Chapter 21
Vol. 2 Ch. 21
ယဲ့မင်ရှုးကသာ အစားအသောက် စားနေရင်းနှင့် ခါးသက်မှုကို ခံစားလိုက်ရသည်။
နောက်ဆုံးမှာတော့ အဖိုးကြီးက သူမကို မင်္ဂလာပွဲပြင်ဆင်ရာတွင် ကူညီပေးရန် မတောင်းဆိုခဲ့ပေ။ ယနေ့ပွဲ၌လည်း လင်းချောင်ကို ကျိယန်ကသာ လိုက်မိတ်ဆက်ပေးနေခဲ့ပြီး သူမနှင့်တော့ ခပ်ခွာခွာနေခဲ့သည်။ ထို့အပြင် အဖိုးကြီး၏ စာအိတ်အနီရောင်က ထိပ်တန်းလက်ဆောင်တစ်ခုဖြစ်ကြောင်း ထင်ရှားပြီး ရွှီလီကလည်း အရည်အသွေးကောင်းမွန်သော လက်ကောက်တစ်ကွင်း ပေးခဲ့သည်။ အဖိုးကြီးစုံတွဲက လင်းချောင်ကို ပို၍နှစ်သက်လေလေ လင်းချောင်ကို တွန်းထုတ်ခဲ့သည့် ယဲ့မင်ရှူးက ပို၍ရှက်လာလေလေဖြစ်သည်။
ဒါကို သူမ၏ ယောက်မဖြစ်သူက သတိထားမိပုံရပြီး သန့်စင်ခန်းထဲကို ဆွဲခေါ်သွားကာ မေးလိုက်၏။
“အဖိုးကြီးကို စိတ်ဆိုးအောင် လုပ်ခဲ့တာလား။ ဒါမှမဟုတ် ချွေးမအငယ်ကို အများကြီးပေးလို့ မပျော်တာလား။”
ယဲ့မင်ရှုး ဘာပြောနိုင်မှာလဲ။ အဲဒီလက်ဆောင်တွေက အစကပဲ သူမချွေးမအတွက် ရည်ရွယ်ခဲ့တာလား။
သူမတိတ်ဆိတ်နေတာကိုမြင်တော့ သူမယောက်မက သူမအထင်မှန်သည်ဟုထင်ကာ ဆက်ပြောလ်ိုက်သည်။
"မင်းအဖိုးကြီးက ဘက်လိုက်နေတာကြာပြီ။ မင်း စိတ်မချမ်းသာရင်တောင် မဖော်ပြနဲ့လေ။ ရှောင်ဇယ်က အကြီးဆုံးမြေးဖြစ်ပြီး မိသားစုစည်းကမ်းအရဆိုရင် သူက တစ်ဦးတည်းသော မြေးဖြစ်နိုင်တယ်။ မင်းဘာကိုကြောက်နေတာလဲ။”
သူမယောက်မ ရှောင်ဇယ်အကြောင်း ပြောသံကိုကြားတော့ သူမပိုစိတ်ရှူပ်သွားသလို ခံစားခဲ့ရသော်လည်း အမှန်အတိုင်း မပြောနိုင်တာကြောင့် ပြောလ်ိုက်၏။
“ကျွန်မသားထက်ငယ်တဲ့ မိန်းကလေးကို ယောက်မလို့ မခေါ်ချင်ရုံပါ။ သူမရဲ့ နောက်ခံကို ကြည့်ကြည့်လိုက်တော့ ယန်ဒူက ဘယ်သူမဆို သူမ ထက်သာတယ်။ အဖိုးကြီးက ကျွန်မနောက်ခံကိုလည်းသဘောမကျခဲ့ဘူး။ ရှောင်ဇယ်ကို သူမလိုလူမျိုးနဲ့ မိတ်ဆက်ပေးလာရင်ရော။ ကျွန်မ ဘယ်လိုလုပ်ရမလဲ။"
