာစားပြန်တာလား။"
ကျိသော်၏ အမူအရာ ခဏတာလောက် တုန်လှုပ်သွားသည်ကို လင်းချောင် သေချာသိသည်။ မျိုးဆက်ပြဿနာကြောင့်လား ဒါမှမဟုတ် အသက်ကြီးသည်ဟု အပြောခံရ၍လား မသိသော်လည်း ရယ်စရာကောင်းသည်ဟုတော့ သူမခံစားမိသည်။
"ဦးလေး၊ သူ့တူမကို ဒီကိုခဏခဏခေါ်လာတာလား။"
အသံမတူမှန်းသိတော့ ဆိုင်ရှင်က သူ့မျက်မှန်ကိုအမြန်သုတ်လိုက်ပြီး ရှင်းရှင်းလင်းလင်း မြင်ရအောင်ကြည့်လိုက်သည်။
"မဟုတ်ပါဘူး၊ ငါက ရှောင်လင်လို့ ထင်သွားတာ။"
ကျိကျွင်းမှလွဲ၍ ကျိမိသားစုရှိ ကျန်အမျိုးသားများအားလုံးသည် အရပ်ရှည်ကြသည်။ ကျိလင်ကတော့ အဖေနှင့်တူ၍ သေးသေးသွယ်သွယ် ကလေးမျက်နှာလေးနှင့်ဖြစ်သည်။
ကျိသော်က ကျွမ်းကျင်စွာ မှာနေသည်ကိုမြင်တော့ လင်းချောင်က ထိုင်စရာရှာလိုက်သည်။
ဆိုင်ရှင်က အစားအသောက်ထုပ်ပိုးနေရင်း တစ်ချက်ကြည့်လိုက်ကာ မေးလိုက်၏။ “သူမက မင်းရဲ့…”
လင်းချောင်က “နောက်ထပ် တူမတစ်ယောက်” ဟုပြောတော့မည်ဖြစ်သော်လည်း ကျိသော်က “ဇနီးလောင်း ” ဟု တည်ငြိမ်စွာပြောလိုက်သည်။
"မင်း ချစ်သူရနေပြီလား "
ဆိုင်ရှင်က လင်းချောင်ကို အံ့အားသင့်စွာကြည့်လိုက်သည်။
"သူမ အရမ်းလှနေတာ မဆန်းပါဘူး"
လင်းချောင်က သူဒီအတိုင်း ဝန်ခံလိုက်မည်ဟု မထင်ထားသဖြင့် သူ့ကို မော့ကြည့်လိုက်မိ၏။
ကျိသော်၏ အမူအရာမှာ မပြောင်းလဲသေးသော်လည်း ဆိုင်ရှင်က သူနှင့် ရင်းနှီးပုံပေါ်သည့်အတွက် အဆုတ် အနည်းငယ်ကို အပိုထပ်ထည့်ပေးလိုက်သည်။
"အိမ်အတွက်"
လင်းချောင်က ကျိသော် အစားအစာများ ယူလာသည်ကိုကြည့်ပြီး တူတစ်စုံ ပေးလိုက်သည်။
"ဆိုင်ရှင်က ရှင်နဲ့ရင်းနှီးပုံပဲ။ ဒီကို ခဏခဏလာတာလား"
"ငယ်ငယ်က အစ်ကိုကြီးနဲ့အတူ မကြာခဏ လာဖြစ်တယ်။"
စျေးဆိုင်ပိုင်ရှင်က စားပွဲအနိမ့်တစ်ခု ချထားသည့်အတွက် ကျိသော်က ထိုင်ခုံအသေးလေးပေါ် ထိုင်နေရသည့်အတွက် သူ၏ခြေတံရှည်များက အဆင်မပြေဖြစ်နေ၏။ သို့သော်လည်း သူ၏အမူအရာကတော့ မပြောင်းလဲသေးပေ။ သူသည် တူကိုပင်ဆေးကြောပြီး လင်းချောင်ထံသို့ ပြန်ပေးလိုက်သည်။
"ကျွန်မအတွက် ရေဆေးခိုင်းတာ မဟုတ်ပါဘူး"
လင်းချောင်က ထိုကဲ့သို့သောသူမျိုးမဟုတ်ပေ။
ကျိသော်က “အင်း" ဟုရိုးရှင်းစွာ တုံ့ပြန်ခဲ့ပြီး သူမပြောသည်က််ို ကြားသလား မကြားသလားဆိုသည်ပင် မသေချာပေ။
