← Chapters

Chapter 20

Vol. 2 Ch. 20

Chapter 20

Vol. 2 Ch. 20

"အဖေ၊ ကျွန်မ ဒီတစ်လော အလုပ်မရှုပ်ပါဘူး။ အိမ်မှာက အလုပ်အများ ကြီးပဲ။ ကျွန်မလည်း ကူညီပေးပါ့မယ်။ ပြီးတော့ မင်္ဂလာပွဲနေ့မှာ အမေက ဧည့်သည်တွေကိုကြိုဆိုပြီး အလုပ်ရှုပ်နေမှာမလို့ တစ်ယောက်ယောက်က ယောက်မကို လူတွေနဲ့ မိတ်ဆက်ပေးဖို့လိုတယ်မလား။ ”

အဆင်မပြေဟု ခံစားမိသော်လည်း “ယောက်မ" ဟုခေါ်နိုင်သေးသည်။

အဖိုးကြီးက သူမကို တစ်ချက်ကြည့်လိုက်သည်။

"ကိုယ့်ကိုကိုယ် ဒုက္ခရှာစရာ မလိုပါဘူး။ ငါ တစ်ယောက်ယောက်ကို ခေါ်ထားပြီးပြီ။"

"တစ်ယောက်ယောက် ရှာထားတာလား"

ယဲ့မင်ရှူး အံ့အားသင့်သွား၏။

ဘယ်သူလဲဟု မေးတော့မည့်အချိန်တွင် ခြံတံခါးပွင့်လာခဲ့သည်။

“ကျွန်မကို တစ်ယောက်ယောက် လာကူကြပါဦး။ ဒီလက်ဆွဲအိတ်က လေးလွန်းတယ်။ သေမလိုပဲ။"

ယဲ့မင်ရှူးသာကြားရုံမက လင်းချောင်လည်း ကြားခဲ့သည်။ ရွှီလီက ပြုံးပြီး စာရင်းစာရွက်ကိုချလိုက်သည်။

"ရှောင်ယန် ပြန်လာပြီ"

လင်းချောင်က အသံလာရာကို လှမ်းကြည့်နေတော့ သူမက လင်းချောင်ကို ဆွဲခေါ်သွားလိုက်၏။

"သူမက ဒုတိယဦးလေးမိသားစုက သမီးလေ။ သူမမိဘတွေက စောစောစီးစီး ဆုံးပါးသွားတော့ ငါတို့နဲ့ပဲ ကြီးပြင်းလာခဲ့တာ။ သူ့ခင်ပွန်း ကျောက်ကွမ်ရှူးက သံရုံးမှာအလုပ်လုပ်ပြီး နိုင်ငံခြားကို ထွက်သွားတယ်လေ။ သူမ ပြန်မရောက်တာ နှစ်အနည်းငယ်ကြာပြီ။”

ဘေးအခန်းမှ ထွက်လာသောအခါ လင်းချောင်က အသားညိုညို မျက်နှာပိုင်ရှင် အမျိုးသမီးကို တွေ့လိုက်ရ၏။

အသက်သုံးဆယ်ကျော်ရှိ အမျိုးသမီးတစ်ဦး ဆံပင်တိုတို၊ နေကာမျက်မှန်တပ်ကာ နားဆွဲအရှည်ကြီးများ ဆွဲထားသဖြင့် စုန့်ကျင်းထက် ပို၍ခေတ်မီနေ၏။

လင်းချောင်ကိုကြည့်ရင်း သူမက နေကာမျက်မှန်ကို ချွတ်လိုက်၏။

"ဒုတိယသားက ကံကောင်းတယ်။ နွားအို မြက်နုကြိုက်ပဲ။"

ယဲ့မင်ရှူး ထွက်လာသည်နှင့် ဤစကားကိုကြားလိုက်ရပြီး သူမ၏ ကောင်းမနေခဲ့သော အမူအရာက ပို၍ပင် တင်းမာလာတော့သည်။

သို့သော်လည်း အဖိုးကြီးကတော့ ပြုံး၍ ကျိယန်ကို မေးလိုက်သည်။

“ကလေးနှစ်ယောက်ကို ဘာလို့မခေါ်လာတာလဲ"

"သူတို့က ကျောင်းတက်နေပြီ၊ ကျွန်မနဲ့လိုက်ဖို့ အချိန်မရှိဘူးလေ "

ကျိယန်က သူမ၏နေကာမျက်မှန်ကို ကော်လာတွင်ချိတ်လိုက်ပြီး အိတ်ထဲမှ လက်ဆောင်သေတ္တာကို အမြန်ထုတ်ကာ လင်းချောင်ကိုပေးလိုက်၏။