ကျိယန်က သန့်စင်ခန်းသို့ လင်းချောင်ကို လိုက်ပို့နေချိန်တွင် ဤစကားကိုကြားလိုက်ရပြီး ချက်ချင်းမျက်ခုံးပင့်လိုက်၏။ ဒီမှာဘာတွေပုန်းပြီး ပြောနေတာလဲလို့ ကျယ်လောင်စွာ မေးခါနီးတွင် လင်းချောင်လည်း သူမအနားတွင် ရှိနေသည်ကိုသတိရပြီး ရှက်ရွံ့သွားမည်ကို စိုးရိမ်သဖြင့် သူမ၏ အမူအရာကို အမြန်ကြည့်လိုက်၏။
လင်းချောင်က ဤအကြောင်းကြောင့် ယဲ့မင်ရှူး သူမကို မလိုခဲ့သည်ကို သိလိုက်ရသဖြင့် သိပ်၍တုံ့ပြန်ခြင်းမရှိခဲ့ပေ။
ကျိယန် ဘာမှမလုပ်ဆောင်နိုင်ခင် လင်းချောင်က ရှေ့ကိုလှမ်းသွားပြီး တံခါးခေါက်လိုက်၏။
"ပြီးကြပြီလား။ အပြင်မှာ စောင့်နေတဲ့လူတွေ ရှိတယ်နော်။"
အတွင်းမှအသံများ ရုတ်တရက်ရပ်သွားကာ ဘယ်သူမှ စကားမပြောဘဲ ခဏလောက်နေလိုက်ကြသည်။
အရှက်ရခြင်း သို့မဟုတ် အသံတိတ်ခံနိုင်ရည်လည်းမရှိခဲ့ပေ။ ယဲ့မင်ရှူးက သူမကို မကြိုက်မှန်း လင်းချောင်က အစကတည်းက သိခဲ့ပြီး ဘယ်လောက်ပဲလုပ်လုပ် စိတ်ကျေနပ်မှုရရန် လုပ်ပေးနိုင်မည်မဟုတ်ပေ။
သူမ၏ ကိုယ်ပိုင်ဘဝကို ကောင်းမွန်စွာနေထိုင်ပြီး သူမအား ကောင်းမွန်စွာဆက်ဆံခဲ့သော ဖိုးဖိုးကျိနှင့် ရွှီလီကို ကျေးဇူးသိတတ်ခြင်းက ပိုကောင်းလိမ့်မည်။ သေချာပေါက် သူမက စားသောက်ဆိုင်တွင် ယဲ့မင်ရှူးနှင့် ငြင်းခုံရန် မရည်ရွယ်ထားပေ။ တံခါးခေါက်လိုက်ပြီးနောက် သူမက တည်ငြိမ်စွာ ပြန်လာခဲ့သည့်အတွက် ကျိယန်က အလွန်သဘောကျခဲ့သည်။
ခဏအကြာတွင် ယဲ့မင်ရှူးနှင့် သူ့ယောက်မတို့ ပြန်လာပြီး လင်းချောင်ကိုတွေ့သောအခါ အနည်းငယ်ရှက်ရွံ့သွားကြသည်။
လင်းချောင်က သတိမထားမိဟန်ဆောင်ကာ သန့်စင်ခန်းသို့ သွားခဲ့သည်။ သူမပြန်လာသောအခါ ကျိယန်က သူမကို နှုတ်ခမ်းနီ ပြန်ဆိုးပေးလိုက်သည်။ ကျိသော်နှင့် ဆက်ပြီး မင်္ဂလာဆုတောင်းစကား ပြောတော့မည့်အချိန်တွင် မထင်မှတ်ထားသည့်သူ တစ်ယောက်ကို တွေ့လိုက်ရ၏။
လင်းချောင် ဆေးရုံ၌ရှိနေချိန်တွင် အဖိုးကြီးက ကျိဇယ်၏ လက်တွဲဖော်နှင့် ပတ်သက်၍ မကျေနပ်သည်လား ယဲ့မင်ရှူးက ကျိဇယ်၏ လက်တွဲဖော်ကို တစ်ခါတည်းခေါ်လာသဖြင့် မကျေနပ်သည်လား သေချာမသိခဲ့ပေ။ ထိုအချ်ိန်က သူမနှင့်တစ်ခုခုပတ်သက်နေ၍လားဟု တွေးခဲ့မိသည်။