သူ၏စိတ်က အစားအသောက်ပေါ်တွင် ရှိမနေဘူးဟု လင်းချောင်ခံစားရသည်။ သူက ကျိလင်ကို မကြာခဏ ခေါ်လာသည်ထက် သူ့အစ်ကိုကြီးနှင့် ကလေးဘဝတုန်းက ဒီကိုမကြာခဏလာခဲ့သည်ဟုသာ ပြောခဲ့သည်။
ဒါကြောင့် လင်းချောင် ကျိကျွင်းအကြောင်း တွေးမိသွားတော့သည်။
ကျိကျွင်း၏ အတွေးများကိုသိရန်က ကျိသော်၏ အတွေးများကိုသ်ိရန်ထက် ပိုလွယ်၏။ သူ၏မျက်နှာတွင် လုံးဝပေါ်မနေသော်လည်း သတိထားပြီး စောင့်ကြည့်လျှင် သဲလွန်စများ ပေါ်လာတတ်သည်။
ကျိအိမ်သို့ စောစောစီးစီးရောက်လာပြီး အပြစ်ရှိသလိုချီတုံချတုံဖြစ်နေသဖြင့် မစ္စတာကျိကို တောင်းပန်ရလောက်သည့် ကိစ္စတစ်ခုခု လုပ်ခဲ့ပုံရသည်။ ပြီးတော့ ယဲ့မင်ရှူးနှင့်လည်း ပတ်သက်ပုံရ၏။ မဟုတ်လျှင် သူမကခင်ပွန်းသည်အကြောင်း ကာပြောပေးရန် လိုက်လာမည်ဖြစ်သည်။
လင်းချောင်က ပေါ့ပေါ့ပါးပါး အကြောင်းအရာတစ်ခုကို စပြောလိုက်သည်။ "လွန်ခဲ့တဲ့သုံးရက်လောက်ကပဲ အမေ့ဆီ စာပို့ခဲ့တာ။ ဒီနေ့တော့ ရောက်ပြီထင်တယ်။"
မင်္ဂလာကိစ္စ စီစဉ်ပြီးနောက် မစ္စတာကျိနှင့်ရွှီလီက သူမက်ို လျိုယွိလန်ထံသို့ စာရေးခိုင်းပြီး လက်ထပ်ပွဲကို အသိပေးကာ မင်္ဂလာပွဲဖိတ်ကြားရန် ပြောခဲ့သည်။ လျိုယွ်ိလန် လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ကျိမိသားစုက သူမကိုနယ်မှဖြစ်၍ လျစ်လျူမရှုဘဲ လေးစားမှုရှိကြောင်း ပြသခဲ့ခြင်းဖြစ်သည်။ လင်းချောင်ကလည်း အခြေကျလျှင် လျိုယွိလန်ထံ စာရေးမည်ဟု ကတိပေးခဲ့သည့်အတွက် ယခုတစ်ခါတည်း ရေးလိုက်ခြင်းဖြစ်သည်။
ကျိသော်က အနည်းငယ်စိတ်ရှုပ်နေဟန်ဖြင့် “အင်း" ဟုသာပြန်တုံ့ပြန်ခဲ့သည်။
လင်းချောင် သက်ပြင်းချလိုက်၏။
“ကျွန်မအစ်ကိုဝမ်းကွဲက ကျွန်မကို လွတ်အောင်ကူညီပေးလို့ ဒုက္ခရောက်နေပြီလားလို့ တွေးနေမိတယ်။ ကျွန်မတို့က တော်တော်ရင်းနှီးတယ်။”
ဤစကားကြောင့် နောက်ဆုံးတွင်တော့ သူမအား စူးစမ်းသောအကြည့်ဖြင့် ကျိသော်ကြည့်လိုက်၏။ သူ၏ တုံ့ပြန်ပုံများသည် အမြဲတမ်းစူးရှနေပြီး သူ၏ နက်နဲသော မျက်ဝန်းများတွင်လည်း လျှို့ဝှက်ထားသောအတွေးများနှင့်ပြည့်နေသလိုပင်။
သို့သော် လင်းချောင်တွင် မကောင်းသောရည်ရွယ်ချက်မရှိသဖြင့် သူ၏အကြည့်ကို မကြောက်ခဲ့ပေ။