“ဒါက နိုင်ငံခြားက အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းအချို့ပါ။ ဒါပေမဲ့ မင်းရဲ့အသားအရေက အဲဒါတွေမပါရင်တောင် ကြည့်ကောင်းတယ်လို့ ငါထင်မိတယ်။"

လင်းချောင်က သူမ၏ယခင်ဘဝကလည်း ဤအရာများနှင့်ပတ်သက်ပြီး အတွေ့အကြုံ သိပ်မရှိသော်လည်း နိုင်ငံတကာတွင် နာမည်ကြီးသည့်တံဆိပ်တစ်ခုဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

နိုင်ငံခြားဘာသာစကားကို သူမမဖတ်နိုင်မည်ကိုစိုး၍ ကျိယန်ကပြောလိုက်သည်။

"အထဲမှာ အညွှန်းထည့်ပေးထားတယ်”

သူမက ပွင့်လင်းစွာပြောဆိုတတ်ပြီး တွေးပေးတတ်သူလည်းဖြစ်သည်။

လင်းချောင်က ချက်ချင်းဆိုသလို သူမကို အထင်ကြီးသွား၏။

"ဒါဆို ကျွန်မကောင်းကောင်းကြည့်ရမယ်၊ နိုင်ငံခြားဘာသာစကားကနေ စကားလုံးအချို့ကို သင်ယူလို့ရတာပေါ့။

သူမ၏ တုံ့ပြန်မှုက ယဉ်ကျေးသိမ်မွေ့ပြီး သူမ၏ နောက်ခံအကြောင်း အတွေးလွန်နေမည်ကို စိုးရိမ်ခဲ့သော ကျိယန်လည်း ယဲ့မင်ရှူးထက်သူမက အများကြီးသာလွန်ကြောင်း သ်ိခဲ့ရသည်။

ကျိယန်က ပွင့်လင်းရိုးသားမှုကို သဘောကျသဖြင့် ရွှီလီအားပြောလိုက်သည်။

"ဒုတိယသားက အမြင်ရှိသားပဲ။"

အစမှအဆုံးအထိ သူမက ယဲ့မင်ရှူးကို စကားမပြောသလို ယဲ့မင်ရှူးလည်း သူမထံသို့မချဉ်းကပ်ခဲ့ပေ။

"အဖေ၊ အမေ၊ ကျွန်မ သွားလိုက်ပါဦးမယ်။ အိမ်မှာ လုပ်စရာတွေ ရှိလို့လေ။"

အဖိုးကြီးရော ရွှီလီကပါ ဘာမှမပြောသလို ကျိယန်က လင်းချောင်ကို အထဲဆွဲခေါ်သွားလိုက်သည်။

"ချောကလက်တွေလည်း ယူလာတယ်၊ ကြိုက်လားတော့ မသ်ိဘူး။"

ကျိယန်က နှစ်အတော်ကြာ အဝေးတွင်နေခဲ့သည့်အတွက် အဖိုးကြီးနှင့်ရွှီလီတို့ဖြင်် ဆွေးနွေးစရာများရှိနေမည်ကို လင်းချောင် နားလည်သည်။ ခဏလောက်ထိုင်ပြီးနောက် စာဖတ်ရန်ခွင့်တောင်းကာ အိမ်နောက်ဖက်သို့ပြန်သွားလိုက်သည်။

သူမထွက်သွားပြီးသည်နှင့် ကျိယန်က ဇနီးမောင်နှံနှစ်ယောက်ကို အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။

”ဒါက ရှောင်ဇယ်နဲ့ ငယ်ငယ်က စေ့စပ်ထားတဲ့သူမလား။"

"မှတ်မိသေးတာလား"

ရွှီလီက သူမကိုဖုန်းခေါ်တုန်းက ဒီအကြောင်း မပြောခဲ့ပေ။

ကျိယန်က သူမ ခန့်မှန်းချက်မှန်မှန်း သိလိုက်ရသည်။

“အဲဒီတုန်းက ကျွန်မအသက်နှစ်ဆယ်ကျော်နေပြီ၊ဘယ်လိုမေ့နိုင်မှာလဲ? နောက်ပြီး သူ့ငယ်ဘဝပုံတွေကို မြင်ဖူးတယ်၊ သူ့မျက်လုံးတွေက တစ်ထပ် တည်းပဲ။”

ထို့နောက် သူမက တိုက်ရိုက်မေးလိုက်သည်။

" ရှောင်ဇယ်နဲ့ ငယ်ငယ်က စေ့စပ်ထားတဲ့သူကို အခု ဒုတိယသားကို ဘာလို့ပေးတာလဲ။ ဘာဖြစ်သွားတာလဲ။"

ဖုံးကွယ်ထားလို့မရသည့်အတွက် ဖုံးကွယ်ထားစရာလည်း မလိုပေ။ ရွှီလီက အတိုချုံးရှင်းပြလိုက်၏။

" ချောင်ချောင်က ဒါကိုမသိသေးဘူး၊ ဒါကြောင့် မပြောမိစေနဲ့။”

"သူမ မသိဘူး?"