နောက်ပိုင်းတွင်တော့ သူမက ကျိသော်နှင့်စေ့စပ်ထားသည်ကို သိလိုက်ရပြီးတော့ အဖိုးကြီးက စုန့်ကျင်းကို သဘောမကျသည်လား၊ ယဲ့မင်ရှူးက ထင်ရာလုပ်လွန်းသည်ဟု တွေးမိသည်လား ဒါမှမဟုတ် မြေးဖြစ်သူအတွက် သူသဘောမကျသော ချွေးမရှာလာသဖြင့် မကျေနပ်ဖြစ်သည်လားဟု တွေးမိပြန်တော့သည်။ ဒါကြောင့် ဧည့်သည်များ စာရင်းလုပ်သောအခါ ကျိမမိသားစုက စုန့်ကျင်းကို မဖိတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ လင်းချောင် မအံ့သြခဲ့ပေ။
အဆုံးမှာတော့ အပ်ချုပ်ဆိုင်မှာ တွေ့ခဲ့ချိန်က ရွှီလီ၏ သဘောထားက အများကြီး ရှင်းပြခဲ့သည်။ သူမကို ပိုအားသင့်စေခဲ့သည်ကတော့ စုန့်မိသားစုက ဖိတ်စာစာရင်းမှာ မပါဝင်ပေမဲ့ စုန့်ကျင်းကတော့ ရောက်လာခဲ့သေးသည်။
အမျိုးသမီးငယ်က ယနေ့ အလွန်စမတ်ကျစွာဝတ်ဆင်ထားပြီး အဖြူရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကာ ကျောင်းသူလေး၏ အသွင်အပြင်ပျောက်၍ ကျွမ်းကျင်သော အမျိုးသမီးတစ်ဦး၏ အသွင်အပြင်ကို ပေါ်နေ၏။ သူမ ပေါ်လာသည်နှင့်တပြိုင်နက် ဧည့်သည်များက ယခင်ကောလာဟလများကို သတိရသွားကာ မျက်လုံးများကလည်း သိချင်သည့်အကြည့်နှင့် စနောက်သည့်အကြည့်များဖြင့် ကျိမိသားစုဝင်များကို ကြည့်လိုက်ကြသည်။
သို့သော်လည်း ကျိမိသားစု၏ မျက်လုံးများကတော့ ယဲ့မင်ရှူးအပေါ်ရှိနေပြီး အထူးသဖြင့် အဖိုးကြီးနှင့် ကျိသော်တို့၏ အမူအရာများကတော့ ဖတ်၍မရပေ။
အတုန်လှုပ်ဆုံးကတော့ ကျိကျွင်းနှင့် ကျိဇယ်တို့ဖြစ်သည်။ တစ်ယောက်က အလုပ်တွင်နေပြီး နောက်တစ်ယောက်က စစ်တပ်မှာနေသော်လည်း သူတို့နှစ်ယောက်က ယဲ့မင်ရှူးနှင့် မင်္ဂလာဆောင်အတူလာခဲ့သည့်တိုင် ဆက်ဆံရေးက တင်းမာနေဆဲဖြစ်သည်။ ထို့ကြောင့် ယဲ့မင်ရှူးက အဖိုးကြီးကို စေ့စပ်ပွဲအတုနှင့် ပတ်သက်၍ ဝန်ခံခဲ့သည်ကိုမသိဘဲ စုန့်မိသားစုကို ဖိတ်ခေါ်ခဲ့သည်ဟုသာ တွေးနေကြသည်။
ယဲ့မင်ရှူးက ပြောစရာစကားမရှိတော့ပေ။ သူမက အဖိုးကြီးနှင့် ပတ်သက်၍ အမှားကြီးမှားခဲ့သဖြင့် ယခုအချိန်တွင် စုန့်မိသားစုကို ဘယ်လိုဖိတ်ရဲမှာလဲ။
