Chapter 22
Vol. 2 Ch. 22
"ပြီးသွားတာကောင်းတယ်။ သူတို့ပြေလည်ရင် အဆင်ပြေပြီ။ ငါတို့က ထိန်းချုပ်လို့မရဘူးလေ။ သားကြီးသင်ခန်းစာရပါစေလို့ပဲ မျှော်လင့်တယ်။ သူ့မိန်းမက ထပ်ပြဿနာရှာရင် ဒုတိယသားနဲ့ ချောင်ချောင်ကိုတွေးပြီး အရှုံးမပေးဖို့ပဲ မျှော်လင့်မိတယ်။"
"လင်းချောင်အကြောင်းပြောမှပဲ" ရွှီလီ၏ အသံတွင် ရယ်မောသံပါလာ၏။
"ဒီနေ့လာတဲ့သူတွေက ဂုဏ်သိက္ခာရှိသူတွေချည်းပဲ။ ချောင်ချောင်က မကိုင်တွယ်တတ်မှာစိုးနေတာ ဒါပေမဲ့ သူမက လူတိုင်းထက်ပိုပြီး ထက်မြက်တယ်။ လူအများကလည်း ကျွန်မကိုချီးမွမ်းကြတယ်။ ဒုတိယသားလို ရေခဲတုံးကတောင် သူမ သန့်စင်ခန်းသွားနေချိန်မှာ သူမရဲ့ဝိုင်ခွက်ထဲ ရေထည့်ပေးဖို့ လျှို့လျှို့ဝှက်ဝှက်တောင်းခဲ့သေးတယ်။"
"ဟုတ်လား။ ငါမသိလိုက်ဘူး"
အဖိုးကြီးက ဆိုလိုက်၏။ ရွှီလီ၏ အတည်ပြုစကားကိုကြားပြီးနောက် သူ စဉ်းစားမိ၏။
"ချောင်ချောင်ကို ဒုတိယသားနဲ့ အတူထားတာကပဲ ကောင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်မယ်ထင်တယ်။"
"ဟုတ်တယ်၊ ဒုတိယသားက ငယ်ငယ်တုန်းကတော့ ဒီလိုမဟုတ်ဘူး။"
ဤအကြောင်းပြောရာတွင် အရင်က အကြောင်းများပါလာသဖြင့် အဖိုးကြီးက ဆက်မပြောတော့ပေ။
"အကြီးဆုံးချွေးမဖြန့်ခဲ့တဲ့ မဟုတ်တဲ့သတင်းတွေကို စုန့်မိသားစုက သိမယ်ထင်လား"
"သိမယ်ထင်တာပဲ။"
ရွှီလီက မရေရာစွာဖြေလိုက်သည်။
"သိတယ်ဆိုရင် ငါတို့ကို ရှောင်မနေဘဲ သူတို့သမီးကို မင်္ဂလာဆောင်ကိုလာခိုင်းတာက ဘာကြောင့်လဲ"
သူတို့မိသားစုသာဆိုလျှင် သူမနှင့် ရှောင်ဇယ်ကြားဆက်နွှယ်မှုကို အတည်ပြုမှာမဟုတ်လျှင် လူကိုလာခိုင်းမည်မဟုတ်ပေ။ ယဲ့မင်ရှူးက သူတို့မိသားစုကို ထိုသို့ပြောခဲ့လျှင် သူတို့က သူမနှင့် ရန်ဖြစ်ရလိမ့်မည်။ မိန်းကလေးတစ်ယောက်က ရုတ်တရက် ခင်ပွန်းလောင်းရှိလာပြီး မင်္ဂလာဆောင်နီးကပ်လာလျှင် သူမ၏ အနာဂတ်ကို ဘယ်လိုဆက်သွားတော့မှာလဲ။
ရွှီလီက ခဏလောက်တွေးလိုက်၏။