"ယုံရခက်လို့လား? ကျွန်မ ဝမ်းကွဲအစ်ကိုနဲ့ ကျွန်မတို့နှစ်ယောက်လုံးက အဖွားနဲ့အတူ ကြီးပြင်းလာခဲ့တာ။ ကျွန်မတို့ ငယ်ငယ်တုန်းက တစ်အိပ်ရာထဲ အိပ်ကြတာ။ သူက လင်းဟွေ့ထက် ကျွန်မနဲ့ ပိုရင်းနှီးတယ်။ လင်းဟွေ့က ကျွန်မကိုအနိုင်ကျင့်ပြီး အလုပ်တွေပေးသွားရင်တောင် သူက လင်းဟွေ့ မသိအောင်ကူညီပေးတတ်တယ်။"
"မင်းက အနိုင်ကျင့်ခံရသေးတာလား။"
ကျိသော်က အမူအရာမပျက်မေးလိုက်၏။
ကျိကျွင်းကဲ့သို့ပဲ သူလိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ဖြစ်ရမည့်အရာများက ဆက်ဖြစ်ပျက်နေဆဲသာဖြစ်သည်။ သူ၏စကားများက ရွံ့ရှာသည့်အရိပ်အမြွက်ပြနေသော်လည်း သူ၏ အပြင်ပန်းမျက်နှာကတော့ အေးတိအေးစက်ပင်။
ကျိသော်က စကားအနည်းငယ်သာ ပြောတတ်သူဖြစ်သည့်အတွက် သူ့ကို ချဉ်းကပ်၍ရရန်ခက်သည်။ သို့သော်လည်း သူ၏ခံစားချက်များက အမြဲတည်ငြိမ်နေပြီး ထိုမိုးရွာတဲ့နေ့မှာသာ ဆေးရုံတွင်အနည်းငယ် ခံစားချက်များ ထွက်ပေါ်လာခဲ့ဖူးသည်။
ထိုသို့သောလူက ရင်းနှီးရန်ခက်ခဲသော်လည်း အခြားရှုထောင့်မှကြည့်လျှင်တော့ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်သူနှင့် ဆက်ဆံရခြင်းက မတည်မငြိမ်ဖြစ်နေသူနှင့် ဆက်ဆံရခြင်းထက် ပိုကောင်းနေ၏။ ထို့အပြင် သူက အလွန် တာဝန်ကျေသူလည်းဖြစ်သည်။
လင်းချောင်က နှမ်းကိတ်မုန့်ကိုကိုက်လိုက်ရာ အရသာရှိပြီးကြွပ်ရွနေလေသည်။
“သူက မကူညီချင်တာမဟုတ်ပေမဲ့ မကူညီနိုင်တာပါ။ သူတို့ကို သူဘာလုပ်ပေးနိုင်မှာလဲ?သူတို့က သူ့မိသားစုပဲလေ။ သူတို့က ကျွန်မကိုပဲ ကောင်းကောင်းမဆက်ဆံတာ သူ့ကိုတော့ ကောင်းကောင်း ဆက်ဆံတယ်လေ။"
ကလေးတစ်ယောက်၏ ကမ္ဘာတွင် အရာအားလုံးက အဖြူအမည်းသာဖြစ်သည်။ ကမ္ဘာကြီးက အပေးအယူများ၊ မပြည့်စုံမှုများ ပြည့်နှက်နေကြောင်း လူကြီးများက နားလည်သည်။ လူတိုင်းက အရာအားလုံးကိုသိနေလျှင်လည်း ဘယ်လိုရှင်သန်နေထိုင်နိုင်မှာလဲ။
မစ္စတာကျိနှင့် ကျိသော်တို့ စိတ်ပျက်နေချိန်တွင်တောင် မျှော်လင့်ချက်ကို မစွန့်လွှတ်သေးကြောင်း သူမ မြင်နေရသဖြင့် ဤအရာများကို ပြောပြခဲ့ခြင်းဖြစ်သည်။ ကျိသော်က သူမပြောချင်သည်ကို သဘောပေါက်လျှင်ကောင်းသည်။ မဟုတ်လျှင်လည်း....