ထို့အပြင် သူမက ကလေးဘဝစေ့စပ်မှုကို ဖြတ်ပစ်ရန်အတွက် ရှောင်ဇယ်၏ လက်တွဲဖော်အဖြစ် ဟန်ဆောင်ရန် စုန့်ကျင်းကိုရှာခဲ့ခြင်းဖြစ်သည်။ အခု လင်းချောင်က ဒုတိယသားကို လက်ထပ်လိုက်ပြီဖြစ်သည့်အတွက် သူတို့ကို အတူတွဲပေးဖို့ လိုအပ်သေးလို့လား။
ယဲ့မင်ရှူးက အဖိုးကြီးနှင့် ကျိကျွင်းကို ဘယ်လိုရှင်းပြရမည်ကို တွေးနေချိန်၌ ထိုသူက သူမထံလျှောက်လာခဲ့သည်။ ရွှီလီက သူမကိုကြည့်ပြီး သက်ပြင်းချလိုက်ချိန်တွင် လင်းချောင်က ပြုံးပြီး ရှေ့တိုးလိုက်သည်။
"ကြည့်ပါဦး။ ကျွန်မ အလုပ်ရှုပ်လွန်းလို့ မေ့သွားတယ်။ကြိုဆိုပါတယ် လာထိုင်ပါဦး။ ကျွန်မ အမေ မလာလို့ ဒီမှာနေရာရှိတယ်။"
သူမက ဧည့်သည်စာရင်း မလုပ်ခဲ့သော်လည်း နွေးထွေးစွာကြိုဆိုပြီး ပင်မစားပွဲသို့ခေါ်သွားကာ တာဝန်ကျေအောင်ဧည့်ခံခဲ့သည်။
စုန့်ကျင်းက ကျိဇယ်နှင့် တကယ်ပဲ တစ်ခုခုပတ်သက်နေလျှင် အဒေါ်အသစ်တစ်ယောက်အနေနှင့် သူမအပြစ်ဖြစ်လိမ့်မည်။ မဟုတ်ရင်တော့ သူမအပြစ်လည်း မဟုတ်ပေ။
ထို့အပြင် ကျိမိသားစုက ဧည့်သည်စားပွဲခြောက်ဝိုင်းသာ ဖိတ်ကြားခဲ့သည့်အတွက် စုန့်ကျင်းကို မဖိတ်ခဲ့သည်မှာသေချာ၏။ လျင်မြန်သည့်အသိရှိသူများက တစ်ခုခုကို သိနိုင်သွားလိမ့်မည်။
ရွှီလီက စကားများကို ထိန်းထားပြီး ကျိယန်ကလည်း အခုမှပြန်လည်အသိဝင်လာသော ယဲ့မင်ရှူးကို တစ်ချက် ကြည့်လိုက်သည်။
ထိုသို့သော စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျွမ်းကျင်မှုဖြင့် လင်းချောင် သူမကြောင့် စိတ်ဆိုးမည်ကို ဘာလို့ စိုးရိမ်နေရတာလဲ။ မလိုအပ်ဘဲ စိုးရိမ်နေတာပဲ။
တစ်ဖက်တွင်တော့ စုန့်ကျင်းက အမူအရာ အပြောင်းအလဲသိပ်မပြဘဲ ပြောလိုက်သည်။
"ကျွန်မ ခဏဝင်ခဲ့တာပါ။ ကျောင်းပြန်သွားရဦးမယ်။”
သူမက စာအိတ်အနီတစ်အိတ်ကို ထုတ်ယူပြီးပေးလိုက်၏။
“ဒါက လက်ဆောင်ပါ။ ရှင်နဲ့ဦးလေးတို့ သာယာ ပျော်ရွှင်တဲ့အိမ်ထောင်ရေးနဲ့ သားသမီးတွေ အများကြီးရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။”