"စုန့်မိသားစုခေါင်းဆောင်က ကျွန်မတို့ရှောင်ဇယ်ကို သဘောကျနေလို့ဖြစ်မယ်။ သူတို့ကြီးပြင်းလာတာက ငယ်ငယ်တည်းက အတူတူဆိုတော့လေ။"
အဖိုးကြီးက ခေါင်းခါလိုက်၏၊
"ပြောရခက်တယ်။ စုန့်မိသားစုက အကြံအစည်များတယ်။ အရင်က သူတို့အများကြီး ဒုက္ခရောက်ခဲ့တယ်၊ ခေါင်းဆောင်ပြိုလဲပြီးမှပဲ ရပ်တန့်သွားတာ။"
ရွှီလီက သတိရလာသည်။
"အပ်ချုပ်ဆိုင်မှာတွေ့တုန်းက သူတို့က ချောင်ချောင်အကြောင်း အရမ်းစိတ်ဝင်စားကြတယ်၊ စုန့်ကျင်းကိုလည်း သူမနဲ့အဆင်ပြေအောင်နေဖို့ တိုက်တွန်းကြတယ်။"
သူမက စကားလှည့်ပြောလိုက်၏။
"ကျွန်မတို့ ရှင်းပြသင့်လား"
"ဘာကိုရှင်းပြမှာလဲ။ စုန့်မိသားစုက တခြားရည်ရွယ်ချက်ရှိရင် ဘယ်လိုရှင်းရှင်း အကျိုးမရှိဘူး။ ချွေးမအကြီးကလည်း ရှောင်ဇယ်နဲ့ ချောင်ချောင် ကြားကိစ္စကို မရှင်းနိုင်ဘူး။ သူတို့က သိပြီးသားလေ။"
ဤအကြောင်းကို တွေးမိသောအခါ အဖိုးကြီးက နှုတ်ခမ်းကို ရွဲ့၍ပြောလိုက်၏။
"သူမက သူတို့လက်ထဲကို အချက်အလက်တွေ ပေးလိုက်တယ်။ ပြီးတော့ သူမသားက ဉာဏ်ကောင်းတယ်လို့ ထင်နေသေးတယ်"
ဇနီးဖြစ်သူ မျက်နှာတင်းမာနေသည်ကိုမြင်တော့ အဖိုးကြီးက စိတ်သက်သာရာရစေရန် ပြောလိုက်၏။
"စိတ်မပူနဲ့။ သူတို့မှာ တခြားရည်ရွယ်ချက်ရှိရင်တောင် လွယ်လွယ်နဲ့ ထုတ်မပြောနိုင်ကြဘူး။ ငါတို့ကိုဒေါသထွက်အောင်လုပ်ရင် သူတို့အတွက်လည်း အကျိုးမရှိဘူး။ ငါကလည်း အသက်ကြီးလာပြီ၊ အများကြီးမစီမံနိုင်တော့ဘူး။ မနက်ဖြန် ဒုတိယသားကို ဘာတွေသိထားလဲမေးလိုက်မယ်"
အရှေ့ခြံရှိ အသစ်လုပ်ထားသောအိမ်တွင် လင်းချောင်က ရေချိုးပြီးဖြစ်ကာ ကျိယန်ယူလာသော အသားအရေ ထိန်းသိမ်းရေးပစ္စည်းများကို စားပွဲပေါ်တွင်ထိုင်၍လိမ်းနေသည်။
သူမနောက်တွင် ကျိသော်က အိပ်ရာကို ပြင်ဆင်ပြီးအဝတ်များချွတ်နေသည်။ တိတ်ဆိတ်နေသောအခန်းထဲတွင် အဝတ်အသံများ ဆူညံနေပြီး ထိုမျှော်လင့်မထားခဲ့သောနေ့ကို သူမ သတိရမိသည်။
လင်းချောင်က ယခင်ကအကြောင်းအရာကို ပြန်ထုတ်ပြောလိုက်၏။
"ရှောင်ဇယ်နဲ့ စုန့်မိသားစုက မိန်းကလေး..."