သူစိတ်မဝင်စားဘူးဆိုရင်တောင် လင်းဝေ့၏ ကိစ္စများက ကျိမိသားစုနှင့် ဘာမှမသက်ဆိုင်သဖြင့် သူမနားလည်န်ိုင်သည်။
လင်းချောင်လည်း ဆက်မပြောတော့ဘဲ အစားစားရန် အာရုံစိုက်လိုက်သည်။
"အင်း၊ ဒီဟင်းက အရသာရှိတယ်"
အစားအစာက အရသာရှိပြီး ကောင်းမွန်ကာ ယခင်ဘဝက သူမစားခဲ့ဖူးသော နာမည်သာရှိပြီးအရသာမရှိသော နာမည်ကြီးနေရာများနှင့်မတူပေ။
သူမက ကြော်ထားသည့်ကိတ်မုန့်ကို ကိုက်စားရင်း နှုတ်ခမ်းများတွင်လည်း ဆီများပေနေကာ စကားပြောရန်ပင်မတတ်နိုင်ဘဲ အစားအသောက်စားရင်း အလုပ်ရှုပ်နေခဲ့သည်။
သူမကိုကြည့်နေရင်း ကျိသော်က ရင်ထဲရှိကြိုးထုံးတစ်ခု နားမလည်နိုင်စွာ ဖြေလျော့သွားသလို ခံစားလိုက်ရ သည်။ နောက်ဆုံးတော့ သူ့အစ်ကိုကြီးက သူ့ကိုပခုံးပေါ်တင်ကာ အစားအသောက်စားရန် ခေါ်လာပေးနိုင်သူ မဟုတ်တော့ပေ။ မရီးဖြစ်သူနှင့် ရှောင်ဇယ်တို့က သူ့အစ်ကိုကြီး၏ မိသားစုများဖြစ်ပြီး ပို၍တောင်ရင်းနှီး နိုင်သေးသည်။
သူ နားမလည်နိုင်ခဲ့သည် မဟုတ်ဘဲ သူ ကောင်းကောင်းနားလည်ခဲ့သည်။ သို့သော်လည်း လက်ခံနိုင်ရန်က ဒီလောက်မလွယ်ကူပေ။
ကျိသော်က ခေါင်းငုံ့၍အစားအသောက် ဆက်စားနေခဲ့သည်။
“နောက် ဘယ်သွားချင်သေးလဲ။"
"ဟင်?"
လင်းချောင်က အစားအသောက်ကို အာရုံစိုက်စားနေသဖြင့် မေးခွန်းကို မမျှော်လင့်ထားခဲ့သည့်အတွက် ခဏရပ်သွားခဲ့၏။
"မနက်စာစားပြီးရင် မြို့ဟောင်း၊ နွေရာသီ အပန်းဖြေအိမ်နေရာတွေကို သွားလည်မလား။ ရုပ်ရှင်ကြည့်ချင်လား။ ဒါမှမဟုတ် ပြဇာတ်သွားကြည့်မလား။"
ဒါဆို သူက ရွီီလီရဲ့စကားကို နားထောင်တာပေါ့။
လင်းချောင်ကတော့ မလိုအပ်ဘူးဟု ခံစားရသည်။ သူတို့က ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးတွင်သာ ရှိကြသည့်အတွက် ထိုသို့အတူသွားလာရန်မလိုအပ်ပေ ။ ထို့အပြင် သူမက ယခင်ဘဝကလည်း ထိုနေရာများကို လည်ပတ်ခဲ့ဖူး၏။
သို့သော်လည်း သူမ သိချင်စိတ်တော့ရှိ၏။
"အခု မြို့ဟောင်းကိုလည်ပတ်ဖို့ လက်မှတ်ခက ဘယ်လောက်ရှိလဲ"
"သုံးယွမ်"
ကျိသော်က သူမသွားချင်သည်ဟု ထင်ခဲ့သော်လည်း သူမက တီးတိုးရေရွတ်လိုက်၏။
"ဒါက အိမ်ဈေးတွေတက်တာထက် ပိုပြီးအဓိပ္ပါယ်ရှိပါသေးတယ်"
"အိမ်ရပြီလို့ ပြောခဲ့တာမဟုတ်ဘူးလား။ အိမ်သွားကြည့်ရအောင်လေ။"
သူမက စိတ်မဝင်စားသည့်ပုံပင်။
ကျိသော်က လှုပ်ရှားမှုရပ်သွား၏။
"ကိုယ်လည်း အဲ့ဒီကိုမရောက်ဖူးသေးဘူး။"