လင်းချောင်က ပြုံး၍လက်ခံလိုက်တော့ သူမက ပင်မစားပွဲဆီသွားပြီး ကျိဇယ်ကိုပြောလိုက်သည်။
“နောက်လမှာ အတန်းပြန်ဆုံပွဲတက်မှာလား”
ယဲ့မင်ရှူးက သူမကို ဖိတ်ထားသည်ဟုတွေးခဲ့ပြီး ကျိဇယ်ကမလှုပ်မယှက် ထိုင်နေကာ အဆင်မပြေဖြစ်နေခဲ့သည်။ သို့သော်လည်း စုန့်ကျင်းကိုတော့ သဘောထားဆိုးဆိုးဖြင့် မဆက်ဆံခဲ့ပေ။ သူမ မေးသောအခါ သူက အတတ်နိုင်ဆုံး ပုံမှန်အတိုင်း အသံထွက်နိုင်အောင်ကြိုးစားလိုက်သည်။
"ဘယ်အချိန်လဲ”
"နောက်လကုန်လောက်ပေါ့။ မစ္စတာဝမ်က ပင်စင်ယူတော့မှာမလို့ အားလုံးက သူ့ကိုထမင်းဖိတ်ကျွေးချင်နေတာ။"
“ထမင်းကျွေးချင်ကြတယ်”
မစ္စတာဝမ်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ဖြေဆိုချိန်တွင် ကျောင်းသားအများအပြားကို အပိုအတန်း များသင်ပေးကာ ကူညီပေးခဲ့သည့် သူတို့၏ အထက်တန်းကျောင်းဆရာဖြစ်သည်။ ကျိဇယ် မသွားဘဲမနေနိုင်ပေ။
"ဟုတ်ပြီလေ အချိန်ကိုပြန်ပြောပေးဦး။"
"ဒါဆို အဲ့အချိန် ဖုန်းခေါ်လိုက်မယ်။"
စုန့်ကျင်းက နားရွက်ကိုလက်ဖြင့်ပုတ်ပြီး ရင်းနှီးသည့် လူကြီးအချို့ကို နှုတ်ဆက်ကာ ထွက်သွားတော့သည်။
သူမထွက်သွားသည်နှင့်တပြိုင်နက် ယဲ့မင်ရှူးလည်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သို့သော် စုန့်ကျင်းက သူမကို ဒုက္ခရောက်စေရန် ဘာလို့လက်ဆောင်လာပေးသည်ကို သူမ နားမလည်နိုင်ဘဲ စိတ်ရှုပ်မိ၏။ ဒါပေမယ့် စုန့်ကျင်းကလည်း သူမ၏မျက်စိအောက်တွက် ကြီးပြင်းလာခဲ့သူဖြစ်ပြီး သူမကလည်း အမြဲတမ်း သဘောကျခဲ့သူဖြစ်သည်။
သူမက ရှောင်ဇယ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသဖြင့် သူ့ ဦးလေး၏ မင်္ဂလာဆောင်သို့ မလာလျှင် မသင့်တော်ဟု ခံစားခဲ့ရပုံရသည်။ ထို့အပြင် သူမက အနီးကပ်ထိုင်နေသဖြင့် အတန်းပြန်လည်တွေ့ဆုံပွဲအကြောင်း သူတို့ပြောသည်ကိုလည်း ကြားလိုက်ရသည်။
သို့သော်လည်း နောက်ပိုင်းတွင် ကျိကျွင်းကို ရှင်းပြရမည်ကိုတွေးရင်း ယဲ့မင်ရှူး ခေါင်းကိုက်သွားခဲ့သည်။ သူမ သတိမထားမိဘဲ အရက်ခွက်ပေါင်းများစွာကို သောက်လိုက်မိသည်။