အရင်က သူက သူမကိစ္စမဟုတ်ဟုထင်ခဲ့၍ မမေးခဲ့သော်လည်း ယခု သူတို့က သူမ၏မင်္ဂလာဆောင်သို့ ရောက်လာသည့်အတွက် မေးမြန်းလိုက်ခြင်းဖြစ်သည်။
နောက်မှအသံများ ခဏရပ်တန့်သွားပြီး ပြန်ပြောလိုက်၏။
"ဘာမှမဖြစ်ခဲ့ဘူး။ မရီးက လိုက်ဖက်မယ်ထင်ပြီး စီစဉ်ပြီးနေတာ အဖေက သဘောမကျတဲ့သူနဲ့ စီစဉ်မှာစိုးလိုလေ။"
အဖိုးကြီးက မသင့်တော်သူနှင့် စီစဉ်မည်စိုးသည့်အတွက် သူမက အရင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကျိသော်၏စကားက အဓိပ္ပါယ်ရှိသည်။ လင်းချောင်ကိုလည်း အဖေက ကျ်ိသော်အတွက် စီစဉ်ပေးခဲ့ခြင်းပင်။ သူတို့ချစ်ကြိုက်နေခြင်းမဟုတ်သည့်အတွက် လင်းချောင်ကတော့ အနာဂတ်တွင် ဘယ်လိုနေထိုင်ရမည်ကို သိထား၏။
"ပြီးတော့ အမေပြောတာကြားတယ်၊ အစ်မယန်က ဦးလေးကြီးမိသားစုရဲ့သမီးဆို။ ကျွန်မတို့အဖေက မိသားစုထဲမှာ ဘယ်လိုနေရာလဲ?တခြားညီအစ်ကိုတွေရောရှိလား။"
သူမ၏သူငယ်ချင်းက အမျိုးသားဇာတ်ဆောင်တွင် အထင်ကြီးစရာကောင်းသော ဦးလေးတစ်ယောက်ရှိကြောင်း ပြောဖူးသည်။ သို့သော် ထိုအချိန်က သူမသည် ဂရုမစိုက်မိ၍ ဇာတ်လိုက်အမည်ကိုပင် မမှတ်မိခဲ့ပေ။ စာအုပ်ထဲသို့ ဝင်ရောက်ရသည်ကို အမှန်တကယ်ဖြစ်မည်ဟု သိခဲ့လျှင် မူရင်းစာအုပ်ကို အစအဆုံးဖတ်ကာ အာဂုံပါဆောင်ထားခဲ့လိမ့်မည်။ မဟုတ်လျှင်လည်း သူမ၏အမည်ကို အမြန်ပြောင်းလိုက်မည်။ အမေတောင် မှတ်မိနိုင်မည်မဟုတ်သည့်အမည်ပြောင်းပြီး ဘယ်ဇာတ်ကောင်နှင့်မှ အမည်မတူကို နေခဲ့မည်ဖြစ်သည်။
မျှော်လင့်မထားဘဲ ခဏကြာသည်အထိ တုံ့ပြန်သံမရှိ။
လင်းချောင်က လှည့်ကြည့်လိုက်သည်၊
"ဘာဖြစ်လို့လဲ"
သူမ၏အကြည့်က ထိုယောက်ျား၏အင်္ကျီအောက်မှ ထင်ရှားနေသော ရင်ဘတ်ကို ရောက်သွားသဖြင့် လျှင်မြန်စွာ မျက်နှာလွှဲလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။"
ကျိသော်က လက်ကြယ်သီးများချွတ်ရန် လက်ကိုမြှောက်ကာ ပုံမှန်ထက်ပို၍ အေးဆေးသောအသံဖြင့် ပြောလိုက်သည်။
"ကိုယ့်အဖေက မိသားစုထဲမှာ ဒုတိယသားလေ။ အဝေးလံမှာ နေတဲ့ဦးလေးတစ်ယောက်လည်း ရှိသေးတယ်၊ ဒါကြောင့် သူ့ကိုမနှောင့်ယှက်ရဲခဲ့ပါဘူး။"
"မနှောင့်ယှက်ရဲဘူး" ဟု ဆိုခြင်းက ထိုဦးလေးသည် အမှန်တကယ် ဩဇာကြီးမားသူဖြစ်ကြောင်း ဖော်ပြနေသည်။