ကျိယန် နားမလည်နိုင်ဖြစ်နေသည်မှာက သိသာထင်ရှားနေသောကြောင့် ရွှီလီက ထိုအချိန်က စာပို့ခဲ့သည့်အဖြစ်အပျက်ကို ပြောပြရလေသည်။

"ဒီမိသားစု..." ကျိယန်က ဘာပြောရမှန်းမသိတဲ့ အတွက် ဘာမှပြန်မပြောဘဲနေလိုက်သည်။

" ရှောင်ဇယ်နဲ့ အတူမနေတာက ပိုကောင်းလိမ့်မယ်။ အဲဒီယောက်မက မလိုလားဘူးဆိုရင် ရှောင်ဇယ်နဲ့ တကယ်လက်ထပ်ပြီးမှ နောက်ကွယ်မှာ သူမကိုဘယ်လိုနှိပ်စက်မယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။

တကယ်တော့ ကျိဇယ်က ကျိကျွင်းထက် ပိုပြတ်သားသည်။ သူသာ သူမကို တကယ်သဘောကျပြီး အဖိုးကြီး၏ ပံ့ပိုးကူညီမှုရှိလျှင် ယဲ့မင်ရှူးနှင့် အတူမနေသရွေ့ သူမကိုဘာမှလုပ်လို့မရပေ။ ဒါပေမဲ့ အဓိက အချက်ကတော့ ကျိဇယ်က သူမကို မကြိုက်တာကြောင့် ဒုတိယသားနဲ့နေတာက ပိုကောင်းသည်။ အနည်းဆုံးတော့ ဒုတိယသားက သူသဘောတူပြီးတာနဲ့ ကောင်မလေးကို နှိပ်စက်မှာမဟုတ်ချေ။

ဒါကိုတွေးမိရင်း ရွှီလီက ကျိယန်၏နားထဲသို့ တိုးတိုးလေးကပ်ပြောလိုက်သည်။

"သူက အဲဒီနေ့မှာပဲ သူမကို ဘဏ်စာအုပ်ပေးခဲ့တာ"

“တကယ်လား?”

ကျိယန် သံသယဝင်သွားခဲ့သည်။ ရွှီလီ ခေါင်းညိတ်ပြသည်ကိုမြင်တော့ သူမစုတ်သပ်လိုက်၏။

"ထင်တောင်မထင်ထားဘူး။ သူက ခန်းဝင်ပစ္စည်းကို အမြန်လွှဲပေးလိုက်တာပဲ။”

လင်းချောင်က ထမင်းစားပွဲမှာ သူမကို ပြန်တွေ့သည့်အခါ ကျိယန်က သူမကို အပေါ်အောက်စိုက်ကြည့်နေခဲ့၏။

လင်းချောင် အနည်းငယ် စိတ်ရှုပ်သွားသော်လည်း ကျိယန်က မရှင်းပြခဲ့ပေ။ ထိုအစား သူမကပြုံးပြီး ညစာစားပြီးလျှင်အားလားဟု မေးလိုက်သည်။

"ကျွန်မ ရေချိုးအိမ်မှာ ရေသွားစိမ်ချင်တယ်၊ နိုင်ငံခြားမှာ နှစ်အတော်ကြာ နေခဲ့ပြီး ဒါက ကျွန်မအလွမ်းဆုံးအရာပဲ"

သူမကို မျက်စိတစ်ဖက်မှိတ်ပြပြီးပြောလိုက်သည်။

“ဒီတစ်ခေါက် ပြန်လာတုန်းက မင်းနဲ့မတွေ့ခဲ့သေးဘူး။ နောက်တစ်ခါဆိုရင် မင်းကို ကောင်းကောင်းလေးတစ်ခု လက်ဆောင်ပေးမယ်။"