"ဒါဆို အတူတူသွားရအောင်” လင်းချောင်က ထိုသ်ို့ပြောပြီးမှ မေးလိုက်သည်။
“ဒါမှမဟုတ် တခြားတစ်နေရာကို သွားချင်တာလား”
ကျိသော်က လည်ပတ်ကြည့်ရှုရခြင်းကို စိတ်မဝင်စားပါ။ ဧည့်သည်များ လာလည်လျှင်လည်း ရွှီလီကသာ ထိုနေရာများကို လည်ပတ်ရန် အမြဲလိုက်ပို့ပေးရ၏။ သူက ပျင်းစရာကောင်းသည်ဟု ခံစားမိပြီး အမြဲလိုလို ရှောင်ရန်သာ ကြိုးစားနေခဲ့သည်။ မကြာခဏ ရှာဖွေခဲ့သည်။ ယခုတစ်ကြိမ်တွင် လင်းချောင် ငြင်းလိမ့်မည်ဟု သူလုံးဝမထင်ထားပေ။
လင်းချောင်က သူ၏အမူအရာမှ တစ်ခုခုကို သတိထားမိသွားသဖြင့် ပြောလိုက်၏။
“အဲဒီနေရာတွေကို သွားလည်ဖို့ ကျွန်မအမေ ရောက်လာတဲ့အထိစောင့်ချင်တယ်"
ကျိသော်က အတည်မပြုသလို ငြင်းလည်းမငြင်းခဲ့ပေ။ သူမစားပြီးသည်နှင့် သူကထလိုက်ကာ ငွေရှင်းပေးလိုက်သည်။
"အိမ်သစ်ကို သွားရအောင်"
စစ်တပ်စခန်းသို့သွားသည့် ကားပေါ်မတက်ခင်မှာမှ လင်းချောင်က သူဘာလို့ တုံ့ဆိုင်းနေသည်က်ို နားလည်သွား၏။
ယခင်က ရှောင်ဖန်းက သူတို့ကိုရှန်ဟဲရွာသို့ လိုက်ပ်ို့ခဲ့သော်လည်း ပြန်လာပြီးနောက်တွင် ဖြေရှင်းရမည့်အရာများရှိခဲ့သည်။ ရှားရှားပါးပါး အားလပ်ချိန်ကို အခွင့်ကောင်းယူပြီး ကျိသော်က ရှောင်ဖန်းအား နှစ်ရက်အနားယူခွင့် ပေးထားသောကြောင့် မနက်ဖြန်အထိ သူပြန်လာမည်ဟုတ်ပေ။ ဒီခေတ်မှာ ဘတ်စ်ကားစီးရတာက တော်တော်ကောင်းသဖြင့် ဘယ်သူက စက်ဘီးစီးဖို့လိုမှာလဲ။
လင်းချောင်တွင် ညည်းညူစရာအကြောင်းမရှိပါ။ ကျိသော်၏ ဘေးတွင်ထိုင်နေသည့်အတွက် ဘတ်စ်ကားပေါ်တက်လာသည့် လူလေးငါးယောက်တိုင်းက သူတို့ကိုပို၍ကြည့်ကြသည်။ ဘတ်စ်ကားလူများလာသောအခါ ကျိသော်က သက်ကြီးရွယ်အိုတစ်ဦးအား သူ့ထိုင်ခုံပေးရန်အတွက် မတ်တပ်ထရပ်လိုက်သည့်အတွက် လူအများ၏ အာရုံကို ပို၍ပင်ဆွဲဆောင်နေခဲ့သည်။
ကျိသော် ရာထူးမတိုးမီက ပိတ်ရက်တိုင်း ဘတ်စ်ကားဖြင့်အိမ်ပြန်သဖြင့် အရပ်ရှည်ပြီး ချောမောကာ အသက် သုံးဆယ်နီးပါးအထိ တစ်ကိုယ်တည်းဖြစ်နေသူဖြစ်သည့် သူ့အကြောင်းကို ခရီးသည်များက သိကြသည်။ ယနေ့တွင် သူနှင့် အမျိုးသမီးငယ်တစ်ဦးကို တွေ့ရသည်မှာ သူတို့အတွက် အံ့ဩစရာတစ်ခုဖြစ်နေ၏။
စစ်တပ်စခန်းတွင် ဘတ်စ်ကားရပ်လိုက်သည့်အခါ တစ်ယောက်ယောက်က ပြောလိုက်သည်။
“ဒီနေ့ဘတ်စ်ကားပေါ်မှာ ဘယ်သူနဲ့တွေ့လဲသ်ိလား။ ဗိုလ်ကြီးကျိလေ၊ သူနဲ့အတူ မိန်းမငယ်လေးတစ်ယောက် ပါလာသေးတယ်။ သူချစ်သူရနေပြီထင်တယ်၊ တော်တော်မြင်ရခဲတယ်လေ..."