လင်းချောင်က သာမန်မေးခွန်းတစ်ခုသာ မေးခဲ့ခြင်းဖြစ်သည်။ နောက်မှလူ အိပ်ရာပေါ်လှဲနေသည်ကို သိရပြီး သူမလည်း အသားအရေ ထိန်းပစ္စည်းများကိုပိတ်ကာ မီးပိတ်ရန် ထလိုက်သည်။ အမှောင်ကို အခွင့်ကောင်းယူကာ အဝတ်အစားလဲပြီး စောင်ကို မြှောက်လိုက်သည်။ ထိုအမျိုးသားက အိပ်ရာကြီး၏ အတွင်းဘက်တွင် လှဲနေပြီး သူ့အတွက် နေရာထက်ဝက်ကျန်ရစ်ခဲ့သည်။
သူတို့နှစ်ဦးစလုံး စကားမပြောကြတော့ဘဲ နေရာသည်လည်း တိတ်တဆိတ် ဖြစ်သွားသည့်အတွက် လင်းချောင် ကျေနပ်စွာလှဲချလိုက်သည်။
အခန်းထဲတွင် တိတ်ဆိတ်မှု ပြန်လည်ဖုံးလွှမ်းသွားပြီး နာရီသံများနှင့် ရောထွေးနေသော အသက်ရှူသံများသာ ကျန်ရစ်ကာ သူတို့ဘေးတွင် သူစိမ်းတစ်ဦးစီရှိနေကြောင်း သတိပေးနေသည်။
အိပ်ရာမှာ မကျယ်လှသည့်အပြင် ထိုအမျိုးသား၏ လက်နှင့်ခြေထောက်များမှာ ရှည်လျားနေသဖြင့် လင်းချောင်သည် သူ့ခန္ဓာကိုယ်မှ ထွက်လာသော အပူရှိန်ကိုပင် အနည်းငယ်ခံစားရသည်။
တစ်ကိုယ်တည်း ဆယ်စုနှစ်ကျော်အိပ်ခဲ့သူဖြစ်သည့်အတွက် ကျိသော်က အိပ်ရာထဲတွင် လင်းချောင်ရှိနေမှုကို ပြင်းထန်စွာ သတိထားမိသည်။ အသက်၁၈နှစ်အရွယ် မိန်းကလေးသည် အသားအရေထိန်းပစ္စည်းများလိမ်းပြီးနောက် လေထဲတွင် နူးညံ့သောရနံ့များ ကျန်ရစ်နေသည်။
အသက်၂၇နှစ်နီးပါးရှိပြီဖြစ်သော ကျိသော်သည် နှစ်ပေါင်းများစွာကို ယောက်ျားများသာ ပြည့်နေသော တပ်ထဲတွင် ကုန်ဆုံးခဲ့သည်။ သူ ဘာမှမသိဟု ပြောရန်ခက်၏။ သို့သော် လင်းချောင်သည် အမှန်တကယ်ငယ်ရွယ်နေဆဲဖြစ်ပြီး လွန်ခဲ့သော နှစ်လကမှ ၁၈နှစ်ပြည့်ခဲ့သူဖြစ်သည်။ ယခင်ကတည်းက စေ့စပ်ထားမှုကြောင့် သူသည် လင်းချောင်ကို အငယ်တစ်ယောက်အဖြစ်သာအမြဲဆက်ဆံခဲ့သည်။
လင်းချောင်က ယခင်က သူ့ကို "ဦးလေး" ဟု အမှန်ပင်ခေါ်ဝေါ်ခဲ့ကာ ယခုလို ရုတ်တရက် ငယ်ရွယ်သူနှင့် ကြုံရတော့ သူအနည်းငယ် စိတ်လှုပ်ရှားမိသည်။
လင်းချောင်လည်း စိတ်ရှုပ်နေပုံရသည်။ လဲလျောင်းနေရင်း သူမ မသိစိတ်ကအလိုလို အနည်းငယ် ခွာသွားသည်။ ခဏကြာတော့ သူမက “အင်း…” ဟု တိုးတိုးလေးပြောလာခဲ့သည်။
မျက်လုံးမှိတ်ထားရင်း ကျိသော်က မေးလ်ိုက်၏။
"ဘာဖြစ်လို့လဲ။"
"ရှင်အိပ်တဲ့အခါ ဟောက်တတ်လား?" လင်းချောင်က သူ့ကို လုံးဝမထင်မှတ်ထားသည့် မေးခွန်းတစ်ခုကို လေးလေးနက်နက် မေးလိုက်ခြင်းပင်။