လင်းချောင်သည် ဤယောက်မဖြစ်သူက အလွန်စိတ်အားထက်သန်သော်လည်း စိတ်အနှောက်အယှက်မဖြစ်ဘဲ ပြောရဆိုရသက်တောင့်သက်သာရှိနေသည့်သူဖြစ်သည်ကို သိခဲ့ရသည်။ သူမက ယန်ဒူရှိမည်သည့်ရေချိုးအိမ်က သက်တောင့်သက်သာအရှိဆုံးဖြစ်သည်ကို သိသည်သာမက လျှို့ဝှက်နေသော စားစရာနေရာများစွာကိုလည်းသိသည့် ဒေသခံကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ စျေးဝယ်ပြီးရင် သူမကို အစားအသောက်စားဖို့ခေါ်သွားတတ်၏။

ရက်အနည်းငယ်ကြာတော့ လျိုယွိလန်၏ ပြန်စာရောက်လာ၏။ စာနှင့်အတူ ပစ္စည်းများလည်းပါလာသည်။ အိပ်ယာခင်းနှစ်စုံ၊ ခေါင်းအုံးစွပ်များနှင့် ချဉ်ထည် လက်မှတ်အချို့ဖြစ်သည်။

စာထဲတွင် လျိုယွိလန်က ယန်ဒူသည် အရမ်းဝေးလွန်းသဖြင့် မလာတော့ဘူးဟု ရေးထားသည်။ အိပ်ယာခင်းနှင့် ခေါင်းအုံးစွပ်များက လင်းချောင်အတွက် လက်ဖွဲ့ပစ္စည်းဖြစ်ပြီး ကိုယ်တိုင်ဝတ်ဆင်ရန် ချည်ထည်များဝယ်ယူရန်လည်း ပြောခဲ့သေးသည် ။သူမက အိမ်မှ အခြေအနေများကိုလည်း ပြောပြပြီး ကျိသော်နှင့်အတူ ကောင်းကောင်းနေရန် ပြောခဲ့သည်။

လျိုယွိလန်က အခြားသူများကို ဒုက္ခပေးတတ်သူမဟုတ်သလို မူလ လင်းချောင်နှင့်လည်း အလွန်မရင်းနှီးသဖြင့် လာမည်ဟု သူမလည်း မထင်ထားခဲ့ပေ။

လင်းချောင်သည် သူတို့ကြား မိုင်နှစ်ဆယ်ကျော် ကွာဝေးသည့်တိုင် လင်းမိသားစု၏ အခြေအနေကိုပြောပြသည့်အတွက် အံ့အားသင့်သွားခဲ့သည်။ တိတိအကျရေးထားသလို ဖြစ်သည့်အတွက် သူမအတွက် စုံစမ်းမေးမြန်းထားပုံရ၏။

လင်းဝေ့ကို လင်းရှို့ယီက ရိုက်နှက်ခံခဲ့သည်သာမ စွင်းရှို့ကျစ်နှင့် လင်းရှို့ယီတို့ အကြီးအကျယ်ရန်ဖြစ်ပြီး သူမက မိခင်အိမ်သို့ ပြန်သွားကြောင်းကိုလည်း ပြောပြထားသည်။ လင်းရှို့ယီက လင်းဟွေ့ကို မာရုန်လင်နှင့်လက်ထပ်စေလိုကြောင်း လူသိရှင်ကြားပြောခဲ့သည့်အတွက် ဖြစ်ရမည်။

ဖြစ်မလာခဲ့ဘူးဆိုသော်လည်း စွင်းရှို့ကျစ်ကတော့ သေချာပေါက် အလျှော့မပေခဲ့ပေ။ မာမိသားစုကလည်း ပို၍ပင်တက်ကြွလာသည်။ လင်းချောင်နှင့် ကျိသော် ထွက်သွားသည့်နေ့တွင် သူတို့က ရှင်းလင်းချက်ပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုလာကြသည်။

မင်္ဂလာလက်ဆောင်များ၊ ပေးပို့ခဲ့သော ပစ္စည်းများနှင့် မင်္ဂလာဆောင်စရိတ်များကိုလည်း စာရင်းပြုစုခဲ့ကြသည်။ သတို့သမီးကို လာခေါ်ရန် မာရုန်လင်နှင့် အတူပါလာသည့် သူငယ်ချင်းများက ရုတ်တရက် အကြွေးကောက်သူများဖြစ်လာပြီး ပိုက်ဆံမရလျှင် အိမ်ကပစ္စည်းများ ယူသွားကြသည်။

ရွာအတွင်းရေးမှူးကလည်း မျက်ကွယ်ပြုထားပြီး အိမ်နီးနားချင်းတွေကလည်း ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို ကြည့်နေကြသည်။ နောက်ဆုံးတွင် လင်းဝေ့က ရဲခေါ်ရန် မြို့ထဲသို့သွားလိုက်သဖြင့် ကိစ္စပြေလည်သွားသော်လည်း လင်းမိသားစုတွင် နှစ်ပေါင်းများစွာပြန်ဆပ်ရမည့် အကြွေးများကျန်ရှိနေခဲ့သည်။