မင်္ဂလာဆုတောင်းစကားပြောပြီးနောက် လင်းချောင်လည်း နောက်ထပ် သုံးခွက်သောက်ရန် နှိုးဆော်ခံခဲ့ရသည်။
သူတို့အားလုံးက လူငယ်များဖြစ်ပြီး ကျိသော်၏ ရဲဘော်များနှင့် လုပ်ဖော်ကိုင်ဖက်များက နောက်ဘက်ခပ်လှမ်းလှမ်းတွင် ထိုင်နေကြသည်။ စားပွဲပေါ်ရှိ အစိမ်းရောင်စစ်ယူနီဖောင်းများထဲတွင် လင်းချောင်နှင့် ရင်းနှီးသည့် မျက်နှာများစွာရှိသည်။ အရင်က ကူညီရန်အခိုင်းခံခဲ့ရသည့်အတွက် နောက်ဆုံးမှာတော့ ဒီလူတွေက သူမကို အရက်သောက်ဖို့ တိုက်တွန်းရန် အခွင့်အရေးရခဲ့လေပြီ။
"မရီးက ယောက်ျားတစ်ယောက်လိုပဲ သတ္တိရှိတယ်၊ နောက်တစ်ခွက်သောက်ပါဦး။"
"ဟုတ်တယ် ဟုတ်တယ် ကျွန်တော်တို့က အိမ်သစ်ကိုကူပြင်ပေးထားတာနော်။ ဘာမှ မရလို့မဖြစ်ဘူး။"
အချိို့က သူမခွက်ကို စစ်၍စလိုက်သေးသည်။
"ရေသောက်နေတာတော့ မဟုတ်ဘူးမလား။"
ကျိသော်က ဒါကိုကြားတော့ လင်းချောင်၏ လက်ထဲမှ ခွက်ကိုယူကာ ကုန်အောင်သောက်လိုက်ပြီး ခွက်အလွတ်ကို ထိုသူရှေ့ချပြလိုက်သည်။
ထိုသူကလည်း တကယ့်အရက်များဖြစ်သည်ကို အနံရ၍သ်ိလိုက်၏။ ရေသာဆိုလျှင် ဘာလို့သူက သူ့မိန်းမကို ကူသောက်ပေးမှာလဲ။ သံသယများပျောက်သွားပြီး ဆက်၍ ကျီစယ်ကြပြန်တော့သည်။
လင်းချောင်ကသာ ဘာစကားမှမပြောဘဲ ထိုသူကိုကြည့်လိုက်သည်။
သူ၏ မျက်ခုံးထူထူများ မျက်ဝန်းနက်များဖြင့် အမြဲလိုလို မျက်နှာထားတင်းနေသူက နောက်ပြောင်ကျီစယ်တတ်သည့် အမူအရာနှင့် မလိုက်ဖက်ပေ။ သူ့ကို ဒီလောက်ထိ ဟန်ဆောင်ကောင်းလိမ့်မည်ဟုလည်း သူမ မထင်ထားခဲ့ချေ။ သူမက အခုလေးတင် အရက်ထဲရေရောထားသည်ဖြစ်သည်ကို သူက ကူသောက်ပေးနေသေးသည်။ သူကိုယ်တိုင်လည်း လျှော့သောက်ချင်၍ ဖြစ်ရမည်။
သေချာစွာပဲ ခွက်အနည်းငယ်သောက်အပြီးမှာတော့ ထိုလူက မျက်နှာထားတင်းတင်းဖြစ်လာပြီး စကားပြောလည်းနည်းလာတော့၏။ ဒါကိုမြင်တော့ အသက်ကြီးသူအချို့က တားလိုက်၏။
"ဟုတ်ပြီဟုတ်ပြီ သူ့ကို အရမ်းမမူးစေနဲ့။ ခယ်မလေးက အလျင်လိုနေပြီ။"