ဤအရာက ကျိသော်၏ မျက်လုံးများကို ပွင့်စေခဲ့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူကဖြေလိုက်၏။
"ဟင့်အင်း"
လင်းချောင်လည်း အဝလွန်သူများသာ ဟောက်နိုင်ချေများကြောင်း တစ်နေရာမှ ကြားဖူးထားသည်။
ကျိသော် မေးရိုးသည် ချွန်ထက်နေပြီး ကြံ့ခိုင်သော်လည်း ကြွက်သားများက အလွန်အမင်းမကြီးမားပေ။ သူက ဟောက်တတ်သူတစ်ဦးနှင့် လုံးဝမတူပေ။
လင်းချောင် စိတ်သက်သာရာရခဲ့သည်။
ကျိသော်က သူမ၏ စိုးရိမ်မှုကို လျှော့ချရန် ကြိုးစားနေသည်ဟု ထင်မှတ်ကာ စကားစမြည်ပြောရန် အသင့်ရှိနေခဲ့သည်။ သို့သော် မိန်းကလေးငယ်က မေးခွန်းမေးပြီးနောက် ငြိမ်သက်သွားခဲ့သည်။ သူက ခဏစောင့်သော်လည်း သူမ၏ဘက်မှ တုံ့ပြန်မှုမရှိခဲ့ပေ။
စိတ်ပင်ပန်းမှု လျော့သွားသည်ဖြစ်စေ မလျော့သွားသည်ဖြစ်စေ၊ လုပ်ရမည့်အရာကိုတော့ လုပ်ရမည်သာဖြစ်သည်။ ကျိသော်က လှည့်လိုက်ပြီး ဘေးနားမှသူမ၏ ခါးကို လက်ဖြင့်ပွေ့ယူလိုက်သည်။ သူ၏လှုပ်ရှားမှုကြောင့် လင်းချောင်၏ အင်္ကျီလက်တိုလေးမှအစွန်းများလိပ်သွားကာ သူမ၏ ချောမွေ့နုနယ်သော အသားအရေနှင့် ထိတွေ့မိသွား၏။
အမှန်အားဖြင့် သူမသည် အနည်းငယ်ပိန်လှီနေပြီး သူ၏ကြီးမားသောလက်ထဲတွင် ပြည့်မနေခဲ့ပေ။ အမျိုးသားတို့၏ မာကျောသောကြွက်သားမျိုးမဟုတ်ဘဲ နူးညံ့မှုက သူ့အတွက် အံ့သြစရာဖြစ်နေသည်။ ကျိသော်၏ လက်သည် ခဏရပ်တန့်သွားပြီး နောက်တစ်စက္ကန့်တွင် သူမကို ပိုမိုဆွဲကပ်ကာ သူ့ဘေးသို့ဆွဲယူလိုက်သည်။ သူကိုင်းလိုက်သည့်အချိန်တွင် သူ့အာရုံထဲ၌ တစ်စုံတစ်ရာ မမှန်ကန်ကြောင်း ခံစားလိုက်ရသည်။
သူ့ရင်ခွင်ထဲတွင် ရှိနေသူသည် အလွန်နူးညံ့လွန်းနေသည်။ သစ်ရွက်တစ်ရွက်ကဲ့သို့ ပေါ့ပါးနေကာ သူ၏ထိတွေ့မှုကို သတိမထားမိဟုပင် ထင်ရသည်။
သူက သူမ၏အမည်ကို ခေါ်ကြည့်သည်။
"လင်းချောင်"
လင်းချောင် မတုံ့ပြန်ခဲ့ပါ။
ကျိသော်၏ လက်က သူမ၏ခါးမှ ရုတ်တရက် ဖယ်လိုက်၍ မျက်နှာကို ပုတ်လိုက်၏။
"လင်းချောင်"
ထပ်မံ၍လည်း တုံ့ပြန်မှုမရှိ။
ထို့ကြောင့် သူမက သူ့ဟောက်သံကြောင့် အိပ်ရာဝင်ချိန်ကို အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်နေခြင်းဖြစ်မည်...