လင်းချောင်က ဒီအကြောင်းကို မသိခဲ့ပါ။ ကျိသော်တာဝန်ကျသည့် စစ်တပ်စခန်းက အတော်ကျယ်သည်က်ိုသာ သူမသတိထားမိခဲ့သည်။
ဘတ်စ်ကား မောင်းဝင်လာချိန်တွင် စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ ကျောင်းနှင့် ဆေးရုံများက်ို ဖြတ်လာရသဖြင့် လူဦးရေတစ်သောင်းကျော်ရှိသော မြို့ငယ်လေးတစ်ခုလို ဖြစ်နေ၏။
ကျိသော်၏ ရာထူးအဆင့်အရ သူ့ကို စတုရန်းမီတာ ကိုးဆယ်ကျယ်ဝန်းသောခြံဝင်းနှင့် နှစ်ထပ်အိမ်ငယ်လေးတစ်လုံး ရခဲ့သည်။ အပေါ်ထပ်တွင် အိပ်ခန်းနှစ်ခန်းပါရှိပြီး အောက်ထပ်တွင် ဧည့်ခန်းနှင့် မီးဖိုချောင်ရှိကာ အရှေ့ဘက်တွင် အုတ်နံရံဖြင့် ခြားထားသော ခြံဝင်းငယ်တစ်ခုရှိသည်။ အကျယ်ကြီး မဟုတ်သော်လည်း စတုရန်းမီတာကိုးဆယ် ကျယ်ဝန်းသည်ကို မျှဝေအသုံးပြုစရာမလိုသလို လှေကားကလည်း အပြင်ဘက်တွင် ရှိသဖြင့်လုံလောက်သည့်အနေအထားဖြစ်သည်။
ယန်ဒူမှလူများသည် သူတို့၏ ခြံဝင်းများတွင် တရုတ်ဆီးသီးပင်များ စိုက်ခြင်းကို နှစ်သက်ကြပြီး တရုတ်ဆီးသီးက ကောင်းသောကံကြမ္မာကိုကိုယ်စားပြုသည်ဟု ယုံကြည်ကြသည်။ လင်းချောင်က နံရံပေါ်မှထွက်နေသည့် တရုတ်ဆီးသီးပင်အကိုင်းအခက် အနည်းငယ်ကို မြင်လိုက်ရသည်။
ပထမဆုံးအမြင်အရ အလွန်ကောင်းသည်။ အထပ်နှစ်ထပ်ကို စစ်ဆေးပြီးနောက်မှာတော့ စိတ်ကျေနပ်မှုရခဲ့သည်။
ဆောက်လုပ်နေစဉ်အတွင်း လုံလောက်သောရန်ပုံငွေကြောင့် ဤနှစ်ထပ်အိမ်ငယ်ရှိ လှေကားများမှာကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့် လှေကားများဖြစ်သည်။ လမ်းတစ်လျှောက်တွင် လင်းချောင် မြင်ခဲ့သည့် ယာယီသံလှေကားများနှင့် မတူပေ။ သစ်သား သို့မဟုတ် သံလှေကားများက ခြေလှမ်းလှမ်းတိုင်း သတိပြုရသည်။
လင်းချောင်က လှေကားပေါ်ရှိ ဖုန်မှုန့်များဖြင့် ထိခဲ့သည့်လက်များကို ဖုန်မှုန့်ခါထုတ်လိုက်သည်။
“အဲဒါက တော်တော်ကောင်းတယ်။ ဒီတစ်ခုကိုပဲ ယူလိုက်ကြမလား။"
"ဒါဆို ဒီတစ်ခုကိုပဲ ယူကြတာပေါ့"
ကျိသော်က သဘောတူလိုက်သည်။
နှစ်ဦးသဘောတူညီချက်က လျင်မြန်စွာ ရရှိသွား၏။ သူတို့က ထိုနေရာတွင်ရှိနေပြီးသားဖြစ်၍ ကိရိယာတချို့ဝယ်ပြီး သန့်ရှင်းရေးလုပ်ရန် ဆုံးဖြတ်လိုက်သည်။