ကျိသော်က မလှုပ်မယှက် ထိုင်နေသည်ကိုမြင်တော့ လူအချို့က သူ့ကိုတွဲပြီး လင်းချောင်ထံ တွန်းပို့လိုက်သည်။
ဒီခြေတံရှည်ရှည်နှင့်လူက လင်းချောင်ထိန်းနိုင်ရန် လေးလွန်းနေသဖြင့် သူတကယ်မူးနေမည်ကို လင်းချောင်စ်ိုးရိမ်ခဲ့သည်။ သို့သော် ထိုအစိမ်းရောင်ဝတ်စုံနှင့်လူများ မြင်ကွင်းမှပျောက်သွားသည်နှင့် မူးနေခဲ့သူက မတ်တတ်ရပ်လိုက်၏။
"ကိုယ် မျက်နှာသွားသစ်လိုက်ဦးမယ်။"
သူ၏ မျက်လုံးများက ကြည်လင်နေပြီး အသံကလည်း တည်ငြိမ်နေကာ မူးနေသည့်အရိပ်အယောင် လုံးဝမရှိပေ။
လင်းချောင်က မလိုအပ်ဘဲ စိတ်ပူမိသွားသည်ကို နားလည်သွားတော့၏။ ဒီလူ၏ အဆင့်နှင့်သာဆိုလျှင် ထိုသူများ သူ့ကိုအနိုင်ရရန် နှစ်အနည်းငယ်လောက် ကြိုးစားရဦးမည်။
သေချာစွာပဲ သူတို့ထွက်သွားသည်နှင့် ထိုသူများက ဆက်သောက်နေပြီး မူးနေကြပြီဖြစ်သည်။ သူတို့ထွက်သွားချိန်တွင် အချင်းချင်းတွဲထားရပြီး ကျိသော်ကို မင်္ဂလာပွဲခွင့်ရက်ပြီးလျှင် ထပ်သောက်ရန်ပြောနေသေးသည်။
ထပ်သောက်လျှင်လည်း ကျိသော်နှင့်ယှဉ်နိုင်မည်မဟုတ်ဟု လင်းချောင်မပြောနိုင်တော့ပေ။
သူတို့ပြန်သွားပြီးနောက် ပင်မစားပွဲတွင် ယဲ့မင်ရှူးလည်း အတော်ကိုသောက်ထားသည်ကို တွေးလိုက်ရ၏။ သူမ၏ မျက်လုံးများလည်း နီရဲနေကာ အတွေးလွန်နေပုံရသည်။
သူမ၏ ယောက်မလုပ်သည်က ခေါ်ကြည့်သော်လည်း သူမဘာမှပြန်မပြောသဖြင့် ကျိကျွင်းကိုခေါ်လိုက်၏။
"ရှင် သူမကို အိမ်အရင်ပြန်ပို့လိုက်ပါလား။"
ကျိကျွင်းက စိတ်ဆိုးနေသေးသဖြင့် မင်္ဂလာပွဲအတွင်းလည်း သူမနှင့်စကားမပြောခဲ့ချေ။ သို့သော်လည်း သူမ၏ ပုံစံက ငိုမဲ့မဲ့ဖြစ်နေသဖြင့် ယောက်မအကြီးက မင်္ဂလာပွဲတွင်ငိုနေလျှင် မင်္ဂလာမရှိဟု တွေးမိသည်။ မသင့်တော်သည့် စကားတစ်ခုခု ပြောလိုက်ပြန်လျှင်လည်း အခြေအနေများ ပိုဆိုးသွားရလိမ့်မည်။ သူက မျက်နှာတည်တည်ဖြင့်သာ သူမကိုတွဲထူလိုက်သည်။
"အဖေ၊ အမေ၊ အစ်မ၊ ကျိသော်နဲ့ ချောင်ချောင် ကျွန်တော်တို့ပြန်ပါတော့မယ်နော်။"
သူက မတ်တတ်ရပ်လိုက်ပြီး သားဖြစ်သူ ကျိဇယ်ကို ကြည့်လ်ိုက်၏။
ကျိဇယ်က မလှုပ်ခဲ့ပေ။