လင်းချောင်က တစ်ညလုံးအိပ်ပျော်နေသဖြင့် နိုးလာသောအခါ တက်ကြွလန်းဆန်းနေသည်။
သူမ၏ ခန္ဓာကိုယ်သည် ပင်ပန်းနေသောကြောင့် နက်ရှိုင်းစွာ အိပ်ပျော်ခြင်းဖြစ်ပေမည်။ ဒါမှမဟုတ် မကြာသေးမီက မိုးမရွာထားသောကြောင့် အိပ်ရာက ပို၍နွေးနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
လင်းချောင်လည်း ပုံမှန်အတိုင်း လက်အကြောဆန့်ရန် လှုပ်ရှားလိုက်သောအခါ နွေးထွေးမှုသည် စောင်၏အပူမဟုတ်ဘဲ ထိုအမျိုးသား၏ ရင်ဘတ်မှ ဖြစ်နေကြောင်း သတိထားမိလိုက်ရသည်။ အိပ်ပျော်နေချိန်က သူတို့နှစ်ဦးသည် အိပ်ရာ၏ အစွန်းတစ်ဖက်စီယူကာ မကျူးကျော်ခဲ့ကြပါ။ သို့သော် သူမက ဘယ်လိုလုပ် သူ့လက်မောင်းကို ခေါင်းအုံးအဖြစ်အသုံးပြုကာ သူ့ဖက်သို့ ရောက်နေရတာလဲ။
ဒီယောက်ျားက ခေတ်သစ် လျိုရှဟွေ့ ကဲ့သို့ သီလကို စောင့်ထိန်းသူဖြစ်ပြီး နှစ်ပေါင်းများစွာ အိမ်ထောင်ကျပြီးနောက်တွင်ပင် အမျိုးသားဇာတ်ဆောင်အဖြစ် ရပ်တည်နေသူဖြစ်သည်။ သူသည် သူမကို ဘာမှလုပ်မည်မဟုတ်။ ညအချိန် အလွန်အေးပြီး သူမက မသိစိတ်ဖြင့် အပူရှာရင်းသူ့ဆီသို့ ကပ်သွားခြင်းသာဖြစ်မည်။
လင်းချောင်လည်း မြန်မြန်ဆန်ဆန် သူမဘက်သို့ လှည့်ပြန်ကာ ယနေ့ညတွင် ရေနွေးဘူးယူထားရန် ဆုံးဖြတ်လိုက်သည်။
သူမ၏လှုပ်ရှားမှုကြောင့် ကျိသော်လည်း နိုးလာသည်။ သူက အိပ်ရာဘေးရှိ နာရီကို ကောက်ယူကြည့်လိုက်ပြီး ပြောလိုက်၏။
“ခြောက်နာရီခွဲ”
ယခင်ဘဝတုန်းက လင်းချောင်အတွက် ဤအချိန်သည် စောလွန်းသေးသော်လည်း၊ ဤခေတ်တွင် လူများသည် နံနက်စာစားပြီး ကျောင်းသို့သွားရန်၊ အလုပ်သို့သွားရန် အသင့်ရှိနေကြပြီဖြစ်သည်။
ကျိသော်က မနက်စောစော ထလေ့ရှိသူဖြစ်သည်။ သူက လက်ပတ်နာရီကို လက်ကောက်ဝတ်တွင် ပတ်လိုက်ပြီး အင်္ကျီနှင့်ဘောင်းဘီကို ကောက်ယူကာ ထလိုက်သည်။
"ကိုယ် မျက်နှာသစ်ဖို့သွားမယ်။ မင်း နောက်ထပ်အိပ်လို့ရတယ်”
မနက်စောစော လှုပ်လှုပ်ရှားရှားဖြစ်ပြီး ကောင်းမွန်သည့် ကိုယ်ခန္ဓာပုံစံကို မြင်ရပြီးနောက် လင်းချောင် ဘယ်လို ပြန်အိပ်နိုင်မှာလဲ။
ထို့အပြင် ယခင်ဘဝတွင် ညနက်သည်အထိ နိုးနေခြင်းဖြင့် သူမ၏ကျန်းမာရေးကို ထိခိုက်စေခဲ့သည်။ ယခုဘဝတွင် ထိုကဲ့သို့သော အလေ့အထမျိုးကို ဆက်လုပ်ရန် မဝံ့တော့ပေ။ မကြာသေးမီက ရက်အနည်းငယ်အတွင်း စောစောထဖို့အကျင့်လည်း ဖြစ်နေခဲ့သည်။
လင်းချောင်က အိပ်ရာဘေးတွင်ထားသော အဝတ်များကို လှမ်းကိုင်ယူလိုက်ပြီး ပြောလိုက်၏။
“ကျွန်မအခုနိုးနေပြီ၊ ပြန်အိပ်လို့မရတော့ဘူး”