"မင်းရဲ့ဦးလေးက မင်းအိမ်ထောင်ပြုသွားပြီမလို့ မင်းအဖွားရဲ့ ပစ္စည်းဟောင်းတွေ ပို့ပေးချင်တယ်လို့ပြောပြီး မင်းရဲ့လိပ်စာကို လာတောင်းတယ်။ ငါ မပေးလိုက်ဘူး၊ မင်းလည်း စာပြန်မရေးနဲ့။ သာ့ဝေ့က နေကောင်းပါတယ်၊ ဒဏ်ရာသေးသေးလေးပါပဲ။ မင်း စိတ်ပူစရာ မလိုပါဘူး။ မင်းဘဝကိုသာ ကောင်းကောင်းရှင်သန်ပါ။”

ဒီလိုအခြေအနေမျိုးမှာတောင် သူမလိပ်စာကို လိုချင်နေကြသေးသည်။ သူတို့၏ ရည်ရွယ်ချက်က တကယ်ကို မကောင်းခဲ့ပေ။ အကယ်၍ သူမနှင့် ကျိသော်သာ ဥပဒေအရ အကာအကွယ်ပေးထားသော စစ်တပ်တွင်းလက်ထပ်ထိမ်းမြားခြင်းမဟုတ်လျှင် သူတို့က သူမကိုခေါ်ဆောင်သွားမည်လား။

မာမိသားစုက အလွန်ညှာတာလွန်း နေသေးသည်ဟု လင်းချောင်ထင်ခဲ့မိသည်။ သူတို့ ရှင်သန်ဖို့လုံလောက်သည့် စားနပ်ရိက္ခာအချို့သာ ကျန်ခဲ့သင့်သည်။ ဒီလိုဆိုလျှင် စာရေးရန် ပိုက်ဆံလည်း မရှိတော့လောက်ပေ။

သူမက စာကိုဖယ်လိုက်ပြီး အိပ်ယာခင်းများကိုယူကာ ရွှီလီကို မေးလိုက်၏။ "အိမ်မှာ အိပ်ယာခင်းတွေ ဘယ်သူပြင်ပေးတာလဲ။"

ဒါက သူမအမေ၏ လက်ဆောင်ပစ္စည်းဟု ကြားသည်နှင့် ရွှီလီက အမြန်ယူလိုက်သည်။

“ငါ့ကို ပေးလိုက်ပါ။ ပြင်မပြီးသေးပါဘူး၊ ဒါတွေနဲ့ အတူတူပြင်လိုက်မယ်။ ဒီနှစ်ထည်ကို အိမ်သစ်ကိုယူသွားလို့ရတယ်၊ ကျန်တာကို မင်းနဲ့ဒုတိယသား ပြန်လာတဲ့အခါသုံးဖို့ ဒီမှာထားလ်ိုက်မယ်။”

"အစ်မ ကျွန်မဦးလေးနဲ့ တကယ်လက်ထပ်မှာလား"

အိမ်ထဲဝင်လာပြီး ဧည့်ခန်းထဲမှာ တီဗွီကြည့်နေသည့် ကျိလင်က သတင်းကြားရသဖြင့် မျက်တောင်ခတ်လိုက်သည်။

လင်းချောင်က သူမကို မတွေ့ရသည်မှာ ရက်အနည်းငယ် ကြာနေပြီဖြစ်၏။

"မင်း ဒီရောက်နေတာလား။"

ကျိလင်က "အင်း"ဟု ပြန်ပြောခဲ့သည်။ သူမအဖေနှင့်အစ်ကိုက အိမ်တွင်မရှိသဖြင့် အိမ်တွင်အခြေအနေ တင်းမာနေပြီး သူမလည်း အပြင်မထွက်ရဲပေ။ သူမက လုပ်စရာရှိ၍ ဒီနေ့ထွက်လာခဲ့ခြင်းဖြစ်သည်။

"အစ်မ ကျွန်မဦးလေးနဲ့ တကယ်လက်ထပ်မှာလား”

သူမက ယခင်မေးခွန်းအတွက် အဖြေရှာနေဆဲဖြစ်၏။

လင်းချောင်က ခေါင်းညိတ်ပြီးပြောလိုက်သည်။

"ဟုတ်တယ်၊ နောက်တစ်ပတ်ဆို လက်ထပ်တော့မယ်လေ။"