"ကျွန်တော် ဒီမှာနေပြီး ကူရှင်းလင်းပေးဦးမှာ၊ ပြီးရင် တပ်စခန်းကိုပဲ ပြန်မယ်။"
ဒီစကားကြောင့် ယဲ့မင်ရှူး၏မျက်ဝန်းများ ပို၍နီလာပြီး ကျိကျွင်းက တက္ကစီငှားလိုက်၏။
သူတို့ အိမ်ရောက်သည်နှင့် သူက သူမကို ဆိုဖာပေါ်တင်လိုက်၏။
"ကျိသော်ရဲ့ နေ့ထူးနေ့မြတ်မှာ မင်းဘာတွေလုပ်နေတာလဲ။"
ဒါကိုကြားတော့ ယဲ့မင်ရှူးက သူ့ပခုံးကိုဖက်ပြီး ငိုတော့၏။
"ကျိကျွင်း၊ ကျိကျွင်း ကျွန်မတောင်းပန်ပါတယ်။ ကျွန်မမှားခဲ့ပါတယ်။ အမှားကိုလည်း သိနေပါပြီ။"
"မင်း အမှားကိုသိလျက်နဲ့ အဖေစိတ်ဆိုးအောင် သူမကိုဖိတ်သေးတယ်လေ။"
ကျိကျွင်းက သူမကိုတွန်းဖယ်ရန် လုပ်သော်လည်း ယဲ့မင်ရှူးက တင်းကျပ်စွာကိုင်ထား၏။
"ရှောင်ကျင်း လာမယ်ဆိုတာ ကျွန်မဘယ်လိုသ်ိမှာလဲ။ကျွန်မ ဟန်ဆောင်တဲ့အကြောင်း အဖေ့ကိုပြောပြီး တောင်းပန်ပြီးပြီလေ။ ဘာလို့ရူးပြီး စုန့်မိသားစုကို ဖိတ်ရမှာလဲ။"
"မင်းမဖိတ်ရင် ဘယ်သူဖိတ်မှာလဲ။"
ကျ်ိကျွင်း အံအားသင့်သွားတော့၏။
"ရှင် ဆယ်ရက်လောက် အိမ်ပြန်မလာတာကို ကျွန်မကဖိတ်ရဲပါ့မလား။ ရှင်နဲ့ ရှောင်ဇယ်မရှိလို့ ကျွန်မ အိမ်မှာ ဘယ်လောက်တောင် ကြောက်နေခဲ့ရလဲ ရှင်မသိပါဘူး။ကျွန်မ တံခါးကို နှစ်ခါတောင် ထပိတ်နေရလို့ အိမ်နီးချင်းတွေက ကျွန်မကို ရယ်ကြတယ်..."
သူမက ကျိကျွင်း၏ အင်္ကျီလက်ကို ဆွဲလိုက်၏။
"အစ်ကို ကျွန်မ အမှားကိုသိပါပြီ။ စိတ်မဆိုးပါနဲ့တော့နော်။"
.....
ညအခါ မီးပိတ်လိုက်ပြီးနောက်တွင် အဖိုးကြီးက ရွှီလီကို သူတို့သားကြီးအကြောင်း ပြောလိုက်၏။
"သူပြန်ရင် ချွေးမအကြီးက ငိုပြီးတောင်းပန်မယ်၊ ပြီးရင် သူတို့ပြန်ပြေလည်သွားမှာပဲ"
"သားနဲ့ ချွေးမကို အပျော်ပျက်ပြီး မြန်မြန်ကွာရှင်းစေချင်လို့လား"
ရွှီလီက ရယ်ကာ ပြန်မေးလိုက်၏။
"သားကြီးက ဒီလိုစိတ်ဓာတ်မျိုးရှိရင် ပိုကောင်းမှာပဲ။"
တကယ်တော့ သူက စကားသက်သက်ပြောနေခြင်းဖြစ်သည်။ ယဲ့မင်ရှူးသည် ကျိမိသားစုအတွက် ကျိဇယ်နှင့် ကျိလင်ကို မွေးဖွားပေးခဲ့သည်။ ကလေးများအတွက် သူတို့သည် လွယ်လွယ်ကွာရှင်း၍မရပေ။