ကျိသော်က သူမဘက်သို့ လှမ်းကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့။ သူမ အိပ်ရာခင်းပြင်ဆင်ပြီး အပြင်ထွက်သောအခါ၊ ဘေစင်ပေါ်တွင်ရှိသော ဇလုံထဲ၌ သန့်ရှင်းသောရေများ ဖြည့်ထားပြီးဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။
ရွှီလီက ပန်းပင်များကို ရေဖျန်းဘူးဖြင့် ရေလောင်းနေသည်။ သူမကိုမြင်သောအခါ အံအားသင့်စွာမေးလိုက်၏။
“ဘာလို့ ထပ်အိပ်မနေတာလဲ”
“စောစောထဖို့ အကျင့်ရသွားပြီလေ”
လင်းချောင်က ပြုံးလျက် ပြန်ပြောသည်။ သူမက မျက်နှာသစ်ပြီးနောက် ထမင်းစားခန်းသို့သွားသည်။ ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ကျိယန်က မေးလိုက်၏။ “ဘာလို့ဒီလောက်စောစောထတာလဲ”
သူမက ဘေးနားရှိ ကျိသော် ဘက်သို့လှည့်ကာ မေးလိုက်ပြန်၏။ “မင်းက သူ့ကိုနှိုးလိုက်တာလား”
ကျိသော်က ရှင်းပြရန်အလွန်ပျင်းသလိုခံစားရ၏။
ကျိယန်က သူ့အလေ့အကျင့်ကို သိပြီးသားဖြစ်၍ စားပွဲပေါ်လက်ထောက်ကာ မေးလိုက်၏။
“ဒီနေ့မင်းအလုပ်မရှိဘူးမလား? မရှိရင် ငါနဲ့အတူ မြို့ဟောင်းကိုသွားမယ်။”
ကျိသော်က လက်ထပ်အားလပ်ရက်တွင်ရှိနေသဖြင့် ဘယ်လိုအလုပ်ရှိမှာလဲ။
မကြာသေးမီက သူက လင်းချောင်ကို မြို့ဟောင်းသို့ သွားလိုသလားဟု မေးခဲ့ဖူးသည်။ ယခု ကျိယန်ကပါသွားလိုသည်။ တိုက်ဆိုင်မှုတစ်ခုပင်ဖြစ်ရမည်။
လင်းချောင်က ပေါင်မုန့်ကို ကိုက်စားရင်း သူမပါလိုက်သင့် မလိုက်သင့် တွေးနေစဉ် ထိုလူက မသွားဘူး ဟု အေးစက်စွာပြောလိုက်သည်။
သူမအံ့အားသင့်သွားချိန်တွင် ကျိယန်က တိုက်ရိုက်မေးလိုက်၏၊
“ဘာလို့မသွားချင်တာလဲ။"
ကျိသော်ကတော့ အေးစက်သောမျက်နှာထားဖြင့်ပင်။
“အရင်က ရောက်ဖူးတာပဲမဟုတ်လား။”
“နောက်တစ်ခါသွားလို့မရဘူးလား။”
ကျိယန်က သူ့ဘက်သို့ မျက်လုံးလှည့်ပြလိုက်သည်။
"ပြီးတော့ အဲဒါကလွန်ခဲ့တဲ့နှစ်တွေကပါ။ မြို့ဟောင်းက နှစ်အနည်းငယ်ပိတ်ထားပြီး အခုမှပြန်ဖွင့်တယ်လို့ကြားတယ်။ ပြောင်းလဲမှုတွေရှိမရှိ ငါသွားကြည့်လို့မရဘူးလား။”
မောင်ဖြစ်သူက ခေါင်းမာသည်ကိုသိသောကြောင့် သူမက လင်းချောင် ထံသို့ လှည့်၍ မေးလိုက်၏။
“ချောင်ချောင် မင်းမရောက်ဖူးသေးဘူးမလား”
ကျိယန်သည် သူတို့လက်ထပ်ပွဲအတွက် ပြန်လာခဲ့သည်ဖြစ်ပြီး ကျိသော်က မသွားဆိုသည့်အတွက် လင်းချောင် ငြင်းဆိုလို့မရတော့။
“ဟုတ်တယ်၊ မရောက်ဖူးသေးဘူး။ အချိန်မရလို့ပါ။”
“ဒါဆို သွားကြရအောင်။”
ကျိယန်က ချက်ချင်းဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင်တော့ ကျိသော် မော့ကြည့်လာသည်။
“ရှင် မသွားဘူးလား”
ကျိသော်က လင်းချောင်ကို လှမ်းကြည့်လိုက်ပြီး ဘာမှတော့မပြောခဲ့။
ကျိယန်က ဆုံးဖြတ်ချက်ခိုင်မာသည်။ မနက်စာစားပြီးနောက် လင်းချောင်ကို ချက်ချင်းဆွဲယူကာ အဆင်သင့်ပြင်ဆင်ခိုင်းတော့သည်။ ကြောင်စာများပါအများအပြားယူဆောင်လာခဲ့သည်။