“ ကျွန်မ သိတာပေါ့၊ အဲဒီညက ဦးလေးက အစ်မရှေ့မှာ အဝတ်အစားတွေ ချွတ်နေထဲက အစ်မတို့နှစ်ယောက်တွဲနေတယ်ထင်ခဲ့ပေမဲ့ ဦးလေးက ဝန်မခံဘူးလေ။"

ကျိလင်၏ စကားများက ထိတ်လန့်တုန်လှုပ်စရာကောင်းသည့်အတွက် လင်းချောင်လို စိတ်ဓာတ်ကြံ့ခိုင်သူပင် ခဏတာ စကားမပြောနိုင်ခဲ့ပေ။

ကျိယန်က ကျိလင်၏ ပါးကို ဆွဲလိုက်သည်။ "ကလေးတွေက မဟုတ်တဲ့စကားတွေ မပြောသင့်ဘူး”

“ကျွန်မ မဟုတ်တာ ပြောတာမဟုတ်ပါဘူး!"

ကျိလင်က ပါးကိုဆွဲခံလိုက်ရသဖြင့် စကားများ ရှုပ်ထွေးနေခဲ့သည်။

"ကျွန်မကို မယုံဘူးဆိုရင် ကျွန်မရဲ့အနာဂတ်အဒေါ်ကို မေးကြည့်လိုက်လေ။ အဲဒီတုန်းက သူမက ဦးလေးအခန်းထဲမှာ ရှိနေခဲ့တာ။"

သူမက တည်နေရာကိုပါ အတိအကျ ပြောပြနေတော့ ရွှီလီလည်း အံအားသင့်သွားသည်။

ဒုတိယသားက စိတ်မရှည်သည့်သူမျိုး မဟုတ်ပေ။ ထို့အပြင် ကျိလင်ကလည်း ရက်ပေါင်းများစွာ အိမ်ကိုမလာခဲ့သည့်အတွက် ထိုအချိန်က ချောင်ချောင်က ကျိဇယ်နှင့် စေ့စပ်ထားသူဖြစ်နေဆဲဖြစ်သည်။ မဟုတ်ဘူးဆိုရင်တောင် သူမအပေါ်ဒီလိုအပြုအမူမျိုး မလုပ်သင့်ဘူး။ ဒါက မသင့်တော်ဘူးလေ။

ရွှီလီ၏ မျက်နှာပြောင်းလဲသွားသည်ကိုမြင်ရသဖြင့် လင်းချောင်က အလျင်အမြန် ရှင်းပြလိုက်သည်။

”သူ အဝတ်အစားမချွတ်ပါဘူး။ သူ ဝတ်နေတာပါ။"

ချွတ်နေတာနဲ့ ဝတ်နေတာ ဘာကွာခြားလို့လဲ။ မဝတ်ခင်က ကိုယ်လုံးတီးပဲ မဟုတ်ဘူးလား?

ရွှီလီက ပါးစပ်ကိုဟထားသော်လည်း ဘာပြောရ မှန်းမသိဖြစ်နေ၏။ ကျိယန်လည်း အံ့ဩသွားပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ကူကယ်ရာမဲ့ဖြစ်သွားသော လင်းချောင်က ထိုညက အခြေအနေကို အသေးစိတ်ရှင်းပြခဲ့ရသည်။

"ရှောင်လင် ဝင်လာတုန်းက ကျွန်မထွက်သွားတော့မလို့လုပ်နေတာပါ။"

ကျိသော်က ကျိလင်ကို ရှင်းပြပြီးပြီဟု သူမထင်ခဲ့သော်လည်း ရှင်းပြခဲ့ပုံမရပေ။

ရွှီလီလည်း ဒါကို သဘောပေါက်လိုက်သည်။

“ငါ့ရဲ့ ဒုတိယသားက ကိစ္စတွေကို မရှင်းပြတတ်ဘူး။ အဲဒီ့နေ့က ရှောင်ကျန်းကို ခိုင်းတာလဲလို့ ငါတွေးမိသေးတယ်။ အဲဒါက ဒီကိစ္စကြောင့် တမင် ရှောင်နေတာပဲ”

ဒီလိုပြောလိုက်တော့ ကျိသော်က စောစောစီးစီး ထွက်သွားပြီး နောက်ကျမှပြန်လာကာ တွေ့ရန်ခက်ခဲသွားသည်ကို လင်းချောင် သဘောပေါက်သွား၏။

အကြောင်းအရာကို ရှင်းပြီးပြီဖြစ်၍ ရွှီလီက လင်းချောင်ကို စကားအနည်းငယ်ပြောရန် ဆုံးဖြတ်လိုက်သည်။

"ဒုတိယသားက စကားအများကြီး မပြောတတ်ဘူး၊ သူက လူတွေကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုနေတာတော့ မဟုတ်ဘူး။ မင်းပြောစရာရှိရင် သူ့ကို တိုက်ရိုက်သာပြောပါ။”

လင်းချောင် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း ကျိလင်ကတော့ ထိုစကားကိုကြားပြီးနောက် အနည်းငယ် စိတ်ပျက်သွားပုံပေါ်သော်လည်း သူမ၏ ကျောင်းလွယ်အိတ်ထဲမှ သေတ္တာတစ်ဘူးကို ယူလိုက်၏။

“အစ်ကိုက ဒါကိုအစ်မနဲ့ဦးလေးကို ပေးပေးဖို့ ပြောလိုက်တယ်။"

ရှောင်ဇယ်က ချောင်ချောင်နဲ့ ဒုတိယသားကို တစ်ခုခုပေးခဲ့တာလား။

ရွှီလီနှင့် ကျိယန်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ကျိလင်ကို မေးလိုက်သည်။

"မင်းအစ်ကို ဘယ်မှာလဲ၊ ဘာလို့ သူ့ဘာသာသူမလာတာလဲ”

"အစ်ကိုက စစ်တပ်ထဲပြန်သွားပြီ။”

ကျိလင်က ပြောလိုက်၏။

”သူက မကြာခင်ကပဲ အလုပ်ရှုပ်နေခဲ့ပြီး အိမ်ပြန်မလာတာ အတော်ကြာပြီ။ ဒါကိုလည်း တခြားတစ်ယောက်ဆီကနေ ပြန်ပို့ပေးခဲ့တာပါ”

အရှက်ရမိသဖြင့် ရည်ရွယ်ချက်ရှိရှိ လင်းချောင်ကို ရှောင်နေပုံရသည်။ ဒါပေမဲ့လည်း အဆင်ပြေသည်။ ဒါက လင်းချောင်နှင့် ပတ်သက်သည့် သူ၏ခံစားချက်များကို ဖုံးကွယ်ထားနိုင်ခဲ့သည်။

ကျိယန်က ရယ်ပြီးစနောက်လိုက်၏။

"ဒီကလေးက လက်ဆောင်ပေးတတ်တယ်။ အဲဒါကိုဖွင့်ကြည့်လိုက်တော့။ ဘယ်လို ပစ္စည်းကောင်းလဲဆိုတာ ကြည့်ရအောင်။”

လူတိုင်းက သူမကိုဖွင့်ဖို့ တိုက်တွန်းနေသည့်အတွက် လင်းချောင် တုံ့ဆိုင်းမနေခဲ့ပေ။ သူမက ဘူးလေးကိုယူကာ စားပွဲပေါ်တင်ပြီး အဖုံးကိုဆွဲတင်လိုက်၏။

ဘူး၏ဘယ်ဘက်တွင် နာရီနှစ်လုံးရှိကာ အမျိုးသားဝတ်နှင့် အမျိုးသမီးဝတ် တစ်လုံးစီဖြစ်သည်။ လင်းချောင် သည် မာမိသားစုဝင်များ လက်ထပ်ရန် စကားစပြုလာသောအခါတွင်လည်း အလားတူနာရီများကို မြင်တွေ့ခဲ့ရသည်။ ထိုနာရီများက အလွန်နာမည်ကြီးသော ဆွစ်ဇာလန်အမှတ်တံဆိပ် မဟုတ်သော်လည်း ရိုမန်နာရီများဖြစ်ပြီး တစ်လုံးလျှင်လေးရာကျော်ကုန်ကျသည်။

ညာဘက်ခြမ်းတွင်တော့ အလွန်ချောမွေ့သည့် ငါးပုံစံကျောက်စိမ်းလက်ကောက်နှစ်ကွင်းရှ်ိသည်။ အရောင်အသွေးနှင့် အသွင်အပြင် အရအကဲဖြတ်ရလျှင် ရှေးဟောင်းပစ္စည်း ဖြစ်ပုံရသည်။ ဤရှေးဟောင်းပစ္စည်းများသည် ယခုအချိန်တွင် အဖိုးမတန်သေးသော်လည်း နှစ်အနည်းငယ်အတွင်း တန်ဖိုးများ တဟုန်ထိုးတက်လာနိုင်သည်။ လက်ရှိအချိန်တွင် ဘယ်ဟာက ပိုတန်ဖိုးရှိတယ်ဆိုသည်ကို ပြောရန်ခက်လှသည်။