“နန်းတော်ထဲမှာ ကြောင်တွေအများကြီးရှိတာ မှတ်မိတယ်။ အခုရှိနေသေးလားမသိဘူး”
သူမသည် ရှားရှားပါးပါးပြန်လာပြီး ကြာကြာလည်းမနေနိုင်။ မနက်ဖြန်ပြန်ရတော့မည်။ မိသားစုကလည်း သူမစိတ်ကြိုက်လုပ်ခွင့်ပေးထားသည်။
သူတို့နှစ်ယောက်ထွက်သွားပြီးနောက် အဖိုးကြီးက ကျိသော်ကို စာကြည့်ခန်းခေါ်၍ မနေ့ကအကြောင်း ထင်မြင်ချက်များ မေးလိုက်၏။
“ဘာမှမဟုတ်ပါဘူး။ သူတို့က ကျွန်တော်တို့ရဲ့ ရှောင်ဇယ်ကို မျှော်လင့်နေပြီး လိုက်ဖက်တဲ့လက်တွဲဖော်ဖြစ်စေချင်တာနေမှာပါ။”
ကျိသော်၏ စကားတွင် ခနဲ့သံပါသော်လည်း သူက အမြဲတွက်ချက်နေတတ်သူဖြစ်သည်။ သူကဘာမှမဟုတ်ဘူးဟုပြောသည့်အတွက် အဖိုးကြီးကလည်း ထပ်မမေးတော့။
အကြီးဆုံးသား၏ ဇနီးက ကိုယ်တိုင်ပြဿနာဖန်တီးခဲ့သည်ဖြစ်၍ သူမကိုယ်တိုင်သာ ဖြေရှင်းသင့်သည်။ သူတို့ ဝင်စွက်နေသည်ဟုထင်ကာ သူမ ပျော်နေမည်ပင်မဟုတ်။
ဤခေတ်မြို့ဟောင်း၏ အနာဂတ်နှင့်မတူသည်မှာ လူဦးရေနည်းခြင်းပင်ဖြစ်သည်။
လင်းချောင်နှင့် ကျိယန်တို့ ညနေစောင်းအထိ ပျော်ရွှင်စွာလှည့်ပတ်ပြီးမှ အိမ်သို့ပြန်လာကြ၏။ အိမ်တွင်းဝင်လိုက်သည်နှင့် ကျိယန်က ဆိုဖာပေါ်တွင်လဲကျသွားကာ အနားယူသွားတော့သည်။
နှစ်ရက်လုံး ပြေးလွှားနေရသဖြင့် လင်းချောင်လည်း အတော်ပင်ပန်းနေလေပြီ။ ညနေခင်းတွင် ခြေထောက်ရေစိမ်ရင်း ဖနောင့်ကိုနှိပ်နယ်နေခဲ့ပြီး ခေါင်းအုံးပေါ်သို့ခေါင်းတင်လိုက်သည်နှင့် အိပ်ပျော်သွားတော့၏။
မိန်းကလေးငယ်သည် အသက်ရှူသံမှန်မှန်ဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေ၏။ ကျိသော်လည်း သားရဲတိရစ္ဆာန်မဟုတ်။ သူမကို ဘာကိစ္စမှမရှိဘဲ မနှိုးနိုင်ပေ။
ထို့ကြောင့် နောက်နေ့မနက်တွင်လည်း အိပ်ရေးဝပြီးနောက် လင်းချောင် အားအင်များပြည့်နေ၏။ ကျိယန်ကိုမြင်သော် ပစ္စည်းများထုပ်ပြီးပြီလားဟုမေးကာ လေဆိပ်သို့ အတူတူသွားရန်လည်း အဆင်သင့်ဖြစ်နေသည်။
ကျိယန်က တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ခံစားရသည်။ ကျိသော်က စားသောက်ပြီး တူကိုချထားလိုက်သည်နှင့် သူ့ကိုဆွဲခေါ်၍မေးလိုက်၏။
“မင်းနဲ့ချောင်ချောင်က ဘာဖြစ်နေတာလဲ”
“ဘာဖြစ်နေတာလဲဆိုတာ ဘာကိုပြောတာလဲ။"
ကျိသော်က သူမကို နားမလည်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းသိပါတယ်”
သူက အလျင်မလိုသော်လည်း ကျိယန်က သူ့အတွက်အတည်ပေါက်တွေးနေခဲ့သည်။
“နှစ်ရက်တောင်ရှိပြီ။ မနက်ခင်းတိုင်း ချောင်ချောင်က လန်းဆန်းနေတယ်။ လုံးဝကို မသိသာနေဘူး။ မင်းက ကောလဟာလတွေအတိုင်း တကယ်ဆိုးရွားနေတာလား။”