လင်းချောင်က ဤအနာဂတ်တူလေးကို နှစ်ကြိမ်သာတွေ့ဖူးပြီး စကားတောင် မပြောဖြစ်ခဲ့သေးသော်လည်း သူက ကြီးမားသော လက်ဆောင်ကို ပေးခဲ့သေးသည်။ သူမက ရွှီလီကိုကြည့်လိုက်၏။

ရွှီလီ၏ ခံစားချက်များသည်လည်း ရှုပ်ထွေးနေခဲ့သည်။ ရှောင်ဇယ်က သူ့အမေလို မဟုတ်ပေ။ ရှောင်လွှဲလို့မရသော်လည်း ဒုတိယသားနှင့် ပတ်သက်သည့် ကိစ္စများကိုတော့ သူက တာဝန်ကျေသည်။

"သိမ်းထားလ်ိုက်။ မင်းနဲ့ ဒုတိယသားက သူလက်ထပ်တဲ့အခါ လက်ဆောင်ကြီးကြီး ပေးလို့ရတယ်လေ။"

လင်းချောင်က ဘာမှပြန်မပြောတော့ဘဲ ကျိသော်ထံသို့ လက်ဆောင်ဘူး ပေးလိုက်သည်။

ကျိသော်က ယူကြည့်ပြီး ပြန်ပေးလိုက်သည်။

“မင်္ဂလာဆောင်တဲ့နေ့မှာ ဝတ်လေ။"

သူကလည်း အံဆွဲထဲမှ နောက်ထပ်ဘူးတစ်ခုကို ယူလိုက်သည်။

"နှစ်ခု အလဲအလှယ်ဝတ်ပေါ့။"

ထိုအချိန်မှ လင်းချောင်က သူလည်း တံဆိပ်တူပြီး စတိုင်မတူသော နာရီတစ်လုံးဝယ်ခဲ့ကြောင်း သိလိုက်ရသည်။ သူသည် လုပ်ဖော်ကိုင်ဖက် များအပေါ် စေတနာထားပုံရသည်။ သူသာ အကူအညီတကယ်လိုအပ်ရင် သူမအကောင်းဆုံး ကူညီပေးမည်ဖြစ်သည်။

မင်္ဂလာမဆောင်မီ နှစ်ရက်အလိုတွင် အိမ်အသစ်ကို လုံးဝသပ်ရပ်စွာ ပြင်ဆင်ထားသည်။ ကျိသော်က တစ်ယောက်ယောက်ကို ပရိဘောဂများနှင့် အသုံးအဆောင်များအားလုံးကို ရွှေ့ခိုင်းထား၏။

မင်္ဂလာမဆောင်မီတစ်ရက်အလိုတွင် ရွှီလီနှင့် ကျိယန်တို့က ဇနီးမောင်နှံအတွက် အိပ်ရာခင်းများ သွားပြင်ခဲ့ကြပြီး မင်္ဂလာစာလုံးများ ပြင်ဆင်ခဲ့ကြသည်။ မင်္ဂလာပွဲနေ့တွင် လူအများအပြားကို ဖိတ်ကြားခြင်းမပြုဘဲ စားပွဲခြောက်လုံးသာရှိပြီး အရာရာတိုင်းကို ချောမွေ့စွာဆောင်ရွက်နိုင်ခြင်းကို ကိုယ်စားပြုသည့်သဘောဖြစ်၏။

စားပွဲတစ်လုံးက ကျိမိသားစု ကိုယ်ပိုင်ဖြစ်ပြီး ယဲ့မင်ရှူးမိသားစုနှင့် ကျိယန်၏ယောက္ခမများက စားပွဲထက်ဝက်စီဖြစ်သည်။ ကျိသော်၏ လုပ်ဖော်ကိုင်ဖက်များ၊ ရဲဘော်ရဲဘက်များနှင့် မိသားစု၏ ရင်းနှီးသော အိမ်နီးချင်းအချို့ဖြင့်ဆိုလျှင် ဧည့်သည်များအားလုံးက ရင်းနှီးသော မိတ်ဆွေများနှင့် ဆွေမျိုးများဖြစ်သောကြောင့် မိသားစုအတွက် သီးသန့်ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။ သို့သော် သူတို့အားလုံးက ရင်းနှီးသူများဖြစ်သောကြောင့် လင်းချောင်ထံ အကြည့်များက ဆန်းစစ်ဝေဖန်ခြင်းထက် အေးချမ်းပြီး ကောင်းချီးပေးကြသည့်အကြည့်မျိုးဖြစ်သည်။

All Chapters